Sunday, January 31, 2010

ရွှေကျီးကန်းရဲ့ ဥာဏ်ရည်

ဒီကနေ့ အိမ်နားတ၀ိုက်ကို တစ်ယောက်တည်း လမ်းလျှောက်သွားနေတုန်း ရင်တုန်စရာ အဖြစ်တစ်ခုနဲ့ တွေ့ခဲ့တယ်။ အဲဒါက အရှိန်နဲ့ မောင်းလာတဲ့ ကားရှေ့ မြေကြီးပေါ်ကို အတင်းဝင်နားဖို့ လုပ်တဲ့ ရွှေကျီးတစ်ကောင်ကြောင့် ကားပိုင်ရှင်က လန့်ပြီး ဘေးကို ၀ိုက်အချလိုက်မှာ ကိုယ့်ဆီကို ကားက တန်းတန်းမတ်မတ် ၀င်လာခဲ့တာပဲ ဖြစ်ပါတယ်။ ကားသမားက အလန့်တကြား ဘရိတ်ကို နင်းလိုက်တာကြောင့် ကံကောင်းစွာ လသာညတစ်ယောက် ဇီဝိန်မကြွခဲ့ပါ (++)။ ကားသမားရော ကိုယ်ပါ ရွှေကျီးကို လိုက်ရှာကြည့်လိုက်တော့ ရွှေကျီးက ကားဘိန်းအောက်ကို မရောက်သွားပဲ သူကိုက်လာတဲ့ အရာကို ချခဲ့ပြီး နီးရာသစ်ပင်ပေါ်ပျံတက်သွားတာကို မြင်လိုက်ရတယ်..။ သူချခဲ့တဲ့ အရာကို သတိထားကြည့်မိတော့ သစ်ကြားသီးလေးတစ်လုံးပါ။ သစ်ကြားသီးကို မြင်တော့မှ ဂျပန်နိုင်ငံရှိ ရွှေကျီးတွေရဲ့ အလေ့အကျင့်တစ်ခုအကြောင်း ဂျပန်စာ စာအုပ်ထဲမှာ ဖတ်ဖူးခဲ့တာကို သတိရသွားမိတယ်။ အဲဒါကို ဗဟုသုတအနေနဲ့ ပြောရရင်..



သစ်ကြားသီးဆိုတာ အတွင်းသားက စိမ့်ပြီး အရသာရှိလှပါတယ်။ တောထဲက တိရစ္ဆာန်ငယ်ကျေးဌက်လေးများအတွက် သိပ်ကိုမက်မောတဲ့ အစားအစာတစ်ခုပါ။ ဒါပေမဲ့ အဲဒီသစ်ကြားသီးကို အခွံလွှာဖို့အတွက်တော့ နည်းနည်းတော့ ခက်ပါတယ်။ တောတိရစ္ဆာန်ငယ်တွေကတော့ စားချင်လွန်းတဲ့ အခါ နည်းမျိုးစုံနဲ့ ကိုက်ဖဲ့စားကြတယ်။ ရှဉ်လေးတွေက သူတို့ရဲ့ အဖိုးတန် သွားချွန်ချွန်လေးတွေနဲ့ ကိုက်ခွဲစားတယ်.။ ဥာဏ်ကောင်းတဲ့ မျောက်ကလေးတွေက ကျောက်ခဲနဲ့ထုပြီး စားတယ်။ သူတို့ရဲ့ အကြွင်းအကျန်၊ အစအနကို စားဖူးနေလို့ စားချင်နေတဲ့ သူက ရွှေကျီးကန်းပါ။

ရွှေကျီးခမျာတော့ သစ်ကြားသီးစေ့ကို စားခွင့်ရရေးဟာ တကယ့်ကို မလွယ်ပါဘူး။ သူကလည်း တကယ်တော့ ဒီလောက်ကြီး ဥာဏ်တုံးသူမဟုတ်တော့ နည်းမျိုးစုံနဲ့ ကြိုးစားရှာတယ်။ ပထမဆုံး သူသုံးတဲ့နည်းက သစ်ကြားသီးကို ယူပြီး ဟိုးအမြင့်ကြီးထိ ယူသွားပြီး လွှတ်ချတဲ့ နည်းပေါ့..။ ပထမ သစ်ကြားသီးကို ချီပြီး လွှတ်ချတယ်။ ကွဲသွားမသွားကို အောက်ဆင်းပြီး လာကြည့်တယ်။ မကွဲသေးရင် နောက်တကြိမ် အမြင့်ကို ပျံတက်ပြီး ပြန်လွှတ်ချတယ်။ အဲလိုနဲ့ အကြိမ်ကြိမ် တက်လိုက်၊ ဆင်းလိုက် ကြိုးစားရပါတယ်။

