ဗီယက်နမ် စစ်အတွင်း လူပေါင်းများစွာ သေဆုံးသွားရပြီးတဲ့နောက်မှာ စိတ်ပညာရှင်တွေက သုံ့ပန်းစစ်သားတွေကို စစ်ဆေးတဲ့အခါ သူတို့အားလုံးဟာ စိတ်ထိခိုက်မှုဝေဒနာတွေကို အပြင်းအထန် ခံစားနေကြရတာကို တွေ့ရှိခဲ့ကြတယ်။ စည်းကမ်းအမိန့်ကို လိုက်နာပြီး လုပ်ခဲ့ရတဲ့အတွက် လူတွေအများကြီး သေခဲ့ရတာကို သူတို့ရင်ထဲမှာ ထိခိုက်နေရကြောင်းလည်း ငိုကြွေးရင်း ရင်ဖွင့်ခဲ့ကြတယ်။ ဒါကို အခြေခံပြီး စိတ်သိပ္ပံပညာရှင်တစ်ဦးက စည်းကမ်းအမိန့်တစ်ခုနှင့် ပတ်သက်ပြီး လူတစ်ဦးရဲ့ အဆုံးစွန်လိုက်နာမှု( extremes of obedience) နဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပညာရှင်နာမည်က Milgram ( Stanley Milgram) ဖြစ်ပါတယ်..
စမ်းသပ်မှုက သာမန်အရပ်သားတွေကိုပဲ လုပ်ခဲ့တာပါ။ စမ်းသပ်ချက်က အရမ်းကို ရိုးပါတယ်။ စမ်းသပ်ချက်မှာ ပါဝင်ပေးမယ့် သူတွေကို ဆရာအဖြစ် အစမ်းခန့် စာသင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ကျောင်းသားကို တခြားအခန်းထဲမှာ ထားပြီး ဒီဘက်အခန်းကနေပြီး စာသင်ပြီး မေးခွန်းတွေ မေးရတယ်။ မေးတာကို ကောင်းကောင်းဖြေနိုင်ရင် ချီးကျူးရပြီး မဖြေနိုင်ရင် တပည့်ကို အပြစ်ပေးရတယ်။ အပြစ်က လျှက်စစ်ရှော့ခ်ပေးတာ ဖြစ်ပါတယ်။ အဲဒီစက်က အောက်က ပုံထဲက စက်ပဲ ဖြစ်ပါတယ်။
စက်မှာ အလွန်အားပြင်းတဲ့ ၁၅ ဗို့ ကနေ အသက်အန္တရယ် ထိခိုက်စေနိုင်တဲ့ ၄၅၀ ဗို့အထိ လွှတ်နိုင်တဲ့ ခလုပ်လေးရှိပါတယ်။
ကျောင်းသားအဖြစ် အသင်ခံရမယ့်သူကို အခုလို ၀ိုင်ယာကြိုးတွေနဲ့ ဆက်ပေးထားတယ်။ အမှားတွေ ဖြေတာနဲ့ သူတို့ဟာ လျှက်စစ်ရှော့ခ်ပေးတာ ခံရမှာ ဖြစ်ပါတယ်။
စမ်းသပ်ခန်းမှာ ပါဝင်မယ့် သူ (အရပ်သား) ဖြစ်ပါတယ်။ သိပ္ပံစမ်းသပ်ချက်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ စမ်းသပ်ချက်ထဲက စည်းကမ်းကိုပဲ လိုက်နာပေးဖို့လိုကြောင်း အရင်ဆုံး ပြောတယ်။ နောက်တော့ ဒီစမ်းသပ်ချက်မှာ ကျောင်းသားကို သင်ရမယ့်စာတွေ၊ မေးရမယ့် မေးခွန်းတွေနဲ့ မဖြေနိုင်ရင် ပေးရမယ့် အပြစ်ပေးရမယ့် စည်းကမ်းတွေကို ရှင်းပြပါတယ်..။
လျှပ်စစ်ရှော့ရဲ့ နာကျင်မှုကို ခန့်မှန်းလို့ ရအောင် နမူနာအနေနဲ့ ၄၅ဗို့ရှိတဲ့ လျှက်စစ်ဗို့လေးကို စမ်းသပ်သူက စကားပြောရင်း စမ်းသပ်ခံ အရပ်သား ကျောင်းဆရာလုပ်မယ့်သူ ကို(သူသတိမထားမိခင် ရုပ်တရက်)လွှတ်ပြီး ပြသထားလိုက်တယ်။ ၄၅ ဗို့ဟာ မပြင်းပါဘူး ။ ဒါပေမယ့် ထိုသူ့တော့ မတ်တပ်ရပ်သွားစေတယ်..အဲဒီနောက်တော့ စမ်းသပ်ချက်ကို စပါတယ်။ ဆရာဟာ တဖက်ခန်းကနေပြီး ကျောင်းသားကို စာသင်ပြီး စာမေးပါတယ်။ ကျောင်းသားက မဖြေနိုင်ပါဘူး...။ (မဖြေနိုင်ဆို အမှားဖြေဖို့ သင်ထားတဲ့ စမ်းသပ်သူရဲ့ လူယုံဖြစ်လို့ပါ)။ ဒီတော့ ဆရာလုပ်သူက အမှားဖြေတဲ့အတွက် ပြစ်ဒဏ်စပေးရပါတယ်။ ၁၅ ဗို့ပေါ့..။
ထပ်ပြီး သင်ပါတယ်။ ပိုလွယ်မယ့် မေးခွန်းကို မေးတယ်..။ ကျောင်းသားကလည်း ထပ်မှားတယ်..။ ထပ်ပြီး ပြစ်ဒဏ်ပေးတယ်..၃၀ ဗို့..။ ခလုပ်က ဗို့ကို ပြန်လျှော့လို့မရဘူး..။ တိုးဖို့ပဲ ရှိတယ်လေ..ဒီလိုနဲ့ ကျောင်းသားဟာ မဖြေနိုင်ခဲ့လေ.. ဆရာက အပြစ်ပေးရလေပါပဲ..။ လျှပ်စစ်ဗို့တွေ တိုးလာတယ်။ လျှပ်စစ်ဗို့များလာတာနဲ့ အမျှ ကျောင်းသားလုပ်သူရဲ့ အော်ဟစ် ညည်းညူသံတွေက မချိမဆန့်အသံနဲ့ ပေါ်ထွက်လာခဲ့တယ်..။
ဆရာလုပ်သူဟာ အသံတွေ ကြားနေရတော့ ဆက်မလုပ်ပါရစေနဲ့လို့ ငြင်းပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်သူက သိပ္ပံစမ်းသပ်ခန်းကို ပူးပေါင်းပါဝင်နေချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းကို အတိအကျ လိုက်နာပါလို့ အမိန့်ပေးပြီး ဆက်ပြီး မေးခိုင်းပါတယ်။ ဒီလိုနဲ့ပဲ ကျောင်းဆရာဟာ ကျောင်းသားကို ဆက်လက်ပြီး အပြစ်တွေ တိုးပေးနေခဲ့တယ်။ နောက်ဆုံးအဆင့် ကျောင်းဆရာလုပ်သူက မျက်ရည်အ၀ိုင်းသားနဲ့ ဆက်မလုပ်ချင်တော့ပါလို့ ပြောတဲ့အထိ စောင့်ခဲ့တယ်။
အံ့သြစရာ ကောင်းတာက စမ်းသပ်ချက်မှာ ပါဝင်သူ ယောက်ျား၊ မိန်းမအားလုံးရဲ့ ၆၅ % ဟာ နောက်ဆုံးအဆင့် လူသေနိုင်တဲ့ လျှပ်စစ်ဗို့အား ၄၅၀ အထိ အပြစ်ပေးခဲ့ကြတာကို တွေ့ရတယ်။ တချို့ဆိုရင် ကျောင်းသားက နာကျင်လို့ ပြန်ပြောပြီး နံရံကို ခြေနဲ့ကန်တဲ့အခါ ဗို့ ၃၀၀ကို non-stop ပေးပြီး ပြစ်ဒဏ်ချသူတောင် ပါဝင်ပါသေးတယ်။
ကျောင်းသားအဖြစ်လုပ်ရသူကတော့ အစမ်းခန့် ကျောင်းဆရာများရဲ့ လက်မှာ အခါခါ သေနေတော့တာပါပဲ..။ (တကယ်တော့ စမ်းသပ်ချက်ထဲက ကျောင်းသားဟာ သရုပ်ဆောင်ကောင်းသူတစ်ဦးကို ဌားထားတဲ့ စမ်းသပ်သူရဲ့လူယုံဖြစ်ပြီး တကယ့်လျှပ်စစ်ကြိုးနဲ့ သွယ်မထားပါဘူး။ ဟန်ဆောင်အော်ဟစ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်..။ တော်သေးတာပေါ့နော်..။)
ဒီစမ်းသပ်ချက်ကနေ ဘာကို ကောက်ချက်ချခဲ့ကြသလဲဆိုတော့ လူအများရဲ့ မသိစိတ်မှာ စည်းကမ်းလို့ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာမှဖြစ်မယ်လို့ ယူဆသွားပြီးတဲ့နောက်မှာ တဖက်သားအပေါ် ရက်စက်ရာ ရောက်မှန်းသိသော်လည်း၊ နာကျင်နေမယ်ဆိုတာကို ခံစားစာနာနိုင်သော်လည်း သတ်မှတ်ချက်တွေအပေါ် မျက်စိမှိတ် လိုက်နာမိသွားကြတယ် ဆိုတာပါပဲ...
Social Psychologist ဖြစ်တဲ့ Stanley Milgram ရဲ့ စမ်းသပ်ချက်ပါ။ အဲဒီ စမ်းသပ်ချက်ကို အောက်က ဗွီဒီယိုကနေပြီး အစအဆုံး ကြည့်လို့ရပါတယ်။
ပိုစ်မတင်ခင် ဒီအကြောင်းအရာကို ဖတ်ပြီး ဗွီဒီယိုကို ကြည့်မိတော့ ဗွီဒီယိုထဲမှာ “မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး လို့ ပြောနေရင်း ပြောနေရင်းကနေ စည်းကမ်းကို ထိန်း၊ အမိန့်ကို နာခံနေကြတဲ့အတွက် အပြစ်ပေးခလုတ်တွေကို မျက်စိမှိတ်နှိပ်နေတဲ့ လူများစွာကို သတိထားမိတယ်” ။ သူတို့ရင်ထဲလည်း ကြေကွဲနေကြရဲ့သားနဲ့ ဘာလို့များ အဲဒီစိတ်အတိုင်း မနေနိုင်တာလဲလို့ စိတ်ထဲကလည်း အပြစ်တင်မိတယ်။
ဒါပေမယ့်လည်း အဲဒါ တကယ်ဖြစ်တတ်တဲ့ သဘာဝဆိုတော့ သိလိုက်ရတော့.. ဘုရားကိုပဲ တမိတယ်။
သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အမိန့်အာဏာတွေကို လိုက်နာလိုစိတ် ရှိတာ ကောင်းတယ် ဆိုပေမယ့် အဲဒီစိတ်ဟာ မူရင်းက ကြင်နာတတ်သူတွေတောင် ရက်စက်တတ်သူ ဖြစ်စေတယ်....။ အဲလိုရက်စက်တတ်တဲ့ လူဖြစ်နိုင်ချေက အခုစမ်းသပ်ချက်အရ.. လူတစ်ရာမှာရဲ့ ၆၀ကျော်ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်တဲ့ ၄၀ ထဲမှာ ကိုယ်ပါနိုင်ဖို့နဲ့ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါတွေမှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေအပါအ၀င် လူသားအားလုံးအပေါ်ကို နာကျင်အောင် လုပ်မိသူ မဖြစ်ရပါစေနဲ့လို့ ဆုတောင်းမိတယ်.. (ဗဟုသုတပေါ့နော်..)
လသာည ဖြစ်ပါတယ်..





