Sunday, April 11, 2010

ရယ်မောခြင်းကို ခွဲခြမ်းစိတ်ဖြာခြင်း

ရယ်ခြင်းဆိုတာမှာ သွားပေါ်အောင် ရယ်ခြင်း၊ အသံထွက်အောင် ရယ်ခြင်း၊ အူလှိုက်သည်းလှိုက်ရယ်ခြင်း၊ စသည်ဖြင့် အမျိုးမျိုး ရှိပါတယ်။ တခါတခါဆို ရယ်ချင်လွန်းလို့ ခုန်ပေါက်ပြီးတောင် ရယ်ကြတယ်မို့လား ;D တကယ်တမ်း ရယ်ချင်လာရင် ဒီလို ရယ်ပါ၊ ဟိုလို ရယ်ပါ လို့ စည်းကမ်းသတ်မှတ်လို့ မရပါဘူး။ ရယ်ချင်စိတ်ဖြစ်နေတာကို ပါးစပ်ကို ပိတ်ပြီး ဘယ်လိုရယ်လို့ရမှာလဲလို့ ဟုတ်တယ်မို့လားဟင် ကျွန်မတော့ ရယ်ချင်လာရင် ရယ်ချလိုက်တာပဲ ဟားဟားဟားဟား ကဲ..းD

ရယ်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ စိတ်ရဲ့တင်းအားတွေကို လျော့ကျစေတယ်။ အကြောတွေကို ပြေစေတယ်..။ ပြုံးရယ်ခြင်းဟာ ကျန်းမာခြင်းရဲ့ လက္ခဏာဖြစ်တယ်။ ဒါပေမယ့် တချိန်လုံး ပြုံးရယ်နေရင်တော့ ဒါဟာ သာမန်လက္ခဏာ မဟုတ်တော့ဘူး.။ ရူးနှမ်းတဲ့လက္ခဏာလို့ တောင် သတ်မှတ်တယ်မို့လား..။ ဒါဟာ ရယ်တာကို မထိန်းချူပ်နိုင်လို့ ဖြစ်ပါတယ်။

ဒီလိုပြောလိုက်လို့ “လသာညက အခုတစ်မျိုး၊ တော်ကြာတမျိုး ပြောတယ်။ အခုနကတော့ ရယ်တာကို ထိန်းလို့ မရဘူးဆိုပြီး။ အခုကျ ရယ်တာကို မထိန်းနိုင်ရင် ရူးတယ်လို့ ပြောတယ်။ ဘာလဲ ဟ”လို့ တွေးသွားနိုင်ပါတယ်။ စိတ်မဆိုးပါနဲ့..။ ခဏလေး ခဏလေး.. ပိုစ်ဆုံးအောင် ခဏစောင့်ဖတ်ပါဦးနော်..း)
သူက ရယ်ခိုင်းမှ ရယ်ရတာပါ
တကယ်တော့ ရယ်တော့မယ်ဆိုရင် ရယ်ခြင်းရဲ့ အကြောင်းရင်းက ရှိရမယ်မို့လားဟင်၊ ရယ်ရတဲ့ အကြောင်းရင်း (ဥပမာ ဟာသတစ်ခုခု )ကို လူရဲ့နားစည်က ကြားလိုက်ရတဲ့အချိန်မှာ ဦးနှောက်ကို သတင်းပို့ပါတယ်။ ဦးနှောက်ရဲ့တစ်နေရာကနေ ဒါဟာ ရယ်စရာဖြစ်တယ်၊ ရယ်သင့်တယ်လို့ အဖြေထုတ်လုပ်ချိန်မှာ အခြားတစ်နေရာမှာ ရယ်ဖို့ အမိန့်စာကပ်တယ်။ နောက်တော့ အဲဒီသတင်းကို အာရုံကြောတွေကတဆင့် အဆင့်ဆင့် လက်ဆင့်ကမ်း အမိန့်ဆက်ထုတ်သွားပြီး အားလုံးသိသွားချိန်မှာ မျက်လုံးကစပြီး မျက်ခုံး၊ မျက်လုံး ၊ နှဖူးကြော၊ ပါးစပ်၊ စသည်ဖြင့် စတင်အလုပ်လုပ် ရယ်တော့တာပါပဲ။ ဦးနှောက်က ရယ်ခိုင်းမှ ရယ်တာပါ..။

ဒါက ဆန်းစစ်ယူဆချက်သာဖြစ်ပေမယ့် တကယ်တမ်းကျတော့ ရယ်ခြင်းတစ်ခုရဲ့ အစကို ခန္တာဗေဒကနေ ရှာဖွေလို့ မရပါဘူး..။ ဘယ်အရာက စရယ်သလဲဆိုတာဟာ အခုအထိ ပဟေဠိဖြစ်နေကြဆဲ ဖြစ်ပါတယ်။
ရယ်ခြင်းဟာ ဦးနှောက်ရဲ့ ဘယ်အပိုင်းက စသလဲ
တကယ်တော့ ရယ်မောခြင်းဟာ မိမိရဲ့ စိတ်ခံစားမှုကို ပတ်ဝန်းကျင်ကို ဖော်ပြတဲ့ social cuesသာဖြစ်ပါတယ်။ ရယ်ခြင်းကို ဦးနှောက်ရဲ့ ဘယ်အပိုင်းက ထိန်းချူပ်အလုပ်လုပ်သလဲဆိုတာ အခုထိ အတိအကျ ဆုံးဖြတ်လို့ မရပါဘူး။ ဦးနှောက်ပျက်စီးပြီး သွတ်ခြာပါဒဖြစ်အောင် ရူးသွပ်နေတဲ့သူတွေဟာ ဘယ်လို အကြောင်းအချင်းအရာကြောင့် တစ်ယောက်တည်း ရယ်နေကြသလဲဆိုတာ စစ်ဆေးဖို့ အင်မတန်မှ ခက်ခဲလှပါတယ်။ ပုံမှန်လူတစ်ယောက်အနေနဲ့တော့ ရယ်ဖို့ အကြောင်းရင်း တစ်ခုခုတော့ သူမှာ ရှိနေမှာ သေချာတယ်မို့လား..။
ရယ်တိုင်း ပျော်လို့တော့ မဟုတ်ပါဘူး
ကျွန်မငယ်ငယ်က အိမ်နားမှာ အကြောအနှိပ်ကု ဆရာ ဦးလှသောင်းဆိုတာ ရှိပါတယ်။ သူ့က ဆေးခန်းလိုမျိုးဖွင့်ပြီး အနှိပ်နဲ့ ကုတာပါ။ လာကုသူတွေက လေဖြတ်သူတွေ၊ အကြောဆွဲသလို ခံစားရသူတွေ၊ ထိခိုက်ဒဏ်ရာကြောင့် အကြောသေသူတွေကို အကြောပြန်ဖွင့်ပေးတဲ့ နှိပ်နည်းနဲ့ ကုတယ်လို့ ဆိုပါတယ်။ သူက ဘယ်လို နှိပ်သလဲဆိုတာ သေချာ သွားမကြည့်ဖူးပေမယ့် သူ့ဆေးခန်းက အိမ်နားမှာမို့ ဆေးခန်းက အသံတွေတော့ အမြဲကြားနေရပါတယ်။ ထူးဆန်းတာက နှိပ်လိုက်လို့ နာလို့ ညည်းညူသံအပြင် ရယ်သံ၊ ရှိုက်ကြီးတငင် ငိုသံတွေကို အမြဲကြားရပါတယ်။ မေးကြည့်တော့ ရယ်တဲ့သူက ရယ်ကြောကို နှိပ်ထားလို့ ရယ်တာဖြစ်ပြီး ငိုတဲ့သူက ငိုကြောကို နှိပ်လို့ ငိုတာဖြစ်တယ်လို့ သိရပါတယ်။ တကယ့်ကို ထူးဆန်းတဲ့ အကြောနှိပ်နည်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီ နှိပ်ခြင်ကြောင့်ရတဲ့ ငိုခြင်း၊ ရယ်ခြင်းဟာ ခန္တာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုရဲ့ လှုပ်ရှားမှုသက်သက်သာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့တော့ ဆက်စပ်လိမ့်မယ်မဟုတ်ဘူးဆိုတာ မြင်သာပါတယ်။

ဒါဆိုရင် စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနဲ့ဆက်စပ်တဲ့ ရယ်ခြင်းက ဘာလိုအရာတွေလဲ..
ခန္တာကိုယ်ကို ခိုင်းစေလို့ ရယ်ခြင်းက စိတ်ပျော်ရွှင်ခြင်းကို မပေးနိုင်ပေမယ့် ရယ်ရွှင်ဖွယ်ရာ အကြောင်းအရာတွေကို တွေ့မြင်ရလို့ ရယ်တာကတော့ စိတ်ကျန်းမာခြင်းကို ဖြစ်စေပါတယ်။ ဒါဆို ဘယ်လိုအရာတွေမှာ လူတွေက ရယ်ကြသလဲ..။ ရယ်စရာတွေက တခါတခါ သဘာဝအတိုင်း ဖြစ်ရမယ့်အရာကို ပုံမှန်မဟုတ်ပဲ တွေ့ရတဲ့အခါတွေမှာ ရယ်ဖြစ်တယ်။ ဥပမာ လူတစ်ယောက်က သူ့သူငယ်ချင်းကို တွေ့တော့ ရယ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူ့သူငယ်ချင်းက အကျီင်္ကျယ်သီးကို ပြောင်းပြန်တပ်ထားလို့တဲ့။ တကယ်တော့ သိပ်တော့မထူးဆန်းသလိုပါ၊ ဒါပေမယ် ပုံမှန် အဲလို တပ်လေ့တပ်ထ မရှိတော့ ထူးဆန်းနေပြန်တယ်။ ဒါတော့ ရယ်စရာလုပ်ပြီး ရယ်လိုက်တယ်။ ဒါပါပဲ..

ဒါပေမယ့် ထူးဆန်းတာက ဦးနှောက်ကနေပြီး ဒါကို မရယ်နဲ့၊ သူက စိတ်ဆိုးလိမ့်မယ်လို့ ပြန်အကြောင်းပြန်ရင် မရယ်ပြန်ဘူး။ ထူးဆန်းတယ်နော်..။ အဲဒါကတော့ ဘေးပတ်ဝန်းကျင်ကြောင့် ရယ်တာပါ။
ကိုယ်ကိုယ်တိုင်က ပျော်နေလို့ ရယ်တယ်
နောက်တစ်ခုကတော့ ကိုယ်ကိုယ်တိုင်က ပျော်နေလို့ ရယ်တာလည်း ရှိတယ်။ ကိုယ်က စိုးရိမ်နေတဲ့ အကြောင်းအရာတစ်ခုကို ကျော်ဖြတ်လိုက်နိုင်တဲ့အချိန်မှာ လူဟာ ပျော်ရွှင်တဲ့ ခံစားမှုကြောင့် ရယ်မာတတ်တယ်။ ဥပမာ.. သတိုးသမီးအသစ်စက်စက်အနေနှင့် ဧည့်ခံပွဲဟာ သူမအတွက်တော့ တကယ့် စိတ်သောကကို ဖြစ်စေပါတယ်။ စားလို့ ကောင်းပါ့မလား၊ ဧည့်သည်တွေက သဘောကျပါ့မလား၊ ငါ အားလုံးကို ဧည့်ခံနိုင်ပါ့မလားလို့ လူကြီးတွေကကော စိတ်ကြည်ကြည်သာသာနဲ့ ပြီးဆုံးသွားပါ့မလား.. စသည်ဖြင့် စိတ်ပူနေမှာ အမှန်ပါပဲ..။ ဧည့်ခံပွဲပြီးသွားချိန်မှာ ပေါ့ပါးစွာ ရယ်မောလိုက်တဲ့ သူ့ပျော်ရွှင်မှုဟာ “သူဟာ သူ့သောကကို ကျော်လွှားနိုင်ပြီ ဆိုတဲ့ အောင်မြင်မှုကို ခံစားသိလိုက်လို့ ဖြစ်ပါတယ်။ သူမမှာ သောကသာ မရှိခဲ့ရင် အခုလို့ လွတ်လပ်ပေါ့ပါးတဲ့ ခံစားမှုကို ခံစားပြီး ထူးပြီး ရယ်မောခြင်းကို ပြုနေမှာ မဟုတ်ပါဘူး..။

နာမည်ကြီး စိတ်ပညာရှင် ဆစ်ဂမန် ဖရိုက် (Sigmund Freud) ကလည်း ရှင်းပြခဲ့ပါတယ်။ လူတွေဟာ အများက မလုပ်နဲ့လို့ သတ်မှတ်ထားတဲ့ အရာတွေကို လုပ်လိုတဲ့စိတ်ရှိတယ်။ အဲဒါကို ထွက်ပေါက်ပေးဖို့ အတွက် ဟာသတွေလုပ်တယ်လို့ဆိုပါတယ်။ သူကတော့ sex ကိစ္စတွေကို ပြောတာပါ။ အလိုမပြည့်တဲ့အခါ sex ဟာသများစွာကို ပြောပြီး လူဟာ ရယ်တတ်တယ်လို့ ဆိုပါတယ်။ တချို့က သူ့အယူအဆကို လက်ခံပေမယ့် တချို့က လက်မခံပါဘူး။ ဒါပေမယ့် လူတွေဟာ ကိုယ်လုပ်ချင်တာကို မလုပ်ရတဲ့အခါတွေမှာလည်း မလုပ်ရတဲ့အဲဒီအရာတွေကို ဟာသအဖြစ် ရယ်တတ်ကြသေးတယ်ဆိုတာကိုတော့ စိတ်ပညာရှင်အများက လက်ခံထားပါတယ်။ .. ဥပမာ.. “ငါကွာ ဟိုသစ်တောကို တစ်နာရီအတွင်း အပြီးဖြတ်ပြေးမယ်ဆုံးဖြတ်တာ မရပါဘူးကွာ။ ဟားဟား” “အေးလေ မင်းကလည်း မဖြစ်နိုင်တာ လုပ်တာကိုး ဟားဟား”လို့ ရယ်တာမျိုးပေါ့..။
ရယ်ခြင်းဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု
ရယ်ခြင်းဟာ ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောရင် လွန်တယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရယ်ခြင်းကို လူတွေရဲ့ အသွေးအသားက တောင်းဆို နေတတ်လို့ပါ။ စိတ်သောကတွေ များလာတဲ့အခါ၊ ပင်ပန်းမှုတွေ များလာတဲ့အခါ၊ စိတ်သောကကို မဖြတ်ကျော်နိုင်သေးလည်းပဲ စိတ်တဒင်္ဂ မေ့ထားဖို့အတွက် လူတွေက ရယ်နိုင်ဖို့ ကြိုးစားကြပါတယ်။ သဘာဝအတိုင်း ပတ်ဝန်းကျင်ကို မရယ်နိုင်တော့တဲ့အခါ လူအများကို ရယ်စေဖို့ တမင်ရယ်စရာ ဖန်တီးပေးတဲ့ လူရွှင်တော်တွေဟာ ခေတ်အဆက်ဆက် နိုင်ငံတိုင်းမှာ ရှိလာကြတယ်။ ဟာသတွေကို လိုအပ်တဲ့အတွက်လည်း ဟာသ ပြဇာတ်တွေ၊ ဟာသမင်းသားတွေဟာ လူကြိုက်များရတာပေါ့။ လူတွေက အဲဒါတွေ၊ အဲလို လူတွေကို လိုအပ်တယ်လေ..

ရယ်ခြင်းဟာ ခံစားမှု တင်းအားတွေကို လျော့စေတယ်
ရယ်ခြင်းဟာ စိတ်ခံစားမှု တင်းအားတွေကို လျော့စေတယ်။ ဒါကြောင့်လည်း အစည်းအဝေးတွေမှာ စကားပြောကြတဲ့သူတွေဟာ အရေးကြီးတဲ့ တောင်းဆိုမှုတွေ၊ ဆွေးနွေးမှုတွေ မလုပ်မှီ ဟာသတွေ ပြောလို့ စကြတယ်။ ဟာသနွယ်လို့ စကားကို စပြောလိုက်တာဟာ ပရိတ်သတ်နဲ့ ကိုယ့်ရဲ့အကြား ရင်းနှီးမှုကို ရယူလိုက်တာဖြစ်သလို ပရိတ်သတ်ကို ရှိန်နေတဲ့ ကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကို ဖြေဖျောက်လိုက်တာလည်း ဖြစ်ပါတယ်။
ကလေးဘ၀ကတဲက ရယ်တတ်ဖို့ အရေးကြီးတယ်
မွေးဖွားပြီး ၈ရက်သားကလေးလောက်က စပြီး ပြုံးခြင်းအတတ်ကို တတ်ကြတယ်။ တချို့ဆို အိပ်ရင်းတောင် ပြုံးနေတယ်။ နောက် ၁လသားလောက်ကလေးဆိုရင် အိပ်ရင်း ခိုးခိုးခစ်ခစ်အသံလေးတွေ တောင်ထွက်ပြီး ရယ်တာလည်း တွေ့ရလိမ့်မယ်။ ကျွန်မအဖွားကဆို အဲဒါ နတ်သူငယ်က ချစ်လို့ မြူနေလို့ ကလေးရယ်တာလို့ ပြောပြလေ့ရှိပါတယ်..။

စိတ်ပညာရှင် အများစုကတော့ ကလေးဟာ မိခင်နို့ကို စို့ပြီး ဗိုက်ဝသွားတဲ့အချိန်၊ နွေးထွေးမှုနဲ့ သက်တောင့်သက်သာ ရှိတဲ့အချိန်တွေမှာ ၎င်းခံစားချက်တွေကို သာယာလို့ (သဘောကျလို့) ကျေနပ်နေကြောင်း ဖော်ပြတဲ့ လက္ခဏာလို့ ဆိုပါတယ်။ ကလေးတွေ စတင်ပြုံးတတ်၊ ရယ်တတ်ခြင်းဟာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးနေခြင်းရဲ့ လက္ခဏာလို့ ဆိုပါတယ်။

အသက် ၆ လကနေ နည်းနည်း ပိုကြီးလာတဲ့အချိန်မှာ မိခင်မျက်နှာကို မြင်ရင် ပြုံးရယ်တတ်တာဟာ သူက သူ့ရင်ထဲက ရင်းနှီးမှုကို ဖော်ညွှန်းတာ ဖြစ်ပါတယ်။ နောက်ပြီး အသက် ၆ လကနေ တစ်နှစ်အကြားမှာတော့ သူ့ဘ၀တစ်လျောက်လုံးမှာ ဘယ်လိုအရာတွေကို ရယ်ရမယ်ဆိုတာကို စတင်သင်ယူနေပြီဖြစ်တယ်လို့ ယေးလ် တက္ကသိုလ်က စိတ်ပညာရှင် ဒေါက်တာ Levineက ဆိုပါတယ်။

ဥပမာ.. အဖေဖြစ်သူက ကလေးကို တူတူရေ ၀ါးဆိုပြီး မျက်နှာကို လက်ဝါးနဲ့ ကွယ်ပြီး မြူတဲ့အခါ ကလေးက ပထမဆုံး အတွေ့အကြုံမှာ သူ့အဖေ မျက်နှာပျောက်သွားမှာ စိုးလို့ စိတ်ပူတဲ့ ခံစားချက်ကို ခံစားရပါတယ်။ ဒါပေမယ့် လက်ဝါးနောက်ကနေ အဖေ့မျက်နှာ ထွက်လာချိန်မှာတော့ စိတ်အေးသွားပြီး လွတ်လပ်စွာ အသံထွက် ရယ်ပါတယ်။ ဒီလိုရယ်တာဟာ ပထမဆုံးအကြိမ်တင် မကပါဘူး၊ ဘယ်နှကြိမ်လုပ်လုပ် ရယ်တာပါပဲ။ အဖေ့မျက်နှာဟာ လက်ဝါးနောက်ကနေ ရုတ်တရက် ထွက်လာမယ်ဆိုတာ ကလေးဟာ သိပေမယ့် ဂိမ်းတစ်ခုလိုပဲ ပျော်ရွှင်စွာ ရယ်ဖို့ အသင့်ပြင်နေတာကို သတိထားမိလိုက်ပါလိမ့်မယ်။ အဲဒီလို ရယ်တတ်ခြင်းဟာ တချိန် (အသက်ကြီးသွားချိန်အထိ)မှာ စိတ်ညစ်ညူးစရာတွေကို ကျော်လွန်သွားတိုင်း ရယ်ဖြစ်ဖို့ သင်ယူသွားတာပါပဲ..။

Levineက “လူတွေဟာ စိတ်ညစ်စရာတစ်ခုကနေ လွတ်မြောက်သွားတဲ့အခါ ရယ်လေ့ ရှိတယ်”လို့ ဆိုပါတယ်။ အဲဒါကို ကလေး အသက် ၆ လသားက စပြီး တတ်မြောက်တတ်ပါတယ်။
ဘာကြောင့်ရယ်ရယ် ရယ်တာ ကောင်းပါတယ်
ဒါကြောင့် စိတ်ပညာရှင် ဒေါက်တာ Levine က ပြောပါတယ်။ ဘာကြောင့်ပဲ ရယ်ရယ်၊ ရယ်လိုက်ခြင်းဟာ ကောင်းပါတယ်။ စိတ်သောကကို ပူပန်နေချိန်ကို တိုနိုင်သလောက် တိုအောင် စောစောလေး ရယ်ပစ်လိုက်ကြပါ။ ပေါင်းသင်း ဆက်ဆံရေး နယ်ပယ်မှာလည်း ခင်မင်စွာ အားရပါးရ ရယ်ပြီး ငြိမ်းချမ်းမှု၊ ရင်းနှီးတဲ့ ဆက်နွယ်မှု လေးတွေကို တည်ဆောက်ကြပါ...တဲ့

လသာည
Source: A. Arbor ရဲ့ Why we laugh (The University of Michigan Press, 2008)

21 comments:

Shinlay said...

ရီတာနဲ့ ပတ်သက်တာတွေ ဗဟုသုတရပါတယ်။
ဒီမှာ ရီတဲ့ အသင်းအဖွဲလေးတွေရှိတယ်။
ရီခြင်းဟာကျန်းမာတယ်တဲ့။ ဒီမှာလူတွေက သိပ်မရီတတ်ကြဘူး။ ပြုံးဖို့ တောင် မေ့နေတတ်ကြတယ်။
ကျမတို့ ကပဲပိုရီတတ်နေသလားလို့ ။တခါတလေ ကျမလည်းမျက်ရည်ထွက်အောင်ရီကြည့်ချင်
တယ်။

မယ့်ကိုး said...

ချစ်မလေးစာလေးကို ပြုံးပြုံးရယ်ရယ် ဖတ်မိပါတယ် :D
စေတနာထား ဘာသာပြန်ပေးတဲ့ ချစ်မလေးကို ကျေးဇူးအထူးတင်ပါတယ် ...

ချစ်တဲ့
=)

pps said...

ဟားဟဟားဟားဟား....................
ကိုင်း...ရယ်လိုက်ပြီ။
လူချင်းတွေ့မှထပ်ရယ်ဦးမည်။း)

လသာည said...

မမရှင်လေး..
မယ်ကိုး..
ကျေးဇူးတင်ပါတယ်နော်
PPS>> အား ဟားဟားဟားးD

rose of sharon said...

ရီဖို့ကတော့ဘယ်တော့မှမမေ့ဘူးစိတ်ချသူငယ်ချင်းရေ.... ဒို့ကရီစရာရှိရင် အာဗြဲကြီးနဲ့ကိုအော်ရီတတ်တာ.... ကိုယ့်ခလေးနှစ်ယောက်လုံးလဲ ကိုယ့်လိုဘဲ.... သူတို့တွေရီစရာတွေ့လို့ရီပြီဆိုရင် ဘေးလူတွေက သူတို့ရီတာကြည့်ပြီး လိုက်ရီကြရော....

kiki said...

ဟားဟား ..ဟီးဟီး ..ဟိုးဟိုး.... ဟဲဟဲ ..ဟင်းဟင်း..
စုံသွားအောင်ရီလိုက်တယ် နော် ..
ပါးညောင်းလိုက်တာ .. ပြန်နှိပ်ပေးးး

လက်ခုပ်တီးပြီး ရီရင် ပိုကောင်းတယ်ဆိုတာ ဟုတ်သလား ဟင် ..

ThuHninSee said...

း) စိတ်ညစ်လွယ်သလို အရီလဲလွယ်တယ်။ အခုတောင် ဖတ်ရင်း ရီချင်နေတယ်။ စိတ်ဖောက်လာပြီထင်တယ်။ ဟားဟား။

ဂျပန်ကောင်လေး said...

ဘာကြောင့်ရယ်ရယ်တော့ ကောင်းပါတယ်... ဒါပေမယ့် မြန်မာပြည်မှာ ဖတ်လိုက်ရတဲ့ သတင်းက အကြောင်းပြချက်မရှိ ရယ်နေလို့ လင်မယားရန်ထဖြစ်ရာကနေ လူသတ်မှုဖြစ်ရသတဲ့....... ကိုယ့်ဖာသာကိုယ် စဉ်းစားမိပြီးရယ်နေရင် အရူးတဲ့.... ဘယ်လိုကိစ္စပဲဖြစ်ဖြစ် ရယ်ပဲရယ်ချင်နေရင် လူပေါတဲ့... ဒါကြောင့် ရယ်စရာအကြောင်းရှိမှပဲ ရယ်တော့မယ်ဗျာ.....း)))))

Unknown said...

ဝါးဟားဟားဟား ...............ကဲ.......ရယ်ချလိုက်ပြီ...........ရူးသွားတာ ဟုတ်ဘူးနော်..........လသာညရဲ့ ကာတွန်းလေးက မိုက်တယ်..........

ချစ်တဲ့

ထား

အိစံ said...

တို့ ကရယ်တတ်ဘူးရယ်။

ဖတ်ရင်းနဲ့ လသာညနဲ့ ပီပီအက်စ်ရဲ့ ရီ တဲ့ စတိုင်မျက်စိထဲမြင်လာတယ်။

Anonymous said...

ပီပီအက်စ် ရဲ့ comment ဖတ်ပြီး အသံထွက်အောင်ရယ်လိုက်တယ်..။ ဟားဟားဟား

SHWE ZIN U said...

ရီတာနဲ့ ပတ်သက်ရင် ချစ်ချစ်ကြီးက ကျနော့်ကို ကွန်ပျူတာရှေ့ လည်း တယောက်ထဲရီ စာအုပ်ဖတ်လည်း တယောက်ထဲရီ ဆိုတော့ သိတ်စိတ်မမှန်ဘူးထင်တယ်တဲ့ အခုလည်း လသာည ရဲ့ စာတွေကိုဖတ်ပြီး ရီ မိပြန်ပြီ.ဟား..ဟား

ရွှေစင်

ကျော်နှင်းဆီလွင် said...

မညရေ
ဒါကြောင့်ထင်တယ်နော်
စိတ်ဖိစီးမှုများတဲ့ဂျပန်နိုင်ငံမှာ ဟာသပုံစံတီဗီအစီစဉ်တွေအတော်များတယ်နော်
အဲလိုဖျော်ဖြေမှုမျိုးမှမရှိရင် ဂျပန်လည်း လူကျန်ပါ့မလားတောင်မသိဘူးနော်။
:P

လသာည said...

ကွန်မန့်လေးများ အားလုံးကို ကျေးဇူးတင်ပါတယ်..
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပေါ့ :D

အကြမ်းထည် said...

ရယ်မရတဲ့နေ့တိုင်း...ရယ်မောဖို့ကြိုးစားခဲ့ပါတယ်
ဘယ်လိုရယ်ရမလဲ မသိတာနဲ့....ဒီမှာလာ ပြီး လွတ်လွတ်လပ်လပ် ရယ်မောခဲ့ပါတယ်။

ရယ်မောခြင်းဖြင့် ဘဝအမောပြေနိုင်ကြပါစေ။
(ကာတွန်းဆရာ တွတ်ပီ (ဓနုဖြူဆွေမင်း) ရဲ့ စကားလေး အတိုင်း.......

with rep;
အကြမ်းထည်

ရွှေရတုမှတ်တမ်း said...

သင်္ကြန်တွင်းတရားမှတ်နေလို့ မရီတော့ပါဘူး..အဟဲ

ဆင်တဲကဖေး said...

အားပါးပါး....ခုမှပဲ ရယ်မောချင်းရဲ့ အကြောင်းအရာ တွေကိုသိရတော့တယ် ဗဟုသုတရပါပေ့..ကျေးဇူးပါပဲ မလသာရေ....ခင်တဲ့(ချိုကျ)

sosegado said...

မင်္ဂလာပါ နှစ်သစ်မှာပျော်ရွင်ပါစေ....

အတာရေနဲ့ အေးချမ်းနိုင်ပါစေ

ဧည့်သည် said...

ကျွန်တော် သရုပ်ဆောင်တွေလို မျက်ရည်တွေနဲ့ ရယ်ဘူးတယ် အစ်မ .... မျက်ရည်တွေကလည်း ရွှဲနေအောင်ကျပြီး ရယ်တာလဲ အားရပါးရပဲ .... အဲဒါလေးကို analysis လုပ်ကြည့်ပေးပါလား ....အဲဒီနေ့က ကျွန်တော် အပျော်ဆုံးနေ့ပါ ... ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲလုပ်တဲ့နေ့က ပေါ့ ... ကိုယ့်ခြေ ကိုယ့်လက်နဲ့ လူရောစိတ်ရော အကုန်ထည့်ပြီး အထမြောက်အောင်လုပ်နိုင်ခဲ့လို့လေ ...

မယ့်ကိုး said...

ချစ်မလေး နှစ်သစ်မှစ ရာသက်ပန် ပျော်ရွှင်ချမ်းမြေ့လို့ စာတွေ အများကြီး ရေးနိုင်ပါစေ။

sosegado said...

ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ။