Thursday, June 27, 2013

မုန်လာဥနီ အရှူပ်တော်ပုံ

ကို ရွှေယုန် ဟာ လူတော်ဖြစ်တယ်။ အမဲသားလှောင်တဲ့ ကုန်ရုံမှာ အလုပ်လုပ်တာပေါ့.။ သူ့ရာထူးက ဒုမန်နေဂျာပါ။ တာဝန်ကျေပွန်တဲ့အတွက် ရာထူးတိုးပေးဖို့ ဆုံးဖြတ်ကြတယ်။
အဲဒီအချိန်မှာ မုံလာဥနီဂိုထောင်မှာ မန်နေဂျာကြီး ရာထူးတစ်နေရာ လစ်လပ်နေတယ်။ ဒီတော့ ကိုရွှေယုန်ကို မန်နေဂျာကြီး အဖြစ် တိုးတက်ခန့်အပ်ပေးလိုက်တယ်။ အဲဒီတော့ ကိုရွှေယုန်ဟာ အပြင်းအထန် ငြင်းတယ်။
ခန့်အပ်သူက..
“ဘာဖြစ်လို့လဲ ကိုရွေယုန်ရယ် ရာထူးကို မကြိုက်လို့လား” လို့ မေးတယ်။
ကိုရွှေယုန်က “မဟုတ်ရပါဘူးခင်ဗျာ ကျွန်တော်က နားရွက်ထောင်ထောင်နဲ့ ယုန်၊ အုပ်ချုပ်ရမှာက မုံလာဥနီ ဂိုထောင်ဆိုတော့ စားမိမှာ စိုးလို့ပါ” လို့ ဖြေတယ်။
ဒီတော့ ခန့်အပ်သူက “အင်း ခက်တာပဲ၊ တို့ကလည်း မင်းတော်ကြောင်း အထက်ကို စာတွေတင်ပြီးပြီ။ အထက်ကလာတဲ့ အမိန့်ကို ဖျက်လို့မရဘူး။ ဒီတော့ မင်းက မစားမိအောင် သွားတွေကို စေ့ထားပေါ့” လို့ ပြောတယ်။
ဒီတော့ ကိုရွှေယုန်လည်း ပါးစပ်ကို စေ့ပြီး လုပ်ခွင်ကို ၀င်တယ်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်။ စိတ်ထိန်းထားလို့ ရသေးတယ်။ နောက်ရက်တွေမှာတော့ စိတ်မထိန်းနိုင်တော့လို့ မုံလာဥနီအုပ်ချုပ်ရေးအဖွဲ့ချူပ်ကို ကိုရွှေယုန်က သွားပြီးပြောတယ်.
“ကျွန်တော် ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘူးဗျာ၊ ရာဇ၀တ်မှု ကျူးလွန်မိပါလိမ့်မယ်။ စီမံပေးကြပါဦး”  လို့ မျက်ရည်စက်လက်နဲ့ အသနားခံတယ်။ အုပ်ချူပ်သူ လူကြီးများက “ အင်း ဒီလိုဆို ကျူပ်တို့စီမံပေးမယ် မပူနဲ့” ဆိုပြီး သူ့နှုတ်သီးကို အလုပ်ချိန်မှာ သားရေပတ်နဲ့ သော့ခတ်တော့တာပေါ့။ ဒီတော့ ထိန်းဖို့ လူတစ်ယောက်လည်း ခန့်ပေးရတယ်။ ဒါပေမယ့် ကိုရွှေယုန်က နောက်သုံးလေးရက် အကြာမှာ အုပ်ချုပ်ရေးအဖွဲ့ကို ရောက်လာပြန်တယ်။
“ဆရာ ကျွန်တော်အမှန်အတိုင်း ၀န်ခံပါ့မယ်။ ကျွန်တော် စိတ်မထိန်နိုင်လို့ သော့တူလုပ်မိပါတယ်။ အခု သော့တူက ကျွန်တော့် လက်ဝယ်ရှိနေပါပြီ။ ဒီတော့ဖွင့်ပြီး စားမိမှာ စိုးရပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း မထိန်းနိုင်မှာ စိုးလို့လာပြီး အကြောင်းကြားတာပါ။ ပြစ်မှုတော့ မကျူးလွန်ရသေးပါဘူး။ အဲဒါ စီစဉ်ပေးကြပါဦး” လို့ လာပြောပြန်ရော။
