Tuesday, February 16, 2010

မေဖန်ဆင်းသော

မမ၀ါရဲ့ တဂ်ပိုစ်ကို အခုမှပဲ ရေးဖြစ်ပါတယ်.. ရက်ကောင်းရက်မြက်ရွေးနေမိတာကြောင့် တဂ်ခဲ့တဲ့ မမ၀ါတောင် မေ့နေလောက်ပါပြီ..မမ၀ါ ခွင့်လွှတ်ပေးပါ ;D ဒီနေ့ရေးဖြစ်တာက ဒီနေ့ဟာ ကျွန်မတို့ရဲ့ Anniversary day ဖြစ်လို့ပါ..။

ကျွန်မ နဲ့ သူက ငယ်ငယ်ကတဲက အိမ်နီးနားချင်းတွေပါ..။ ဘယ်လောက်နီးလဲ ဆိုရင် ...

“ဟာ သမီးရယ်... ဟင်းချိုအိုးကို တူးအောင် ကျိုနေတာများ ကြားမကြားဖူးဘူး။ တူးသွားအောင် ဘာလုပ်နေတာလဲ” “ဟာ မေမေကလည်း ငါးပိနူးအောင် စောင့်နေတာလေ” “အောင်မလေး ငါ့နှယ်နော် ကြားမကြားဖူးဘူး..အေ.. ငါးပိများ နူးဖို့ ရေခန်းအောင် ကျိုရသတဲ့”
အဲလိုမျိုး ကျွန်မတို့ အိမ်ဖက်က ဆူသံပူသံ၊ ရယ်သံတွေဆိုရင် သူတို့အိမ်ဖက်က မကြားချင်အဆုံးမို့ နေ့တိုင်း (သူတို့အိမ်ဖက်ကနေ ) အဟားခံရသလို.. သူတို့အိမ်ဖက်ကလည်း...

“မင်းကလည်းကွာ ကိုယ့်ညီပဲ ကိုယ့်ပစ္စည်းယူသုံးတာ ဘာဖြစ်လဲ..ယူပါစေ၊ အဲဒီလက်ကိုင်ပုဝါက ဘယ်ကောင်မလေး ပေးထားတာမို့လို့လဲ” “ ဟာ အမေကလည်း ဘာတွေ လျှောက်ပြီး အော်ကျယ်အော်ကျယ် ပြောနေတာလဲ” “ဟ.. ငါက တသက်လုံး အဲလိုပဲ အော်ကျယ်အော်ကျယ်ပြောနေကျပဲ၊ မင်းက အခုမှ ဘယ်သူကြားမှာ စိုးနေပြန်တာတုံး” အဲလိုပြောသံကြားပြီ မကြာခင် ရယ်သံတွေ အမြဲကြားရတတ်တယ်။ (စကားမစပ် အဲဒီလက်ကိုင်ပုဝါကို ကျွန်မပေးတာ မဟုတ်ရပါ)

သူက ကျွန်မထက် ၂ နှစ်ကြီးပေမယ့် ငယ်ငယ်က ကျန်းမာရေးကြောင့် အတန်းနောက်ကျခဲ့တာမို့ ကျွန်မနဲ့ အတန်းတူတူ ဖြစ်ခဲ့ပါတယ်။ အတန်းထဲမှာ သူက အေးလို့ ရှိတယ်လို့တောင် မထင်ရပေမယ့် ကျွန်မကတော့ (မှတ်မှတ်ရရ ခုနှစ်တန်းနှစ်ကဆို) ကျွန်မကို စာလိုက်ပေးတဲ့ ကောင်လေးကို ခဲနဲ့ပေါက် ရန်ဖြစ်ဖို့နဲ့၊ ကျွန်မက သဘောကျနေတဲ့ အတန်းထဲမှာ ကောင်လေးတွေကို လိုက်ငေးတဲ့အလုပ်၊အဲဒါနဲ့ပဲ အလုပ်တွေရှုပ်နေခဲ့တယ်.. :D

(အဲဒီတုန်းက ကျွန်မက အတန်းထဲမှာ စာတော်တဲ့ကောင်လေးနဲ့ လူတကာနဲ့ ရန်ဖြစ်တတ်တဲ့ လမ်းသရဲရုပ်နဲ့ မြို့နယ်မှုးသား အဲဒီနှစ်ယောက်ကို တော်တော် သဘောကျခဲ့ဖူးတယ်။ စိတ်ထဲက မိန်းမပိုးနဲ့ပေါ့နော်။ တကယ့်လက်တွေ့တော့ ဘာမှ မပြောဖြစ်ခဲ့တော့ သူတို့တောင် မသိသွားလေဘူး)။

အိမ်နှစ်အိမ်က ခြံစည်းရိုးပဲ ခြားတာကို ဘယ်သူက စဖောက်လိုက်မှန်း မသိတဲ့ ခွေးတိုးပေါက်ကနေပြီး ကျယ်သွားတာဆင်တိုးပေါက်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်းတော့ နှစ်အိမ်ကြား ချောင်းပေါက်မတတ် ကူးကြသန်းကြတာဆိုတော့..နှစ်အိမ်ကြားက ခြံစည်းရိုးက မရှိသလောက် ဖြစ်သွားပါတော့တယ်း)။

သူတို့အိမ်မှာ ဒါမှမဟုတ် ကျွန်မတို့ အိမ်မှာ မိသားစုလိုက် အတူတူဇယ်တောက်ခုံနဲ့ ကစားကြရင် ကျွန်မပဲ နိုင်တယ်။ ဒိုးဇက် ကစားလည်း ကျွန်မပဲ နိုင်တယ်။ သူက “မင်းက နိုင်မှာပေါ့ ဥာဏ်ကောင်းတဲ့သူဆိုတော့ ”တဲ့..။ ကျွန်မကတော့ ကိုယ်အမြဲနိုင်အောင် ကစားရတာ အရမ်းပျော်တယ်.. (နောက်မှ သူများတွေကတဆင့် ပြန်သိရတာက သူက တမင် ရှုံးအောင် ကစားခဲ့တယ်ဆိုတာပါ၊။ ဘာပဲဖြစ်ဖြစ် ကျွန်မက အနိုင်ရတိုင်း ပျော်ခဲ့ရတာတော့ အမှန်ပဲ)

နောက်တော့ ဆယ်တန်းအောင်လို့ တက္ကသိုလ်တွေ ပိတ်နေတုန်း ကျွန်မ ကျောင်းဆရာမ (အဌား) အဖြစ်နဲ့ မြို့ နဲ့ အဝေးကြီးကရွာတစ်ရွာကို သွားရတော့ သူက ကားဂိတ်ကို လိုက်ပို့တဲ့ တာဝန်ကို ယူပါတယ်။ ဒါကြောင့် ရွာက ပြန်တိုင်း လက်ဆောင်ကို အိမ်နှစ်အိမ်စာ ဝေခြမ်း ဖြစ်ခဲ့တယ်။ ကျွန်မတို့ တက္ကသိုလ်တက်ကြတော့ မေဂျာမတူပေမယ့် တစ်နှစ်ထဲ အတူတူပါ။ အဲဒီနှစ်တွေလည်း သူကလည်း သူ့အပေါင်းအသင်းနဲ့သူ ရေနံချောင်းဘက်က အစ်မတွေကို သွားငေးနေခဲ့သလို၊ ကိုယ်ကလည်း ဓါတုမေဂျာက ကင်းကို လိုက်ငေးနေခဲ့တယ်..

ဒီလိုနဲ့ ဓါတုနဲ့ ကျောင်းပြီးတော့ ကျွန်မ ဘီအီးဒီဝင်ခွင့်ဖြေပါတယ်။ ဖြေဖို့ အစီအစဉ်မရှိပဲ ရုတ်တရက်သိလို့ ၀င်ဖြေတာဆိုတော့ ခေါင်းထဲမှာ စာလည်းအသင့်မရှိဘူး။ တစ်ညနဲ့ တကယ်ပါ အဲဒီတုန်းက တစ်ညနဲ့ စာကြည့်ပြီး သွားဖြေခဲ့တယ်။ တစ်ညလုံး ကျွန်မကြည့်ဖို့စာကို တစ်ညလုံး အနားကနေ နုတ်ထုတ်ကူးပေးနေခဲ့တာ အဲ... သူပဲ ဖြစ်ပါတယ် :D ဒါပေမဲ့လည်း ကျွန်မဘက်ကတော့ သူငယ်ချင်းပဲ ဖြစ်နေခဲ့တယ်၊ သူကလည်းသူငယ်ချင်းအနေနဲ့ လုပ်ပေးတာလို့ တွေးခဲ့တယ်။

အဲ.. အောင်သွားတယ်။ မကွေးတစ်တိုင်းလုံး ၅ %ပဲ အောင်တဲ့အထဲမှာ ပါသွားတယ်။ ကျွန်မတော်လို့ မဟုတ်ပါဘူး။ ကျက်တဲ့စာက တိုးသွားတာပါ။ အဲဒါ မြို့မှာ နာမည်တောင်ကြီးသွားသေးတယ်။ တစ်ရက်ထဲကြည့်ပြီး အောင်တာဆိုတော့ အဲဒီကောင်မလေးက အကပ်ကောင်း လို့ ဖြစ်တာဆိုပြီး..။ ဘယ်တတ်နိုင်မလဲလေ..သူတို့ ပြောတာလည်း မမှားပါဘူး။ ကျွန်မက လူကြီးတွေတော့ မကပ်ခဲ့ပါဘူး။ သူ့ကိုပဲ ကပ်ပြီး ကူညီတောင်းခဲ့လိုပါ.. (သဘောတူတယ်ဟုတ် ;)

ဘီအီးဒီပြီးတော့ ကျွန်မ ရန်ကုန်ကို မာစတာဝင်ခွင့်သွားဖြေတော့ သူက “ညကားမို့ စိတ်မချဘူး၊ ရန်ကုန်မှာ အစောချည်း ရောက်ရင် အဖော်မရှိရင် ခက်မယ်”လို့ ပြောပြီး သူပါ ကားလက်မှတ်ဖြတ်ပြီး လိုက်ပို့တယ်။ သူလိုက်တာကို ကားပေါ်ရောက်မှ သိတယ်။ သူ့အိမ်ကိုတော့ မြို့နယ်မှုးက ခေါ်လို့ အလုပ်ကိစ္စနဲ့ ပေါက်မြို့ကို သွားတယ်လို့ ညာခဲ့တယ်တဲ့”.. (သူက အဲဒီတုန်းက မြို့နယ်မှုးရုံးမှာ စာရေးလုပ်တာ)။ ဒါကြောင့် သူက ကျွန်မကို တခါတခါ မြို့နယ်မှုးမ လို့ နောက်တတ်တယ်။။ အိုး.. မသိပါဘူး.. အဲဒီအထိလည်း ကျွန်မတို့က သူငယ်ချင်းတွေပါပဲ.. ကျွန်မခေါင်းထဲ သူက သိပ်မရှိသေးပါဘူးနော်။

ကျွန်မ ရန်ကုန်မှာ မာစတာ တက်နေတော့ သူက“ ငါက အခုအလုပ်က ထွက်ပြီး ရန်ကုန်မှာ ကုမ္ပဏီလျှောက်မလို့ ၊ သဘောတူလား” လို့ လှမ်းမေးပါတယ်။ ကျွန်မက “ဟ.. ဒါများ ကိုယ့်ဘာသာ ကောင်းမယ်ထင် လုပ်လေ.. ငါသဘောတူတာ အရေးကြီးလို့လား”လို့ ပြန်ဖြေလိုက်မိတယ်။ အဲဒါ.. အဲဒီမှာ စတာပါပဲ။။ဘချောသားက သူ့ကို ရေလာမြောင်းပေးတယ် ထင်ပြီး ရည်းစားစကား ပြောပါလေရော..။ ဒါပေသည့် သူငယ်ချင်းဘ၀ကို သစ္စာဖောက်မှုဖြင့် သူ့ကို ၄ လတိတိ စကားမပြောခဲ့တော့ပါ.. (စကားပဲ မပြောတာပါ။ သူကအဆောင်ကို လာပေးသွားတဲ့ ဟင်းကြော်တွေကို ကျွန်မက လက်ခံပြီး စားပေးတာတော့ လုပ်ဖြစ်တယ်..ဟုတ်တယ်လေ.. ဟင်းတွေက မစားရင် သိုးကုန်မှာပေါ့)

