Tuesday, April 28, 2009

ကျောင်းပြေးလေး

တခါက ခုနှစ်နှစ်အရွယ် ကလေးတစ်ယောက်ရှိတယ်။ ကျောင်းစာလည်းတော်တယ်။ အိမ်မှာဆိုရင် သူ့မေမေနားမှာပဲ ကစားနေလေ့ရှိတယ်။ တခါတခါ တီဗွီ အစီအစဉ်လေးတွေ ကို ကြည့်တတ်တယ်။

တစ်ခါမှာ ကလေးလေးက ကျောင်းကနေ ပြန်ပြေးဖို့ကြိုးစားတယ်။ ဆရာမက ဘယ်လိုပဲ ချော့ချော့ မရဘူး။ ဆရာမအလစ်မှာ အိမ်ပြန်ပြေးတယ်၊ အိမ်ရောက်တော့ သူမေမေနားကို အရင်သွား၊ ပြီးရင် အနားကမခွာပဲ ကစားတော့တာပဲ။

နောက်တစ်ရက်မှာလည်း..ဆရာမအလစ်မှာ အိမ်ပြန်ပြေးပြန်တယ်၊

သုံးရက်မြောက်မှာတော့ သူ့မေမေက စိတ်ပူလာတယ်။ ကျောင်းကိုလာပြီး ကျောင်းမှာ သူငယ်ချင်းတွေနဲ့ မတည့်လို့ လား လို့ လိုက်စုံစမ်းပါတယ်။ ဒါပေမဲ့ ဘယ်သူနှင့်မှ ရန်ဖြစ်ထားတာမရှိဘူး ဆိုတာကိုပဲ စုံစမ်းတွေ့ရှိရတယ်။

ဒီလိုနဲ့ တစ်ပတ်ကြာလာတော့ သူမေမေက ပြောတယ်..။
“သား ရယ် ဘာဖြစ်လို့ ကျောင်းကို မသွားရတာလဲကွယ်..။ သား စာမတတ်ပဲနေတော့မှာပေါ့။ နောက်နေ့ကျ မေမေကိုယ်တိုင် လိုက်ပို့မယ်၊ ကျောင်းကို သွားနော်။”

သားလေးက ဘာမှမပြောဘူး။ မျက်နှာလေးကို အောက်ချလို့ ငြိမ်နေတယ်။

နောက်တနေ့ သူမေမေလိုက်ပို့တော့ အတူတူ ငြိမ်ငြိမ်လေးလိုက်လာတယ်။ ဒါပေမဲ့ သူ့မေမေပြန်တော့ သူလေးက သူ့မေမေနောက်ကျောကို ငေးကြည့်ရင်း ကျန်နေခဲ့တယ်။

ခါတိုင်းလိုပဲ ခဏနေတော့ ဆရာမအလစ်မှာ သူ အိမ်ကိုပြန်ပြေးတယ်။ အိမ်နှင့် ကျောင်းက မိနစ် ၃၀ လောက်ဝေးတယ်။ ကလေးဆိုတော့ လမ်းမှာ ကားတွေ၊လူတွေ အများကြီးကို ရှောင်ရင်း၊ လဲတဲ့အခါ လဲပေမဲ့ သူမှတ်ခဲ့တဲ့ လမ်းကို မမှားအောင် ဂရုစိုက်ပြီး အမြန်ဆုံးရောက်ဖို့ကိုပဲ စိတ်စောလေ့ရှိတယ်။

အခုလည်း အိမ်ကို ရောက်ရောက်ချင်း သူမေမေကို အရင်ရှာတယ်။ တွေ့တော့ ပြုံးပြုံးလေးသွားခေါ်တယ်။

“မေမေ”

“သား..မင်း ကျောင်းကပြန်ပြေးလာပြန်ပြီလား၊ ” လို့ သူမေမေက စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်တယ်။
“မင်းကိုတော့ မေမေစိတ်ဆိုးလာပြီ။ ဒီပုံစံအတိုင်းဆို မင်းဒီတသက် စာတတ်မှာ မဟုတ်တော့ဘူး။ မင်းဟာ ကျောင်းသွားရမှာ ပျင်းတဲ့ ငပျင်း။ ကျောင်းမှာ မေမေ မရှိရင် တစ်ယောက်တည်း မနေရဲတဲ့ ငကြောက်။ ဟုတ်တယ် မို့လား၊ ပြောစမ်း.”

သူမေမေရဲ့ စကားအဆုံးမှာ သားလေးက ချက်ချင်း မျက်ရည်တွေဝဲလာပြီး
“ အဟင့်ဟင့်.။သားက ပျင်းလည်းမပျင်းဘူး။ သတ္တိလည်း ရှိတယ်။ ငကြောက်မဟုတ်ဘူး။ သားကို အဲလို မဆူပါနဲ့ ။ သားကျောင်းသွားနေတုန်း တီဗွီထဲက လူဆိုးကြီးက မေမေကို သေနတ်ကြီးနဲ့ ပစ်သွားမှာစိုးလို့ပါ။ သားက မေမေကို စိတ်ပူလို့ပါ။ မေမေကိုချစ်တဲ့သားကို မေမေက မဆူပါနဲ့မေမေရယ်..နော်.”

“သြော်..ဖြစ်ရလေ.သားရယ်.
.............................................................................

လသာည ဖြစ်ပါသည်.။

No comments: