Wednesday, August 4, 2010

နားလည်ပေးပါ ပိတ်သတ်ကြီးရယ်



ဟာ.. တူးသွားပြန်ပြီ ပဲအိုး |(!!)/...။ ကဗျာဆရာ မိဆိုးလေး ကြားရင် ငါတော့ ခက်တော့မယ်..။

၈ လပိုင်း ၄ ရက်
ပဲအိုးလေး တူးခဲ့..

နားလည်ပေးပါ ပိတ်သတ်ကြီးရယ်..
ကျွန်တော် ဒီလောက်ပဲ ခြစ်တဲ့ဟာကို... (ဟိ..ဟိ)


ဟေ့..
မင်းက ဘာကို အထင်ကြီးတာလဲ..
မင်းက ဘာကို မက်မောတာလဲ..
မကြားချင်လည်း နားပိတ်ထားလိုက်..
ငါ့လို ကောင်က ဆက်တူးမှာပဲ..။ (စိုင်းစိုင်း လသာညကွ)

တောင်းပန်တယ်ကွာ တောင်းပန်တယ်ကွာ..
တလောကလုံးကို တူးခါးနေတာပဲ “(ဓ-ဓ)”

လသာည တူးသည်..း)))))
(၂၀၁၀. ၈ လပိုင်း ၄ ရက် မနက် ၉နာရီ)
ဘာပဲဖြစ်ဖြစ် ပျော်ပျော်နေ သေခဲတဲ့ ..။

Saturday, July 31, 2010

ပြိုင်ဖက်မရှိ ချစ်တတ်သူများ

နေ့စဉ်ဘ၀တွေထဲမှာ သွားရင်းလာရင်း “ပြိုင်ဖက်မရှိ ချစ်တတ်သူများ”ကို တွေရတဲ့အခါ အလိုလို ပြုံးမိပါတယ်...။ ကျွန်မသူငယ်ချင်းများရော ပြိုင်ဖက်မရှိ ချစ်တတ်သူများကို တွေ့ဖူးပါသလား..။ ခက်ခက်ခဲခဲ မရှာရပါဘူး..။ လောကထဲမှာ အများကြီး ရှိပါတယ်။ အများကြီးဆိုမှ အများကြီး...ပါ..။
......................................
တခါက ၅ နှစ်အရွယ် ကလေးနှစ်ယောက် အတူတူ ဆော့ကစားကြတယ်..။ ဆော့ကစားရင်း ခလုပ်တိုက် လဲသွားကြတယ်..။ နှစ်ယောက်လုံး ဒူးလေးတွေ ပွန်းသွားပြီး နဖူးလေးတွေ ရဲသွားအောင် နာသွားတယ်ပေါ့..။
ဒီတော့ကလေးငယ်တစ်ယောက်က လက်တစ်ဖက်က သူ့နဖူးကိုသူပွတ်ပြီး “အား..နာလိုက်တာ”လို့ ပြောရင်း သူငယ်ချင်းကို ကြည့်လိုက်တယ်။ သူငယ်ချင်းက မျက်နှာမဲ့ပြီး ငိုတော့မဲ့အရိပ်အရောင်မြင်လိုက်တော့ ဘာလုပ်ရမှန်းမသိတာမို့ အားပေးတဲ့အနေနဲ့ သူရဲ့ ဖုံပေနေတဲ့ လက်သေးသေးလေးနဲ့ပဲ သူငယ်ချင်းခေါင်းလေးကို ပွတ်ပေးလိုက်တယ်။ ပါးစပ်ကလည်း“အုံဖွ အုံဖွ အရမ်းနာတာပဲနော့”တဲ့..။