ခက်ပြီ။ ဘယ်လိုလုပ်ရပါ့မလဲလို့ စဉ်းစားကြတယ်။ အဲနောက်တော့ အကြံရပြီး သော့ခလောက်ပေါ်မှာ အ၀တ်ကြိုးပတ်၊ နောက် ချိပ်တံဆိပ် ခပ်နှိပ်ထားမယ်လို့ ဆုံးဖြတ်စီမံပေးလိုက်ပြန်တယ်။ ဒီတော့ သင့်တော်တဲ့ အမှုထမ်းတွေ ခန့်ရပြန်တာပေါ့။ သော့ခတ်သူ၊ အ၀တ်ကြိုးပတ်ပေးသူ၊ ချိပ်တံဆိပ်ခတ်သူ၊ ချိတ်ခွာသူ၊ ချိတ်အတွက် စာရင်းကိုင်သူ၊ အားလုံး ၇ ဦးခန့်ရတယ်။ တစ်ဦးတည်းခန့်လို့ မဖြစ်ဘူး။ စိတ်ဖောက်ပြီး အမှားလုပ်နိုင်တယ်။ ဒီလို ၇ ဦးခန့်လိုက်ရတော့ အရာရှိတစ်ဦး လက်ထောက် အုပ်ချူပ်ရေးမှူး တစ်ဦးပါ လိုလာပြန်တယ်။ ဒီအလုပ်သမား ၇ ဦးအတွက် အားလုံး စုစုပေါင်း ၉ ဦးဖြစ်သွားတာပေါ့။
ဒီလိုနဲ့ နေလာလိုက်တာ ကိုရွှေယုန်ဟာ မုံလာဥနီတွေ စားချင်လျက် မစားရ၊ မြင်နေရလျက်နဲ့ ပေနေရ။ စိတ်ဒုက္ခရောက်ပြီး တစ်နေ့တခြား ပိန်လာလိုက်တာ ၁၅ ရက်လောက်အကြာမှာ သေတော့တာပေါ့။
ရော ခက်ပြီ။ ဘယ်လိုလုပ်ရပါ့။ အုပ်ချုပ်ရေးမှူးတွေဟာ အရေးပေါ်အစည်းအဝေးထိုင်ကြတယ်။ ကိုရွှေယုန်သေတာ မသေတာထက် ကိုရွှေယုန်ကို ထိန်းဖို့ ခန့်ထားရတဲ့ အမှုထမ်း ၉ဦးအတွက်ပေါ့။ သူတို့ကို ဘယ်မှာ အလုပ်စားပေးရပါ့။ နေရာလပ်က မရှိ။ သူတို့ကို ဖြုတ်လို့လည်း မဖြစ်။ ကိုရွှေယုန်ထိန်းရတဲ့ အမှုထမ်း၊ အရာထမ်းတွေရဲ့ စားဝတ်နေရေးကလည်း ရှိသေး။
နောက်ဆုံး ဒီပြဿနာဖြေရှင်းနိုင်ဖို့ အတွက် မုံလာဥနီအုပ်ချုပ်ရေးအဖွဲ့အတွက် ယုန်တစ်ကောင်ကို ရှာကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။
(စာရေးဆရာကြီး ဦးကံချွန်၏ ဟံသာဝတီသတင်းစာ (၂၇-၆-၇၂)ပါ ဆောင်းပါးမှ ကောက်နှုတ်ချက်)
………………………………………..
စာရေးဆရာကြီး ဦးကံချွန်ဟာ ကျွန်မအလွန်လေးစားရတဲ့ ဆရာကြီးတစ်ဦးပါ။ ကျွန်မ မမွေးခင်ကရေးခဲ့တဲ့ ဆရာကြီးရဲ့ ဆောင်းပါးကို အခုမှ စာအုပ်အဟောင်းဆိုင်မှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဖတ်ပြီး အရမ်းကို သဘောကျမိပါတယ်။ ဆောင်းပါးထဲမှာပါတဲ့ ပုံပြင်ကို ပိုသဘောကျမိတာမို့ မဖတ်ဖူးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပြီး မျှဝေတာပါ။
လသာည

Sunday, June 23, 2013

ဖေ့ဘုတ်ရွာ

၂၀၀၇ ခုနှစ်ထဲက ဖေ့ဘုတ်ရွာထဲ ၀င်လာခဲ့တာပါ။ ဒါပေမယ့် သူနဲ့ အခုထိ နေသားမကျတဲ့ ဧည်သည့်တစ်ယောက်လိုပဲ။ ရွာထဲဝင်ကာစ အစောပိုင်းကာလတွေမှာ ကိုယ့်ရဲ့ သူငယ်ချင်း နည်းနည်းလေးနဲ့ ဓါတ်ပုံတွေတင်ပြီး၊ စ လိုက် နောက်လိုက်၊ သူ့သတင်း ကိုယ့်သတင်း အပြန်အလှန်ပြောလို့ ဟာသတွေ လုပ်ပြီး တကယ့်ကို ပျော်စရာကောင်းတယ်။ ဖဘက တကယ်ဆွဲဆောင်ခဲ့တယ်။ 


နောက်ပိုင်းတော့ သူငယ်ချင်းတွေ များ... များ... လာ...တယ်။ ကိုယ့်လိုပဲ ကိုယ့် သူငယ်ချင်းတွေမှာလည်း နောက်ထပ် သူငယ်ချင်းတွေ များများလာတယ်။ ဒီလိုနဲ့ သူ့သူငယ်ချင်း၊ ကိုယ့်သူငယ်ချင်းပေါင်းပြီး သူငယ်ချင်းတွေ သူငယ်ချင်းတွေ များ…များ…၊ ဆပွားလာခဲ့တယ်။ 

လူကများလာတော့ တက်လာတဲ့ ပိုစ်တိုင်းကို မဖတ်နိုင်တော့သလို လူတိုင်းစေ့ နှုတ်မဆက်နိုင်တော့ဘူး။ တခါတခါ လူမူရေး သတင်းမေးစရာတွေ မမေးလိုက်မိတာတွေလည်း ရှိတယ်။ သူငယ်ချင်း အရင်းကြီးတွေရဲ့ မွေးနေ့လိုဟာမျိုးတောင် wish မလုပ်ဖြစ်တာတွေ ရှိလာတယ်။

နောက်ပြီး လူများတော့ သတင်းတွေကလည်း များလာတယ်။ သတင်းတွေကလည်း ရသမျိုးစုံ၊ အငို၊ အကြမ်း၊ အလွမ်း စုံနေတာပါပဲ။ ဒီတော့ ဘာနဲ့တူလည်းဆိုတော့ ရွာလုံးကျွတ် စတုဒီသာကျွေးတဲ့ မဏ္ဍပ်ကြီးလိုပဲ တစ်အိမ်ချင်းစီက စားစရာတွေ တည်ခင်းဧည့်ခံနေတာလိုမျိုး ချိုချဉ် ဖန်ခါး ရသာစုံ ရွေးချယ် စားသောက်လို့ ရနေတော့တာပေါ့။ တနေ့တနေ့ အဲဒီမဏ္ဍပ်ထဲ တ၀ဲလည်လည်နဲ့ အိမ်ပြန်စားချိန် သောက်ချိန်သတိမရတဲ့ အထိပါပဲ။ နောက်ဆုံး ဖေ့ဘုတ်ရွာထဲ တမေ့တမော နေမိပြီး ကိုယ့်ဘလော့အိမ်ကိုတောင့် မေ့တတ်လာခဲ့တယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန် ရှားပါးလာတာလည်း ပါပါတယ်လေ...
ဒါပေမယ့်ကွယ်.. ဖေ့ဘုတ်ကြီးထဲမှာ လျှောက်လည်ရင်း အခုတလောတော့ မွမ်းကျပ်သလိုလို ခံစားမိတယ်။

နေ့စဉ် တွေ့တွေ့သမျှ တနေ့တနေ့ သတင်းကာလာစုံတွေထဲမှာ သူများဆွေးရင် လိုက်ဆွေးလိုက်၊ သူများငိုရင်လိုက်၊  အရာရာကို ခံစားလွယ်.. မကြံ့ခိုင်တဲ့ နှလုံးသားပိုင်ရှင်ဖြစ်လေတော့.. ခက်တယ်။
ပိုဆိုးတာက တချို့အကြောင်းအရာတွေအတွက် လူအများငြင်းခုံနေချိန်မှာ အမှားအမှန် မဆုံးဖြတ်နိုင်အောင် ဖြစ်ရတယ်။ ကိုယ်သိပ်မသိသေးတာတွေက အများသား၊  သင်ယူစရာတွေကလည်း အများသားဆိုတော့.. ဒီတစ်ယောက်က ဒီလိုပြောရင် ဒါ ဟုတ်နိုးနိုး၊ ဟိုတစ်ယောက်က ဟိုလိုပြောရင် ဟိုဟာ ဟုတ်နိုးနိုးနဲ့ ယောင်တောင်တောင် လက်ခုပ်တီးသူ ဖြစ်နေခဲ့တယ်။
  
တခါတခါမှာ ကိုယ့်ဝေါလ်ပေါ် သူများရှယ်လာတဲ့ အကြောင်းအရာတစ်ခုတည်းကိုပဲ..
သဘောတူနေတဲ့ "ငါ" နဲ့ သဘောမတူတဲ့ "ငါ"…( "ငါ" နဲ့"ငါ") အချင်းများ စစ်တိုက်နေရတယ်၊ 

