Friday, April 17, 2009

နှုတ်ဆက်ရလွန်းတော့လည်း

အင်း မှတ်ပြီလားလို့ ကိုယ်ကိုယ့်ကိုမေးပြီး ရယ်ဖြစ်တယ်။

အရင် ကျောင်းတုန်းက Labထဲကို ၀င်လိုက်ပြီး “မင်္ဂလာပါ” “こんにちは” လို့ ကိုယ်ကနှုတ်ဆက်ရင် သူတို့က ကွန်ပျုတာကို မျက်နှာမခွာဘဲနဲ့ မင်္ဂလာပါ လို့ ပြန်နှုတ်ဆက်တယ်။ ပြီးရင် ငြိမ်သွားလိုက်တာ ပြန်တဲ့အထိ။

ပြန်တဲ့အခါ “ပြန်ပြီနော် ” “お先にしつれいします” လို့ နှုတ်ဆက်ရင်လည်းကွန်ပျုတာကို မျက်နှာမခွာဘဲနဲ့ သံပတ်ပေးလို့ မြည်တဲ့စက်ရုပ်တွေလို “ ဂရုစိုက်ပြန်ပါ” “おつかれさまです” လို့ တညီတည်း ပြန်အော်ကြတယ်။

စက်ရုပ်တွေ နေတဲ့ အခန်းက နေ့ပြောင်းသွားတယ် နှုတ်ဆက်တဲ့ပုံစံက မပြောင်းလဲဘူး။ နှစ်နှစ်လုံးလုံး ဒီအတိုင်းပဲ။အေးတိအေးစက်တွေနဲ့ တော်တော်ကြီးကို ပျင်းဖို့ကောင်းတယ်။ကိုယ်ပါစက်ရုပ်ဖြစ်သွားပြီး မနက် ရောက်တဲ့အချိန်ဝင်ထိုင်တယ်။ပြီးရင် ဘာသိဘာသာပဲ ပြန်ချင်တဲ့ အချိန် ပြန်လိုက်တယ်။စက်ရုပ်တွေရဲ့ ထုံးစံအတိုင်း နှုတ်ဆက်ခြင်းလုပ်ငန်းကို အရေးလုပ်ပြီး မလုပ်ဖြစ်တော့ဘူး။

ဒီလိုနဲ့ အဲဒီပတ်ဝန်းကျင်မှာ နှစ်နှစ်အတွင်း နေသားကျသွားခဲ့တယ်။

နေသားကျသွားပြီဆိုမှ အခုကျောင်းကတော့ ပြောင်းပြန် .....။

မနက်ဝင်ကတဲက “မင်္ဂလာပါ” လို့ အားလုံးကို နှုတ်ဆက်ရတယ်။အားလုံးကလည်း ဂရုတစိုက် ထပြီး နှုတ်ဆက်ကြတယ်လေ။ သြော် .နှုတ်ဆက်သူအပြည့်နဲ့. အခုလိုတော့လည်း ကမ္ဘာကြီးက နွေးထွေးမှုအပြည့်နဲ့ နှုတ်ဆက်သံတွေ ဝေေ၀ဆာဆာနဲ့ ပျော်စရာကြီးပါလား...။

ခဏနေ အိမ်သာသွားတော့ နှုတ်ဆက်ရတယ် .. “ခဏ အပြင်သွားလိုက်ပါဦးမယ်နော် ” “ちょっとしつれいします”

ပြန်လာတော့ “ ကျွန်မပြန်ရောက်ပါပြီ” “ただいま” စသည် နှုတ်ဆက်ရတယ်။

သူများတွေ အပြင်သွားလို့ နှုတ်ဆက်ရင်“ဂရုစိုက် သွားနော် ” “お気をつけてね”

သူပြန်လာရင် “မောသွားပြီ၊ အပန်းဖြေလိုက်ပါဦး ” “おつかれさまです” စသည် ပြောရတယ်။

နှုတ်ဆက်ရင်း...နှုတ်ဆက်ရင်း......

ပထမတော့ ဒီနေရာက အချင်းချင်း တော်တော် ဂရုစိုက်တာပဲ လို့ ၀မ်းသာအားရ နှုတ်ဆက်ပြီးပျော်နေတာ။ နောက်တော့ အပြင်ထွက်တဲ့သူက ကိုယ်အကြောင်းနဲ့ကို မထွက်မဖြစ်ထွက်နေရတာ ဆိုတော့ လူတိုင်းက ၀င်လိုက်ထွက်လိုက်ပေါ့။

ကြာလာတော့ နှုတ်ဆက်ရတာ မောလာတယ်။ စာလေး ဖတ်မလို့ ငုံမယ်ကြံရုံရှိသေး ၀င်လာသူတွေ့လို့ လှည့်နှုတ်ဆက်၊ဟော နောက်တယောက်က ထွက်ဖို့ပြင်နေလို့ လှမ်းနှုတ်ဆက်နဲ့ နှုတ်ဆက်ရတာနဲ့ကို မအားတော့ဘူး။

ဒီနေ့ဆို လာတဲ့လူများပြီး နှုတ်ဆက်လိုက်ရတာ မနည်းပါလားလို့ စိတ်ပေါက်ပေါက်နဲ့ ရေကြည့်တာ ၂၂ ခါတောင်။

သြော်.. လောကကြီးများ အရာရာ တဖက်စွန်းပါပဲလားနော်။ ဒီလို အချိန်ကျပြန်တော့လည်း ပါးစပ်သိပ်မဖွင့်ခဲ့ရတဲ့ အရင်နေရာတောင် ပြန်လွမ်းသလိုလို။ လူအလို..နတ်မလိုက်နိုင် ဆိုတာ ဒါမျိုးကို ပြောတာထင်ပါရဲ့။

လသာည..

No comments: