Tuesday, March 2, 2010

ရင်ခုန်သံနဲ့ အနီးဆုံး နေရာ

အမေ့ရင်ခွင်ဟာ နွေးထွေးသလောက် ငြိမ်းချမ်းစေပါတယ်။ ဒေါသတွေ၊ သောကတွေ ငြိမ်းစေတဲ့ နေရာတစ်ခုပါ။ ဘာကြောင့် အမေ့ရင်ခွင်ဟာ ငြိမ်းချမ်းစေရသလဲ.. ။

ဒီနေ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း အကြောင်းရင်းကို ကျွန်မသိသွားခဲ့ပါတယ်။ ကျွန်မ ဘယ်တုန်းကမှ မတွေးမိတဲ့ အရာပါ။ အဲဒါနဲ့ ပတ်သက်ပြီး ပထမဆုံး သုတေသနတစ်ခု အကြောင်းကို ပြောပြဖို့ ဖြစ်လာပါတယ်။

ကြံကြံဖန်ဖန် လုပ်တဲ့ သုတေသနကတော့ ကလေးမိခင်တွေဟာ ကလေးငယ်တွေကို ဘယ်လိုချီပွေ့သလဲ စာရင်းကောက်တဲ့ သုတေသနပါပဲ.။ မိခင်ဟာ ကလေးတွေကို ချီပွေ့တဲ့နေရာမှာ ညာဖက်ကနေ ချီပွေ့သလား၊ ဘယ်ဘက်ကနေ ချီပွေ့သလား စသည်ကို လေ့လာခဲ့ပါတယ်.. လုပ်တာက အမေရိကားမှာ လုပ်ခဲ့တာပါ။

ပုံမှန် စဉ်းစားလိုက်ရင်တော့ ညာသန်တဲ့ မိခင်က ညာဖက်ကနေ ပွေ့ပိုက်မယ်၊ ဘယ်သန်တဲ့ မိခင်က ဘယ်ဘက်ကနေ ပွေ့ပိုက်မယ် ဒါပဲပေါ့..။ ဒါပေမဲ့ သုတေသန တွေ့ရှိချက်က နည်းနည်းကွဲသွားတယ်။ မိခင်အများစုဟာ ကလေးကို ဘယ်ဖက် လက်မောင်းဘက်ကနေ ပွေ့ပိုက်ကြတယ်ဆိုတာပါပဲ..။ အတိအကျပြောရရင် ညာသန်မိခင်တွေ ရဲ့ ၈၃ ရာခိုင်နှုန်းနဲ့ ဘယ်သန် မိခင်တွေရဲ့ ၇၈ ရာခိုင်နှုန်းဟာ ကလေးကို ဘယ်ဖက်ကနေ ပွေ့ပိုက်ကြတယ်။ ဘယ်သန်မိခင်တွေရဲ့ ၂၀ ရာခိုင်နှုန်းသာ ကလေးကို ဘယ်ညာ ပွေ့ပိုက်တယ်လို့ ဆိုပါတယ်။ သုတေသီက မိခင်တွေကို “ဘာကြောင့် အဲဒီဘက်ကနေ ပွေ့ကြသလဲ”ဆိုတာကို မေးမြန်းကြည့်တော့ သူတို့ ကိုယ်တိုင်တောင် သတိမထားမိပဲ အလိုလို ပွေ့ပိုက်နေမိတာပါလို့ ဖြေဆိုခဲ့ကြတယ်။

ဒီလိုဆိုတော့ စဉ်းစားစရာဖြစ်လာတာက ဘာကြောင့်များ မိခင်တွေဟာ ကလေးကို ဘယ်ဖက် လက်မောင်းဘက်ကနေ ပွေ့ပိုက်ကြသလဲ ဆိုတာပါပဲ..။ အနီးစပ်ဆုံး ပေးစရာ သဲလွန်စရှိပါတယ်။

အဲဒါကတော့ အဲဒီနေရာမှာ မိခင်ရဲ့ဘယ်ဖက်ရင်အုံဖက်က နှလုံးသား ရှိနေလို့ ဖြစ်ပြီး မိခင့်နှလုံးသားရဲ့ “ဒိတ်ဒိတ်ဒိတ်ဒိတ်”လို့ စည်းချက်မှန် ခုန်နေသံကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး မိခင်တိုင်းဟာ မိမိကလေးငယ်ကို ညာဖက်ကပဲ ပွေ့ပွေ့၊ ဘယ်ဖက်ကပဲ ပွေ့ပွေ့၊ ဘယ်လိုပဲ ချီပွေ့ပွေ့ နှလုံးခုန်သံနဲ့ အနီးဆုံးမှာ ထိကပ်ပွေ့ကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲလိုနည်းနဲ့ ကလေးငယ်ဟာ မိခင်ရင်ခွင်မှာ တွယ်မှီရင်း မိခင်ရဲ့နှလုံးခုန်သံကို နားထောင်လို့ မိခင်ဆီမှ ချစ်ခြင်းမေတ္တာကို ခံစား၊ လုံခြုံမှုကို ခံစားရပြီး လောကပင်လယ်ကို စတင်ကူးခတ်ဖို့ သတ္တိမွေးရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အစောပိုင်းကာလမှာ ဒီယူဆချက်ဟာ သိပ္ပံနည်းကျ မဟုတ်တဲ့အတွက် ကြားရသူတွေက သိပ်မယုံခဲ့ကြပါဘူး။ ဒါနဲ့ စိတ်ပညာရှင်တစ်ချို့က သုတေသန ထပ်လုပ်ပါတယ်။ အဲဒါကတော့ ဆေးရုံမှာ မွေးလာတဲ့ ကလေးတွေကို အုပ်စု နှစ်စု ဖွဲ့ပြီး တစ်စုကို မွေးစကတဲက နှလုံးခုန်သံအတုတစ်ခုကို နားထောင်ပေးစေပြီး တစ်ဖွဲ့ကိုတော့ ဒီအတိုင်းပဲ ထားတာဖြစ်ပါတယ်။ နှလုံးခုန်ချိန်က တစ်မိနစ်ကို ၇၂ ကြိမ် ခုန်တဲ့ နှလုံးခုန်သံ...။ (ကျန်တဲ့ အစာ စသည်အားလုံးကို တန်းတူပေးပါတယ်)

သုတေသန ရလာဒ်ကတော့ နှလုံးခုန်သံကို နားထောင်ရတဲ့ ကလေးတွေဟာ နှလုံးခုန်သံကို နားမထောင်ရတဲ့ ကလေးတွေထက် ပိုသန်မာ ကြီးထွားကြတယ်..။ နှလုံးခုန်သံ မရတဲ့ ကလေးတွေကတော့ ရတဲ့ ကလေးတွေထက် ဖွံဖြိုးမှု အားနည်းတယ်။ စိတ်တိုစိတ်ဆတ်ပြီး ငိုကြောရှည်တတ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ မွေးစကတဲက နှလုံးခုန်သံကို ပေးနားထောင်တဲ့ ကလေးများဟာလည်း ကြားနေကျ နှလုံးခုန်သံ မကြားရရင် (နှလုံးခုန်သံ အတုလုပ်စက် ကို မဖွင့်ရင်) ငိုတတ်တယ်ဆိုတာပါပဲ..။

နောက်ထပ် စမ်းသပ်ချက်တစ်ခုကတော့ နည်းနည်းလေး အသက်ကြီးလာတဲ့ ကလေးငယ်တွေကို စမ်းသပ်တာပါ။ အိပ်ရာဝင်ချိန်မှာ အုပ်စုတစ်စုကို တိတ်ဆိတ်တဲ့ အခန်းထဲမှာ သိပ်ပေးတယ်။ နောက်အုပ်စုကိုတော့ နှလုံးခုန်သံ စည်းချက်လိုမျိုး ဖန်ဆင်းထားတဲ့ နာရီသံပတ်သံကို မြည်ပေးထားတယ်။ တစ်မိနစ်ကို ၇၂ ကြိမ်မြည်တဲ့ အသံမျိုးနဲ့လေ.. အဲဒီမှာ နှလုံးခုန်သံ ကြားရတဲ့ အခန်းက ကလေးငယ်တွေဟာ ပိုပြီး လျင်လျင်မြန်မြန် အိပ်မောကျသွားတာကို တွေ့ရပါတယ်။ ဒါဟာ မိခင်ရဲ့ နှလုံးခုန်သံဟာ ကလေးငယ်ကို စိတ်အေးချမ်းအောင် တမျိုးပြောရရင် စိတ်လုံခြုံအောင် လုပ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေပေးတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ..

ဒါကြောင့် အမေ့ရဲ့ နွေးထွေးတဲ့ နှလုံးခုန်သံဟာ ကလေးငယ်ကို စိတ်လုံခြုံမှုပေးတဲ့အရာ၊ မေတ္တာ ရေလျဉ်စီးဆင်းရာ ဗဟိုပဲ ဆိုတာ ဘယ်သူမှ ငြင်းလို့ မရတော့ပါဘူး.။

( ကျွန်မ ဒီပိုစ်ကိုရေးရင်း မေမေ့ကို အရမ်းလွမ်းမိသွားပါတယ် (..")
photos from www.spraguephoto.com and artfiles.art.com ဒီနေရာမှ ယူပါတယ်
လသာည.. ပါ။

14 comments:

Unknown said...

ဗဟုသုတ ရတဲ့ပို့စ်လေးပါ လသာညရေ။မှန်လိုက်တာနော်။သမီးလေးကလဲ အဲလိုပဲလေ။လသာညလိုပဲ ထားလဲ မေမေ့ကို လွမ်းမိပါရဲ့။

ချစ်တဲ့

ထား

kiki said...

စည်းချက်ကျကျရင်ခုန်သံလေးတွေ ရဲ့ စွမ်းအားပေါ့လေ .….ကြည့်ပါအုံးနော် သဘာဝတရားကြီးက ဘယ်လောက်တောင် ဆန်းကျယ်သလည်းဆိုတာ..။
ဗဟုသုတလေးတွေ ရေးပြပေးတာ ကျေးဇူးပါ လသာညရေ…
(စကားမစပ် ဟိုဘက် မျက်နှာစာအုပ်မှာ သိပ်မတွေ့ ပါလား .. မအားဘူးထင်တယ် ..း)))

မိဆိုးလေး said...

ဟုတ်တယ်..။မိဆိုးလေးလဲ ငယ်ငယ်ကဆို(အင်းပြောရရင် တက္ကသိုလ်ရောက်တဲ့ထိ :D ) မိုးတွေခြိမ်း၊မိုးကြိုးတွေထစ်တဲ့နေ့ တွေဆို ချွေးစေးတွေပြန်အောင်ကြောက်တတ်လို့  အမေက လာလာပြီး တူတူအိပ်ပေးတယ်။ ခု လသာည ပို့ စ် ဖတ်ပြီးတော့ မီးမီးလဲ ကလေးလေးတွေ ချီတဲ့အခါ ဘယ်ဘက်ကနေ ချီမိတာ သတိထားမိတယ်။ကျေးဇူးပါအမ။ <3<3<3

Anonymous said...

မမလသာည
အရမ်းကို ဗဟုသုတ ရစေတဲ့ ပိုစ်လေးပါ ခဗျ။ ကျွန်တော်တို့ သတိမထားမိတဲ့ အချက်လေးပါပဲ။ အခုလို စိတ်ဝင်စားစရာ စိတ်ပညာက အကြောင်းအရာတွေကို ရှာဖွေတင်ပြပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။ အမြဲ အားပေးလျက်
စာဖတ်ပရိတ်သတ် တစ်ဦး

သိင်္ဂါကျော် said...

ဘယ်နေရာကိုပဲ ရောက်ရောက် အမေ့ရင်ခွင်ရဲ့ နွေးထွေးမှုကတော့ မေ့နိုင်စရာ မဟုတ်ပါဘူး..

Anonymous said...

:((



guess.. who am i?

မိုးသီတာ said...

I can. :) :)
But, pls forget.
-အမေ့ရင်ခွင်ကာ ငြိမ်းချမ်းတာ ၀လဲဝန်ခံပါတယ်။ အမေ့ရင်ခွင်ကလဲ ဆင်းရရော (ရင်ခွင်ပိုက်မဟုတ်ပဲနဲ့ လမ်းလဲ လျှောက်တတ်ရော) ဘ၀က --- အမေ့ရင်ခွင်မှာတော့ ခေါင်းထိုးပြီး ငိုဖူးဘူးရယ်။ အမေက ခွင့်မပြုလို့ ဖြစ်ပါလိမ့်မယ်။

ချိုကျ said...

