Saturday, June 19, 2010

အတင်းပြောခြင်းသည် stress ကိုလျော့စေသတဲ့

အဲ..ခေါင်းစဉ်ကြည့်ပြီး လန့်များပြေးတော့မလား..။ မလန့်နဲ့သိလား..၊ လသာည မပြောဘူး :don ဟိုလူတွေ ပြောတာ (စိတ်ပညာဆိုတဲ့ ရပ်ကွက်ကလူတွေပြောတာ) တကယ်တော့ လသာည အတင်းသိပ်မပြောတတ်ဘူး.ရယ်.။ အတင်းဖွဖွလေးပဲ ပြောတတ်တားD ။ အခု အတင်းပြောပါမယ်။ အရမ်းခင်တဲ့ အစ်မတစ်ယောက်တို့ လင်မယားအကြောင်းပါ။ သူတို့က တအားကို အတင်းတုတ်တတ်ပါတယ်။ သူတို့ အတင်းတုတ်သူတွေက နှယ်နှယ်ရရမဟုတ်ဖူးရယ်..။ ခပ်မြင့်မြင့်တွေ..။ ဟိုး နိုင်ငံရပ်ခြားက ဟိုးအဝေးကြီးက သူတို့ကို မသိတဲ့အရာတွေ ၊သူတို့ အပြင်မှာ မမြင်ဘူးတဲ့ သူတွေရဲ့ အတင်းကို တုတ်သတဲ့..။ ဥပမာ ပြောပြမယ် တိုကျိုတာဝါက ယိုင်နေသတဲ့။ ဂေါ်ဇီလာကို မျိုးတုန်းအောင် လုပ်သူဟာ ကင်းကောင်တဲ့။ နောက်ပြီး နိုင်ငံခြား အဆိုတော်တွေရဲ့ အတင်းကိုလည်း စုံအောင် တုတ်တယ်။ ဘရစ်တနီက ဘောင်းဘီမ၀တ်ဖူးတဲ့ (စကတ်ဝတ်တာ ပြောချင်တာနေမှာပါ။)

တခါလည်း ကိုယ့်ရှေ့တင်ပဲ လင်မယား နှစ်ယောက်သား အပြိုင်အဆိုင် နာမည်ကျော် ဘောလုံးသမားတွေရဲ့ အတင်းကို အားရပါးရပြောတာ သူတို့လုပြောနေတာ နားညည်းလာလို့ အိမ်ပြန်မယ်ဆိုပြီး မနည်းစကားဖြတ်ယူရတယ်။ သူတို့က အတင်းပြောစရာထပ်သွားလို့ ပြောစရာစကား ရှာမရရင် နောက်ဆုံး ခြံထဲက ကြက်မက ဥမဥပဲ မြုံတာကို အတင်းတုတ်တယ်ဆိုပဲ စံပါပဲ :D..ထူးဆန်းတာက သူတို့အတင်းတုတ်တာ သူဘေးက လူတွေ အကြောင်းသိပ်မကြားရဘူး ဆိုတဲ့အချက်ပါပဲ။ လသာညရဲ့ အတင်းလည်း သူတို့ မတုတ်ဘူး (ထင်တာပဲ ၅၀% ပဲ ယုံပေးထားတယ်း))
အတင်းပြောတယ်ဆိုတာ ပြောသူက တဖက်သားကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာရှိသလို၊ တခါတခါ ကိုယ် စိတ်ညစ်နေလို့ ကိုယ့်စိတ်ထွက်ပေါက်အဖြစ် ဟိုရောက်ဒီရောက် လျှောက်ပြောရင်း သူများဆိုးကြောင်းကို ပြောဖြစ်သွားတာမျိုး ရှိတတ်တယ်။ အဲဒါမျိုးက ကာယကံရှင်တောင် သတိမထားမိတတ်ဘူး။ တခါတလေကျတော့ ကိုယ်က တစ်စုံတစ်ယောက်ကို မကျေနပ်ဘူး။ သူက ကိုယ့်ထက် ကြီးတဲ့သူဖြစ်နေတယ် (အရာရှိ သို့မဟုတ် မိဘ အကြီးအကဲ)။ ဒါကြောင့် သူတို့လုပ်ရပ်ကို မကျေနပ်တာကို တိုက်ရိုက်ပြန်ပြောရင် အဆူခံရနိုင်တယ်။ အဆင့်မသင့်ရင် အလုပ်ပြုတ်နိုင်တယ်။ ဒါကြောင့် ကွယ်ရာမှာ အချင်းချင်း မကျေလည်တာ ပြောကြတယ် (အဲ.. ရင်ဖွင့်တာပေါ့နော်။) ဘာပဲဖြစ်ဖြစ် ကွယ်ရာပြောတော့ အတင်းဖြစ်တော့တာပေါ့..။

ဒါပေမယ့် အဲဒီ “အတင်းပြောခြင်း”ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ပညာက.. “လူတွေဟာ စိတ်မှာ stress တွေများလာတဲ့အခါ ထွက်ပေါက်အဖြစ် သူများအကြောင်းကို ပြောဖြစ်သွားတယ်”လို့ ဆိုပါတယ်။ ဟိုတလောက သတင်းတစ်ခုမှာ “အတင်းပြောခြင်းဟာ stress ကိုလျော့စေကြောင်း” အကြောင်းကို လက်တွေ့စမ်းသပ်ချက် ဗွီဒီယိုဖိုင်နဲ့တကွ တင်ပြသွားတာကို ကြည့်လိုက်ရတယ်။ စိတ်ဝင်စားစရာ ကောင်းလို့ ပြောပြမယ် သိလား.။ သူက ဗွီဒီယိုကို ပေးမရှယ်တဲ့အတွက် စကားလုံးနဲ့ပဲ ရှယ်မယ်နော်။ (ဟော.. အတင်းများ ပြောမိသွားလားမသိ ??)

ဒီလိုတဲ့..။ ခရီးသွား ဟိုတယ်တစ်ခုမှာ ဧည့်ကြိုဝန်ထမ်းအမျိုးသမီးလေးတွေ (၆ယောက်)ကို စမ်းသပ်ခဲ့တာပါ။ အဲဒီနေ့က သူတို့ကို သုတေသနလုပ်ချင်လို့ပါလို့ ကြိုပြောပေမယ့် ဘာသုတေသနမှန်း မပြောခဲ့ဘူး..။ သူတို့ကတော့ သူတို့ကို ဓါတ်ပုံ ဗွီဒီယို အလှရိုက်မယ်လို့ထင်လို့ အလှဆုံးပြင်လာကြတယ်..။ နည်းနည်းလေး ပဲများလာကြပြီး အလုပ်လုပ်ဖို့ကိုလည်း ခါတိုင်းနေ့တွေထက် တအားလည်း တက်ကြွနေကြတယ်။ ဒီလိုအချိန်မှာ stress hormone စမ်းတဲ့ testerနဲ့ stress hormone ဘယ်လောက်ရှိလဲဆိုတာကို စမ်းသပ်မှတ်ထားပါတယ်။ (အဲဒီ testerက ချိုချဉ်လောက်လေးပဲ ရှိပြီး အဖြူရောင်ချိုချဉ်လေးလို့ ထင်စရာပါ။ ) အဖျားတိုင်းတဲ့ သာမိုမီတာလိုပဲ ပါးစပ်ထဲမှာ အဲဒီချိုချဉ်လေးကို ငုံပြီး စမ်းသပ်တာဖြစ်ပါတယ်။

နောက်တော့ သုတေသီက ပြန်သွားပါတယ် (သုတေသီက လူကိုယ်တိုင်ကသာ ပြန်တာပါ။ ဧည့်ကြိုဝန်ထမ်းမလေးတွေရဲ့ ကောင်တာကို မြင်ရတဲ့နေရာမှာ ဗွီဒီယိုကင်မရာကို လျှို့ဝှက်စွာ တပ်ထားခဲ့တယ်).။ အဲဒီနေ့က ဧည့်ကြိုဝန်ထမ်းမလေးတွေခမြာ တော်တော်လေး ကံမကောင်းတဲ့နေ့လို့ပြောရပါမယ်။ လာတည်းတဲ့ ဧည့်သည်တွေရဲ့ ကွန်ပလိန်းအမျိုးမျိုး တွေကို မပြီးနိုင်မစည်းနိုင် ဖြေရှင်းနေရတယ်။ ဒီကြားထဲ မန်နေဂျာကလည်း သူတို့ကို လာဆူသွားသေးတယ်။ မနက်က ပြုံးကြည်နေတဲ့ မျက်နှာလေးတွေဟာ နေ့လည်ကျတော့ တဖြည်းဖြည်းနဲ့ မဲ့လာခဲ့တယ်။

နေ့လည်၁နာရီထိုးတော့ သုတေသနသမားက ပြန်ရောက်လာပြီး ချိုချဉ်လေးငုံပေးပါဦးလို့ လာတောင်းဆိုတယ် (တကယ်က stress hormone tester နဲ့ ဟိုမုန်းပြန်စစ်တာ)..။ စိတ်ညစ်ပါတယ်ဆိုမှ သုတေသနသမားကလည်း တမှောင့်နော်..။ ဒါနဲ့ မနက်ကလောက် ပြုံးပြီး ပဲများမနေတော့ပဲ မြန်မြန်ပြီးပြီးရော သူတို့ငုံပေးလိုက်တယ်။ တကယ်ပဲ သူတို့တွေ မနက်ကလောက် စိတ်မရှည်တော့ဘူးရယ်။

အဲဒီ testerကနေပြီး သုတေသနသမားတွေ့ရတဲ့အဖြေကတော့ stress hormoneက (ပုံမှန်မှာ နေ့ဘက်ကို လျော့ရမှာကို မလျော့တဲ့အပြင် မနက်ကထက် ပိုတက်နေတာကို တွေ့ရတယ်။ (တစ်ယောက်နဲ့တစ်ယောက် တက်တဲ့နှုန်းတော့ မတူဘူး)

ဒါနဲ့ သုတေသီက မန်နေဂျာကို အကူအညီတောင်းပြီး မန်နေဂျာကတဆင့် ကောင်တာက အမျိုးသမီးလေး၆ ယောက်ကို လူစုခွဲပြီး တ၀က်(သုံးယောက်)ကို ကောင်တာမှာပဲ ဆက်ထားလိုက်ပြီး တ၀က် (၃ ယောက်)ကို ကော်ဖီလေး သွားဖျော်ပေးပါလို့ ခိုင်းလိုက်တယ်။

အိုး.. ဇာတ်လမ်းက အဲဒီမှာစတာပါပဲ..။ .ဘာပြောကောင်းမလဲ ကော်ဖီသွားဖျော်တဲ့ ကောင်မလေး ၃ယောက်ဟာ ကော်ဖီဖျော်တဲ့ ကောင်တာမှာ ပေါက်ပေါက်ဖောက်သလို စကားတွေ ပြောကြပါတော့တယ်.။

“ဟဲ့ ဟိုဧည့်သည် တော်တော် အပေါက်ဆိုးတယ်။ ရုပ်ကိုက ပြုတ်မနှုးနဲ့ ဟင်း” “ဟုတ်ပ..တကယ်ပဲ ပြောချင်ဘူး။” “အရေးထဲ သုတေသနလာလုပ်တဲ့သူကလည်း လာရှုပ်သေးတယ်..။”“ မန်နေဂျာက သူ့အမျိုးသမီးနဲ့ ရန်ဖြစ်လာသလားမသိဘူး။ အလကားနေရင်း ငါတို့ လာမာန်နေတယ်။ သူ့မိန်းမက ....လေ။...............။ ဟွန်း”“ ဟုတ်ပဟယ်၊ ငါ့ရည်းစားသာဆို ဒါမျိုးဘယ်ရမလဲ” “ဟယ် ပြောပါဦး..” ...............အမ်.. ညည်းက ဟိုကောင်မလေးကို ဟိုလိုပြောပစ်ခဲ့ ဘူးလား... ခက်တယ် ခက်တယ်.. ခုတော့ အဲဒီ ဟိုတစ်ယောက်လေ.. ...........”

အစ ရှိသဖြင့်.. ပြောကြတာ ၁၀မိနစ်နဲ့လည်း မပြီး၊ ၁၅မိနစ်နဲ့လည်း မပြီး၊ (“စိုင်းစိုင်းရဲ့ သီချင်းထဲကလို“သူများအကြောင်းလည်း မပြောတတ်ပါ၊ စပ်မိစပ်ရာ ဘာညာကွိကွ..ပေါ့နော်း))). (တကယ်တော့ သူတို့ ပြောသမျှကစကားအားလုံးက လျှိုဝှက်စွာ တပ်ထားတဲ့ ဗွီဒီယိုကင်မရာကတဆင့် သုတေသီတို့ အခန်းကနေ မြင်နေကြားနေခဲ့ပြီး ဖြစ်တာကို သူတို့ မသိကြဘူးလေ) ဒီလိုနဲ့ နာရီဝက်ရှိမှ မန်နေဂျာ လိုက်ခေါ်တော့မှ မချောသုံးယောက် ပြုံးစိပြုံးစိနဲ့ ပြန်လာပါတော့တယ်။ (မန်နေဂျာကလည်းနော် ကော်ဖီနှပ်နေတာ ကြာလေ ကောင်းလေဆိုတာ မသိဘူးထင်ရဲ့ ဟိဟိ..ဆိုတဲ့ အတွေးနဲ့ ဖြစ်ချင်ဖြစ်နေမှာ။)

ကောင်တာကို ပြန်လာချိန်မှာတော့ သူ့တို့မျက်နှာက စစ်အောင်နိုင်တဲ့ စစ်သေနာပတိရဲ့ ပီတိမျိုးနဲ့၊ ဆေးမစားမှီပုံနဲ့ ဆေးစားပြီးပုံလို ကွာခြားသွားပြီ။ (မန်နေဂျာကလည်း အခုတကယ်စိတ်ဆိုးနေပြီ။ သူက သူ့အတင်းပြောတာလည်း ကြားပြီးပြီကိုး အဟိ။) ဒီတော့ ပွဲက ပိုကြမ်းသွားတယ်။ .သူတို့နားကို လက်ဖက်ခြောက် ခပ်လို့ရအောင် ပွက်ပွက်ဆူသွားတယ်ပေါ့။ သူဘယ်လောက်ဆူဆူ ဆေးစားပြီး သုံးယောက်ကတော့ ထီမထင်အပြုံးတွေနဲ့ ကြည်လင်စွာ ရှိနေပြီး။ ဆေးမစားရတဲ့ ကောင်တာက သုံးယောက်ကတော့ ချက်ချင်းကို ငိုချတော့မလို ဖြစ်နေပြီ )။

အဲဒီအချိန်မှာ သုတေသီပြန်ရောက်လာတယ်။ ပြီးတော့ နောက်ဆုံးအနေနဲ့ ဒါလေးကို ငုံပေးပါဦးဆိုပြီး လာတောင်းပန်ပါတယ်။ ရလာဒ်ကတော့ တအားကို သိသာပါတယ်။ (အတင်းပြောခြင်းဆိုတဲ့ဆေး) ဆေးစားပြီးသူ ၃ ဦးမှာ stress ဟိုမုန်းလျော့သွားသလောက် မစားရသူများကတော့ ၂ ဆလောက်ကို ထိုးတက်သွားတယ်တဲ့..။

ကဲ ကဲ.. ယုံပြီလား.. အတင်းပြောတဲ့သူတွေ stress လျော့သတဲ့..။ ဗဟသုတု.. ဗဟုသုတလေးပါ..။

(လသာည၏ ဖြည့်စွက်ချက်။ တကယ်တော့ အတင်းပြောခြင်းဆိုတာ.. လတ်တလော ကိုယ့်အတွက် stress လျော့စေတာသာဖြစ်ပေမယ့် ကိုယ်ပြောတဲ့ အတင်းကြောင့် တဖက်နားပေါက်သွားပြီး ဖြစ်လာမယ့် ခင်မင်မှုပျက်စေခြင်း၊ ကိုယ့်ရဲ့ အကျင့်သိက္ခာ ထိခိုက်ခြင်း၊ စီးပွားရေး လူမှုရေးပျက်ပြားစေခြင်းဆိုတဲ့ ဆိုးကျိုးတွေတော့ ရှိနိုင်မယ်လေ)

ကဲ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း stress ပြေဖို့ ကျွန်မသိတဲ့ အစ်မတစ်ယောက်အကြောင်း အတင်းတုပ်ပြီးပါပြီ။ ဧည့်ကြိုဝန်ထမ်းမလေးတွေအကြောင်းလည်း အတင်းတုတ်ပြီးပါပြီ။ ဒီတော့ကာ အခု နေလို့ကောင်းသွားပြီဆိုတော့ ကနေ့တော့ အတင်းပြောခြင်းကို ဒီလောက်နဲ့ပဲ ရပ်ဦးမယ်။ နောက်ရက်မှ သူငယ်ချင်းတွေ အတင်းကို တုတ်ဦးမယ်.. (လသာည သတိထား ကင်မရာတပ်ထားတယ် ဟုတ်ကဲ့ ဟုတ်ကဲ့

လသာည ဖြစ်ပါတယ်:D
မှတ်ချက်.. ဓါတ်ပုံတွေ google မှာ ရယူပါတယ်

24 comments:

Anonymous said...

ဒါ ဟုတ်နိုင်တယ် လသာည။ ခွဲခန်းထဲမှာ တချို့ ဆာဂျင်တွေ အိုဂျီတွေ အတင်းပြောကြတယ်။ ဒါ stress နည်းစေလို့လို စတည်းက မအယ်လည်း ထင်တယ်။


မအယ်

ကိုဇော် said...

ကောင်းတာပ . . ကောင်းတာပ . .
အတင်းတော့ မပြောပါနဲ့ကွယ်.....
ဖြေးဖြေးတော့ လုပ်ပါ. .

ShwunMi- said...

telling stories, sharing information .. အဲ့လို လူတစ်ယောက်နဲ့တစ်ယောက် communication ရှိတဲ့အခါ loneliness, depression တွေ မဖြစ်တော့ဘူးပေါ့..
အဲ့လိုဆိုတော့ stress လျော့တာနေမှာ..

ဒါပေမယ့် meeting မှာ communicate တာမျိုးကတော့ stress လျော့စေမယ် မထင်ဘူး။ အဲ့မှာက ဘာပြောသင့်တယ် ဘာမပြောသင့်ဘူး.. နောက်မှာဘာဖြစ်မယ် ဆိုတာတွေ လိုက်စဉ်းစားနေရတယ်။

gossip ကတော့ ကိုယ်ပြောချင်တာ ကိုယ်မှတ်မိသလို ပြောနိုင်လို့ less stressful conversation ဖြစ်လာတာနေမယ် =)

useful info share တဲ့အခါကျတော့ နားထောင်တဲ့သူက စိတ်ဝင်တစားမရှိရင် စိတ်မကောင်းဖြစ်ရပြန်တယ်..
lol :D

လသာည said...

အစ်မအယ်..>> ဖြစ်နိုင်တယ်နော် အစ်မ :D
ကိုဇော် >> ဖြေးဖြေးလေးပဲ ပြောပါမယ်း)))
ရွှန်းမီ>> ရွှန်းမီရဲ့ “stress နဲ့ အတင်း”ကို မြင်တဲ့အမြင်လေး သဘောကျသွားတယ်။ နောက်ပြီး အခုလို စိတ်ဝင်တစား လာနားထောင်တာလေးကိုလည်း ကျေးဇူးတင်နေပါကြောင်း lotးD

Anonymous said...

လသာည အတင်းပြောနေပါတယ် ခင်ဗျာလို့

ကျွန်တော်လည်း အတင်းလျှောက်ပြောလိုက်ဦးမယ်..ဟီး။

ဗဟုသုတအများကြီး ရပါတယ်ခင်ဗျာ။ ကျေးဇူးအများကြီးတင်ပါတယ်။

စာဖတ်ပိတ်သတ်လေး

ခိုင်နုငယ် said...

ရောက်လာတယ်အမလသာည
အတင်းပြောတာလေးလာနားထောင်သွားတယ်။
နားထောင်တာနဲ့တင် stress ကိုလျော့နည်း
သွားစေ၏။

rose of sharon said...

လသာညသူငယ်ချင်းလင်မယားအတင်းပြောပုံလောက်နဲ့ stress ပြေမယ်ဆိုမဆိုးပါဘူး... သူများကိုမထိခိုက်ဘူးလေ... အဲဒီအတင်းပြောနည်းဘဲယူမယ်နော်...

knsl said...

မညရေ
ဘယ်သူ့အကြောင်းပြောရင်ကောင်းမလည်း စဉ်းစားနေတယ် ပြောချင်လို့တော့ဟုတ်ပါဘူး မညကသင်ပေးလို့ သမိုင်းပေးတာဝန်အရ စိတ်ဖိစီးမှုကိုချေဖျက်ဖို့ပေါ့..ခစ်

Vista said...

အတင်း

Shinlay said...

ပြောကြပါစေ။ Stress ပြေရင်ပေါ့လေ။
အဲ သူတပါး နစ်နာစေတဲ့ အတင်းမျိုးတော့ ....
လောဘ၊ဒေါသ၊ မကျေနပ်တာတွေကြောင့် Stress ပို
လာမလားပဲ။
ကျေးဇူးပါ။

ဆိုးကြီး said...

လသာည..အတင်းမပြောပါ
နားပဲထောင်တာ...အဟတ်..း)))))))))))

Anonymous said...

အတင်းပြောတာ ..ဟုတ်ပါဘူး..။
မကျေနပ်ဖူးဆိုတာကို အချင်းချင်းဖလှယ်တာလို့ခေါ်တယ်။
ဒါမှ ..သူကလဲ အဲ့လူကို မကျေနပ်သလို ကိုယ်လဲမကျေနပ်တာဆိုတာ သိသွားတော့.. သြော်..ငါတယောက်တည်း သူ့ကို မကျေနပ်တာ မဟုတ်ဘူးဆိုပီး စိတ်ကျေနပ်သွားတာပါ..

အဲလိုတွေးရင်ရော ရမလားဟင်...။
ဖလှယ်တာပါအေ့..အတင်းပြောတာဟုတ်ပါဘူးအေ့..

မြတ်နိုး

ချိုကျ said...

မလသာရေ....တို့မောင်နှမတွေလည်းအတင်းပြောကြရအောင်လေ နော်....:)

ခင်တဲ့(ချိုကျ)

လသာည said...

စာဖတ်ပိတ်သတ်လေး..၊ ကိုကြီး၊ ချိုကျ >> ရတယ် အတင်းဘယ်သူပြောမလဲ.. ဖြေးဖြေးဘယ်သူပြောမလဲ ခေါင်းပန်းလှန်မယ်။

ခိုင်နုငယ် >> stress လျော့သွားတယ်ဆိုတော့ တော်သေးတာပေါ့း)
ရိုစ်>> ဟုတ်တယ်။ အဲလိုပဲ လုပ်ရအောင်နော်။
knsl> သမိုင်းပေးတာဝန် တို့တာဝန်းD
Vista> အင်း ဟုတ်တယ် “အတင်း”တဲ့...
မရှင်လေး> သူများကိုနစ်နာစေတဲ့အတင်းကတော့ ကိုယ့်ကိုပါနစ်နာစေနိုင်တာမို့ stress ပိုတိုးလာစေမှာပါ..။ ဌက်ကလေးတွေအကြောင်း၊ ကြောင်လေးတွေအကြောင်းပဲ အတင်းပြောကြတာပေါ့.း))

ဆိုးကြီး> ဟာ သူဘယ်လိုသိသွားပါလိမ့်နော်။း))))
မြတ်နိုး> ဟုတ်တယ်အေ့ သတင်းဖလှယ်တာပါအေ့းP
မမရွှေစင်> ဟုတ်တယ်။ အစ်မက ချစ်ချစ်ကြီးအတင်းတုတ်တာလေ။ ဒါကြောင့် အမြဲပြုံးနေ ပျော်နေ..အားကျစရာအတိ ...
စည်းစိမ်> ကိုးနတ်ရှင်သာ ကောင်းရင် ဘာပြောကောင်းမလဲးD အားရပါးရပြောလို့ကောင်းလိုက်မယ့်အဖြစ်ကွာ။

ကွန်မန့်လေးများအားလုံးကို ကျေးဇူးနော်

ရွှေရတုမှတ်တမ်း said...

ဘကျောက်တို့တော့ အစားအသောက်မြင်ရင်
အတင်းတုပ်တာပဲ..
အဲ..ငရုပ်သီးတော့မပါဘူး

Anonymous said...

