Saturday, November 7, 2009

ဌက်ဖြူ

ဇွန်လရဲ့ တစ်ခုသော ည ၈ နာရီမှာ ဖြစ်ပါတယ်။ နေလုံးကြီးလည်း ၀င်သွားပြီဆိုတော့ သစ်တောတစ်ခုလုံး အမှောင်ထဲမှာ တိတ်ဆိတ်နေခဲ့တယ်။ ကလေးမလေးဆစ်ဗီးယားတစ်ယောက်ကတော့ သူမရဲ့နွားမလေးနဲ့အတူ မှောင်နေတဲ့ သစ်တောထဲကို ဖြတ်လို့ အိမ်ကို ပြန်လာခဲ့တယ်။

ဆစ်ဗီးယားတို့ တောအုပ်ထဲကဖြတ်လာစဉ် သိပ်မဝေးလှတဲ့တနေရာက အသံတစ်သံကို ကြားလိုက်မိတာမို့. တောလမ်းမှောင်ရိပ်ထဲမှနေပြီး အသံနားစွင့်လိုက်တယ်။
ဒါ.. လူတစ်ယောက်ရဲ့ အသံပဲ..
ဒါနဲ့ ချက်ချင်းဆစ်ဗီးယားဟာ နွားကို နေရာမှာ ခဏထားခဲ့ပြီး ချုံပုတ်နားမှာ ပုန်းမလို့ လုပ်လိုက်တယ်။ ဒါပေမယ့် သူမနောက်ကျသွားတယ်။ တဖက်က သူမကို မြင်သွားပြီဖြစ်ပါတယ်.။

“ မိန်းကလေး လမ်းမကြီးရောက်ဖို့ ဘယ်လောက်လိုသေးလဲကွ”
ဆစ်ဗီးယားက “လမ်းမကြီးရောက်ဖို့ တော်တော်လှမ်းပါသေးတယ်”လို့ တုန်လှုပ်စွာဖြေလိုက်ပါတယ်။

အရပ်ရှည်ရှည်နဲ့ တစိမ်းလူငယ်ကို သူမ မျက်နှာချင်းဆိုင် မကြည့်ရဲခဲ့ဘူး။ ချုံပုတ်နားက ခွာလို့ သူမရဲ့ နွားဆီပြန်လျှောက်လာခဲ့တော့ သူကပါ သူမဘေးက လိုက်ပါလာပါတယ်။ လူငယ်ရဲ့ ပုခုံးပေါ်မှာ သေနတ်တစ်လက်ကို ထမ်းထားတာကို သူမ လမ်းလျှောက်ရင်း သတိထားမိသွားတယ်။

“ငါက ဌက်ပစ်သမားပါ” လို့ သူက ပြုံးရင်း ပြောလာတယ်။ ပြီးတော့ “ ငါ ..လမ်းမှားမျက်စိလည်ပြီး ရောက်လာတာပါ။ ငါ့ကို မကြောက်ပါနဲ့။ ငါ့မှာ လမ်းပြမိတ်ဆွေလိုနေလို့ပါ။ မင်း ငါ့ကို ကူညီနိုင်မလား”

ဆစ်ဗီးယား က ဘာမှပြန်မဖြေခဲ့ပါ။ ဒီတော့ လူငယ်က ဆက်ပြောတယ်.။
“ ငါ မင်းအိမ်မှာ တစ်ညလောက် တည်းလို့ရမလားဟင်”
ထုံးစအတိုင်း ဆစ်ဗီးယားကတော့ ဘာမှ ပြန်မပြောပါ. လူငယ် ဇွဲမလျှော့ပဲ ဆက်မေးလာပါတယ်။ “မင်းနာမည် ဘယ်သူလဲ”တဲ့။
ဆစ်ဗီးယားဟာ ကြောက်သထက် ကြောက်လာတယ်။ နောက်ဆုံးတော့ အားတင်းပြီး ဖြေလိုက်တယ် တိုးတိုးလေး.. “ဆစ်ဗီးယား”သူမ့အဖွားက အိမ်အ၀င်ကနေ ရပ်စောင့်နေခဲ့တယ်။ လူငယ်က သူ့သေနတ်ကို တံခါးဝမှာ ထောင်လိုက်ပြီး လွယ်လာတဲ့ ကျောပိုးအိပ်ကြီးကို လေးပင်စွာချလိုက်တယ်။ ပြီးတော့ အဖွားဘက်လှည့်လို့ မင်္ဂလာညနေခင်းပါ အဖွားလို့ နှုတ်ဆက်ပြီး သူ့အကြောင်းအခုနကလို့ ပြောပြပါတယ်။ ပြီးတော့ တစ်ညတည်းခွင့်ရှိမရှိပါ မေးတယ်။

“တည်းလို့ရပါတယ်”လို့ အဖွားကဖြေလိုက်တယ်။ “မိန်းလမ်းမကြီးကိုတော့ မင်းဘာသာရှာဖွေရင် ပိုကောင်းပါတယ်။ တည်းတာကတော့ လွတ်လွတ်လပ်လပ်တည်းပါ။ ဆစ်ဗီးယား- ဒီလူကြီးမင်းအတွက် စားပွဲတစ်လုံးစီစဉ်ပေးလိုက်ပါ။”

ဆစ်ဗီးယားက သူ့အဖွားပြောတဲ့အတိုင်း လုပ်ပေးလိုက်တယ်။ သူမ့အဖွားက လူငယ်ကို မကြောက်တာကို မြင်တော့ သူမ့ရဲ့ ကြောက်ရွံမှုလည်း လျော့သွားတယ်။အဖွားက ဆက်ပြောတယ်။ “ဆစ်ဗီးယားက ဒီသစ်တောထဲက အသီးအနှံတွေအကြောင်းကို ကောင်းကောင်းသိသလို ကျေးဌက်လေးတွေ၊ တောရိုင်းတိရစ္ဆာန်လေးတွေအကြောင်းလည်း သိတယ်။ ဌက်လေးတွေဆိုရင် သူမဆီပျံလာပြီး သူမလက်ပေါ်အစာလာစားတာ”

“အိုး ဒါဆို ဆစ်ဗီးယားက ဌက်အားလုံးအကြောင်းကို အကုန်သိတယ်ပေါ့ ဟုတ်လား” လို့ အဖွားကို ပြောရင်း သူမဖက်ပါလှည့်လာတယ်။ “ငါက အခု ဌက်မျိုးစုံကို စုဆောင်းတဲ့သူလေ။ ကလေးဘ၀ကတဲက ဌက်စုဆောင်းလာတာကွ”

အဖွားက “ ဌက်ကို လှောင်အိမ်ထဲ ထည့်မွေးတာလားကွဲ့” လို့ မေးတယ်။
“ဟာ မဟုတ်ပါဘူး။ သူတို့ကို ချက်စားတဲ့သူဆီ ရောင်းတာပါ၊ မကုန်ရင် အခြောက်လှမ်းတာလေ။ ပြီးတော့ ကျွန်တော့်အတွက် ဌက်တစ်မျိုးကို တစ်ကောင်နှုန်း ယူထားတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဒီနေရာကနေ ၃ မိုင်လောက်ဝေးတဲ့နေရာမှာ ဌက်ဖြူတစ်ကောင်တွေ့တယ်။ ဒါနဲ့ နောက်ကနေ လိုက်သွားတာ လုံးဝကို ပေါ်မလာတော့ဘူး။ ဒီနေရာတ၀ိုက်မှာပဲ ရှိမလားမသိဘူး”

လူငယ်က ပြောရင်း ဆစ်ဗီးယားကိုလည်း လှမ်းကြည့်လိုက်ပါတယ်။ ဒီလို ရှားပါးတဲ့ ဌက်ဖြူဟာ ဆစ်ဗီးယားဆီ မလာတတ်ဘူးလားဆိုသည့် အမေးမျှော်လင့်ချက်နဲ့ပါ။

ဆစ်ဗီးယားကတော့ လူငယ်ပြောတဲ့စကားတွေကို ကြားဟန်မပေါ်ပါဘူး။သူမ.. ရင်တွေ ခုန်ပြီးရင်း ခုန်လာခဲ့တယ်။ သိတယ်လေ အဲဒီဌက်ကို..။ လူငယ်က ဌက်အကြောင်း စကားတွေ ဆက်ပြောနေပေမဲ့ သူမကတော့ စိတ်ဝင်စားဟန် မပြဖြစ်တော့ပါဘူး။ သူမဘာသာ အတွေးထဲ နှစ်မြောနေသလိုပါပဲ..။

