တချို့လူတွေက ရှိရင်းစွဲအသက်ထက် ငယ်တယ်လို့ထင်ရတယ်။ တချို့လူတွေက ရှိရင်းစွဲအသက်ထက် အိုမင်းသရောင်မြင်ရတယ်။ ဘာကြောင့်လဲ???
စိတ်သိပွံပညာရှင်John T. Cacioppo နဲ့ William Patrickက ပြောတယ်။ အထီးကျန်ခံစားခြင်းက လူကို အိုမင်း ရင့်ရော်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်တဲ့။
အထီးကျန်ခံစားမှုဆိုတာ လူတိုင်းလူတိုင်းကြုံဖူးပါတယ်။ ဥပမာ.. အသက်၅ နှစ်ပြည့်လို့ ကျောင်းကို စသွားရတုန်းက မျက်နှာစိမ်းတွေကြားထဲမှာ ကျန်ခဲ့ရမှာ အားငယ်လွန်းလို့ မိဘလက်ကို တင်းတင်းဆုပ်လို့ ငိုဖူးမယ်။ နောက် အခင်ဆုံးသူငယ်ချင်းနှင့် ခွဲခွာတုန်းက၊ ကိုယ့်ချစ်ခင်သူတစ်ဦးဦး ဆုံးပါးသွားစဉ်က မျက်ရည်တွေနဲ့ အားငယ်မှု၊ အထီးကျန်ခံစားမှုကို အလိုလိုခံစားမိမယ်။
လူသားအားလုံးမှာ အထီးကျန်ချိန်ဆိုတာ ရပါတယ်။ ဘယ်လောက်နာမည်ကြီးသူ၊ ခွန်အားကြီးသူဖြစ်ဖြစ် တချိန်တော့ အထီးကျန်စိတ် ခံစားဖူးတဲ့သူချည်းပါပဲ..။ ဒါပေမဲ့.. တစ်ခုတော့ရှိတယ်။ အဲဒီ အထီးကျန်ခံစားမှုကို ခဏတဖြုတ်ပဲခံစားပြီး တွန်းလှန်နိုင်အောင် ကြိုးစားမှ ဖြစ်ပါမယ်။ မကြိုးစားနိုင်ခဲ့ရင် အထီးကျန်ခံစားမှုဟာ ရောဂါတစ်ခုလို ကာယကံရှင်ကို အမြစ်တွယ်စေပါတယ်တဲ့။
Cacioppo နဲ့ Patrick ကပြောတယ်။
“Loneliness: Human Nature and the Need for Social Connection”ပါတဲ့.။
အထီးကျန်ဆန်ခံစားမှုဟာ လူတစ်ယောက်ရဲ့ သွင်ပြင်အမူအယာကို လေးလံထိုင်းမှိုင်းစေတယ်။ ဒါတင်မက stress hormonesကို ဖြစ်စေတယ်။ ခန္တာ ကိုယ်တွင်း လုပ်ငန်းစဉ်တွေကို ကြန့်ကြာစေပါတယ်။ ဒီပြောင်းလဲမှုတွေဟာ လူများစွာကို စောစီးစွာ ရင့်ရော်စေပါတယ်တဲ့။
ဒါအပြင် အထီးကျန်ဆန်ခြင်းကြောင့် အယ်ဇိုင်းမား ရောဂါကို ဖြစ်စေတတ်တယ်။ အထီးကျန်ဆန်နေတဲ့လူတွေဟာ အစားအသောက်ပျက်ခြင်း၊ အိပ်မပျော်ခြင်း ကို အမြဲခံစားရတယ်။ ကိုယ့်ကိုယ့်ကို ယုံကြည်မှုလျော့စေတယ်။ လူတွေကြားထဲမှာနေရင်း အလိုလို သိမ်ငယ်လာစေတယ်။ အထီးကျန်ခြင်းဟာ လူကို တခါတရံ ရူးသွပ်သလို ခံစားရစေတယ်။
ဒါကြောင့်လည်း တရားရုံးက ပြစ်ဒဏ်တွေထဲမှာ နယ်နှင်ဒဏ်ဆိုတာပါဝင်နေတာပေါ့။ နယ်နှင်ဒဏ်ဆိုတာ တရားခံရဲ့စိတ်ကို အကြီးမားဆုံးပြစ်ဒဏ်ခတ်ခြင်းလို့ သတ်မှတ်လို့ရပါတယ်။ သူသေသည်အထိ အထီးကျန်ခံစားစေဖို့ ထိုသူ့စိတ်ကို သေဒဏ်ပေးခြင်းပါပဲ။
အထီးကျန်ခံစားမှုဆိုတာ စိတ်ကျရောဂါ(depression)နဲ့တူသလားလို့ မေးရင် အဖြေက “မတူပါဘူး”ဖြစ်ပါတယ်။ အထီးကျန်ခံစားမှုဆိုတာ ဆေးသောက်၊ တရားထိုင်လို့ မပျောက်ဘူး။ သူက ရောဂါမှ မဟုတ်တာ။
ဒါဆို ဘယ်နည်းနဲ့ ကုစားကြမလဲ..။ အထီးကျန်ခြင်းကို ဆေးသောက်ပြီး မပျောက်စေနိုင်ပေမဲ့ ကုသနည်းတော့ ရှိပါတယ်။ Cacioppo နဲ့ Patrick ရဲ့ cognitive behavioral therapy ပါ။သူတို့က ဒီလိုပြောတယ်။ “EASE ”တဲ့...
Eက “Extend yourself.” တခြားသူတွေနဲ့ ဖြေးဖြေးချင်း ဆက်သွယ်ပေါင်းသင်းကြည့်ပါ။ တစ်ယောက်တည်း မနေပါနဲ့။
A က having an “Action plan.” အဖွဲအစည်းတစ်ခုခုထဲမှာပါဝင်ကြည့်ပါ။ ဥပမာ ဘောလုံးအသင်း၊ အဆိုအကသင်တန်းစသည်.. (ကြော်ငြာဝင်တာ။ ။ သူငယ်ချင်း.. ဘလော့ရေးပြီး အင်တာနက်ထဲမှာ သူငယ်ချင်းလေးတွေ ဖွဲ့ကြည့်ရင်ကော.. :D )
S က“Selection.” သူငယ်ချင်းမိတ်ဆွေကို ရွေးပေါင်းပါ။ ပိုက်ဆံ၊ရာထူးကြည့်ပေါင်းဖို့ ပြောတာမဟုတ်ပါဘူး။ စိတ်နေစိတ်ထား၊ ၀ါသနာတူသူကို ရွေးပေါင်းမှ ရေရှည်မှာလက်တွဲညီမှာလေ..
E က “Expect the best.”အကောင်းမြင်စိတ်လေးပါ ထားပေါ့နော်။
တကယ်တော့ လူဆိုတာ လူတွေထဲမှာသာ ပျော်ဝင်ကျက်စားလိုတဲ့သတ္တ၀ါပါ။ ဒီလိုတွေးလိုက်ရင် အဖြေက အလိုလို ထွက်လာတယ်။ လူသားအချင်းချင်း ဂရုစိုက်ခြင်းဆိုတာပါပဲ.။ လူသားတွေရဲ့ အဓိက လိုအင်တွေထဲမှာ လူသားအချင်းချင်း နားလည်မှု၊ အပြန်အလှန် ဂရုစိုက်မှု၊ အကောင်းမြင်မူတွေလည်း ပါဝင်ပါတယ်။ အလုပ်ကို ပင်ပန်းစွာလုပ်နေပေမဲ့ အများနှင့် ရောနှောပျော်ရွှင်နေသူဟာ အလုပ်မလုပ်ပဲသက်တောင့်သက်သာနေရပြီး
တစ်ဦးတည်း အထီးကျန်ခံစားနေသူထက်စာရင် မျက်နှာကအပြုံးဟာ ပျိုမြစ်နေမှာ ဖြစ်ပါတယ်။
အားလုံးပဲ ပျိုမြစ်နုနယ် နိုင်ကြပါစေ..။
လသာည..ပါ..။