Thursday, April 16, 2009

မှတ်ဥာဏ်


စာမေးပွဲမှာ ကိုယ်တကယ်ကျက်ခဲ့တဲ့စာကို ပြန်မတွေးနိုင်၊ အစမဖော်နိုင်ပေမဲ့ စာသင်ခန်းတုန်းက ဆရာမက ပြောခဲ့တဲ့ ဥပမာတွေ၊ သူငယ်ချင်းနဲ့ ဆွေးနွေးခဲ့တဲ့ စာတွေ၊ အမှတ်တမဲ့ ဖတ်ဖြစ်တဲ့ စာအုပ်၊မဂ္ဂဇင်းထဲက စာတွေ က ခေါင်းထဲမှာ ပေါ်လာတာမျိုး၊ အစဉ်လိုက် မဟုတ်ပေမဲ့ မေးခွန်းနဲ့ ဆက်စပ်တဲ့ အရာတွေကို လက်ကအလိုအလို ရေးဖြစ်သွားတဲ့ အဖြစ်မျိုး အနည်းနဲ့ အများလူတိုင်း ကြုံဖူးမှာပါ။

အဲဒါ မှတ်ဥာဏ် တစ်ခုရဲ့ စွမ်းပကားကြောင့်ပါ။

မှတ်ဥာဏ် အမျိုးအစား အမျိုးမျိုးရှိပါတယ်။အဲဒီထဲက မှတ်ဥာဏ်၂ခုအကြောင်းပြောပြချင်တာပါ။

တမင်တကာ ရည်ရွယ်ချက်နှင့် မှတ်ဖို့ ကြိုးစားပြီးမှ ရလာတဲ့ မှတ်ဥာဏ်မျိုးကို(Explicit memory)လို့ ခေါ်တယ်။

ဥပမာ စာမေးပွဲ ဖြေဖို့ အတွက် အသည်းအသန် ကျက်မှတ်တာမျိုး လို ရည်ရွယ်ချက်နဲ့ ကျက်မှတ်ထားတဲ့မှတ်ဥာဏ်ပါ။

မှတ်တဲ့အခါ ဒီစာကြောင်းပြီး ဒီစာကြောင်းလာတယ်၊ ဒီစာလုံးပြီး ဒီစာလုံးလာတယ်လို့ အစဉ်လိုက်မှတ်ယူသွားတာမျိုးက များတယ်။

နောက်ပြီး ကျက်မှတ်စဉ်က စာသားရဲ့ သင်္ကေတ တချို့ ကို အခြေပြုပြီး မှတ်ယူတယ်။မှတ်ဥာဏ်ထဲကစာသားကို ပြန်ပြီး ထုတ်တဲ့အခါ အဲဒီ နုတ်သင်္ကေတမှတဆင့် စာသားတွေကို ထုတ်ယူပါတယ်။

ဒါကြောင့် အဲဒီ သင်္ကေတမေ့ရင်ဖြစ်ဖြစ်၊ အစဉ်လိုက်မှတ်ယူထားတဲ့စာသားက အစဉ်လိုက်ပြန်မထုတ်နိုင်ရင် ဖြစ်ဖြစ် မှတ်ထားတဲ့စာသားကို ပြန်ပုံဖော်ဖို့ ခက်သွားပါတော့တယ်။

စာတွေ အကြိမ်များစွာ ကျက်မှတ်နေရဲ့သားနှင့် မေ့မေ့သွားရတာဒါကြောင့်ပါ။ လူတွေပြောပြောနေသော မှတ်ဥာဏ်ကောင်းတယ်၊မကောင်းဘူးလို့ ပြောနေကြတဲ့ မှတ်ဥာဏ်အမျိုးအစားပါ။

နောက်တစ်မျိုးက မှတ်ရန်ရည်ရွယ်ချက်မရှိပဲ ဦးနှောက်ထဲမှာ ကြွင်းကျန်နေတဲ့ မှတ်ဥာဏ် မျိုးပါ။ ဒီနေရာမှာ လူတစ်ယောက်ကို အမှတ်တမဲ့ တွေ့လိုက်ပြီး နောက်တနေရာမှာ မြင်လိုက်တဲ့အခါ “ဟာ၊ဒီလူ အခုနကတွေ့တဲ့လူပဲ” လို့ မှတ်မိသလိုဖြစ်သွားတာမျိုးပါ။ (implicit memory)လို့ခေါ်တယ်။

ဒီမှတ်ဥာဏ်က ထူးဆန်းပါတယ်။

ဒီပို့ ရဲ့ပထမဆုံးမှာရေးပြသလို တနေရာရာမှာတွေ့ခဲ့တဲ့ စာသားအချို့ကို အမှတ်တမဲ့ မှတ်မိနေတာမျိုး။

ကိုယ်ကိုယ်တိုင် ကြုံဖူးတဲ့အတွေ့အကြုံ တစ်ခုကတော့ ဘီအက်စီဓါတုဗေဒဘွဲ့ နောက်ဆုံးနှစ် စာမေးပွဲ မဖြေခင် (မေဂျာမတူ)သူငယ်ချင်းတစ်ယောက်နဲ့ စာအတူကျက်ရင်း သူဘာသာရပ်ကခက်တဲ့ ပုစ္ဆာတစ်ပုဒ်ကို ညီးညူရင်းပြောပြတယ်။

နှစ်မျက်နှာလောက်ရှိတဲ့ အင်ဒီဂရယ် သင်္ချာပုစ္ဆာ ပါ။ ကိန်းဂဏန်းတွေများပြီး ဖော်မြူလာတွေရှုပ်လွန်းတယ်။ နောက်ဆုံးအဆင့်ရောက်အောင်၃-၄ကြိမ်မက ချာချာလည်အောင် သူတွက်ထုတ်နေခဲ့တယ်။

ကိုယ်မေဂျာမှာက သင်္ချာက မိုင်နာ ဖြစ်လို့ ဒီလောက်ခက်တဲ့ပုစ္ဆာမျိုးမေးတဲ့ အစဉ်အလာမျိုးမရှိတော့ စိတ်ရှုပ်ခံပြီး မကြည့်ခဲ့ဘူး။ အေးအေးဆေးဆေးပဲ သူညီးညူတာကိုပဲ အမှတ်တမဲ့ နားထောင်လိုက်တယ်။

ဒါပေမဲ့ စာမေးပွဲမှာအဲဒီပုစ္ဆာ ပါလာတယ်။ သူငယ်ချင်းညီးညူတဲ့ ပုစ္ဆာမှန်း ချက်ချင်းသိလိုက်တယ်။ သူညီးညူတဲ့အချက်တွေနဲ့ စာသင်ခန်းတုန်းက ဆရာမပြောခဲ့တာတွေဆက်စပ်ပြီးတော့ နောက်ဆုံးအဆင့်ထိ ချောချောမောမောအဖြေထုတ်နိုင်ခဲ့တယ်။

တကယ်ဆို ကိုယ်ဒီလောက် သင်္ချာတော်တဲ့သူမျိုးမဟုတ်တာ ကိုယ်ဘာသာအသိဆုံးပါ။ တွေးမိတိုင်း အဲဒီတုန်းကသူငယ်ချင်းကို ကျေးဇူးတင်နေမိတယ်။

တကယ်တော့ မှတ်ဥာဏ်မှာ ထူးဆန်းတဲ့ ၀ိသေသလက္ခဏာတွေ အများကြီးမို့ ပညာရှင်တွေ လေ့လာလို့ မကုန်နိုင်သေးပါဘူး။ အခုထိလည်းလေ့လာနေကြဆဲပါ။

လသာည

2 comments:

ခင်ကြေးမုံ said...

အမ လာ ဖတ်သွားတယ်

လသာည said...

ကျေးဇူးအထူးတင်ပါတယ်..eesh။