စိတ်မကောင်းစရာပါ။ ဆူမိုလောကက သူ့ထွက်သွားရတဲ့ အကြောင်း ပြောပြရရင်(နည်းနည်း ရှည်မှာမို့ ပျင်းရင်ဆက်မဖတ်နဲ့နော် :) ပြီးခဲ့တဲ့ ဆူမိုပြိုင်ပွဲမှာ ၂၅ ကြိမ်မြောက် ချန်ပီယမ်ဆုကို ရရှိပြီးတော့ ဂုဏ်ယူဝမ်းသာစွာ ပြုံးနေတဲ့ အပြုံးလေး မဆုံးခင်မှာ သတင်း တစ်ခုက ထွက်လာခဲ့တယ်။ ချန်ပီယမ်ဆုအတွက် သူ့ကိုသဘောကျတဲ့ သူ့ပရိတ်သတ်က စားသောက်ဆိုင်မှာ ဂုဏ်ပြုကြတဲ့ပွဲမှာ အာစရှောယူက မူးပြီး ဂျပန်တစ်ယောက်ရဲ့ မျက်နှာကို လက်သီးနဲ့ ထိုးလိုက်တာ ထိုသူက နှာခေါင်းရိုးကျိုးသွားတယ်ဆိုတဲ့ သတင်းပါ။
သတင်းအစတုန်းက ဆိုင်မန်နေဂျာနဲ့ ဖြစ်တယ်လို့ သတင်းစထွက်ခဲ့ပေမယ့် ဆိုင်မန်နေဂျာက အဲဒီသတင်းမဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့သလို အာစရှောယူရဲ့ အဖော်တွေကလည်း မဟုတ်ပါဘူးလို့ ထုတ်ဖော်ပြောခဲ့ပါတယ်။ သတင်းအစအနကို ရတဲ့ ဂျာနယ်တွေ၊ တီဗွီသတင်းစာဆရာတွေက အဲဒါကို အစအနကို အကြောင်းပြုပြီး သတင်းတွေထည့်ပါတယ်။ ဝေဖန်ပါတယ်။ ချန်ပီယမ်တစ်ယောက် လုပ်သင့်တဲ့အလုပ် မဟုတ်ဘူးဆိုပြီး ကြေငြာကြပါတော့တယ်။
ဒါနဲ့ အာစရှောယူက “ကျွန်တော် မလုပ်ပါဘူး။ မန်နေဂျာကလည်း မဟုတ်ဘူး ပြောနေတာကို ဘာကြောင့် ဒီလိုသတင်းထွက်သလဲ”လို့ ပြန်ချေပါတယ်။ အဲဒီစကားကို တီဗွီသတင်းထဲမှာ ထုတ်လွှင့်ပါတယ်။ ပြီး မကြာပါဘူး၊ ထိုနေ့ည သတင်းမှာပဲ “လူတစ်ယောက်က ရဲစခန်းတစ်ခုကို လာတိုင်ပါတယ်။ အာစရှောယူက အနိုင်ကျင့်ထိုးသူဟာ မန်နေဂျာမဟုတ်ပါဘူး၊ ကျွန်တော့်ကိုပါ။ ကျွန်တော် နှာခေါင်းရိုးကျိုးသွားလို့ ဆေးရုံမှာ ရ-ရက်လောက်နေရမှာပါ။ အာစရှောယူကို အရေးယူပေးပါ လို့ ပြောသွားပါတယ်” လို့ အစဟိ သတင်းစာက စကြေငြာပါတော့တယ်။
ဒီမှာတင် တီဗွီသတင်းစာ၊ ဂျာနယ်အားလုံးက “ဒီလို အနိုင်ကျင့်တတ်သူ၊ ဆူမိုတို့ထားအပ်တဲ့ အကျင့်သိက္ခာမရှိသူ အစရှောယူ”ကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်၊ ထုတ်သင့်တယ် စသည်ဖြင့် ရေးသားပါတော့တယ်။ သူတို့အားလုံးက ဒီလိုပြောနေပေမယ့် လာတိုင်သူဟာ ဘယ်သူ၊ ဘယ်ဝါ ဖြစ်ပြီး ဘယ်လိုဘယ်ပုံ ဖြစ်တယ်ဆိုတာတွေက ပြသတာမရှိခဲ့ပါဘူးတဲ့။ အမြဲတမ်း တစ်ခုခုဆို အသေးစိတ် တင်တတ်တဲ့ ဂျပန်မီဒီယာတွေဟာ အခုတစ်ခါ ဘာကြောင့်များ အခုလို မတင်ပြတာလဲလို့ အာစရှောယူရဲ့ ပရိတ်သတ်တွေ သံသယဖြစ်နေချိန်မှာပဲ.. အာစရှောယူကို ဆူမိုအဖွဲချူပ်က တရားဝင် ခေါ်ဆွေးနွေးဖို့ ဖြစ်လာခဲ့တယ်။
တိုက်ဆိုင်ချင်တော့ ဆူမိုအဖွဲချူပ်ကလည်း လူကြီးအပြောင်းအလဲ ဖြစ်တယ်။ အရွေးခံရတဲ့ လူကြီးအသစ်က “ဆူမိုလောကကို မတရားမှုမရှိအောင် သန့်စင်သွားမယ်”လို့ ကြိမ်းဝါးတက်လာသူပါ။ လူကြီးဖြစ်ပြီး နောက်၂ ရက်အကြာမှာ (ခုံရုံးဖွဲ့ပြီး )အစည်းအဝေးလုပ်လို့ အာစရှောယူကို ခေါ်ယူစစ်ဆေးပါတော့တယ်။ သတင်းသမားတွေကလည်း တန်းစီလို့..။ သူက ကျွန်တော်မလုပ်ဘူးဆိုတဲ့ စကားတစ်ခွန်းကလွဲလို့ မပြောခဲ့ပါဘူး..။
ဒါပေမယ့် စည်းဝေးပွဲမှာ “.. အခုမလုပ်ဖူးမငြင်းနဲ့ အရင်ကလည်း ဒီလိုပဲ ပြဿနာတွေရှာခဲ့တယ်၊ မင်းဟာ ဆူမိုလောကကို နာမည်ဖျက်သူပဲ” ဆိုပြီး (ခုံရုံးအဖွဲ့ဝင်)ဆူမိုလူကြီးအများစုက တင်လိုက်တာ အာစရှောယူက ရှာခဲ့တဲ့ ပြဿနာပေါင်းက ၁၀၀ကျော်တဲ့။ အဲဒီနောက်တော့ စည်းဝေးပွဲကို ခဏ breakပေးပြီး လူဆိုး အာစရှောယူကို ပြစ်ဒဏ်ပေးဖို့ ဆူမိုလူကြီးတွေ ဆက်လက် စည်းဝေးကြတယ်လို့ ဆိုပါတယ်။ နောက်တကြိမ် စည်းဝေးပွဲပြန်စတော့ အာစရှောယူကပဲ “ကျွန်တော်.ဆူမိုလောကကနေ အနားယူပါတော့မယ်။ ကျွန်တော့်ကြောင့် ဖြစ်ခဲ့ရတဲ့ ပြဿနာအားလုံးအတွက် ကျွန်တော် တောင်းပန်ပါတယ်”လို့ ပြောလိုက်ပါတော့တယ်။
ဖြစ်ရလေ... ဆူမိုသူရဲကောင်းရယ်.. အများနဲ့ တစ်ယောက်ပွဲမှာ မင်းအရှုံးပေးလိုက်ပြီလား....
သတင်းကြားကြားချင်း သူ့ကို ချစ်တဲ့ ပရိတ်သတ်က ငိုပါတော့တယ်။ အဲဒီနေ့ စည်းဝေးပွဲ ခန်းမထဲက အထွက်မှာ သတင်းစာသမားတွေနဲ့ တွေ့တော့ သူမျက်နှာ ဟာ မထင်ရလောက်အောင် တည်ငြိမ်နေခဲ့တယ်။ အေးအေးဆေးဆေးပဲ ဒီလို ဖြေခဲ့တယ်။
Q: ဘယ်အချိန်ထဲက ဆူမိုကို နှုတ်ထွက်ဖို့ စဉ်းစားသလဲ? (မေးခွန်းရဲ့ အဓိပ္ပါယ်က မဖြေတတ်ရင် အပြစ်ထက်ဖြစ်နိုင်သေးတာ တွေ့နိုင်တယ်)
Asashoryu: စည်းဝေးပွဲခန်းထဲမှာ အများရဲ့ အမြင်ကို ကြားပြီးကတဲကပါ။
Q: ခင်ဗျား ဘာတွေ ဖြေခဲ့သလဲ
A: ကျွန်တော် မရိုက်ပါဘူး။ ကျွန်တော်က လူမှန်းမသိအောင် မူးနေလို့ မသိဘူးဆိုတဲ့ စွတ်စွဲချက်အတွက် ကျွန်တော် ဘာမှမပြောခဲ့ပါဘူး။ နောက်ပြီး အခု နှုတ်ထွက်ခဲ့တဲ့ ကိစ္စမှာ “ကျွန်တော်က ထိုလူကို ရိုက်လို့ မရိုက်လို့ ဆိုတာထက် “ကျွန်တော် က အများကို ဒုက္ခပေးခဲ့တဲ့၊ အများကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေ”အတွက် တောင်းပန်စကားကို ပဲ ပြောခဲ့ပါတယ်။ ဖြစ်ရပ်များစွာကို လူကြီးတွေကပဲ တင်ပြခဲ့တာဖြစ်ပါတယ်။ အဲဒီလောက် ဖြစ်ရပ်တွေအတွက် ချန်ပီယမ် တစ်ယောက်အနေနဲ့ ကျွန်တော် တာဝန်ယူသင့်တယ် မဟုတ်လား
Q: ဒီနေ့ ဆူမိုလောကကို နားမယ်လို့ ကြိုတွေးမိထားသလား?
A: မတွေးထားမိပါဘူး။ ဒါပေမယ့် အစည်းအဝေးပွဲ ခဏနားချိန် ကျွန်တော် အလွန်ပဲ စိတ်ထိခိုက်နေတာတော့ ဖြစ်သွားပါတယ်။ ဒီအစည်းအဝေးပွဲ ပြန်စရင် နောက်ထပ် ဘာတွေကြားရပြီး ဘာတွေ ပြောကြဦးမလဲ၊ ဘာတွေ ဆုံးဖြတ်ကြဦးမလဲလို့ စိတ်ချောက်ခြားခဲ့ရပါတယ်။ တကယ်တော့ တကယ့်ဖြစ်ရပ်နဲ့ သတင်းလောကဖြစ်ရပ်တွေကြားက ကွာခြားမှုတွေရှိနေတာ သေချာသလောက်ဖြစ်နေတယ်လေ..။ ဒီတော့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော် နှုတ်ထွက်လိုက်တာ အားလုံးအတွက် အကောင်းဆုံးပဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒီလိုနေ့ဟာတချိန်ချိန် ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် တွေးခဲ့ပြီးသားပါ။
Q: တကယ့်ဖြစ်ရပ်နဲ့ သတင်းလောကဖြစ်ရပ်တွေကြားက ကွာခြားမှုဆိုတာ ဘာပါလဲ?
A: ကျွန်တော် အနေနဲ့ ပြောဖို့ ခက်ပါတယ်..။
Q: အခုလို ဆုံးဖြတ်ချက်ချပြီးနောက် ခင်ဗျားဘယ်လို ခံစားရပါသလဲ?
A: ဒီလိုနေ့ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တွေးထားပေမယ့် ဒီလိုနည်းနဲ့ ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ချတဲ့ ဆုံးဖြတ်ချက်အတွက် ကျွန်တော် တာဝန်ယူပါတယ်။
Q: ခင်ဗျားဆုံးဖြတ်ချက်ကို ခင်ဗျား ကျေနပ်ပါသလား?
A: အမှန်အတိုင်း ပြောရရင် ကျွန်တော့်မှာ စိတ်ထိခိုက်မှုတွေ များလှပါပြီ။ အဲဒီလိုဘ၀က ခဏအနား ယူချင်နေပါပြီ။.
Q: နပန်းသမားတစ်ယောက်အနေနဲ့ ခင်ဗျားလုပ်ခဲ့တာတွေကို ခင်ဗျား ဘယ်လိုတွေးပါသလဲ?
A: ကျွန်တော်ကတော့ နပန်းသမားဘ၀ကို နှစ်သက်ပါတယ်။ လူအများကလည်း ကျွန်တော့်ကို နပန်းသမားအဖြစ်မြင်ခဲ့တယ်ဆိုရင် ကျွန်တော်ပျော်မှာပါ။
Q: ခင်ဗျားအတွက် ဆူမိုလောကက ဘယ်လိုအခန်းကဏ္ဍမှာ ရှိပါသလဲ?
A: ကျွန်တော့်ရဲ့ ဆရာ (အုပ်ထိန်းသူ Oyakata) က ဖုန်းဆက်ပြီး ကျွန်တော့်ကို လှမ်းခေါ်လိုက်တဲ့နေ့က စပြီး ဆူမိုလောကကို ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ကျေးဇူး၊ အများကြီး ရှိပါတယ်။ လမ်းတွေအများကြီး လျှောက်နည်း အသွယ်သွယ်ကို သူသွန်သင်ခဲ့တာပါ။ စည်းဝေးပွဲခန်းမထဲမှာလည်း ကျွန်တော့်ဘေးမှာ သူလာထိုင်ပေးနေသလို တွေးမိရင် ကျွန်တော်တကယ် အားရှိပါတယ်။ (တကယ့်တော့ အဲဒီအချိန်က အာစရှောယူကို သဘောကျသူတွေ မပါဝင်တဲ့ ဆွေးနွေးပွဲကို လုပ်ခဲ့ကြတာပါ. (စကားချပ်)နောက်ပြီး ကျွန်တော်မှာ ကျေးဇူးတင်စရာလူတွေ များပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
တကယ်တော့ ဘ၀ဆိုတာ တကယ်တော့ ရှည်လျားပါတယ်။ ကျွန်တော် အခု အသက် ၂၉ထဲမှာပါ။ ကျွန်တော်ဘ၀အတွက် ကျွန်တော်ကတော့ ဆက်လက်ကြိုးစားနေဦးမှာပါပဲ။ ဘာတွေကြုံဦးမလဲဆိုတာထက် ဘာတွေဖြစ်လာဦးမလဲ ဆိုတာကို ပျော်ပျော်တွေးပြီး ကျွန်တော့်ရဲ့ ဘ၀တစ်ဆစ်ချိုးကို ကျွန်တော်ခွန်အားရှိသ၍ ကြိုးစားသွားမှာပါ။
Q: ဆူမိုဘ၀မှာ ခင်ဗျားရင်ထဲ အကျန်ဆုံးဖြစ်ရပ်ကလေးတစ်ခုလောက်ပြောပြပါ။
A: ကျွန်တော် ကျွန်တော့်မိဘ ၂ပါးလုံး ရှေ့မှာ..(အာစရှောယူဟာ ဒီနေရာမှာ မျက်ရည်ဝဲလို့ ၃၀စက္ကန့်လောက် စကားမပြောနိုင်အောင်ဖြစ်သွားပါတယ်).တဖက်ချန်ပီယမ်ကို အနိုင်ယူပြနိုင်ခဲ့တဲ့နေ့.ကျွန်တော် ပထမဆုံး ချန်ပီယမ်ဖြစ်တဲ့နေ့ ပါ။။ (၂၀၀၄က နာဂိုရာပြိုင်ပွဲစဉ်ပါ)
ကျွန်တော်က ရိုက်ခဲ့တဲ့ ဆိုတဲ့ ဒဏ်ရာရသူကိုရော၊ ကျွန်တော့်ကြောင့် စိတ်ညစ်ခဲ့ရသူအားလုံးကို၊ နောက်ပြီး ကျွန်တော်ကို ချစ်ပြီး ကျွန်တော်ကို အားပေးခဲ့တဲ့ ပရိတ်သတ်အားလုံးက ကျွန်တော့်အတွက် စိတ်ခံစားခဲ့ရတာတွေအားလုံးကို ခွင့်လွှတ်ဖို့ ကျွန်တော် တောင်းပန်ပါတယ်။ အားပေးခဲ့တဲ့ ကျေးဇူးရှင်ဆရာများအားလုံး၊ ကျွန်တော့်ပရိတ်သတ်များအားလုံးကို ကျေးဇူးအမြဲတင်နေမယ်ဆိုတဲ့ အကြောင်းလည်း လှိုက်လှိုက်လှဲလှဲ ကျွန်တော်ပြောပြချင်ပါတယ်။
..အားလုံးကို... ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ”
ဒါကတော့ အာစရှောယူနဲ့ သတင်းစာဆရာတို့ရဲ့ အင်တာဗျူးပါ။ တီဗွီသတင်းကို နားထောင်ပြီး ပြန်လည်ပြောပြတာဖြစ်ပြီး သတင်းဖတ်လိုသူများ ဒီနေရာလေး အင်္ဂလိပ်လို ရှိပါတယ်။
နောက်သတင်းတစ်ခုမှာလည်း အာစရှောယူဟာ သတင်းသမားများ၊ လူမျိုးစွဲဂျပန်များရဲ့ ဖိအားများကြောင့် မခံနိုင်သည့်အဆုံး နောက်ဆုံးမှာ ထွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ဂိုနိုင်ငံက သတင်းစာတွေမှာ ဂျပန်က မွန်ဂိုလူမျိုး ဆူမိုနပန်းသမားကို ရက်စက်စွာ အပြစ်ရှာလွန်းတဲ့အတွက် အာစရှောယူ ထွက်ရတယ်ဆိုတာကို များပြားစွာ ဖော်ပြရေးသားကြတယ်။ဂျပန်နိုင်ငံက သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေက ဒီလို ပြောကြတယ်။
“ဘာလို့ အဲလို လုပ်ကြသလဲဗျာ။ သူဟာ တကယ်ဆို အမြဲအတိုက်အခိုက်ခံရတာတောင် စိတ်ဓါတ်ကြံခိုင်စွာ သူ့အလုပ်သူလုပ်ပြီး ကြိုးစားနေသူပါ။ ရက်စက်လွန်းကြတယ်ဗျာ။”
“အဖိုးတန် ဆူမိုတစ်ယောက် ဆုံးရှုံးသွားတာပေါ့ဗျာ။ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို ဆူမိုလောကက ဆုံးရှုံးသွားရတာပါ။ စီးပွားရေးအမြင်နဲ့ ကြည့်ရင် သူ့ကြောင့် ဆူမိုလောကအတွက် နေရာအသီးသီးက ကုမ္ပဏီတွေက စပွန်ဆာပေးပြီး ထောက်ပံနေကြတာလေ”
“ဆူမို အဖွဲ့အစည်း ခေါင်းဆောင်တွေက ဆူမိုလူငယ်ကို သင်ပြဖို့ထက် အပြစ်ရှာ၊ ဒဏ်ပေးနေခဲ့တာပါ။ အခုလည်း ချောင်ပိတ်ပြဿနာရှာ၊ သူ့မာနကို ရိုက်ချိုးပြီး အနိုင်ယူတာရော ကောင်းပါသလား။ တကယ်လို့ ဟိုလူဟာ တကယ်ပဲ အာစရှောယူရဲ့ လက်သီးဒဏ်မိခဲ့တယ်ဆိုရင်လည်း အာစရှောယူတစ်ယောက်တည်းရဲ့ အပြစ်လို့ ဘာကြောင့်ဆုံးဖြတ်ရမှာလဲ။ အဲဒီလူလည်း မူးနေမှာပဲ။ ဘာမှမလုပ်ရင် ဘာမှမဖြစ်နိုင်တာ လူတိုင်းစဉ်းစားလို့ ရတာကို။ ပြီးတော့ဗျာ.. သူဟာ တကယ်ဆို စိတ်ဓါတ်တက်စလူရွယ်ပဲ...ဘုန်းကြီးလည်း မဟုတ်ဘူးလေ..”
“အာစရှောယူလို လူဟာ ဒီလမ်းကွေ့နေလည်း ထိုင်စိတ်ညစ်နေမဲ့သူ မဟုတ်ဘူး၊ လမ်းသစ်ရှာမယ့်သူ။ ကျွန်တော်ကတော့ သူဆူမို မလုပ်လည်း ကျွန်တော့် စံ အဖြစ်ထားသူအဖြစ် သူကို သတိရနေမှာပါ”
ဟုတ်တယ်။ ဆူမိုလို့ အသံကြားတိုင်း လူတော်တော်များများက စိတ်ဓါတ်ပြင်းသူ လူကြမ်းကြီး သူ့ကို သတိရနေမှာကတော့ သေချာပါတယ်...
ဒီနေရာမှာလည်း အင်္ဂလန်နိုင်ငံထုတ် သတင်းစာ ရှိတယ်။