လူကြီး ။ ။ ဘာလို့ ငိုတာလဲ ကလေးရယ်...
ကလေး။ ။ အဟင့်ဟင့် ငိုချင်လို့ ငိုတာ...
လူကြီး။ ။ ကလေးရယ် ငိုချင်တာ အကြောင်းရှိရမယ်လေကွာ။ ဗိုက်ဆာလို့လား..၊ ကစားချင်တာ မကစားရလို့လား၊ ဒါမှမဟုတ် ကလေးမိဘတွေက ဆူလို့လား၊ တစ်ခုခုလေကွာ..။
ကလေး။ ။ မသိဘူး..။ အခုငိုချင်လို့ ငိုတာ..။
လူကြီး။ ။ ကောင်းတယ်၊ ငိုချင်ရင် ငိုသာချလိုက်..။
ထိုနောက် လူကြီးက ဘာမှ ဆက်မပြောပဲ တစ်ခုခုကို တွေးနေသလို ငြိမ်သွားတယ်။ ကလေးက လူကြီးကို သေချာကြည့်ပြီး ပြန်မေးတယ်။
“ ဦးဦးကကော မငိုဘူးလား..”
လူကြီး။ ။ ဘာလို့ ငိုရမှာလဲ..
ကလေး။ ။ ဦးက ငိုချင်နေတာမဟုတ်လား။ သားလိုပဲ ငိုလေ။
လူကြီး ။ ။ ...................................
ကလေး။ ။ လူကြီးဆိုရင် မငိုရဘူးလား...။
လူကြီး ။ ။ ................................
ကလေး။ ။ လူကြီးဆိုရင် ငိုစရာမရှိဘူးလား..။
လူကြီး။ ။ ရှိတာပေါ့ ကလေးရယ်...။ အများကြီး.....ပေါ့။
ဒီတခါ ငြိမ်သွားသူက ကလေးလေးပါ..။ ခဏနေတော့ ကလေးက ဆက်ပြောတယ်။
“ ဒါဆို သား... လူကြီး မဖြစ်ချင်ဘူး....”
ဒီစကားကြားတော့ လူကြီးက တဖက်လှည့်ပြီး အလျင်အမြန် မျက်တောင်ခတ်လိုက်ပါတယ်။ ဒါပေမယ့် မရပါဘူး။ မျက်ရည်တွေက စီးကျသွားတယ်...။ လူကြီးက မျက်ရည်ကို ကလေးမမြင်အောင် သုတ်လိုက်ရင်း. လူကြီးဆန်ဆန် မျက်နှာပေးနဲ့ ပြောလိုက်တယ်...........
“ဟုတ်တယ်..။ ငါလည်း လူကြီး မဖြစ်ချင်ဘူးကွ..” တဲ့..။
.....................................................
လသာည ပါ (*^0^*)
13 comments:
ကျမတော့ ကလေးပြန်မဖြစ်ချင်တော့ဘူး။
ငိုခဲ့ပြီးသားတွေ ထပ်ငိုရမှာစိုးလို့ ပါ။
လူကြီးလည်း ဖြစ်ချင်ဘူး။ ကိုယ့်ဘာသာ ကိုယ်လုပ်ရလို့။
ကလေးလဲ ပြန်မဖြစ်ချင်ဘူး။ ပူဆာမှရလို့။
အသက် ၂၂ လောက်ပဲ အမြဲဖြစ်ချင်တယ်။ ဟီးဟီး
း)... အမြဲတမ်း တီးန် ၁၉ နှစ်ပဲ ဖြစ်ချင်သဗျာ....
လူကြီးဆန်ဆန်မျက်နှာပေးတဲ့လား.. အဲဒီစကားလုံးအသုံးလေးကို သဘောကျတယ်ဗျာ။
ကျွန်တော်တို့ ရုံးမှာဆို မျက်နှာကို ပြုံးထားရတယ်။ စိတ်ညစ်လည်း ပြုံးထားရတယ်။ ကာစတန်မာကို ကြိုဆိုဖို့လေ။ ပျော်စရာရှိလည်း တအားပျော်လို့မရပြန်ဘူး။ ကိုယ့်လိုပျော်စရာမရှိ(သေး)တဲ့ဘေးလူကို အားနာရဖို့ သွန်သင်ခံထားရတယ်။ ကိုယ့်ခံစားချက်ကို ထိန်းချူပ်နိုင်မှ ရင်ကျက်တယ်လို့ အဆိုတွေက ဆိုထားကြတော့ လူကြီးဖြစ်တဲ့ ကိုယ်က ငိုချင်တာလည်း ငိုလို့မရ ဖြစ်ပြီး ရင့်ကျက်နေပြရတဲ့ လူကြီးဘ၀လေဗျာ..။
လူကြီးဖြစ်ပြီး ခံစားချက်ကို မထိန်းချူပ်နိုင်ရင် ကျပ်မပြည့်ဘူးလို့ အပြောခံရနိုင်တယ်လေ။ ဒါကြောင့် ပျော်ချင်ရင် လွတ်လွတ်လပ်လပ်ပျော်၊ ငိုချင်ရင် လွတ်လွတ်လပ်လပ်ငိုရတဲ့ ကလေးဘ၀ကို လွမ်းတယ်ဗျာ။
လူကြီးမဖြစ်ချင်ဘူး ...
ဒါပေမယ့် လူကြီးဖြစ်လာပြီ
ကလေးဘ၀ကို ပြန်လိုချင်တယ်
ဒါပေမယ့် မဖြစ်နိုင်တော့ဘူး
လူကြီးဖြစ်လာပေမယ့်
ငိုစရာရှိတာကိုတော့
ငိုချလိုက်တာ အကောင်းဆုံးပဲနော်.....
ဒီတစ်ခါ မြိုသိပ်မထားတော့ဘူး ......း)
ရေးချင်တာတွေရေးသွားတယ် မမရေ...
ညလေး
(ကွဲလွဲခွင့်ပြုပါ။)
သေချာသလောက်ရှိတာက ဒါဟာ အာရှနိုင်ငံ တစ်ခုရဲ့ အဖြစ်အပျက်ဆိုတာပါပဲ။ လူတွေဟာ အဲလို ဖြစ်ဖို့ ထုံးတမ်းစဉ်လာတွေက သင်ကြားပေးခံရတာပါ။ ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်က လက်ခံမှာလား။ လက်မခံဘူးလား။ ဖြစ်လာနိုင်တဲ့ အကျိုးတွေကတော့ ကိုယ်စိတ်ချမ်းသာမယ်။သူများတွေကတော့ မုဒိတာ မပွါးနိုင်တဲ့သူ သူ့ဘာသာသူ နေပါစေပေါ့။ ရင့်ကျက်တဲ့ သူတစ်ယောက် ၀မ်းသာစရာကိုလဲ အလွန် ၀မ်းသာလေ့မရှိပါဘူး။ သူတို့အတွက်ရွှေခွက်နဲ့ မြေခွက်ဟာ အတူပဲလေ။ ၀မ်းသာ ပြရတာကလဲ တော်တော်ကြီးတဲ့ အကုသိုလ်ပါပဲ တခါတလေကျ။ အာရှ ထုံးတမ်းစဉ်လာတွေကို ယူထားပါတယ်။ နှလုံးသားကတော့ အာရှပုံမရှိတော့ လူကြီးဖြစ်လာတဲ့အတွက် ၀မ်းသာ ပျော်ရွှင်ရပါတယ်။
ကလေးဘဝ ကတော့ ပူပင်သောက ကင်းတာပေါ့.. လူကြီးဖြစ်လာတော့ တာဝန်ယူရတာတွေ ဟန်ဆောင်ရတာတွေ ရှိလာတယ်...
ကလေးလည်း ပြန်မဖြစ်ချင်တော့ဘူး... ပြန်ကြီးပြင်းလာရင် စာတွေ ပြန်ကျက်ရမှာ စိုးလို့.. :D
ဘာပဲ ဖြစ်ဖြစ် ပစ္စုပ္ပန်တည့်တည့်မှာ ကောင်းအောင် နေဖို့ပါပဲ...
အရှိအတိုင်းက အကောင်းဆုံးပါပဲ အမရယ်..။ မီးမီးတို့ က ငိုချင်ရင် ခုလဲ အော်ငို လိုက်တာပဲ..။ ဘယ်သုမှ မရှိတဲ့ အချိန်ပေါ့..။ဟိဟိ
အစ်မရှင်လေး..။ မိုမိဂျိ..။ ဂျပန်ကောင်လေး.။ အနောနိမတ်စ်၊ နှင်းဟေမာ။ သိဂီါကျော်..။ မိုးသီတာ..။ မိဆိုးလေး.. ကွန်မန့်လေးများအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ် :)
မယ်လည်း တစ်ခါတစ်လေ လူကြီးမဖြစ်ချင်ဘူးမ။
မရင့်ကျက်နိုင်သေးသူပါ။
ခက်တယ်နော် ။လူဖြစ်ရတာ ....
နေ့အိပ်မက်လည်း လူကြီးမဖြစ်ချင်ဘူး.. အိမ်ကလူတွေကပြောတယ်.. ခုထိကလေးပဲတဲ့.. အပြင်ကလူတွေကပြောတယ်. တော်တော်လူကြီးဆန်တာပဲတဲ့.. :(
ဟုတ်တယ်...ကောင်းတယ် လူကြီးမဖြစ်တာကောင်းတယ်
မမီးလဲးလူကြီးဖြစ်ချင်တော့ဘူး
ဟာဟ အပေါ်က စာရေးသူစာလည်း ဖတ်ပါတယ် ကော့မန့်တွေလည်း ဖတ်သွားပါတယ်
အမည်မသိ ရေးထားတာ သဘောကျတယ်
နောက်တစ်ယောက် ရေးထားတာလည်း ကြိုက်တယ်
ဒီလိုပါပဲ
ဘယ်အရာမဆို ကိုယ်ရောက်နေတဲ့ဘ၀မှာ အဆင်ပြေပြေ ရပ်တည်သွားနိုင်ဖို့သာ အဓိကပါ
အတိတ်ကို ပြန်လို့ မရသလို အနာဂတ်ကိုလည်း သွားလို့ မရပါဘူး
ဒါ့ကြောင့် လက်ရှိ (အချိန်) ဘ၀မှာ အဆင်ပြေအောင် နေတာ အကောင်းဆုံးပါ
မင်းအိမ်ဖြူ
Post a Comment