သစ်ကြားသီးအဆံလေး ထွက်လာတဲ့ အခါ စားရတာ ကောင်းသလောက် သစ်ကြားသီးတစ်လုံးကို ခွဲဖို့ သူ့ခမျာ ပင်ပန်းရှာလွန်းလို့ ဒီထက် သက်တောင့်သက်သာ စားရမယ့်နည်းကို သူအမျိုးမျိုး စဉ်းစားရှာပါတယ်။ နောက်ဆုံးတော့ နည်းတနည်းရသွားပါတယ်။ အဲဒီနည်းကိုသိရင် “ရူးသွားပြီ”လို့ ထင်စရာပါ။ အဲဒါကတော့ ကားလမ်းမမှာ မီးနီလို့ မီးပွိုင့်ရှေ့ ကားတွေရပ်ချိန်မှာ သစ်ကြားသီးကို သွားချတာဖြစ်ပါတယ်။

အဲဒီတော့ မီးစိမ်းလို့ ကားတွေက ဖြတ်သွားချိန်မှာ ရွှေကျီးချထားတဲ့ သစ်ကြားသီးများကို ကြိတ်သလို ဖြစ်သွားပါတယ်။ အဲဒီက နေရလာတဲ့ သစ်ကြားသီး အဆံကို ကားအသွားကြဲရင် ကြဲသလို ချောင်းပြီး ၀င်ကောက်စားပါတော့တယ်။ မတော်တဆ ကားကြိတ်တာ ခံရနိုင်ပေမယ့် တကယ်လို့ ကားကြိတ်မခံရရင်တော့ သစ်ကြားဆံကို အရသာရှိရှိ မပင်မပန်းသူစားရမှာ ဆိုတော့ သူကတော့ အဲဒီနည်းလမ်းကိုပဲ ပါးနပ်စွာ ဆက်လက်ကျင့်သုံးပါတယ်။

ဒီနောက်တော့ ရွှေကျီးရဲ့ သားစဉ်မြေးဆက်များက ဆက်လက်ကျင့်သုံးပါတော့တယ်။ ကားက မရပ်ရင်တောင် ကားရှေ့ကို တိုက်ရိုက်ပျံသန်းလာပြီး သစ်ကြားစေ့ကို ချတာမျိုး၊ ကောင်းကင်ကနေ ပျံသန်းပြီး ကားပေါ်ကိုချတာမျိုး အမျိုးမျိုးလုပ်ကြပါတယ်။ ကားက အရှိန်နှေးနေရင် ကိစ္စမရှိပေမယ့် ကားက အရှိန်ကောင်းတဲ့ ကားမျိုးမှာဆို အန္တရာယ်ကို ရင်းရတာမျိုးရှိနေပေမယ့် ဘ၀ ၀မ်းစာ အတွက် သူတို့တတွေ သက်စွန်ဆံဖျား ကြိုးစားနေကြတာကို ဒီနေ့တော့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရပါတယ်။ (လူသာမက တိရစ္ဆာန်လေးတွေလည်း ကိုယ့်ဘ၀ကို အသက်နဲ့ရင်းလို့ ရုန်းကန်လှုပ်ရှားနေကြရပါလား...လို့ လည်း တွေးမိသွားတယ်)



မှတ်ချက်။ ။ ၎င်းရွှေကျီးတို့ မျိုးနွယ်စုရဲ့ နာမည်က Corvus corone ဖြစ်တယ်လို့ ဆိုပါတယ်။လူတွေရဲ့ ကားကို တောင် အသုံးချရမှန်းသိသွားတဲ့ ဂျပန်နိုင်ငံရဲ့ ရွှေကျီးတို့ရဲ့ အသိဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတဲက စတင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လသာည ပါ..။

9 comments:

Anonymous said...

တော်သေးတာပေါ့။ ကားသမားသာ သတိလက်လွှတ် ဖြစ်ခဲ့ရင် မတွေးရဲစရာပဲနော်။ ကျီးကလဲရွှေဥာဏ်တော် စူးရှပါပေတယ်။ သေကံမရောက် သက်မပျောက်လို့ စိတ်ချမ်းသာရသေးတယ်။လသာညလဲ လမ်းသွား လမ်းလာ ဂရုစိုက်ဦးနော်။


ချစ်တဲ့

ထား

မြတ်နိုး said...

ဂျပန်ကကျီးတွေကိုကြောက်တယ်.. အရမ်းကြီးလို့ ..ပီးတော့မဲကလဲမဲသေးတယ်..သူတို့နဲ့မျက်လုံးချင်းစုံလဲ ကြောက်တယ်..ကျီးအော်သံကိုလည်း မုန်းတယ်..။

စကားမစပ် ကျီးကန်းကလဲ ဥာဏ်ကြီးရှင်ပဲနော်..။
အဲ့အကြောင်းခုမှကြားဖူးတယ်.။

ဂျပန်တရုပ်တွေလည်း ကျီးကန်းကိုမကြိုက်ကျဘူးတဲ့။

မယ့်ကိုး said...

တော်လိုက်တဲ့ ကျီးလေးတွေနော်။
ခုမှ သိရတယ် ။ကျေးဇူးပါနော် ချစ်မလေး

Anonymous said...

သတိထားပါဗျာ.... အသက် အန္တရာယ်ကြီးတယ်...


ခင်မင်လျက်
ဂျပန်ကောင်လေး

Unknown said...

ထားရေ.. စိတ်ပူပေးတာ ကျေးဇူးနော်..အာရိကတိုး :) ဂျပန်ကောင်လေးရေ.. လသာညက ရှောင်လင်သိုင်းတတ်တော့ အေးဆေးလေး ဘာမှမဖြစ်သွားခဲ့ပါဘူး..။ စိတ်ပူပေးတာ ကျေးဇူးပဲနော်။

မိုမိဂျိရေ.. ဟုတ်တယ် ဂျပန်က ကျီးတွေက အကောင်ကြီးသလောက် အာကျယ်တယ် (အသံစွာတယ်)။ သူတို့က စိတ်မထင်ရင် လူတောင် လိုက်ဆိတ်တယ်ပြောတယ်.. ဒါပေမဲ့ ကားကို သုံးပြီး သစ်စေ့ခွဲရမှန်းသိတာကတော့ တော်တော် ဥာဏ်မြင့်တယ် ထင်တယ်နော် :P

မယ်ကိုးရေ.. ဟုတ်တယ်။ တိရိစ္ဆာန်တွေကို လေ့လာတဲ့ Animal Psychologistတွေက ဆိုတယ်တဲ့ ကျီးတွေရဲ့ ဥာဏ်ရည်က ဌက်ထဲမှာ မြင့်တယ်တဲ့။ ဘယ်လိုစံနဲ့ စမ်းသပ်သလဲထိ မသိပေမယ့် စံနှုန်းတွေ ရှိတယ်ဆိုလားပဲ..:))

kiki said...

ဥာဏ်ကြီးရှင် ဂျပန် ကျီးတွေပါလား ..
အစားတလုပ်အတွက် အသက်ပင် သေသေ ပေါ့နော် ..
ခုမှ သိတယ် လသာညရေ .. ကျေးဇူးပါ ။

ရှေးက မြန်မာလူမျိုးတွေ က ရွှေကျီးသာရင် ဧည့်လာတယ် ဆိုပြီး ကောင်းတဲ့ နိမိတ်လို့ ယူဆကြတယ် ...
ဒါပေမဲ့ ခုခေတ်တော့ အစစ အရာရာ ရှားပါးနေကြတော့ ဧည့်သည်လာမှာ ကိုပဲ ကြောက်နေကြရတယ် လေ..
ဟုတ်ပ.. ဂျပန် ကျီးတွေက အကောင်ကြီးကြီး အော်သံက တဂပ်ဂပ် နဲ့လေ ..“ အား” “အား” လို့တော့ မကြားမိပါဘူး ..

မိုးသီတာ said...

နောက်ဆို ကျီးကန်းမြင် မောင်းသာထုတ် လသာညရာ။ တော်တော် ဆိုးတဲ့သတ္တ၀ါ။ ဘာမှ မဖြစ်လို့တော်သေးတာပေါ့။ ဖြစ်လို့ကတော့ -----. ဂျပန်ကျီးကန်းတော့မုန်း။ အူညား ရွှေပဲသီးတောင့်တွေ ဆိတ်ဆိတ် စားပစ်လို့။ မှန်ထောင်လဲမရတာနဲ့ ရွှေပဲကို မစိုက်ဖြစ်တော့ဖူး။ စိုက်တဲ့သူတွေက ဘယ်လိုလုပ်ကြပါလိမ့်။

နေ၀သန် said...

ဒါနဲ့.. ရေးစရာနေရာမရှိလို့ ဒီမှာပဲ ရေးခဲ့ပါတယ်.. နောက်ဆုံး ဆူမိုပို့စ်မှာ ကွန်မန့်ဖွင့်မထားပါာလး... ကွန်မန့်ရေးစရာ နေရာမတွေ့ဘူးဖြစ်နေတယ်..... ဟုတ်လားတော့မသိဘူး....

ကျော်နှင်းဆီလွင် said...

မညရေ
ဆူမိုအကြောင်းလေး ကွန်မန့်ပေးလို့မရဘူးလားဟင်
ညီမရှာလည်းမတွေ့ဘူး
ဘာနှိပ်ရမှန်းမသိဘူး
:D
သင်ပေးပါဦး