ဒီလိုနဲ့ပဲ မျက်မှောင်ကြုတ်ထားမိတဲ့ နှဖူးကြောကို "ငါ" အခုထိ  ပြန်မဖြေဖြစ်သေးပါလား..။
faceboolaholic ဖြစ်နေသူ လသာညဖြစ်ပါတယ်။

Saturday, May 25, 2013

စမ်းသပ်ချက်တွေထဲမှာ



မင်း.. လမ်းပျောက်ဖူးပါသလား၊ အဲဒီတုန်းက မင်း ဘာလုပ်ခဲ့သလဲ။

သူရဲ့နာမည်က ကြွက်ကလေး မိုရစ်။

တခါမှာ သူ့ကို သူ့သခင်က ရေထဲကို ပြစ်ချခဲ့တယ်။ တနေရာကလွဲရင် ကျန်တဲ့နေရာအားလုံးက ကြွက်ကလေး အတွက် ရေနက်နေတယ်။ တိမ်တဲ့နေရာကို သူသွားမှ ဖြစ်မှာ။ ရေအတိမ်အနက်ကို မသိတဲ့ ကြွက်ကလေးခမျာ ပတ်ခြာလည်ကူးရတာပေါ့။ ကူးရင်းကူးရင်း အလျှော့ပေးလိုက်တဲ့ အချိန် သူအန္တရယ် ရောက်တော့မှာကို သိတော့ သူမနားမနေကူးရတယ်။ သေလုမျောပါးပါပဲ။

ပထမဆုံးအကြိမ်အဖြစ် ရောက်ဖူးတဲ့ ဒီရေကန်အကြောင်း ဘာဆိုဘာကိုမှ မသိပါဘူး။


ကြွက်ကလေး ဘယ်လောက် သေလုမျောပါး ဖြစ်နေလည်း သခင်ကတော့ အကြင်နာမဲ့သလို ရပ်ကြည့်နေခဲ့တယ်။ သခင် မကယ်ခဲ့ပါဘူး။ တကယ်ပဲ သူအကြာကြီးရေကူးခဲံ့ရတယ်။ ကံကောင်းစွာ တချိန်တော့ သူတိမ်တဲ့နေရာကို ရောက်သွားတယ်။တက်လာတဲ့သူ့ကို သူ့သခင်က အစာနည်းနည်းပေးလို့ ချွေးသိပ်ခဲ့ပေမဲ့ သူအရမ်းကို ကြောက်သွားခဲ့တယ်။ နောက်တကြိမ် အဲလိုမျိုး မကြုံပါရစေနဲ့လို့လည်း ဆုတောင်းမိတယ်။

ဒါပေမဲ့ သူ့ဆုတောင်းမပြည့်ခဲ့ပါဘူး။ သူ့သခင်က နောက်တကြိမ် သူ့ကို ရေထဲကို ထပ်လွှတ်ချခဲ့တယ်။ သူသေလုနီးပါး ကူးရပြန်တယ်။ သူအသက်ရှုမှားမတတ် ကြောက်ရွှံစိတ်တွေနဲ့ ကူးရင်း သူ့သခင်ကို ကြည့်မိတယ်။ အရင်လိုပါပဲ ကယ်တင်မဲ့ပုံ မပေါ်ခဲ့ဘူး။ သူတစ်ကောင်တည်း ကြောက်ရွံအားငယ်စွာ သူကူးနေခဲ့ရတယ်။

ဒီတခါ သူကူးနေရင်း အရင်လမ်းကြောင်းဟုတ်မဟုတ် ပတ်ဝန်းကျင်ကို သဲလွန်စ ရှာရင်း သူကူးခတ်ခဲ့တယ်။ ဒါပေမဲ့ အရင်ကူးဖူးတဲ့ လမ်းတွေက အရိပ်အငွေလေးလောက်က လွဲရင် သူ့မမှတ်မိနိုင်ခဲ့ပါဘူး၊ ဒီလိုနဲ့ ကူးရင်းခတ်ရင်း ဒီတခါလည်း သူတိမ်တဲ့နေရာကို အရောက်လာနိုင်ခဲ့ပါတယ်။ဒီတခါ သူ့သခင်က ပြုံးလို့..။ သူ့ကို ပွတ်သပ်လို့ “မင်းတော်လာပြီ”တဲ့။ ပြီးတော့ အစာထပ်ကျွေးခဲ့တယ်။ သူနားမလည်ပေမဲ့ အစာဝသွားလို့ ကျေနပ်ပြီး ပင်ပန်းခဲ့တာမေ့သွားခဲ့ပါတယ်။