အခုမှပဲသိရတော့တယ်အစ်မရေ....ကျေးဇူးပါပဲဗျာ

ပေါ့ဆိမ့် said...

အစ်မ တော်တယ်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ် ဒီ ပို့စ် လေးအတွက်...
"ကျွန်တော်လည်း အမေရင်ခုန်သံလေးကို လွမ်းလိုက်တာ။ အမေ့ကျေးဇူးတွေကို ဒီအမေ့ရင်ခုန်သံလေးကို ပါထည့်ပေါင်း လိုက်တော့မယ် အမေရေ..."

လသာည said...

ထားရေ အာရိကတိုးနော်.ထားနဲ့ တို့က အမေနေရာကော သမီးနေရာကော ခံစားမိသူချင်းဆိုတော့..။ အင်းအမေ့ကို လွမ်းတယ်ကွား(

kiki> ကျေးဇူး :D ။ ဟုတ်တယ် အခုတလော နည်းနည်း အလုပ်များနေတာနဲ့ ဖေ့ဘွတ် မရောက်ဖြစ်လို့လေ..

မိဆိုးလေး> အခုထဲက လေ့လာထားနော် (အော်.. နောင်အခါ သူများကို ရှင်းပြလို့ရတာပေါ့လို့ ပြောတာပါ၊ ကျန်တာပြောဘူး :P)

စာဖတ်ပရိတ်သတ်တစ်ဦး> ကျေးဇူးပါ။ အစ်မက မြှောက်ပေးရင် ကွေးအောင်ကသူ :D

သိင်္ဂါကျော်> ဟုတ်တယ်။ အမေ့နွေးထွေးမှုက ဟီတာ နွေးထွေးမှုနဲ့တောင် မတူဘူး၊ မေတ္တာနဲ့ အကြင်နာ ပါနေလို့လေ :D

အနောနီးမတ်စ်>> I know who are you. Gomen ne. အမေအကြောင်းရေးမိတိုင်း မင်းအကြောင်းကို သတိရမိတယ်။

မိုး>> ဘ၀ဆိုတာ ဒီလိုပါပဲ.။ ဒါကြောင့် ငါပြောသားပဲ လူကြီးမဖြစ်ချင်ဘူးလို့ :(

ချိုကျ နဲ့ ပေါ့ဆိမ့်>> လက်ဖက်ရည်လေးများ.. အခုလိုလာလည်တာ ကျေးဇူးနော်။

ကျော်နှင်းဆီလွင် said...

あたしも懐かしくなりましたね。
母が大好きですよ。
当り前のことだろうね
:)

rose of sharon said...

ဟုတ်သားဘဲနော်...ခုမှဘဲသတိထားမိတော့တယ်... ဒို့လဲညာသန်ပေမဲ့ခလေးတွေကို ဘယ်ဘက်နဲ့ချီတာ

ကိုလူထွေး said...

ကျနော်ကတော့ ငယ်ငယ်က အမေ့ရင်ခွင်ထက် ဝမ်းဗိုက်နားပဲ အတင်း တိုးတိုးကပ်တာ...

ဗိုက်ထဲမှာနေတုန်းက အဲဒီကနေပဲ စားစရာတွေ မုန့်တွေ အများကြီး ရခဲ့တာမဟုတ်လား...


းဝ)

ဆောင်း said...

ကိုယ့်ခံစားချက်ကို ပြောရရင်.
အမေ့ရင်ခွင်ထဲနေရတာ နွေးတယ်
လူ့ အသားနဲ့ ကပ်နေရတာဟာ ဆိုဖာထိုင်ခုံမျက်နှာပြင်ထက် နူးညံ့တယ်
အမေစကားပြောရင် ကိုယ့်နားထဲမှာ ၀ုန်းဝုန်းဝုန်းဝုန်း ကြားရတာ ရေတံခွန်ကျသံ နားထောင်ရသလိုဘဲ
အမေ့ရင်ခွင်ထဲရောက်နေရင် အကိုအမတွေ အနှောင့်အယှက် မပေးတဲ့အတွက် လုံခြုံမှု့ ရှိတယ် အဓိက က အကိုအမတွေ နမ်းတာ ပါးဆွဲတာ မခံချင်တာ
သူတို့ ကို ပြန်လက်သီးပြလို့ ရတယ်လေ..
ငှင်းငှင်း