၎ လအတွင်း သူက ရန်ကုန်ရောက် ကုမ္ပဏီအလုပ်ရ၊ ကံကောင်းချင်တော့ တစ်နှစ်အတွင်း မန်နေဂျာဖြစ်တဲ့အထိ ရာထူးတိုးသွားတယ်။ အဲတော့ သူက ကုမ္ပဏီက ကားလေးသုံးပြီး အဆောင်ကို မကြာခဏလာပါတယ်။ ဟင်းကြော်တွေ လုပ်ပြီး လာပေးတာက တစ်ယောက်စာမကတာမို့ အဆောင်ကအတူနေ အစ်မတွေက ကူစားပေးကြတယ်။။ နောက်တော့.... အစ်မတွေအားလုံးက သူ့ကို ခင်သွားကြတယ်။ ဒီတော့လည်း ညတိုင်း ထမင်းစားတိုင်း ကျွန်မကို “သူ့ကို လက်ခံလိုက်ရန်၊ သူ့ဘက်က သူတို့အားလုံး တာဝန်ယူတယ်” စသည်ဖြင့် “သူချစ်ကိုရှာရန်” ခေါင်းစဉ်နဲ့ နားသွင်းကြပါတော့တယ်.. (သူချစ်ရှာရန်လို့ပြောရတာက ကိုယ်ချစ်ဖြစ်မဖြစ် သူတို့က မေးလို့ မရလို့သာဖြစ်ပါတယ် :))

ကျွန်မကိုယ်ကျွန်မဆိုရင်တော့ သိပ်ပြီး နားမယောင်တတ်သော်လည်း (ပြောတာပဲ:D) သူတို့က ပြောပါများလာတော့ ကျွန်မကလည်း လက်မခံချင်ခံချင်နဲ့ ဒီလိုပြော လိုက်ပါတယ်.. “အင်း.. အိမ်ကို ပြောလိုက်တော့”လို့ >"(^0^)"

ဒါနဲ့ပဲ လွန်ခဲ့တဲ့ ရှစ်နှစ်က ဒီလိုအချိန်မှာ ကျွန်မတို့ မင်္ဂလာဆောင်ဖြစ်ခဲ့တယ်..။ ရှစ်နှစ်ခရီး... အင်း.. ရှစ်နှစ်ခရီးဆိုပေမယ့် တကယ်တော့ ကျွန်မတို့ အတူနေချိန်ဟာ တစ်နှစ်ထက် မပိုခဲ့သေးပါဘူး..ကျွန်မက ရာထူးပြောင်းလိုက်၊ ဂျပန်ကို နှစ်ခေါက်လာလိုက်ဖြစ်နေခဲ့တယ်။ အခုအထိ ကျွန်မတို့ မိသားစု အတူတူ မနေနိုင်သေးပါဘူး..။ Anniversary Day မှာ ကျွန်မတစ်ယောက်တည်းရယ်ပါ။ မိသားစုကို တအားလွမ်းပါတယ်။

မိသားစုနဲ့ ခွဲခွာနေရသေးတာ တစ်ခုက လွဲရင်တော့ ကျွန်မကိုယ် ကျွန်မ အိမ်ထောင်ရေး ကံကောင်းသူ အဖြစ် ကတော့ အမြဲဂုဏ်ယူနေမိပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဟာ ကျွန်မထင်တာထက် ကျွန်မအပေါ် ဂရုစိုက်ကြင်နာတတ်သူ၊ ကျွန်မထင်တာထက် အရာရာကို နားလည်ပေးနိုင်တဲ့သူ ဖြစ်လို့ပါ.... ..(ဆက်ရေးအမွမ်းတင်ချင်သော်လည်း ကိုယ်ရည်သွေးရာရောက်မစိုးလို့.. ရေးတော့ဘူး :)..။

ရေးချင်တာများပြီး ဘာရေးရမှန်း မသိပဲ ချာလည်လည်သွားတယ်..။ ဖတ်ရတာ အဆင်မပြေရင် ခွင့်လွှတ်ပါ။ ဒီတဂ်ပိုစ်...ကို မမ၀ါ ကျေနပ်လိမ့်မယ်ထင်ပါတယ်။ မမ၀ါ ကျေနပ်ပါ။

(ဒါနဲ့. ဒီပိုစ်ကို ဖတ်ပြီး “ အခုတော့ ရေးဖြစ်ပြီမို့လား ဟားဟား”ဆိုပြီး မဟားနဲ့နော် ဟားတဲ့သူငယ်ချင်းများ အာပျိုကြီး ဖြစ်ပါစေလို့ ဆုတောင်းထားတယ် ;)

17 comments:

ဂျေဂျူဝိုင် said...

ကြည့်ရုံပဲ

Anonymous said...

Happy Anniversary Day to you!!!

Anonymous said...

၈ နှစ်ပြည့် သက်တမ်းလေးမှသည် နောင်နှစ်ပေါင်း မရေမတွက်နိုင်အောင် ချစ်သော လသာညရဲ့ အခေါ် (---) နဲ့ မီးလေးဇူးဇူး အပါအ၀င် ချစ်သော မိသားစုနဲ့အတူ ပျော်ရွှင်စွာ နေနိုင်ပါစေနော်။

လသာည ကံကောင်းတာ ခုမှ သိတော့တယ်။ အားကျတယ်ကွာ။ ကျွန်မက လူကြီးတွေတော့ မကပ်ခဲ့ပါဘူး။ သူ့ကိုပဲ ကပ်ပြီး ကူညီတောင်းခဲ့လိုပါ.. “ညကားမို့ စိတ်မချဘူး၊ ရန်ကုန်မှာ အစောချည်း ရောက်ရင် အဖော်မရှိရင် ခက်မယ်”သူကအဆောင်ကို လာပေးသွားတဲ့ ဟင်းကြော်တွေကို ကျွန်မက လက်ခံပြီး စားပေးတာတော့ လုပ်ဖြစ်တယ်..ဟုတ်တယ်လေ.. ဟင်းတွေက မစားရင် သိုးကုန်မှာပေါ့)
စသည် စသည် အားကျစရာလေးများကို မှတ်သားသွားပါ၏။

မမ၀ါ ကျေနပ် မကျေနပ်တော့ မသိဘူး လသာညရေ။ ထားတော့ ကျေနပ်တယ်။ဟိဟိ။ နောင်လဲ ရေးဦးနော်။

ချစ်တဲ့

ထား

မိဆိုးလေး said...

16 Feb 10, 13:28
မိဆိုးလေး: သိပ်နီးလွန်းရင် အချစ်ဆိုတာ မတွေ့ မိတတ်ဘူး ထင်တယ် ရင်ထဲမှာရှိနေလဲ မသိနိုင်ဘူးထင်ပ ဟိဟိ ကိုယ်တွေ့ 
16 Feb 10, 13:29
မိဆိုးလေး: အချိန်တန်တော့လဲ ပေါက်(ပွင့်)ထွက်ကုန်ရော ဟားဟားဟား

မယ့်ကိုး said...

ချစ်မလေး သိပ်ကံကောင်းတာပဲ။ ချစ်မလေးတို့အကြောင်းဖတ်ရတာ စိတ်ချမ်းသာလိုက်တာ။
ချစ်မလေး ချစ်တဲ့မိသားစုနဲ့အတူ ထာဝရပျော်ရွှင်စွာ လက်တွဲပေါင်းဖက်နိုင်ပါစေလို့ ...

ချစ်တဲ့
=)

Anonymous said...

ကျွန်မတော်လို့ မဟုတ်ပါဘူး။ ကျက်တဲ့စာက တိုးသွားတာပါ။
same answer. I always use that answer.
:))

when I read, I didn't laugh but i was smiling for satisfied of ur marriage life.

everybody has not same situation.Ur marriage life is good.
happy to read.

I wish ... happy many years belong to u and ur beloved family.

hay, Loudly ....said

HAPPY ANNIVERSARY !!!!!!!!!!!!!!!

Moemingyi

မိုးသီတာ said...

ဘယ်သူတွေတဲ့ တုန်း ရယ်မိမဲ့ နှစ်ယောက်က။ ရယ်ရင် အာပျိုကြီး ဖြစ်ပါစေ ဆိုတာ အဲဒီ ၂ ယောက်ပဲမလား။ ၀တော့ ပါဘူးနော်။ :D :D :D ပါးစပ်ကြီးပြဲပြီး ရယ်နေတယ်။ :D :D :D :D :D

naing pa said...

နုနုေ၇....Happy Anniversary!!!!! အားကျလိုက်တာနော်....

လသာည said...

အားလုံးပဲ ဆုတောင်းပေးတာ ကျေးဇူးအထူးတင်ပါတယ်.. အားလုံးလည်းပဲ ဆန္ဒခပ်သိမ်းပြည့်ပါစေလို့ ပြန်လည် ဆုတောင်းပေးပါတယ်နော်..

မိုးရေ.. အဲဒီနှစ်ယောက်က ဘလော့လာမဖတ်တော့ဘူးနဲ့ တူပါရဲ့ :) အတင်းရေးထားတာ သိသွားမစိုးလို့ ပြန်ဖျက်လိုက်တယ် :P ဒါပေမဲ့ မိုးကတော့ (ဟားတဲ့သူ အပျိုကြီးဖြစ်စေ)ဆိုတဲ့ အဲဒီဆုတောင်း မိပြီထင်တယ်၊ ဘီလိုလုပ်ကြမလဲ မိုး အာပျိုကြီးဖြစ်မှာ စိုးရတယ်..:D နောက်တာနော် ရှာပေးမယ် တို့အစ်ကိုနဲ့.. ဟားဟား

အိစံ said...

ဂရုစိုက်တတ်တဲ့ လသာညတို့ စုံတွဲ ကို မျက်မြင်ကိုယ်တွေ့ မို့ 

အားကျကျသွားတတ်ပါသဖြင့်  ..မဟားဘဲဝါးလုံးကွဲမတတ်ရီသွားသည်။

အမတို့ မိသားစုလေး ပျော်ရွှင်ပါစေ။

Unknown said...

Happy Wedding Anniversary!!!!!!!!!!

Your anniversary is a time
For sharing ur affection!!!!!!
It's obvious the two of u
Have quite a deep connection!!!!

( from google ;p)

ကျော်နှင်းဆီလွင် said...

မညရေ
၈နှစ်သက်တမ်းတောင်ဆိုတော့
မနည်းလှဘူး နှစ်တွေကနော်
ငယ်ကတည်းက အတွင်းသိအစင်းသိဆိုတော့
အားကျစရာ....
မညတို့မိသားစုလေးပျော်ရွှင်ကျန်းမာပြည့်စုံပါစေနော်

နေ၀သန် said...

အားတောင်ကျလာပေါ့... ဟီးဟီး.... အခုလို အဝေးရောက်နေတာတောင် တမြေထဲနေရတဲ့ ကံကိုက ဘယ်လောက်ကောင်းသလဲဗျ...... ပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာသက်တမ်းလေး ဖြစ်ပါစေဗျာ.....

လသာည said...

:D ဆုတောင်းများအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်..

WWKM said...

Happy Anniversary Day !!!!

ညီမလေးရေ.. ဆုတောင်းလေးနောက်ကျသွားသလို ကွန်မန့်လေးနောက်ကျသွားတာ ခွင့်လါတ်ပါ ညီမရေ။

သမီးလေးခိုင်စာမေးပွဲဖြေနေလို့ မမလည်း ဘီးဇီးနေတာလေ။နေကလည်းသိတ်မကောင်းချင်ဘူး။
အခုတလော မူးနေတာနဲ့ အိမ်လည်စာမဖတ်နိုင်ဘူး ဖြစ်နေခဲ့တာ။

သတိတရနဲ့ ရေးပေးတာ ကျေးဇူးပါ ညီမလေးရေ။
မဂ်လာခရီး ၈ နှစ်တောင်တိုင်ခဲ့ပြီပဲ။

အာကျပျော်ရွှင်ဖွယ်ရာ ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည်နူးစွာနဲ့ ဖတ်သွားပါတယ် ညီမရေ။

ညီမလေးတို့ မိသားစု တစ်သက်လုံး ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

မမ၀ါ

လသာည said...

ဟုတ်ကဲ့ မမ၀ါ.. ကျေးဇူးအများကြီးတင်ပါတယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ... :D

rose of sharon said...

လာလည်တာနောက်ကျသွားတယ်သူငယ်ချင်းလေးရေ... မင်္ဂလာနှစ်ပတ်လည်ဆုတောင်းပေးဘို့နောက်ကျသွားတယ်... တသက်လုံးအတူတကွ ပျော်ရွှင်ကြရပါစေ...