နောက်တနေ့ သူသခင်က သူ့ကို ရေထဲကို ထပ်လွှတ်ချပြန်ပါတယ်။ သူ့အနေနဲ့ မနေ့က တွေ့ခဲ့တဲ့ သူမှတ်မိသမျှ အမှတ်အသားလေးတွေကို စဉ်းစားရင်း စမ်းတ၀ါးဝါး ကူးခဲ့တယ်။ ဒီတကြိမ်တော့ သူရေကူးချိန် သိပ်မကြာခင်မှာပဲ ပန်းတိုင်လေးကို ရောက်ခဲ့တယ်။ သခင်က လက်ခုပ်တီးပြီးပျော်လို့..။ သူလည်း အစာရလို့ ပျော်လို့။

နောက်တနေ့...။

နောက်ထပ်တနေ့..။

နေ့ပေါင်းများစွာ ကြာလာခဲ့တော့ သူ ရေကန်လေးကို ကျွမ်းကျင်လာခဲ့တယ်။ သူ့ကို ရေထဲချလိုက်တာနဲ့ ပန်းတိုင်ကို အနီးဆုံးနဲ့ အမြန်ဆုံးလမ်းကို သူရွေးနိုင်ခဲ့တယ်။ သူ့ကို ဘယ်လောက်ရေထဲချချ သူမကြောက်တော့ဘူး။

ကြွက်ကလေးလိုပဲပေါ့။ ကျွန်မတို့လည်းပဲ ဘာမှ ခန့်မန်းလို့ မရတဲ့ လမ်းကြောင်းတွေနဲ့ ဘ၀ပင်လယ်ကြီးကို စမ်းတ၀ါးဝါး ကူးခတ်နေကြရတယ်။ စမ်းတ၀ါးဝါး၊ (အဲ တခါတရံ..သေလုမျောပါး) ကူးခတ်ကြရတယ်။ အလျှော့ပေးလိုက်တာနဲ့ ဘ၀ကြီးက ပြီးဆုံးသွားတော့မှာဆိုတော့ ကူးရတာပေါ့လေ။ တကြိမ်လည်းမဟုတ်ဘူး။ အကြိမ်ကြိမ်...။ နေ့တိုင်းနေ့တိုင်း....။

ကြွက်လေးသခင်က ကြွက်လေး အောင်မြင်တိုင်း အစာစားရသလို ကျွန်မတို့ကတော့ ဘ၀ကြီးဆီက ဆုအမျိုးမျိုးကို လက်ခံရယူရတယ်။ ကိုယ့်ကြိုးစားအားထုတ်မှုအတိုင်း ဆုအနည်းအများတော့ ကွာမှာပေါ့လေ။ ကံကောင်းရင် အားပေးမဲ့သူ ရှိချင်ရှိလာနိုင်သေးတယ်။ မရှိတောင် ကိုယ်ဘ၀ကို ဆက်လက် ရပ်တည်ခွင့်တော့ ရဦးမှာမိုလား။

ဒါကြောင့် မဖြတ်ကျော်လို့မှ မရတဲ့ ဒီလောက ပင်လယ်ကြီးကို အလျှော့ပေးဖို့ စဉ်းစားနေမဲ့အစား တကြိမ်ထက်တကြိမ် စိတ်ဓါတ်ကို မြင့်တင်ကြိုးစားမယ်ဆိုရင် ကြွှက်လေးလိုပဲ သတ္တိတွေနဲ့ စိတ်ဓါတ်ခွန်အားတွေ ပိုင်ဆိုင်သွားမှာပါ။

ကြွက်လေးခမျာတော့ မနားရသေးဘူး။ နောက်စမ်းသပ်ချက်တစ်ခုက အစမ်းသပ်ခံဖို့ စောင့်နေလေရဲ့။
ကျွန်မလည်း အခုထိ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေကို မှတ်သားရင်း နောက်ထပ်လာဦးမယ့် ဘ၀ရဲ့စမ်းသပ်ချက်များကို ကူးရင်းခတ်ရင်း.ကျော်ဖြတ်ရပါဦးမယ်...။

မှတ်ချက်။ ။ Richard G. Morris(1984)ရဲ့ Morris water maze task ကို လေ့လာရင်း တွေးဖြစ်တဲ့ အတွေးပါတယ်။

Sunday, May 19, 2013

တကယ်ဆို ကျွန်မက လူမိုက်ပါ

တိုကျို တက္ကသိုလ် Todaimae stationရဲ့ လက်မှတ်ထွက် အပေါက်နားမှာ မည်သူမဆို ၀င်ရောက်နားနေနိုင်ပြီး၊ ဖတ်ရှူနိုင်ဖို့ထားတဲ့ စာအုပ်စင်လေးလည်း ရှိပါတယ်။  စာကြည့်ဖို့ စားပွဲလေးနဲ့ ထိုင်ခုံလေးတွေလည်း ထားပါတယ်။ ကျွန်မ ကျောင်းကနေ အဆောင်အပြန် သူငယ်ချင်းတစ်ယောက်ကို ထိုင်စောင့်ရင်း အဲဒီမှာ စာဖတ်လေ့ရှိပါတယ်။ တခါတလေလည်း ထိုင်ခုံလေးမှာ ထိုင်ရင်း အဲဒီနားက နံရံအပြည့် ရေးချယ်ထားတဲ့ ပန်းချီကားကြီးကို လှမ်းကြည့်မိလေ့ ရှိတယ်။ အဲဒီ ပန်းချီကားကြီးထဲမှာ လူများစွာကို စရိုက်များစွာနဲ့ ဆွဲထားတာဆိုတော့ တစ်ဦးချင်းစီကို ကြည့်ရတာ စိတ်ဝင်စားဖို့ တအားကို ကောင်းပါတယ်။ လူတစ်ဦးချင်းစီရဲ့ စရိုက်ကို သေချာလိုက်ကြည့်ရင်း၊ ကြည့်လို့ မပြီးနိုင်ပဲ ဖတ်လို့ မပြီးနိုင်တဲ့ စာအုပ်တစ်အုပ်လို့ နေ့တိုင်း ကြည့်မ၀၊ ဖတ်မပြီး ဖြစ်ခဲ့ရပါတယ်။

အဲဒီ ပန်းချီ (Painting) က Pieter Bruegel ရဲ့ ပန်းချီ ဖြစ်လိမ့်မလားလို့ တွေးရင်း ပန်းချီဆရာလက်မှတ်ကို ရှာခဲ့ပေမယ့် ကျွန်မ တွေ့အောင် မရှာနိုင်ခဲ့ပါဘူး။
.............................................................

Pieter Bruegelရဲ့ Paintingsတွေ ထဲမှာ ကျွန်မအခုထိ ဖတ်လို့မပြီးနိုင်တဲ့ ပန်းချီကားတစ်ခုရှိပါတယ်။ လူမိုက်တွေအကြောင်း ဆွဲထားတာပါ။ အဲဒါက အောက်က ပန်းချီကားပါ။ Pieter Bruegelက ပုံထဲက လူတစ်ယောက်စီအတွက်  အဆိုအမိန့် Proverb တွေ ရေးထားတဲ့အတွက် လိုက်လံကြည့်ရင်း စိတ်ဝင်စားစွာ ပန်းချီကားထဲမှာ အကြိမ်များစွာ နစ်မြောနေခဲ့ဖူးပါတယ်။

ပန်းချီကားထဲမှာ  လူမိုက်ပေါင်းများစွာရှိတယ်။ အဲဒီအထဲက လူမိုက်ကြီး ခြောက်ယောက် အကြောင်းကို ဖော်ပြထားပုံကို ကျွန်မအထူး စိတ်ဝင်စားမိပါတယ်။

လူမိုက်ကြီး (၆) ယောက်

အရင်ဆုံး စိတ်ဝင်စားမိတဲ့ လူမိုက်ကြီး နံပါတ် (၁)က တော့ အထက်ဖော်ပြပါပုံရဲ့ အောက်ခြေအလယ်နားမှာ လူတစ်ယောက် ၀က်တွေကို (၀က်တွေပဲ ခေါ်ကြပါစို့) နှင်းဆီပန်းပွင့်လေးတွေ ချပေးနေတာကို တွေ့ရပါတယ်.။ အဲဒီလူအတွက်  ပန်းချီဆရာရဲ့ အဆိုအမိန့်က "Throwing rose before swine" ပါတဲ့။

တကယ့်မူရင်းအဆိုအမိန့်က Bible ကလာတာပါ။ Don't throw pearl before swine ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ပုလဲလို တန်ဖိုးရှိတဲ့အရာတွေကို ၀က်ရှေ့ ပစ်ချမပေးပါနဲ့။ ပုလဲဆိုတာ ၀က်နဲ့ ဘာမှမဆိုင်ဘူး၊ ၀က်အတွက်အသုံးမ၀င်ပါဘူးတဲ့။ ပြောချင်တာကတော့ တဖက်သားအတွက် တကယ်အသုံးဝင်ရဲ့လား၊ သူကတကယ် တန်ဖိုးထားမှာလားဆိုတာကို မစူးစမ်းပဲ ကိုယ့်ရဲ့အချိန်တွေ၊ အင်အားတွေ ပေးနေသူတွေဟာ လူမိုက်ပါတဲ့။

အဲဒါကို Pieter Bruegelက ပုလဲအစား နှင်းဆီပန်းနဲ့ အစားထိုးသုံးထားတယ်လို့ ယူဆရပါတယ်။ သင်းပျံမွှေးကြိုင်ပြီး သိပ်ကို လှပတဲ့ နှင်းဆီပန်းလေးတွေကို တယုတယ တန်ဖိုး ထားမယ့် သူတွေကို မပေးပဲ၊ တန်ဖိုးကို မသိတဲ့ ၀က်တွေကို ပေးနေသူဟာ လူမိုက်ပါပဲလို့ ဆိုလိုချင်တာပါ။ မဆိုးပါဘူး တစ်ခုတော့ ရှိတယ်။ ပုံထဲက ၀က်တွေကတော့ ပုလဲတွေကို စိတ်မ၀င်စားဘူးဆိုတာ ဖြစ်နိုင်ပေမယ့် နှင်းဆီပန်းကိုတော့ အနည်းအကျင်း စိတ်ဝင်စားပုံပါပဲ..။


လူမိုက်ကြီး နံပါတ် ၂ ကတော့ မြစ်လယ်ခေါင်မှာ ကူးခတ်နေတဲ့ လူတစ်ယောက်ပါ။ သူ့ပုံစံကြည့်ရတာ တစ်ခုခု အကူအညီတောင်းနေသလိုပဲ။ သူ့အတွက် အဆိုအမိန့်ကတော့ "swimming against the tide" တဲ့။ ဒီရေ ရေစီးချောင်းကို အတည့် ဆန်ကူးနေသူတစ်ဦး ပါ။ ပန်းချီဆရာ ဆိုလိုတာကတော့ ဒီရေဆိုတာ ပတ်ဝန်းကျင်က လူအများကို ဆိုလိုတာပါတဲ့။ ပတ်ဝန်းကျင်က လူတွေလုပ်သမျှ အမှားတွေ၊ ငါလုပ်တာကမှ အမှန်ကွလို့ အများကို ဆန်ကျင် ဂွတိုက်ရင်း အားအင်ရှိပေမယ့်  နောက်ဆုံးမှာ ဘ၀ ဆုံးရှူံးသွားရတဲ့ ခေါင်းမာတဲ့ လူတစ်ယောက်ဟာ လူမိုက်ပါလို့ ဆိုလိုချင်ပုံပါပဲ။


နောက်လူမိုက်ကြီး နံပါတ် ၃ပုံကတော့ နံရံကို ခေါင်းနဲ့တွန်းတိုက်နေတဲ့ လူတစ်ယောက်နဲ့ ပတ်သက်ပါတယ်။"Banging his head against wall" ပါ။  ဒီလူမိုက်ကတော့ ဘယ်လောက် ကြိုးစားကြိုးစား ဘာအကျိုးရလာဒ်မှ မရှိတဲ့အဖြစ်ကိုမသိပဲ အစွမ်းကုန် ကြိုးစားလုပ်နေသူပါ။ ကိုယ့်ကြိုးစားမှုဟာ အချည်းနှီးပဲ၊ အချိန်တွေကုန်သွားရုံပဲ.. ဆိုတာတောင် မသိတဲ့သူ. အဲဒါ တကယ်ပဲ လူမိုက်ပါလို့ ပန်းချီဆရာက ပြောချင်နေတယ် ထင်ပါရဲ့.။


နောက်ပုံက ပိုလို့တောင်စိတ်ဝင်စားစရာ ကောင်းသေးတယ်။ ပန်းချီကားရဲ့ လက်ယာ အပေါ်ဘက်နားမှာ လူတစ်ယောက်က ပိုက်ဆံတွေကို မြစ်ထဲသွန်ချနေတာကို တွေ့ရပါလိမ့်မယ်။ ကိုယ်ကြိုးစား ရှာဖွေသမျှကို မြစ်ထဲသွန်ချနေတဲ့ လူမိုက်ပေါ့။ မြန်မာစကားပုံတစ်ခုဖြစ်တဲ့ သဲထဲရေသွန် နဲ့ ခပ်ဆင်ဆင်ပေါ့နော်။ ကြိုးစားသမျှ အရာမထင် အချည်းနှီးဖြစ်သွားအောင် လုပ်နေတဲ့ လူမိုက်ကြီးပေါ.။

နောက်လူမိုက်ကတော့ မြစ်နားမှာ ငါးရှဥ့်အမြီးကို ဖမ်းနေတဲ့ လူပါပဲ။ သူ့အတွက် အဆိုအမိန့်ကတော့ "An eel caught by the tail is only half caught" တဲ့။ ငါးရှဥ့်ကို အမြီးကနေ ဖမ်းမိတာဟာ တကယ်မိပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ မိပြီလို့ ၅၀%ပဲ ပြောနိုင်သေးတာပါ။ အချိန်မရွေး ကိုယ့်လက်ကနေ ထွက်သွားမယ့် အရာအတွက် ငါပိုင်ပြီလို့ မတွေးသင့်ဘူးတဲ့။


နောက်ဆုံးလူမိုက်ကတော့ ပန်းချီကားရဲ့ လက်ဝဲဘက်က လူတစ်ယောက်ပါပဲ။ သူကတော့ အနားက ကြက်ကို  လက်နဲ့စမ်းရင်း ဒီကြက်တွေကနေ ငါ ကြက်ကလေး ဘယ်နှစ်ကောင် ထပ်ရမလဲဆိုပြီး မပေါက်လာသေးတဲ့၊ ဒီထက် ပိုပြောရရင် ဥတောင် မဥရသေးတဲ့ ကြက်ဥတွေကို စိတ်ကူးယဉ်ပြီး နောက်ဆို ငါ့မှာ ကြက်ကလေး ဘယ်နှစ်ကောင်ရှိမှာလို့ ရေတွက်နေသူပါ။ တော်တော် မိုက်တဲ့လူမိုက်ပါ...
...............................................

တကယ်ဆို .. ကျွန်မလည်းပဲ လူမိုက်ပါပဲ။

ကျွန်မလေ..  ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေဟာ သူများတွေအတွက်လည်း တန်ဖိုးရှိလိမ့်မယ်လို့ထင်ပြီး ၀က်တွေရှေ့နှင်းဆီပန်း ချပေးသလိုမျိုး ခဏခဏ လုပ်ဖူးခဲ့တယ်။ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကျွန်မသိတဲ့ လူအများက ဒီအယူအဆ မှန်တယ်လို့ ဆိုနေတာကို ဒါဟာ မှားနေတယ်လို့ သက်သေပြချင်စိတ်ကြောင့် စိတ်ရောလူရော ပင်ပန်းခဲ့ရဖူးတယ်။ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကျွန်မရှေ့မှာ နှစ်ရှည်လများ စွဲမြဲခိုင်ခံ့နေတဲ့ ပိတ်ထားတဲ့အရာတွေကို မတောက်တခေါက် ပညာလေးနဲ့၊ ရှိသမျှ ခွန်အားနဲ့ မကြာခဏ ကြိုးစားပြီး တွန်းဖယ်နေမိခဲ့တယ်။ မဖြစ်နိုင်ဖူး ဆိုတာ သိလျှက်နဲ့လေ...။ တကယ်ပဲ ကျွန်မဟာ လူမိုက်ပါ။

ကျွန်မလေ.. ကြိုးစားသမျှ အရာမထင်နိုင်တာတွေကို သိထားရဲ့နဲ့လည်း အရာထင်လိုထင်ငြားဆိုပြီး ကြိုးစားလိုက် သွန်ချလိုက်နဲ့ လုံးခြာလည်နေခဲ့တာပါ။ တကယ့် လူမိုက်ကြီးပါပဲ။

ကျွန်မလေ.. ငါးရှဥ့်ကို အမြီးက ဖမ်းမိထားတာလေးကို ဘယ်တော့မှ မလွတ်တော့ဘူးလို့ ထင်တဲ့လူမိုက်လိုပဲ ကိုယ့်ရထားတဲ့ ရာထူး/ စည်းစိမ်/ နေရာတစ်ခုဟာ ကိုယ်အပိုင်ပဲ တွက်ထားမိထားခဲ့တာလည်း အခုထိပါပဲ။ ကျွန်မထက် ပိုမြင့်တဲ့သူတွေတောင် မကြာခဏ သူတို့ရဲ့ ငါးရှဉ်တွေ လွတ်လွတ်သွားတာကို မြင်ထားရက်နဲ့လေ။ တကယ်ပါ.. ကျွန်မက လူမိုက်ပါ။

ကျွန်မလေ.. ရှေ့အနာဂတ် ဘာဖြစ်မလဲ မသိဘဲနဲ့လည်း  လက်ရှိဘ၀မှာ ထိုင်နေရင်း ဘယ်လောက်နေရင် ရာထူးတိုးလိမ့်မယ်၊ ဘယ်တော့ကျရင် ငါ လစာတိုးတော့မယ် စသည်ဖြင့် မပိုင်ကြက်မွေး လုပ်နေမိတာ အခုထိပါ။ ဘယ်လိုမှ မငြင်းနိုင်အောင် ကျွန်မက လူမိုက်ပါ။
ဟုတ်ကဲ့... လူမိုက်ကြီး လသာည ဖြစ်ပါတယ် ရှင်။
References: Pieter Bruegel's paintings, Oil on oak panel,Staatliche Museen zu Berlin - Gemaldegalerie, Berlin