သူချော့နေပေမယ့်လည်း သူ့သူငယ်ချင်းက မျက်နှာလေးမဲ့ရာကနေ အသံအကျယ်ကြီးနဲ့ အီင်္း ကနဲ့ ငိုချလိုက်ပါတော့တယ်။ အတန်းထဲက ဆရာမရောက်လာပြီး ငိုနေတဲ့ သူ့သူငယ်ချင်းကို ခေါ်သွားတယ်။ ပြီးတော့ ပွေ့ဖက်ချော့မြူပြီး မုန့်ပေးတာကို တွေ့လိုက်ရတယ်..။ သူငယ်ချင်းက ငိုသံကို တရှိုက်ရှိုက်လိုက်ရင်း မုန့်ကိုယူစားလိုက်တာလည်း တွေ့ရတယ်။ သူကဆက်ပြီး ငေးကြည့်နေပေမယ့် သူငယ်ချင်းက သူ့ကို လှည့်မကြည့်တော့ဘူးရယ်။ သူငယ်ချင်းလည်း ငိုသံတိတ်သွားပြီဆိုတော့ ကလေးငယ်လေးဟာ အမည်မသိ ၀မ်းနည်းစိတ်နဲ့ သူ့ခုံနားလေးကို လှည့်ပြန်လာခဲ့တယ်။

တကယ်ဆို သူလည်း နာတဲ့သူပဲ..။ဆရာမချော့မြူတာကိုခံချင်တာပေါ့၊ မုန့်လည်း စားချင်တာပေါ့။ အခုနက ကိုယ့်အနာထက် သူငယ်ချင်းကိုပဲ အားပေးနေခဲ့တဲ့ကလေးငယ်က အခုမှ သူ့အနာကို နာကျင်ရမှန်းသိသွားတယ်။ အနာကို လက်ဖမိုးဖောင်းဖောင်းသေးသေးလေးနဲ့ ပွတ်လို့ တိတ်တိတ်လေး တစ်ယောက်တည်း မျက်ရည်ကျနေခဲ့တယ်။
သူဘာလို့ အခုနက မငိုပဲ အခုမှ ငိုမိသလဲ.. ကလေးပီပီ စဉ်းလည်း မစဉ်းစားတတ်ဘူး၊ နားလည်းမလည်ခဲ့ဘူး..။

နောင် နှစ်၂၀ကျော် ကြာပြီးတဲ့နောက် လူကြီးအသွင်နဲ့ သူအလုပ်ထဲဝင်ရတဲ့အခါ သူ့သူငယ်ချင်းလို လူတွေကို အများကြီး တွေ့ရတယ်.။ အလုပ်အတူတူလုပ်၊ ပင်ပန်းတာချင်းအတူတူ အသံကျယ်ကျယ် ညည်းပြတတ်တဲ့အတွက် အရာရှိက “အလုပ်ကြိုးစားသူ”အဖြစ် သတ်မှတ်ခံသွားရပြီး ရာထူးတွေ အဆင်ဆင့် တိုးတိုးသွားသူတွေ၊ ကိုယ်ခံစားနာကျင်နေချိန်တွေမှာ ကိုယ့်ဒုက္ခမှ ဒုက္ခလို့ ထင်ပြီး ညည်းတွားတဲ့အတွက် စာနာစွာ လာအားပေးသူ သူငယ်ချင်းတွေကြားမှာ ကျေနပ်ပျော်ရွှင်နေတတ်ပေမယ့် အဲဒီသူငယ်ချင်းတွေ အလှည့်ကျတော့ ဂရုတစိုက် ပြန်အားပေးဖို့ မေ့နေတတ်သူတွေ၊ အခုဘ၀မှာ သူများရဲ့ ဂရုစိုက်မှု၊ ကြင်နာမှုရနေတာဟာ ကံတရားကြောင့် ဘုရားပေးလို့ အဆင့်သင့်ရလာတာလို့ ထင်နေတတ်သူတွေ.. အစရှိသဖြင့်ပေါ့ အများကြီးပါပဲ...။

လူတိုင်း ကိုယ့်ကိုယ်ကို အချစ်ဆုံးဆိုပေမယ့် သူတို့ကတော့ တကယ်ကို ပြိုင်ဖက်မရှိ ချစ်ကြတဲ့သူတွေပါပဲ...။

.......................................

အခုတော့ အဲလို ကိုယ့်ကိုယ့်ကိုပြိုင်ဖက်မရှိ ချစ်နေကြသူတွေ ပတ်ဝန်းကျင်တွေမှာ မကြာခဏ တွေ့ရလာတဲ့အခါတိုင်း သဘောကျစွာ ကျွန်မ ပြုံးနိုင်ပါပြီ..။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေကြားက ကြင်နာမှု ဂရုစိုက်မှုဆိုတာ ဘုရားပေးတာ မဟုတ်ပါဘူး..၊ကိုယ့်ရင်ထဲက၊ နောက်ပြီး သူ့နှလုံးသားထဲက ဖြစ်တည်လာတဲ့ အကြင်နာ သွေးတွေသာ ဖြစ်ပါတယ်။ လူတိုင်းမှာ ၀မ်းနည်းချိန်၊ သောကဝေ အားငယ်ချိန် ဆိုတာ ရှိနိုင်တယ်။ ကိုယ့်အားငယ်ချိန် တစ်စုံတစ်ဦးရဲ့ မေတ္တာပေး ဂရုစိုက်မှုကို ရလာခဲ့ဖူးရင် ထိုသူ အားငယ်ချိန်၊ ဒုက္ခရောက်ချိန်မှာလည်း မမေ့မလျော့ ကိုယ့်ရင်ထဲကလာတဲ့ ဂရုစိုက်မှုတစ်ခုတော့ သူ့ကို ပြန်ပေးသင့်တယ် မဟုတ်ဖူးလားဟင်..

လသာည..ရဲ့ အတွေးပါ...

Tuesday, July 27, 2010

အတွေးတချို့နဲ ဟာသတချို့

စာကြည့်တိုက်နဲ့ lab ထဲက စာအုပ်စင်ကို သွားတိုင်း မျက်လုံးက အကျင့်ပါနေတော့ ကိုယ့်ကျောင်းစာနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ကျော်သွားပြီး တခြားစိတ်ဝင်စားတဲ့ စာအုပ်တွေပဲ မျက်လုံးက ရောက်တယ်..။ စာတွေဖတ်ပြီးတိုင်းလည်း အဆုံးမရှိ လျှောက်တွေးတယ်.. လျှောက်ငေးတယ်..။ ပြီးတော့ အခုလို လျှောက်ရေးတယ်း))..
၁) တစ်ကြောင်းဟာသတွေ ဖတ်ဖြစ်တယ်..။ ( တကယ်က တစ်ကြောင်းတည်းရေးထားတာလည်း မဟုတ်ပဲနဲ့း)
(၁) Happy Birthday
တနေ့မှာ ဖယောင်းတိုင်စက်ရုံတစ်ရုံ မီးထလောင်တယ်။ မတတ်သာတဲ့အဆုံး လူအားလုံးက မတ်တတ်ရပ်လိုက်ကြပြီး စကားလုံးတစ်ချို့ကို သံပြိုင်ရွတ်လိုက်ကြတယ်။
\(^^)/\(^^)/" Happy Birthday"\(^^)/\(^^)/
***
(၂) အစားထိုး ပစ္စည်း
အခန်းထဲရှိရှိသမျှကို ဒမြတိုက်ခံရတော့ အိမ်ရှင်ဟာ သူ့မိန်းမ ပြန်မလာခင် နဂိုပစ္စည်းတွေနဲ့ ပုံစံတူတွေကို လိုက်ဝယ် အစားထိုးရတယ်။ သူ့မိန်းမပြန်လာတဲ့အခါ အကျိုးအကြောင်းပြန်ပြောပြတော့ သူ့မိန်းမက
“ရှင်ကို ကျွန်မ သိလို့လား” တဲ့။ ယောက်ျားက“ အော်.. မိန်းမကိုပါ အစားထိုးလဲလှယ်ထားတာ ငါ့မေ့သွားလို့ပါ”း))
***
(၃) အားကိုးရတဲ့ သူငယ်ချင်း
ဟိုတနေ့က ကျွန်တော့်အခန်းက မှန်ကျကွဲသွားတယ်။ ဒါနဲ့ နှစ်ပေါင်းများစွာ ကံဆိုးမှာ ကြောက်လို့ သူငယ်ချင်းနဲ့ တိုင်ပင်တော့ သူငယ်ချင်း ရှေ့နေက ပြန်ပြောတယ်..“မင်း ၅နှစ်လောက်ပဲ ကံဆိုးအောင် ငါအတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်”တဲ့။ (ရှေ့နေသူငယ်ချင်းက အားကိုးရတယ်း))
***
(၄) အကွေးခံချင်သူ ရှိပါသလား
ဒီမယ် ကျွန်တော် ဘယ်တော့မှာ ကန်ထဲမှာ ရေဆင်းမချိုးဘူးဗျ။ ဘယ်နှယ်ဗျာ.. ပေတံတစ်ချောင်းကို ရေကန်ထဲ ထည့်ပြီး အပေါ်ကကြည့်ရင် ပေတံက ကွေးသွားတာ လူတိုင်း မြင်ရတာပဲ၊ ကျွန်တော့်ခန္ဓာကိုယ်တော့ ရေကန်ထဲမှာ အကွေးမခံနိုင်ပေါင်.. (အကွေးခံချင်သူ ရှိပါသလားး))
***
(၅) နေ၏အလင်းရောင်ကို installလုပ်ခြင်း
ကျွန်မက အလင်းရောင်သိပ်ကြိုက်တာလေ..။ ခပ်လင်းလင်းလေး နေချင်တာနဲ့ နေရဲ့အလင်းရောင်ကို ကျွန်မအိပ်ခန်းထဲကို install လုပ်လိုက်တာ ကျွန်မအိပ်ခန်း အပေါ်ထပ်က လူတွေ ထအော်ကြတယ်။ “ဒီနှစ်နွေ တော်တော်ပူတယ်”တဲ့ ..။
(လသာညအိမ်ခန်းရဲ့ အောက်ထပ်က အိမ်ခန်းပိုင်ရှင်လည်း နေ့အလင်းရောင်ကို သိပ်ကြိုက်တယ်ထင်ရဲ့။ သူinstall လုပ်ထားတာ ဒီနှစ်နွေ တော်တော်ပူတယ်... အားကြီး ပူတယ်း))

၂ ) နပိုလီယန် (Napoleon Bonaparte ) ရဲ့ အဆိုအမိန့်များလည်း ဖတ်ဖြစ်ပြီး တချို့ကို သဘောကျမိတယ်.

(က) နာမည်ကျော်ကြားချိန်ဆိုတာ သိပ်တိုတယ်။ လူမသိ သူမသိ နေချင်ရင်တော့ တသက်လုံးနေလို့ရပါတယ်။
***
(ခ) ခင်ဗျားရဲ့ ရန်သူအမှားလုပ်နေချိန် ဘယ်တော့မှ ၀င်မနှောက်ယှက်ပါနဲ့.. ( အဲ..ခင်ဗျား မှားနေချိန် သူများက ၀င်နှောက်ယှက်ခဲ့တယ်ဆိုရင် အဲဒါ ခင်ဗျားကို ရန်သူလို့ မသတ်မှတ်လို့ပါ)
***
(ဂ) သမိုင်းစာအုပ် ဆိုတာ အတိတ်ကလူတွေက သဘောတူခဲ့တဲ့ အကြောင်းအရာတွေကို ဘာသာပြန်ထားတာပါ။
***
(ဃ) ရိုင်းစိုင်းသူတစ်ယောက်ဆိုတာဟာ ဒုက္ခိတတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ထားတာ မရှိပါ။ (ရိုင်းစိုင်းစွာ ပြုမှုပြီးမှ ကျွန်တော်က ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါလို့ ဆင်ခြေပေးပြီး ရိုင်းစိုင်းမှုကို ဖုံးကွယ်လို့ မရဘူး)
***
(င) ဘာသာတရားဆိုတာ လူဆင်းရဲတွေက လူချမ်းသာတွေကို မသတ်အောင် ကာကွယ်ထားတဲ့ အဆိုအမိန့်တွေပါ။
ဖတ်မိသမျှ ဤတွင် ပြီး၏..

အသစ်အသစ်လို့ လာလာအော်တဲ့ သယ်ရင်းလေးများအတွက် အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီးပြီး ရေးသွားတာ ဖြစ်ပါတယ်။ သတ်ပုံမှားရင် ခွင့်လွှတ်ပါ။ အားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ..း)))
လသာည.. ဖြစ်ပါတယ်..။

Saturday, July 17, 2010

ကြင်နာတတ်သော်လည်း ရက်စက်သူ

တချို့သူတွေက စိတ်ရင်းက ကြင်နာတတ်ပေမယ့် တခါတရံ တော်တော် ရက်စက်တတ်ကြတယ်။ ဘာကြောင့်လဲ..။ အကြောင်းရင်းတွေ အများကြီးထဲက တစ်ကြောင်းကို ပြောပြချင်တယ်..။

ဗီယက်နမ် စစ်အတွင်း လူပေါင်းများစွာ သေဆုံးသွားရပြီးတဲ့နောက်မှာ စိတ်ပညာရှင်တွေက သုံ့ပန်းစစ်သားတွေကို စစ်ဆေးတဲ့အခါ သူတို့အားလုံးဟာ စိတ်ထိခိုက်မှုဝေဒနာတွေကို အပြင်းအထန် ခံစားနေကြရတာကို တွေ့ရှိခဲ့ကြတယ်။ စည်းကမ်းအမိန့်ကို လိုက်နာပြီး လုပ်ခဲ့ရတဲ့အတွက် လူတွေအများကြီး သေခဲ့ရတာကို သူတို့ရင်ထဲမှာ ထိခိုက်နေရကြောင်းလည်း ငိုကြွေးရင်း ရင်ဖွင့်ခဲ့ကြတယ်။ ဒါကို အခြေခံပြီး စိတ်သိပ္ပံပညာရှင်တစ်ဦးက စည်းကမ်းအမိန့်တစ်ခုနှင့် ပတ်သက်ပြီး လူတစ်ဦးရဲ့ အဆုံးစွန်လိုက်နာမှု( extremes of obedience) နဲ့ ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ ပညာရှင်နာမည်က Milgram ( Stanley Milgram) ဖြစ်ပါတယ်..

စမ်းသပ်မှုက သာမန်အရပ်သားတွေကိုပဲ လုပ်ခဲ့တာပါ။ စမ်းသပ်ချက်က အရမ်းကို ရိုးပါတယ်။ စမ်းသပ်ချက်မှာ ပါဝင်ပေးမယ့် သူတွေကို ဆရာအဖြစ် အစမ်းခန့် စာသင်ခိုင်းတာပဲ ဖြစ်ပါတယ်။ ကျောင်းသားကို တခြားအခန်းထဲမှာ ထားပြီး ဒီဘက်အခန်းကနေပြီး စာသင်ပြီး မေးခွန်းတွေ မေးရတယ်။ မေးတာကို ကောင်းကောင်းဖြေနိုင်ရင် ချီးကျူးရပြီး မဖြေနိုင်ရင် တပည့်ကို အပြစ်ပေးရတယ်။ အပြစ်က လျှက်စစ်ရှော့ခ်ပေးတာ ဖြစ်ပါတယ်။ အဲဒီစက်က အောက်က ပုံထဲက စက်ပဲ ဖြစ်ပါတယ်။

စက်မှာ အလွန်အားပြင်းတဲ့ ၁၅ ဗို့ ကနေ အသက်အန္တရယ် ထိခိုက်စေနိုင်တဲ့ ၄၅၀ ဗို့အထိ လွှတ်နိုင်တဲ့ ခလုပ်လေးရှိပါတယ်။

ကျောင်းသားအဖြစ် အသင်ခံရမယ့်သူကို အခုလို ၀ိုင်ယာကြိုးတွေနဲ့ ဆက်ပေးထားတယ်။ အမှားတွေ ဖြေတာနဲ့ သူတို့ဟာ လျှက်စစ်ရှော့ခ်ပေးတာ ခံရမှာ ဖြစ်ပါတယ်။

စမ်းသပ်ခန်းမှာ ပါဝင်မယ့် သူ (အရပ်သား) ဖြစ်ပါတယ်။ သိပ္ပံစမ်းသပ်ချက်မှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ စမ်းသပ်ချက်ထဲက စည်းကမ်းကိုပဲ လိုက်နာပေးဖို့လိုကြောင်း အရင်ဆုံး ပြောတယ်။ နောက်တော့ ဒီစမ်းသပ်ချက်မှာ ကျောင်းသားကို သင်ရမယ့်စာတွေ၊ မေးရမယ့် မေးခွန်းတွေနဲ့ မဖြေနိုင်ရင် ပေးရမယ့် အပြစ်ပေးရမယ့် စည်းကမ်းတွေကို ရှင်းပြပါတယ်..။

လျှပ်စစ်ရှော့ရဲ့ နာကျင်မှုကို ခန့်မှန်းလို့ ရအောင် နမူနာအနေနဲ့ ၄၅ဗို့ရှိတဲ့ လျှက်စစ်ဗို့လေးကို စမ်းသပ်သူက စကားပြောရင်း စမ်းသပ်ခံ အရပ်သား ကျောင်းဆရာလုပ်မယ့်သူ ကို(သူသတိမထားမိခင် ရုပ်တရက်)လွှတ်ပြီး ပြသထားလိုက်တယ်။ ၄၅ ဗို့ဟာ မပြင်းပါဘူး ။ ဒါပေမယ့် ထိုသူ့တော့ မတ်တပ်ရပ်သွားစေတယ်..

အဲဒီနောက်တော့ စမ်းသပ်ချက်ကို စပါတယ်။ ဆရာဟာ တဖက်ခန်းကနေပြီး ကျောင်းသားကို စာသင်ပြီး စာမေးပါတယ်။ ကျောင်းသားက မဖြေနိုင်ပါဘူး...။ (မဖြေနိုင်ဆို အမှားဖြေဖို့ သင်ထားတဲ့ စမ်းသပ်သူရဲ့ လူယုံဖြစ်လို့ပါ)။ ဒီတော့ ဆရာလုပ်သူက အမှားဖြေတဲ့အတွက် ပြစ်ဒဏ်စပေးရပါတယ်။ ၁၅ ဗို့ပေါ့..။

ထပ်ပြီး သင်ပါတယ်။ ပိုလွယ်မယ့် မေးခွန်းကို မေးတယ်..။ ကျောင်းသားကလည်း ထပ်မှားတယ်..။ ထပ်ပြီး ပြစ်ဒဏ်ပေးတယ်..၃၀ ဗို့..။ ခလုပ်က ဗို့ကို ပြန်လျှော့လို့မရဘူး..။ တိုးဖို့ပဲ ရှိတယ်လေ..

ဒီလိုနဲ့ ကျောင်းသားဟာ မဖြေနိုင်ခဲ့လေ.. ဆရာက အပြစ်ပေးရလေပါပဲ..။ လျှပ်စစ်ဗို့တွေ တိုးလာတယ်။ လျှပ်စစ်ဗို့များလာတာနဲ့ အမျှ ကျောင်းသားလုပ်သူရဲ့ အော်ဟစ် ညည်းညူသံတွေက မချိမဆန့်အသံနဲ့ ပေါ်ထွက်လာခဲ့တယ်..။

ဆရာလုပ်သူဟာ အသံတွေ ကြားနေရတော့ ဆက်မလုပ်ပါရစေနဲ့လို့ ငြင်းပါတယ်။ ဒါပေမယ့်လည်း စမ်းသပ်သူက သိပ္ပံစမ်းသပ်ခန်းကို ပူးပေါင်းပါဝင်နေချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းကို အတိအကျ လိုက်နာပါလို့ အမိန့်ပေးပြီး ဆက်ပြီး မေးခိုင်းပါတယ်။ ဒီလိုနဲ့ပဲ ကျောင်းဆရာဟာ ကျောင်းသားကို ဆက်လက်ပြီး အပြစ်တွေ တိုးပေးနေခဲ့တယ်။ နောက်ဆုံးအဆင့် ကျောင်းဆရာလုပ်သူက မျက်ရည်အ၀ိုင်းသားနဲ့ ဆက်မလုပ်ချင်တော့ပါလို့ ပြောတဲ့အထိ စောင့်ခဲ့တယ်။

အံ့သြစရာ ကောင်းတာက စမ်းသပ်ချက်မှာ ပါဝင်သူ ယောက်ျား၊ မိန်းမအားလုံးရဲ့ ၆၅ % ဟာ နောက်ဆုံးအဆင့် လူသေနိုင်တဲ့ လျှပ်စစ်ဗို့အား ၄၅၀ အထိ အပြစ်ပေးခဲ့ကြတာကို တွေ့ရတယ်။ တချို့ဆိုရင် ကျောင်းသားက နာကျင်လို့ ပြန်ပြောပြီး နံရံကို ခြေနဲ့ကန်တဲ့အခါ ဗို့ ၃၀၀ကို non-stop ပေးပြီး ပြစ်ဒဏ်ချသူတောင် ပါဝင်ပါသေးတယ်။

ကျောင်းသားအဖြစ်လုပ်ရသူကတော့ အစမ်းခန့် ကျောင်းဆရာများရဲ့ လက်မှာ အခါခါ သေနေတော့တာပါပဲ..။ (တကယ်တော့ စမ်းသပ်ချက်ထဲက ကျောင်းသားဟာ သရုပ်ဆောင်ကောင်းသူတစ်ဦးကို ဌားထားတဲ့ စမ်းသပ်သူရဲ့လူယုံဖြစ်ပြီး တကယ့်လျှပ်စစ်ကြိုးနဲ့ သွယ်မထားပါဘူး။ ဟန်ဆောင်အော်ဟစ်ပေးနေခဲ့တာပဲ ဖြစ်ပါတယ်..။ တော်သေးတာပေါ့နော်..။)

ဒီစမ်းသပ်ချက်ကနေ ဘာကို ကောက်ချက်ချခဲ့ကြသလဲဆိုတော့ လူအများရဲ့ မသိစိတ်မှာ စည်းကမ်းလို့ သတ်မှတ်ထားတဲ့အချက်တွေကို လိုက်နာမှဖြစ်မယ်လို့ ယူဆသွားပြီးတဲ့နောက်မှာ တဖက်သားအပေါ် ရက်စက်ရာ ရောက်မှန်းသိသော်လည်း၊ နာကျင်နေမယ်ဆိုတာကို ခံစားစာနာနိုင်သော်လည်း သတ်မှတ်ချက်တွေအပေါ် မျက်စိမှိတ် လိုက်နာမိသွားကြတယ် ဆိုတာပါပဲ...

Social Psychologist ဖြစ်တဲ့ Stanley Milgram ရဲ့ စမ်းသပ်ချက်ပါ။ အဲဒီ စမ်းသပ်ချက်ကို အောက်က ဗွီဒီယိုကနေပြီး အစအဆုံး ကြည့်လို့ရပါတယ်။


ပိုစ်မတင်ခင် ဒီအကြောင်းအရာကို ဖတ်ပြီး ဗွီဒီယိုကို ကြည့်မိတော့ ဗွီဒီယိုထဲမှာ “မလုပ်ချင်ဘူး၊ မလုပ်ချင်ဘူး လို့ ပြောနေရင်း ပြောနေရင်းကနေ စည်းကမ်းကို ထိန်း၊ အမိန့်ကို နာခံနေကြတဲ့အတွက် အပြစ်ပေးခလုတ်တွေကို မျက်စိမှိတ်နှိပ်နေတဲ့ လူများစွာကို သတိထားမိတယ်” ။ သူတို့ရင်ထဲလည်း ကြေကွဲနေကြရဲ့သားနဲ့ ဘာလို့များ အဲဒီစိတ်အတိုင်း မနေနိုင်တာလဲလို့ စိတ်ထဲကလည်း အပြစ်တင်မိတယ်။

ဒါပေမယ့်လည်း အဲဒါ တကယ်ဖြစ်တတ်တဲ့ သဘာဝဆိုတော့ သိလိုက်ရတော့.. ဘုရားကိုပဲ တမိတယ်။

သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း အမိန့်အာဏာတွေကို လိုက်နာလိုစိတ် ရှိတာ ကောင်းတယ် ဆိုပေမယ့် အဲဒီစိတ်ဟာ မူရင်းက ကြင်နာတတ်သူတွေတောင် ရက်စက်တတ်သူ ဖြစ်စေတယ်....။ အဲလိုရက်စက်တတ်တဲ့ လူဖြစ်နိုင်ချေက အခုစမ်းသပ်ချက်အရ.. လူတစ်ရာမှာရဲ့ ၆၀ကျော်ဖြစ်နေတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျန်တဲ့ ၄၀ ထဲမှာ ကိုယ်ပါနိုင်ဖို့နဲ့ ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုအချိန်အခါတွေမှာပဲ ဖြစ်ဖြစ် ကိုယ်နဲ့ ပတ်သက်သူတွေ၊ ကိုယ့်ပတ်ဝန်းကျင်က သူတွေအပါအ၀င် လူသားအားလုံးအပေါ်ကို နာကျင်အောင် လုပ်မိသူ မဖြစ်ရပါစေနဲ့လို့ ဆုတောင်းမိတယ်.. (ဗဟုသုတပေါ့နော်..)

လသာည ဖြစ်ပါတယ်..