နောက်တနေ့ရောက်တော့ လူငယ်ဟာ တောအုပ်ကိုသွားပါတယ်။ ဆစ်ဗီးယားက သူ့ဘေးမှာ အတူလိုက်ပါလာခဲ့တယ်။ ဒီနေ့တော့ သူမကို ကြည့်ရတာ လုံးဝကြောက်ရွံပုံ မပေါ်တော့တဲ့အပြင် ဂရုစိုက်ကြင်နာတတ်သူလေး ဖြစ်နေပါတယ်။ သေနတ်တာမပါရင် ဒီထက်ပိုပြီး လူငယ်ကို ခင်ဖြစ်မယ့်ထင်ပါတယ်။ တစ်ခုတော့ သူမနားမလည်ပါဘူး။ သူဟာ ဌက်ကလေးတွေကို ချစ်တတ်ပုံရပြီး ဘာကြောင့်များ ဌက်ကလေးတွေ သေနတ်နဲ့ ပစ်ခတ်ဖမ်းရသလဲဆိုတာ.. သူမစဉ်းစားလို့ မရတော့ပါ။ နေမြင့်လာသည်နှင့်အမျှ သူမ လူငယ်ကိုသဘောကျလာခဲ့တယ်။ သူဟာ တကယ့်ကိုကြင်နာပြီး သဘောကောင်းမယ့် လူကောင်းတစ်ဦးဖြစ်နေတာကို တွေ့ရလို့ပါ။

ရှာနေတဲ့ ဌက်ဖြူအတွက်တော့ သူမစိတ်မကောင်းဖြစ်မိတယ်။ လမ်းခရီးကို လူငယ်က ဦးဆောင်သူဖြစ်ပြီး သူမကတော့ နောက်ကလိုက်ပေးခဲ့တယ်။ ညနေခင်းကို ရောက်တဲ့အထိ ဌက်ဖြူကို မတွေ့တော့ နွားကို ဆွဲလို့ သူတို့နှစ်ယောက်အိမ်ကို အတူတူ ပြန်လာခဲ့ကြတယ်။ လူငယ်က သူမတို့အိမ်မှာ တစ်ညထပ်တည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဆစ်ဗီးယားတို့ရဲ့ အိမ်ကနေမိုင်ဝက်လောက်၊ ဒီဒေသရဲ့ အမြင့်ဆုံးတစ်နေရာ၊ သစ်တောအုပ်ရဲ့ အစွန်မှာ အလွန် ကြီးမားတဲ့ ထင်းရှုးပင်ကြီးတစ်ပင်ရှိပါတယ်။ သူမ အဲဒီ ထင်ရှုးပင်ကြီးအကြောင်းကို စိတ်လှုပ်ရှားစွာ တွေးနေမိတယ်။ တကယ်လို့ အာရုဏ်တက်မှာ အဲဒီသစ်ပင်ပေါ်တက်ပြီးကြည့်ရင် သူမအိမ်ရှိရာ နေရာတ၀ိုက်ကို အထက်စီးကနေမြင်ရတယ်။ ဒါဆိုရင် ဌက်ဖြူကိုလည်း သူမအလွယ်တကူရှာတွေ့နိုင်မယ်။ သူမရဲ့ မိတ်ဆွေသစ်ရဲ့ ပြောစကားအရ ဌက်ဖြူဟာ အာရုဏ်ဦးမှာ အသိုက်ကနေ စောစောထွက်သွားတတ်တယ်လို့ ပြောတာပဲ။ ဌက်ဖြူရှာပုံတော်က ဘယ်လောက် စိတ်လှုပ်ရှားစရာ စွန့်စားခန်းဖြစ်နေမလဲ..

နောက်တနေ့ မနက်အစောကြီး နေမထွက်ခင် ဆစ်ဗီးယားဟာ အိမ်ကနေ တစ်ယောက်တည်း တိတ်တဆိတ်ထွက်ခဲ့တယ်။ ပြီးတော့ ထင်းရှုးပင်ကြီးနားရောက်တော့ ၀က်သစ်ချပင်ပေါ်ကတဆင့် ထင်းရှုးပင်ပေါ်တက်ဖို့ဆုံးဖြတ်လိုက်တယ်။ ၀က်သစ်ချပင်ရဲ့ အကိုင်းတွေက ထင်ရှုးပင်အကိုင်းနဲ့ ထိနေတာကို သူမတွေ့ထားလို့ပါ။ ထင်ရှုးပင်ကို ခက်ခက်ခဲခဲ အမြင့်ကြီးထိ တက်ခဲ့တယ်။ အကိုင်းတိုတိုတွေက သူမအင်္ကျီနဲ့ ဆံပင်တွေကို ခဏခဏညိုနေလို့ ဖြုတ်နေရသေးတယ်။

နောက်ဆုံး အမြင့်ဆုံးအကိုင်းပေါ် သူမရောက်တော့ သူမတော်တော်အားလျော့နေပါပြီ။ သစ်ကိုင်းကို ခွလို့ မတ်တပ်ရပ်ရင်း ပင်လယ်ဘက်ကို ငေးမိတယ်။ ဟုတ်တယ်..သစ်တောရဲ့တဖက်မှာ ပင်လယ်ကို လှမ်းမြင်နေရတယ်။ ပင်လယ်ထဲမှာ ထွက်ပေါ်စ နေမင်းကြီးရဲ့ အာရုဏ်ဦး အလင်းရောင်ပြန်ကို တွေ့နေရတယ်။ ပင်လယ်ကတဆင့် တောအုပ်တန်းကြီးတစ်ခုလုံး နောက် အခုသူမတို့နေတဲ့ နေရာလေးအထိ အကုန်လုံးကို အပေါ်စီးကနေ မြင်နေရတယ်။တဖြည်းဖြည်းနဲ့ နေမင်းကြီးက နေရောင်ခြည်အပြည့်အ၀နဲ့တောက်ပစွာ ထွက်ပေါ်လာပါတယ်။ အင်း ဌက်ဖြူရဲ့ အသိုက်က ဘယ်မှာပါလိမ့်..။ သူမ ဂရုတစိုက်သေချာရှာကြည့်လိုက်တော့ နောက်ဆုံးမှာ အဖြူရောင် အစက်အပြောက်ကလေးတစ်ခုကို သွားတွေ့တယ်။ အဖြူစက်ကလေးဟာ မြင့်တက်လာပြီး တဖြည်းဖြည်း သူမနဲ့ နီးလာတယ်။ ပြီးတော့ အဲဒီအရာဟာ ထင်းရှုးပင်ကို ဖြတ်သန်းသွားတယ်။ ရုတ်ချင်းဆိုသလိုပဲ ဌက်ဖြူဟာ သူမတို့ အိမ်ဖက်ဆီကို ပျံသန်းသွားတာကို တွေ့လိုက်ရတယ်။ အခုအချိန်မှာတော့ ဌက်ဖြူရဲ့ လှိုဝှက်ချက်ကို သူမသိလိုက်ပါပြီ။ သူမကျေနပ်စွာ သစ်ပင်အောက်ကိုဆင်းခဲ့တယ်။

သူမအိမ်ပြန်ရောက်တော့ တံခါးဝမှာ အဖွားနဲ့ လူငယ်က “ဘယ်ကိုသွားနေသလဲလို့”မေးလို့ စိတ်ပူစွာ စောင့်နေကြတယ်။ လူငယ်က သူမကို ခင်မင်ဖွယ် ကြင်နာတဲ့ အကြည့်နဲ့ စကားတွေ လာပြောတယ်။ ဒါပေမဲ့ သူမကတော့ ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။

ဟုတ်တယ်။ သူမ တိတ်တိတ်နေမှ ဖြစ်မယ်။ ထင်ရှုးပင်ရဲ့ ကိုင်းစိမ်းစိမ်းတွေကြားထဲကနေ သူမအသံတစ်သံကို အခုထိ ကြားယောင်နေတယ်။ နေရောင်အောက်က ဌက်ဖြူက ရွှေရောင်အလင်းတန်းကို ဖြန့်လို့ သူမဆီကို ဘယ်လို ပျံသန်းလာခဲ့တာ၊ နောက်ပြီး သူတို့ အတူတူ ပင်လယ်ကို လှမ်းကြည့်ရင်း နေထွက်တာကို အတူတူကြည့်ခဲ့တာ စတဲ့ သူမနဲ့ ဌက်ဖြူရဲ့ လျိုဝှက်ချက်ကို သူမတသက် ဘယ်သူ့ကိုမှ ပြောဖြစ်တော့မယ် မဟုတ်ပါ။ သူမတသက်စာ ထိန်းသိမ်းသွားတော့မယ် .။

အဲဒီနေ့ ညနေစောင်းမှာပဲ ဧည့်သည်လူငယ်ဟာ စိတ်ပျက်လက်ပျက် ပြန်သွားပါတယ်။ ထွက်ခွာသွားတဲ့ ထိုလူငယ်တစ်ယောက် မြင်ကွင်းက ပျောက်သွားတဲ့အထိ လက်ပြနှုတ်ဆက်နေမိတယ်။ မျက်ရည်တွေက ပါးနှစ်ဖက်မှာ တလိမ့်လိမ့်စီးကျသွားတယ်။ ဒီခွဲခွာခြင်းဟာ သူမဘ၀မှာ ၀မ်းအနည်းဆုံးဖြစ် ကျန်ရစ်တော့မှာပါ။ ထိုလူငယ်ကို ခင်တွယ်မိတဲ့ သူမရဲ့ သံဃောဇဉ်ကို သူမအသိဆုံးပါ။ ဒါပေမဲ့ ဒီတောအုပ်ထဲက တောရိုင်းဌက်ငယ်လေးတွေကို သူမမြတ်နိုးတာလောက်တော့ မမှီနိုင်ပါ။ သူမရှိနေသ၍ သူမဌက်ကလေးတွေ ဘယ်တစ်ကောင်ကိုမှ အနာတရမဖြစ်စေချင်ပါ။

ဘာသာပြန်သူ လသာည.. ဖြစ်ပါတယ်

မူရင်း- A white Heron ( English Reading 1, Lesson 5, Grade -10 Textbook, Japan)

15 comments:

လသာည said...

ကောင်မလေးရဲ့ စိတ်ထားကို ကြိုက်လို့..ဖတ်ရင်းသားကနေ ဘလော့ပေါ်ထိ တင်လိုက်မိတယ်။ နည်းနည်းတော့ရှည်သွားတယ်။ တနင်္ဂနွေနေ့မှာ အပျင်းပြေဖတ်နိုင်အောင်ပါ..။အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာအားလပ်ရက်ကလေး ဖြစ်ပါစေ..

pps said...

ဟုတ်ကဲ့ ...အပျင်းပြေသွားပါပြီ...;p..ကျေးဇူးပါ။

အိစံ said...

လသာညရေ စနေနေ့မှာ ဖတ်လိုက်တော့ sundayမှာ ဖတ်စရာမရှိတော့ဘူး :P

မူရင်းစာအုပ်ကို ဖတ်ချင်တယ်။

လသာည said...

ဟားဟား ဟုတ်တယ်။ ဖတ်လို့ အပျင်းပြေသွားရင်ကို (နှစ်နာရီလောက် အချိန်ကုန်ရကျိုးနပ်လို့)ကျေနပ်ပါပြီနော်။ စာရိုက်တာရယ် ရုပ်ပုံ စကန်ဖတ်တာရယ် ...စုစုပေါင်း အချိန် ၃ပိဿာလောက်ရှိတယ်။ အိစံကတော့ လသာည ဘာသာပြန်ကောင်းမကောင်းကို ထောက်ခံပုံများ မူရင်းစာအုပ်ပြန်ဖတ်မှကို အကြောင်းအရာကို ပိုရှင်းတော့မယ်ပေါ့လေ။။ အော် ဘ၀ဘ၀ အားငယ်စရာပါလားနော်။ ငိုပြီကွာ။ တော်ပြီ နောက်ကို ဘာတာကျန်တော့ဘူး။ အားလျော့သွားပြီ..(++) :(

သက်သက်နောက်တာပါ...
အိစံ မူရင်းဖတ်ချင်ရင် mainစာကြည့်တိုက်ရဲ့ textbooksစင်မှာ လိုက်ရှာရင်တွေ့လိုက်မယ်။ အများကြီးရှိတယ်။ အားလပ်တဲ့အခါ သွားဖတ်ကြည့်နော်။

မိဆိုးလေး said...

ありがとう。。ねちゃん。。終わったのよ
新しい物欲しいな。。

rose of sharon said...

အပျင်းပြေလေးဖတ်သွားတယ်... ဖတ်လို့ကောင်းတယ်

Lucifer said...

ဖတ်ပြီး comment ပေးမယ်ဆိုမှ တနင်္ဂနွေဖတ်ဖို့ ဆိုတာတွေ့တာ
စာကတော့ဖတ်ပြီးသွားပြီ
sunday ဖတ်စေချင်ရင် ထပ်တင်ပေးတော့

ကိုလူထွေး said...

sylvia နေရာမှာ ကိုယ့်ကိုကိုယ် စိတ်ကူးယဉ်ပြီး ရေးထားတာမဟုတ်လား... ဒီလိုဆို လသာညကလည်း စိတ်ထားမွန်မြတ်သူ တယောက်ပေါ့...

နောက်ထပ်ပုံပြင်တွေလည်း ဘာသာပြန်ပေးပါအုံး... ရေးထားတာ ဖတ်လို့ကောင်းတယ်... ဗမာစာလည်း ချောချောမွတ်မွတ်ရှိတယ်...

းဝ)

မယ့်ကိုး said...

ဒီစာလေးဖတ်ဖူးပေမယ့် ချစ်မလေးဘာသာပြန်ထားတာ တလေးတစားနှစ်နှစ်ခြိုက်ခြိုက်ဖတ်သွားတယ်နော်။ မနက်စောစော ဆိုတော့ ကော်ဖီလည်း သောက်သွားပါတယ်။ ကျေးဇူး =)

လသာည said...

ကွန်မန့်လေးများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီစာကို ဂျပန်နိုင်ငံက၁၀တန်းမှာ သင်တယ်ဆိုတော့..ဘာကြောင့်လဲ. ရည်ရွယ်ချက်ကောင်းလိုက်တာဆိုတာကစပြီး စဉ်းစားပြီး ဘာသာပြန်ဖြစ်တာ။

နည်းနည်းရှည်သွားလို့ တခါတည်းဖတ်ရမှာပျင်းရင် တနင်္ဂနွေနေ့ပါ ဆက်ဖတ်ဖို့ရေးတာပါ:P တခါတည်းဖတ်သွားဖြစ်တယ်ဆိုတော့ ရေးရတာပျော်စရာကြီး. (ကွန်မန့်-၄က PPS အိစံကို ရယ်စရာတမင်နောက်တာပါ။ သူတို့နဲ့က ဒီလိုပဲနောက်နေကြမို့ )
pps အိစံ မိဆိုးလေး ကြယ်လေး ရိုစ် ကိုလူထွေး မယ်ကိုး အားလုံးကို ကျေးဇူးတင်ပါတယ်။ အားပေးတယ်ဆိုတော့ နောက်စိတ်ဝင်စားစရာ ပုံပြင်လေးတွေတွေ့တဲ့အခါ ဘာသာပြန်ပါဦးမယ်လို့..:)

မြတ်နိုး said...

quickly visited and read.
:)

မင်းအိမ်ဖြူ Minn Eain Phyu said...

ဖတ်သွားတယ်နော် ၊၊ အင်း စိတ်ထားလေးကောင်းပါတယ် ၊၊ သဘောကျတယ်

မင်းအိမ်ဖြူ

kiki said...

ငှက်ချစ်သူ နဲ့ ငှက်ပစ်သူတို့  တို့ ရဲ့  ငှက်ကလေး အပေါ်ခံစားချက်က အတော်လေး ကွာခြားကြတယ်နော် ... အပြစ်မဲ့တဲ့ ငှက်ဖြူလေးကို ညှာတာ သနားတတ်တဲ့ ဆစ်ဗီးယား လေး လို လူမျိုးတွေ အများကြီး ရှိစေချင်ပါတယ် ။
ဘာသာပြန်တယ် ဆိုတာလည်း ခုလို စာချောအောင်ရေးရတာ တကယ်တော့ သိပ်မလွယ်လှဘူးနော် ။
အားပေးလျှက်ပါ ။ ဆက်သာလုပ် လသာညရေ ...
ညအခါ လသာသာ ကစားမလား ၊ ( စားမလား )း)

nyocho said...

ဒီဇာတ်လမ်းကို ကြိုက်တယ်။ ဘာသာပြန်ပေးတာ ကျေးဇူးတင်ပါတယ် လသာည။ မူရင်းရှာဖတ်ရတာ ပျင်းပါတယ် (အိစံကို စကားနိုင်လုတာပါ :P) အဆင်သင့်ဘာသာပြန်ပြီးသားကိုပဲ စောင့်ဖတ်တော့မယ်။

အချိန် ၃ပိဿာရှိတယ်ဆိုလို့ ဘယ်ချိန်ခွင့်နဲ့ ချိန်တာလဲဗျ :P

အချိန်ယူဘာသာပြန်ပေးတာကို ကျေးဇူးတင်ပါတယ်ဗျို့

မိုးသီတာ said...

ဘာသာပြန်ပေးတာ ကျေးဇူး ကမ္ဘာပါ။..