လက်တို့ပြီးတော့ ပြောရအုံးမယ်
ရွာက ကြီးဒေါ်စာဥရယ် သူ့အိမ်သားက မဥရေ ရေနွေးရပြီလားလို့မေးရင် ဘယ်တော့မှ မရဘူး ပြောဘူးရယ် ရတော့မှာတော်ရေတဲ့ အမှန်က ဒေါ်စာဥရယ် မီးတောင်မွှေးရသေးတာ ဟုတ်ဘူး အတင်းတုပ်ကောင်းတုန်းရှိသေးတာ ကြီးဒေါ်ကလည်း မဟုတ်ဘဲနဲ့ လျှောက်ပြော တယ်ပေါ့ အသာနေ ရှုး...ရှုး..တဲ့
တစ်ခါလည်း မကဘူးဆိုတော့ဗျာ အကြောင်းကို သိလို့ ဒါနဲ့တစ်ခုခုများ လုပ်ပြီးတော့မှာလား ရတော့မှာလား မေးလို့ ရတော့မှာဆိုရင် ကြီးဒေါ်စာဥ ရေနွေးကြမ်းလိုလားနဲ့ ရွာမှာ ရာဇ၀င်တင်တုန်းဗျ အမရွှေစင်တောင် ကျွန်တော်သိသော လူအမျိုးမျိုးဆိုပြီး ဘလော့ပေါ်ရေးနေသေးတယ် ဒါလဲ အတင်းတုပ်နည်းတစ်မျိုး အားရင်တော့ အတင်းတုပ်ပါအုံးနော့ ဘလော့ပေါ်မှာ အသစ်တင် တော့မှာ တင်တော့မှာနဲ့ ချွေသိပ်နေတဲ့သူတွေကိုတော့ ကြီးဒေါ်စာဥ ရေနွေးကြမ်းသောက်ရသလို နေမှာဗျ

အတင်းကြိုက်တဲ့ စိတ်ပညာရပ်ကွက်မှာနေသော
seesein

chindwinthu said...

အတင်းပြောတာလို့ခေါ်ရမလား..။အတွေ့အကြုံတွေဘဲဖလှယ်တာဘဲလားတိဝူးနော်...ဟီဟိ။

မယ့်ကိုး said...

စာရေးသူတွေက ကံကောင်းတယ် ပြောရမယ်နော်။ ကိုယ်ရေးချင်တဲ့ အတင်းတွေ စာထဲထည့်ရေး။ stress တွေ လျော့ :P

လသာည said...

စည်းစိမ်>> အတင်းကြိုက်သူလေးအတွက် စိတ်ပညာရပ်ကွက်က အတင်းတွေ ပြောဦးမှာ..။ လာနားထောင်နော်..
ချင်းတွင်းသူညီမလေး>> ၂ မျိုးလုံးခေါ်လို့ရတယ်လေ.. ထောက်ခံတယ် ဟုတ်?
မယ်ကိုး>> stress လျော့တာတော့ အမှန်ပဲလေ ညလေးရယ်..ဟိ

ထား said...

လသာညရေ ကြာသလားလို့ ကျန်းမာရေးအရ အတင်းတုတ်ကြတာပေါ့ . . . ဟိဟိ

ချစ်တဲ့

ထား

လသာည said...

ထားရေ အေးလေ အေးလေ.. ၊နော် တိုးတိုးပြော ဟိဟိ

မူလလက်ဟောင်း နံပါတ် ၂ said...

ဘာသာရေးနဲ့ ညိတယ်။ ဒီပို့စ်။ .... ၀စီကံ ၂ပါး ကို အားပေးထားပါ၏။... :D :D ၀လဲ ပြောပါ၏။ သီးသန့် နယ်ပယ် မှာပြောတယ်။... ဥပမာ အလုပ်အကြောင်းကို အိမ်မှာ ပြောတာတို့။ :D :D

လသာည said...

ဟိတ် ရှူး တိုးတိုးပြောလေ.. အတင်းပြောပါတယ်ဆို အော်ကျယ် အော်ကျယ်နဲ့ ဒီကောင်တော့ လွယ်ဘူး မောတယ်း))))

Myanmar Good Knowledg Co., Ltd said...

လသာညရေ
အဲဒါတကယ်ပေါ့နော်။
ဟိုလေ----
အမှန်အတိုင်းရေးရမလား။
ကျွန်မမှာ စတ္ထရကစ် သိပ်မရှိဘူး။
ဘာဖြစ်လို့ပါလိမ့်----နော်။

ခင်မင်လျှက်