Wednesday, November 11, 2009

ဖော်ဝပ်ဒီမေးလ်များ နဲ့ privacy

ဖော်ဝပ်ဒီမေးလ်နဲ့ ပတ်သက်ပြီး လတ်တလော အတွေးတစ်ခု ရှိနေပါတယ်။
အဲဒါကို မပြောခင် ပထမဆုံးဝန်ခံချင်တာက ကျွန်မ ဖော်ဝပ်ဒီမေးလ်များကို အလွန်နှစ်သက်ပါတယ်ဆိုတာပါပဲ..။ ဖော်ဝပ်ဒီမေးလ်တွေကတဆင့် အဖိုးတန် တရားစကားများ၊ ပုံပြင်လေးများ၊ စာနာစရာ ဇာတ်လမ်းလေးများ၊ တခါတခါ ဟာသလေးများကို မရိုးအောင် ဖတ်ရလို့ပါ။ (တခါတလေ မေးလ်တစ်ခုတည်း ပြန်လည်ပြီး လေးငါးခါ ပြန်ရတတ်တာကလွဲရင်ပေါ့)

နောက်တစ်ခုကတော့ ဖော်ဝပ်ဒီမေးလ်ပို့တဲ့ သူငယ်ချင်းရဲ့ခံစားချက်ကို လေးစားမိလို့ပါ။ သူနေရာကနေ၀င်ပြီး ခံစားမိတယ်။ မေးလ်တစ်ခုကို ဖတ်လိုက်ပြီး အရမ်းဖတ်ကောင်းတာပဲလို့ ခံစားမိတဲ့အခါ တခြားကိုယ့်သူငယ်ချင်းကိုလည်း ဒါလေးဖတ်စေချင်လိုက်တာဆိုတဲ့ သူရင်ထဲက ခံစားချက်ကလေး၊ ပြီးရင် အဲဒီ ခံစားချက်ကလေးကို သူနဲ့ထပ်တူခံစားစေချင်တဲ့အတွက် ထပ်ဆင့်ပို့ဖို့ သူရွေးလိုက်တဲ့သူငယ်ချင်းဟာ ကိုယ်ဖြစ်နေတဲ့အတွက်လည်း ဘယ်လောက် ကျေးဇူးတင်ပျော်ဖို့ကောင်းသလဲနော်။ ကိုယ့်နာမည်ကို ပါအောင် ရွေးလိုက်ပြီဆိုကတဲက သူကိုယ့်ကို ဘယ်လောက်ထိ အလေးထားတယ်ဆိုတာသိသာစေတဲ့ သူရဲ့ခင်မင်မှုလေး.ပါပဲ. အဲဒါတွေအားလုံးကို ခံစားပြီး ကျေးဇူးတင်လေးစားမိလို့ပါ။

တကယ်တော့ ဖော်ဝပ်ဒီမေးလ်ရောက်လာပြီဆိုရင် အထဲကစာထက် (စာမဖတ်ရသေးပေမဲ့လည်း) ပို့တဲ့ သူငယ်ချင်းက ကိုယ့်နာမည်ကို သူမမေ့သေးဘူး၊ ကိုယ့်ကို သတိရနေတယ်ဆိုတာ စာလက်ခံရသူက ခံစားလို့ရတယ် မဟုတ်ပါလား..

အချိန်ဟာ ငွေဖြစ်နေတဲ့ ဒီလိုခေတ်ကြီးမှာ၊ အချိန်တိုင်းမှာ အလုပ်မလုပ်လို့ မဖြစ်တော့တဲ့ ဒီလိုအခါကြီးမှာ လူတစ်ယောက်က သူ့ရဲ့ ကိုယ်ပိုင်အချိန်ထဲက တစက္ကန့်ပဲဖြစ်ဖြစ် ဖဲ့ပြီး အခြားလူတစ်ယောက်ကို သတိတရနဲ့ ခံစားချက်ဝေမျှပေးနေတာ ဘယ်လောက်နွေးထွေးတဲ့ ဂရုစိုက်မှုလေးလဲ. ဘယ်လောက် ပျော်ရွှင်စရာ အရမ်းကောင်းပါသလဲ..။ ကိုယ်က အလုပ်တွေသိပ်ရှုပ်ပြီး တော်တော်တန်တန် replyမပြန်ဖြစ်လည်း ခင်မင်တဲ့ သူငယ်ချင်းချင်းဆိုတော့ကာ ဗွေမယူပဲ ပို့မြဲပို့ပေးနေကြတာပါပဲ။ ဒါကြောင့်လည်း ကျွန်မ ဖော်ဝပ်ဒီမေးလ်တွေကို နှစ်သက်မိရတာပါ။

ဒါပေမဲ့ အခုတလော ဖော်ဝပ်ဒီမေးလ်နဲ့ ပတ်သက်ပြီး ရယ်စရာ ဒါပေမဲ့ စိတ်ရှုပ်စရာ တစ်ခုတွေ့ထားမိတယ်။ ပြီးခဲ့တဲ့ အပတ်က ကျွန်မဂျီတော့ခ်ကို လာaddသူများနဲ့ ပတ်သက်တာပါ။ သူပြော ငါပြော ပြောသံကြားဖူးတဲ့အတွက် အရင်က သူများက မေးလ် addတိုင်း acceptမလုပ်တတ်ပါဘူး။ အခုနောက်ပိုင်း ဘလော့မှာ တင်ထားတဲ့ g-mail လိပ်စာကို addလာခဲ့တာမျိုးကျတော့ ကိုယ့်ရဲ့ဘလော့သူငယ်ချင်း၊ ဒါမှမဟုတ် ကိုယ့်ရဲ့ စာဖတ်ပရိတ်သတ် (..အဲလိုပြောမိလို့ လိပ်ပြာတော့ မလုံပါဘူး၊ အဲဒီ စာဖတ်ပရိတ်သတ်ဆိုတဲ့ စကားလုံးကို သုံးစွဲရအောင် စာရေးကောင်းသူ ဘလော့ဂါမဟုတ်ပါ၊ လူအထင်ကြီးအောင် ခဏယာယီ ဌားသုံးတယ်လို့ သဘောထားပေးပါနော် :D)၊ ဖြစ်နေမှာစိုးလို့ acceptလုပ်ဖြစ်နေမိတယ်။ နောက်ပြီး ကိုယ့်မေးလ်လိပ်စာ အခုမှ သိလို့ဆက်သွယ်လာတဲ့ ကိုယ့်ရဲ့ အရင်ကတဲက အသိသူငယ်ချင်း ဖြစ်နေရင်လည်း အားနားစရာလို့ တွေးမိတာလည်းပါပါတယ်။

နောက်ပြီး ပထမပိုင်းတုန်းက အခု မေးလ်လိပ်စာ(လသာည.gmail.com) မဟုတ်ပဲ နုနုဆိုတဲ့ မေးလ်လိပ်စာ (လူက မနုပါဘူး၊ နာမည်ကနုတာပါ :P)ကိုလည်း ဘလော့မှာ တင်ဖူးတဲ့အတွက် ဘလော့မိတ်ဆွေ သူငယ်ချင်းတချို့က အဲဒီမေးလ်မှာ ဆက်လက်ရှိနေပါတယ်။ ဒါနဲ့ အဲဒီ နုနုဆိုတဲ့ မေးလ်မှာလည်း လာaddတာ တွေ့တဲ့အခါ အပေါ်ကလို အတွေးမျိုးရှိနေတော့ (ငြင်းရမှာ အားနာတာနဲ့) accept လုပ်ဖြစ်မိသွားတယ်။ အဲလိုနဲ့ပဲ လေး၊ ငါးယောက် အခုတစ်လော acceptလုပ်ဖြစ်ခဲ့တယ်။

ပြောလို့ ပြောရပေမဲ့ ကျွန်မ g-talkအထိ မတက်ဖြစ်ပါဘူး။ g-mailရိုက်ရင်း လာchatတဲ့ သူငယ်ချင်းတချို့နဲ့ပဲ စကားပြောဖြစ်တာများပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အသစ်စက်စက် acceptလုပ်ဖြစ်တဲ့ မောင်ဘို (တကယ်က နာမည်သုံးလုံးပါ၊ နာမည်ကို လွဲပြောထားပါတယ်) ဆိုတဲ့ တစ်ယောက်က အွန်လိုင်း တက်လာပြီးတော့ “အခုဘယ်မှာလဲဟင်”ဆိုတဲ့ စကားက စပြီး နှုတ်ဆက်ပါတယ်။ တခြားသူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေတာမို့ သူ့ကို ချက်ချင်းမပြန်ဖြစ်ခင် အတောအတွင်းမှာပဲ “ စားပြီးပြီလား၊ ကျောင်းသားလား၊ ဘယ်မှာတက်တာလဲ၊ အသက်က....” စသဖြင့် မနားမနေ ချက်ပါတော့တယ်။ chatရင်း checkနေတာနဲ့တူပါရဲ့..။ အစက ဘလော့သူငယ်ချင်းလား၊ အပြင်က အခုမှ မေးလ်လိပ်စာသိလို့ ဆက်သွယ်လာတဲ့ အသိလားလို့ တွေးနေတဲ့ အတွေးက ချက်ချင်းပြယ်သွားပါတယ်။ ဒါနဲ့ “စားပြီးပါပြီ၊ ဒါနဲ့ စိတ်မရှိနဲ့နော် ဒီမေးလ်လိပ်စာ ဘယ်ကရပါသလဲ”လို့ မေးလိုက်တော့ ခဏရပ်သွားပြီး “ဖော်ဝပ်မေးလ်က ရတာပါ တဲ့..” ကဲ.. (*^^*)အဲဒါပဲ. ..တခြားမဟုတ်ဘူး အဲဒါပါပဲ.. :D

တကယ်တော့ သူ့အနေနဲ့ ကြည့်ရတာ အသက်ငယ်ငယ်ပဲ ရှိဦးမှာပါ။ အွန်လိုင်းမှာ သူငယ်ချင်းရှာချင်နေတဲ့ သဘောဖြစ်ပြီး အားရင် သူကထိုင်ချက်နေမယ့်သဘောဖြစ်မှာပါ။ ဒါပေမဲ့ အွန်လိုင်းသူငယ်ချင်းက သိပ်မရှိလို့ အပေါင်းအသင်းရှာတယ်ထင်ပါတယ်။ (နည်းနည်း ဖော့တွေးပေးလိုက်တာပါ)။ ကျွန်မအနေနဲ့က အဲလိုထိုင်ချက်ဖို့ မအားတဲ့အတွက် “တို့က မအားလို့ ပြန်မချက်နိုင်တာ ဆောရီးပါ”လို့ ပြောလိုက်ပါတယ်။ အားနားစရာတော့ ဖြစ်သွားပါတယ်။ ကိုယ့်နာမည်ကို ရွေးလာတဲ့ မိတ်ဆွေကို ရိုးသားစွာ လက်ခံ ကျေးဇူးတင်သော်လည်း ပြန်လည်ပြောဆိုဖို့ အမြဲတမ်းအချိန်မပေးနိုင်လို့ပါ။

သူ့တစ်ယောက်တည်းဆိုရင်တော့ ဒီကိစ္စကို ကျွန်မ ဒီလိုပဲ မေ့မေ့လျော့လျော့ နေဖြစ်သွားမှာ ဖြစ်ပေမဲ့ ဒီတပတ်ထဲတင် အဲလိုပုံစံတူ သုံးယောက်တိတိ တွေ့ခဲ့ပါတယ်။ နှစ်ယောက်က နေရာတောင် ပြောသွားပါတယ်။ မုံရွာက (အင်တာနက်ဆိုင်ကတဲ့)၊ နောက်တစ်ယောက်က သစ်တောကတဲ့။ သုံးယောက်လုံးက ဖြေတဲ့ အဖြေက ဖော်ဝပ်ဒီမေးလ်က ရတယ်လို့ ဖြေပါတယ်။ (အဖြေမှန်မမှန်တော့ ဖြေဆိုသူတွေပဲ သိမယ်ထင်ပါတယ်)။ ရိုးရိုးသားသား ဖြေတယ်လို့ ယူဆမိတဲ့ဘက်က ပြန်တွေးရင် ဖော်ဝပ်ဒီမေးလ်တွေထဲကနေပြီး ပါလာတဲ့ နာမည်တွေကို အကုန် (သို့မဟုတ်) ကျပမ်းရွေးပြီး g-talk အက်တယ်ထင်ပါတယ်။

အဲဒီလိုလူတွေအတွက်ကတော့ မေးလိပ်စာတွေကို ဖော်ဝပ်ဒီမေးလ်ကနေ အများကြီးရနိုင်ပါတယ်။ တချို့ ဖော်ဝပ်မေးတွေဆိုရင် အဆင့်အဆင့်ပေးလာကြတာ ပါလာတဲ့ မေးလိပ်စာအရေအတွက်က လူအယောက် တစ်ရာစာလောက်တောင် မကတတ်ပါဘူး။ တကယ်တော့ အဲဒီကနေတဆင့် ကျွန်မတို့ရဲ့မေးလ်လိပ်စာက နေရာတိုင်းက လူတိုင်းဆီကို ရောက်သွားတော့တာပါ။

တကယ်တော့ ဖော်ဝပ်ဒီမေးနဲ့ ပတ်သက်တာကိုတော့ အရင်က သိပ်မစဉ်းစားခဲ့ပေမဲ့ ရုံးပိုင်းဆိုင်ရာ အကြောင်းကြားစာဆိုရင် privacyကို ထိန်းသိမ်းတဲ့အနေနဲ့ Group-mail သို့မဟုတ် bcc နဲ့ ပို့ရတာပါ။ ဒါဆိုရင် ကိုယ်ပေးပို့လိုသူဆီ အကြောင်းကြားစာရောက်သလို ထိုသူများရဲ့ ကိုယ်ရေးအချက်အလက်လည်း လျို့ဝှက်ပေးရာရောက်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ နည်းနည်း အကြံပေးချင်တာ ရှိပါတယ်။ အားလုံးရဲ့ privacy မထိအောင် ဖော်ဝပ်ဒီမေးလ်ကိုလည်း bccနဲ့ ပို့ရင် မကောင်းဘူးလားလို့ ဆိုတဲ့ အကြံပါ။ ဒါဆို ဖော်ဝပ်ပို့ပေးသူ သူငယ်ချင်းရဲ့ လိပ်စာကိုရော? အဲဒါကိုလည်း ဖြစ်နိုင်ရင် ဖျက်ပြီးပေးရင်ကောင်းမယ်ထင်တယ်လို့ အခုပို့စ်ရေးရင်း တွေးမိတယ်။ (မှတ်ချက်၊ ။ ဘလော့စာကို ကူးဖော်ပြတဲ့ ဖော်ဝပ်ဒီမေးတွေမှာ ဘလော့စာရေးသူနာမည်ကို ဖျက်ပြီးပို့တာကတော့ မလုပ်ကောင်းတဲ့အတွက် အဲဒါလေးတော့ လေးစားစွာ ထိန်းသိမ်းချန်ထားရမှာပေါ့နော်)

ဖော်ဝပ်ဒီမေးလ်နဲ့ ပတ်သက်တဲ့ နောက်တစ်ခုက ဖော်ဝပ်ဒီမေးလ်မှာ ဒါကို ဖတ်ပြီး ဘယ်နှစ်ယောက်ဝေရင် ဘာဖြစ်မယ်၊ မဝေရင် ဘာဖြစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ပါတတ်တယ်လေ.. တခါတလေများ အယောက်၁၀၀ ဝေရင် ဆိုတာတောင် ပါသေးတယ်။ လူတစ်ယောက်ချင်းစီက အယောက်၁၀၀ ဝေနေရင်..ခက်ပြီ။ အဲဒါကို အတိအကျလိုက်နာရရင်တော့ မေးလ်လိပ်စာတွေ ဖောင်းပွလို့ အခုနကလို ပြဿနာရှိနေနိုင်သလို တစ်ရာပြည့်အောင် သူငယ်ချင်းအချင်းအချင်း အပြန်အလှန်ပို့ရင်း မေးလ်သံသရာလည်တော့မှာ ဖြစ်ပါတယ်။ ကျွန်မတော့ အဲဒါမျိုးသိပ်ပြီး ခေါင်းထဲ သိပ်မထည့်တတ်လို့ မလိုက်နာတတ်ပါဘူး။

တခါက ဖော်ဝပ်မေးလ်ပို့နေကျ သူငယ်ချင်းက မေးလာပါတယ်။ “မဲပေးပြီးပြီလား”တဲ့။ “ဘာလဲ”လို့ မသိလို့ မေးလိုက်တော့ သူဖော်ဝပ်ပို့ပေးတဲ့ မေးလ်အကြောင်းပြောတာဖြစ်နေပါတယ်။ (တကယ်တော့ သူကမေ့ပြီး လသာညနာမည်ကို မထည့်လိုက်တဲ့အတွက် လသာညဆီရောက်မလာခဲ့တဲ့ ဖော်ဝပ်မေးပါ)။ သူက တကယ့်ကို မဲပေးဖို့ seriously ပြောလာပါတယ်။ ဘာမဲလဲဆိုတော့ လူတိုင်းလည်း ရဖူးလားတော့ မသိပါဘူး။ မြန်မာနိုင်ငံက သန္တာကျွန်းကို ကမ္ဘာ့အလှပဆုံး စာရင်းဝင်အောင် အွန်လိုင်းကနေ အကြံပြုမဲပေးခိုင်းတာဖြစ်ပါတယ်။

မေးလ်ကိုလည်း မဖတ်ရတော့ အသေးစိတ်မသိတဲ့ ကျွန်မက “ဘာလဲဟ..အဲလိုမျိုး ဘလိုင်းချည်း ဘာလုပ်ပါ ညာလုပ်ပါ အမိန့်ပေးခိုင်းတာမျိုး မကြိုက်ဖူး၊ မလုပ်ဖူး”လို့ ပြန်ပြောဖြစ်ပါတယ်။ အဲဒါက ကျွန်မစိတ်ပါ။ အိမ်မှာ ကိုယ့်ဘာသာ အိမ်အလုပ် ကူလုပ်မလို့ပြင်နေတုန်း ကျွန်မ့အစ်ကိုက “အဲဒါလုပ်”လို့ လာပြောရင် လုပ်လက်စကနေရပ်ပြီး ထွက်သွားတတ်တယ်။ သူများခိုင်းမှ လုပ်တယ်ထင်ခံရမှာစိုးတာလည်း ပါမယ်ထင်ပါတယ်။ ပြီးရင် သီချင်းစောင်းဆိုတတ်သေးတာ “အမိန့်တွေပေးတာ မကျေနပ်ဖူး.....”လို့။ ဆိုးတယ်နော်..

ဒါပေမဲ့ အဲဒီသူငယ်ချင်းကလည်း အာဂသူငယ်ချင်းပါ (:D) သူနဲ့ ဖုန်းချတယ်ဆို အဲဒီဖော်ဝပ်မေးကို ချက်ချင်းပို့ပြီး မေးလ်မှာလည်း ဒီလိုရေးပေးလိုက်တယ်။ “အထဲကစာကိုဖတ်ကြည့်ပါဦး၊ ဖတ်ပြီး မဲပေးမပေးကတော့ သဘောပါ၊ မဲမပေးချင်တောင် ဗဟုသုတရတာပေါ့”တဲ့..။ အဲဒီလိုမျိုး သူက..။ အနားနီးရင် ခေါင်းခေါက်ချင်တယ် (အတင်းလည်း တအားမတုပ်ရဲဘူး။ ကွန်မန့်မှာ လာရန်တွေ့မှာစိုးလို့ ::D )

ဒါပေမဲ့ အဲဒီစာကို ရေးသူရဲ့ ရည်ရွယ်ချက်က တကယ့်ကို ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝအလှအပတွေ ရှိနေရဲ့နဲ့ ကမ္ဘာက အသိအမှတ်ပြုအောင် မလုပ်ပေးနိုင်တာကို မချင့်မရဲ့ဖြစ်နေမိလို့ ကိုယ့်နိုင်ငံက ကျွန်းတစ်ခု လှပကြောင်းကို အွန်လိုင်းကနေ မဲပေးဖို့၊ မြန်မာနိုင်ငံအတွင်းက လူအများစုက အွန်လိုင်းသိပ်မသုံးဖြစ်လို့ နိုင်ငံခြားရောက် မြန်မာများအနေနဲ့ ရှိသမျှမေးလ်လိပ်စာနဲ့ မဲပေးကြဖို့ ဆော်သြထားတာ ဖြစ်ပါတယ်။

ဒါနဲ့ ကျွန်မလည်း ကိုယ့်နိုင်ငံဆိုတာကို ဦးတည်ထားတဲ့ ရည်ရွယ်ချက်ကောင်းတဲ့ ဒီ မဲပေးပွဲကို (စိတ်ပါလက်ပါ) လုပ်ဖို့ကြိုးစားပါတယ်။ အဲဒီမှာ စည်းကမ်းကပါလာတယ်။ မဲက ကိုယ့်နိုင်ငံတင် ကွက်ပေးလို့မရဘူး၊ သူများနိုင်ငံက အရာကိုပါ ရောပေးရတယ်။ ကျွန်မက အဲလိုမလုပ်ချင်ဘူး။ ဘယ်နဲ့ကွာ.. သကြားလိုချင်ပါတယ်ဆို ဆပ်ပြာနဲ့တွဲယူမှ ရမယ်လို့ လာပြောနေသလို ခံစားရတယ်။ ဒါပေမဲ့ သူ့စည်းကမ်းဆိုတော့ မတတ်နိုင်ဘူး၊ ကိုယ်ကလည်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံက သဘာဝရေမြေလှကြောင်း ကမ္ဘာသိစေချင်တော့ (မကျေနပ်ပေမဲ့) သူပြောတဲ့အတိုင်း ကိုယ့်နိုင်ငံကအရာနဲ့ သူများနိုင်ငံကအရာနဲ့ တွဲပေးခဲ့ရတယ်။

အဲတော့ သူများက ဘလိုင်းချည်း အမိန့်လာပေးရင် သိပ်မကြိုက်တတ်တဲ့ကျွန်မက ကျွန်မနဲ့ စိတ်တူသူငယ်ချင်းများကို တောင်းပန်ချင်ပါတယ်။ အခုလို ဖော်ဝပ်ဒီမေးလ်ကို bcc နဲ့ပို့ဖို့ အကြံပြုမိတာကိုလည်း အမိန့်ပေးတယ်လို့ မယူဆပါနဲ့လို့ :P။ တကယ်လို့များ အမိန့်ပေးတယ် ယူဆပြီး မလိုက်နာဘူးလို့ လာပြောရင်တော့ လသာညလည်း (သကြားနဲ့ ဆပ်ပြာ ဥပမာလို) သူငယ်ချင်းပို့ပေးတဲ့ ဖော်ဝပ်ဒီမေးကို ဆက်လိုချင်နေသေးတဲ့အတွက် privacyထိတဲ့ကိစ္စက နောင်ခါလာနောင်ခါဈေး သဘောထားပြီး နေပေးလိုက်ပါ့မယ်။ စိတ်ကြီးကြီးနဲ့ အဆက်အသွယ်တော့ မဖြတ်ပါနဲ့ .. ဖော်ဝပ်ဒီတော့ ဆက်ပို့ပါလို့.. :D

လသာည.. ဖြစ်ပါတယ်။
မှတ်ချက်။ ။ လသာည၏ အမြင်သက်သက်သာဖြစ်ပါတယ်။ ဒီထက်ကောင်းတဲ့ အကြံဥာဏ်များ ရှိရင်လည်း ပေးကြပါလို့...
နောက်တစ်ခုက တကယ်လို့များ လသာညကို မေးလ် add ချင်တယ်ဆိုရင် စီဘောက်မှာ သို့မဟုတ် g-mailနဲ့ “add”ထားကြောင်း အရင်ပို့ပြီးမှ addပါလို့..။ အဲလိုမဟုတ်ရင် add သမျှကို reject လုပ်တော့မှာ ဖြစ်လို့ပါ...

15 comments:

မယ့်ကိုး said...

အဲဒီလို အကြံပေးတာ ကောင်းပါတယ် ချစ်မလေး တကယ်ပါ။
မယ်ကတော့ နာမည်ရင်းနဲ့ဆို ဘယ်သူ add add reject လုပ်လိုက်တာပဲ၊
ဒီကလောင်နဲ့ လာadd သူတော့ ချစ်မလေးလိုပဲ အားနာလို့ လက်ခံမိတယ်။
တစ်ယောက်ကြီးများတောင် :D
ဒါပေမယ့် အံ့သြစရာပြောရဦးမယ်။မရမက လေးငါးခါ add ပြီး စကားတစ်ခွန်း မဆိုဘူး။
ဗျူဟာလား မသိ :P

Lucifer said...

ဟဟ မမီးကတော့ အေးဆေးပါ
ဘယ်တော့မှ ဘယ်သူ့ဆီကိုမှ forword မလုပ်ဖူးဘူး
မသိတဲ့သူလာ add လုပ်ရင်လည်း ပြန် accpet မလုပ်ဘူး
မှားပြီးလုပ်မိလို့ စကားပြောရတာ အဆင်မပြေရင်
delete လုပ်လိုက်တယ်

အိစံ said...

ကျေးဇူပါ ..အမရေ ကိုယ်နဲ့ မသိတဲ့ သူဆိုရင် ဘာမှစဉ်းစားမနေနဲ့  rejectလုပ်ပစ်လိုက်..အိ မသိတဲ့ လိပ်စာဆိုရင် အားလုံးကိုဖျက်ပစ်တယ် Internet ကွန်ယက်ရဲ့ ရိုက်ခတ်မှုလို့ လက်ခံရမှာပဲ..မသိတဲ့ လိပ်စာတွေခဏခဏ addတယ် ကိုယ်က မသိတော့ လက်မခံခဲ့ ဘူး။ အမှန်တကယ် ဆက်သွယ်ချင်ရင် mailကနေ (သို့ ) သူငယ်ချင်းကနေ အသိပေးမှလက်ခံတာ အကောင်းဆုံးလို့ ထင်ပါတယ်။

အမရဲ့ bccကိုလက်ခံပါတယ်။

မင်းအိမ်ဖြူ said...

ကောင်းပါတယ်ဗျာ ၊၊ ကျွန်တော် ဒီလိုစာမျိုးတွေ ဖတ်ဖူးပါတယ် BCC နဲ့ ပို့ဖို့ပေါ့လေ ၊၊ လသာည ရေးတဲ့ စာက အညင်သာဆုံးပါပဲ ၊၊

မှန်ပါတယ် ၊၊ ဒါပေမယ့် ကျွန်တော်သိသလောက်တော့ အခြားလူမျိုး တွေ လည်း ဒီလို Forwarding လုပ်တဲ့ အလေ့အထ ရှိပါတယ် ၊၊ သူတို့လည်း BCC ခံတာရှိသလို မခံတာလည်း ရှိပါတယ် ၊၊ ဆိုလိုတာက တော့ အခြားသူ တစ်ယောက်က လိုက်ပြီး ရှာပြီး Add တာမျိုး ရှိမရှိမသိပါဘူး ၊၊ ကျွှန်တော် လည်း အရင်ကတော့ လာ Add ရင် လက်ခံပါတယ် ၊၊ ဘယ်သူမှန်း လည်း မသိဘူး ၊၊ မေးရင်လည်း ဒီလိုပဲ Forward ကနေရတာပါ ဆိုဖြေတယ် ၊၊ လာ သူငယ်ချင်းလုပ်တာ ကျေးဇူးတင်ပါတယ် ၊၊ သူတို့လာပြောရင် ပြန်ပြော ပါတယ် ၊၊ ဒါပေမယ့် တခါတလေ ဘာတွေ ပြောနေမှန်းမသိတာ ခက်တယ် ၊၊ အဲဒီတော့ ပြန်စဉ်းစားလိုက်တယ်လေ ၊၊ အဲဒီလို လူမျိုးတွေက အဲဒီပုံမျိုးတွေ ချည်းပါပဲလို့ ၊၊ မှတ်မှတ်ယယ Unknow1 , 2 ဆိုပြီးပေးထား တာ အယောက် ၃၀ ကျော်တယ် ၊၊ ကိုယ်မသိရင် Unknow ဆိုပြီးပေးလိုက်တာ လေ ၊၊ အဲဒါ ခုတော့ ဟိုးတစ်ပတ်ကစပြီး အားလုံးကို Contact Delete လုပ်ပစ် လိုက်ပါတယ် ၊၊ မတက်နိုင်တော့ဘူး ၊၊ မေးရင်လည်း အဆင့်အတန်းရှိရှိ မဖြေကြဘူး ၊၊ တခါတလေမှာ တချို့တလေကပါ ၊၊ နာမည် ကြည့်ပြီးလည်း မိန်းမ ယောင်္ကျား ခွဲခြား မသိနိုင်ဘူးလေ ၊၊ အကောင်းဆုံးကတော့ နောက်ကို မသိတဲ့သူ လာAdd ရင် လက်မခံတာ အကောင်းဆုံးပဲ ၊၊ တကယ်သူငယ်ချင်း လုပ်ချင်ရင် မေးဖို့လိုက်ပေါ့ ဒါပဲရှိတယ် ၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

မင်္ဂလာပါ .... said...

မမလသာညရေ..
အရမ်းကောင်းတဲ့ အကြံပြုချက်လေးပါပဲ
Forward မေးလ်တွေကြောင့် ဗဟုသုတတွေ ရရှိသလို စိတ်အနှောက်အယှက်တွေလဲ ရစေပါတယ်...
အကောင်းဆုံးက တော့ အချင်းချင်းမျှဝေချင်လို့ Forward လုပ်တဲ့အခါ
BCC ခံပြီးပို့ရင်အဆင်ပြေတယ်ဆိုတာ ခုမှသိတယ် မမရေ...
နှင်းဟေမာ တို့တုံးလိုက်ပုံများနော်...းD
ကျေးဇူးပါ မမလသာညရေ... အားဘွားနော်းးးးးးးးp
ချစ်တဲ့ ညလေး နှင်း

pps said...

ppsကတော့လေ..အဲဒီလို..Blind Invite လုပ်တာတွေကို..တွေး လို့ကိုမရပါဘူး....why...why..why???

Accept ကတော့ ..ကိုယ့်ဆီGmailကနေ..တဆင့်တိုးလို့ ခင်သွားရင်တော့..တမျိုးပေါ့လေ...Chattingလုပ်တယ်ဆိုတာ...သိပ်ကိုခင်သွားမှဖြစ်တာပါ..ကိုယ့်ရဲ့gmail list ထဲရှိပြီးသား..Friendsတွေထဲကတောင်..chattingမလုပ်ဖြစ်တာတွေရှိတတ်တယ်..ဟုတ်..း)

နောက်ပြီး..Fwd mailတွေရရင်..လသာညပြေသလို...ဆက်ဝေရမယ်..မဝေရင်ဘာဖြစ်..စတာတွေဆို. Fwdဆက်လုပ်လေ့မရှိဘူး...
အဲ..ကြိုက်လွန်းလို့..ဆက်မျှဝေချင်ရင်တော့...show detailကိုကြည့်လေ့ရှိတယ်..အဟီး..အဲဒီမှာ..ဘာမှမတွေ့ရင်( bcc)..စိတ်ထဲမှာ..တမျိုးပဲ...း)

ူဒါလည်း..ppsအမြင်လေးသာပါ.......

Anonymous said...

u r right.
But i didn't accept all stranger.
If I accepted wrong person, then immediately i deleted.

:)

momiji

အိစံ said...

လသာညရေ..တို့ ကလေ မေးလ်တွေဖတ်လို့ ကောင်းရင် သြူငယ်ချင်းတွေကိုဖတ်စေချင်တယ်.ပထမဆုံး သတိရမိတာက အမကိုပဲ..အဟိ
ချင့် ချိန် ယုံပါ

သိတာလေးကို မျှဝေချင်တော့  forwardဆက်လုပ်အုန်းမှာ..

ဒြါပေမဲ့ ကိုယ် က သတိတရ နဲ့ အမှတ်ရလို့ ပို့ တာဆိုတော့ BCC ကို သဘောမကျဘူး အဲဒီတော့ အမရေ မသိတဲ့ သူကaddလာရင်))))))))))ေ၈ျာင်း

ချစ်တဲ့ .. ညီမငယ်

kiki said...

ကျုပ်ကျက်လိ ကြတာပေါ့ ..
BBC နားထောင်ရင် bcc နဲ့  ပို့ တာ ဘယ်လို ပါလိမ့် လို့  အတွေးချော်သွား မိသေးတယ် .. ဒီ အကြံပြုချက်လေး မဆိုးပါဘူး။
( ရည်းစား စာတွေ ဖေါ်ဝပ် လုပ်ရင် ဒီနည်း သုံးရင်အဆင်ပြေမယ် နော် ..း)) ) ။
တွေ့ သမျှ လူတိုင်းသာ ထိုင်ချက်နေရရင် အလုပ်ပါပြုတ် ပြီး တင်ပါး အသားမာ တက်တော့ မှာ ပဲ နော် ..

rose of sharon said...

bcc ကိုသဘောကျပါတယ်... ကိုယ်ကတော့ အမြဲbusy နေတော့ဒါမျိုးတွေ မကြုံဖူးဘူး... ကိုယ်မသိတဲ့သူဆီကမေးလ်လာရင်လဲ ခေါင်းစဉ်ကြည့်ရုံကြည့်ပြီ delete လုပ်ပစ်လိုက်တာဘဲ

Anonymous said...

ဟုတ်တယ် လသာညရေ။ထားဆီလဲ အဲလို အင်ဘိုက်လာတယ်။မြန်မာပြည်က မောင်ဝမ်းကွဲလေးတွေလား ဆိုပြီး လက်ခံလိုက်တယ်။ပြောကြည့်တော့ မဟုတ်နေဘူး။အဲဒါနဲ့ ဒလိ လိုက်တယ်။ထပ်အင်ဘိုက်တယ်။ထပ်ဒလိတယ်။နောက်ဆုံး လက်လျော့သွားတယ်။လာ မဘိုက်တော့ဘူး။စ တွေ့တွေ့ချင်း ဘာလာမေးလဲ ဆိုတော့ asl?တဲ့လေ။ ဘယ်သိမှာလဲ။ဘာမေးမှန်းကို မသိတာ။ဘာလာရေးတာလဲ ဆိုတော့ အသက်ဘယ်လောက်လဲ။မိန်းမလား ယောကျာ်းလား။ဘယ်မှာနေတာလဲရဲ့ အတိုကောက် စာလုံးဆိုပဲ။ဖြစ်ပုံ အခုခေတ်လူငယ်တွေရဲ့ ခေတ်စကားကို လိုက်မမှီတော့ပါဘူး။ အဘွားကြီးမဟုတ်သေးပေမဲ့ အန်တီလေး အရွယ်ရောက်နေတော့...ဟားဟား...


ထား

လသာည said...

စီဘောက်မှကွန်မန့်လေးများ.
11 Nov 09, 11:19
nyocho: ကျွန်တော့်မှာတော့ g-mailပြဿနာ မရှိဘူး။ မရှိဆို သိပ်ကိုမသုံးဖြစ်တော့ passwardမေ့တာနဲ့ဘာနဲ့

11 Nov 09, 17:13
naingpa: me too.I accepted all of them first but I blocked them later because they asked my age.. haha.

လသာည said...

လသာည၏ သူငယ်ချင်းလေးများ... အခုလို စိတ်ပါလက်ပါ အကြံပေးသွားတာတဲ့အတွက် အားလုံးကို အရမ်းကို (တအားကို) ကျေးဇူးအထူးတင်ပါတယ်လို့... :D

kl said...

ဟုတ်တယ်နော်။ forward mail တွေကြောင့် ဗဟုသုတတွေ ရရှိသလို စိတ်အနှောက်အယှက်တွေလဲ ရပါတယ်၊လသာညပြောသလို...ဆက်ဝေရမယ်..မဝေရင်ဘာဖြစ်မယ်ဆိုတာမျိုးပါသလို၊တခါတလေအလှူခံတောင်ပါသေးတယ်။car accident ဖြစ်လို့၊မွေးကတည်းကတခုခုချို့ယွင်းနေလို့ Operation လုပ်ဖိုစတာတွေပေါ့။ အဲ့လိုမျိုးmail တွေဆိုရင်တော့ဒိုက delete လုပ်ပစ်လိုက်တယ်။ ဖတ်လို့ ကောင်းတဲmailဆိုရင်တော့သူငယ်ချင်းတွေကို forward ပြန်လုပ်တာပေါ.နောက်ဆိုရင်တော့သတိထားမှနော်။ ကျေးဇူးပါ မမလသာညရေ။

မိုးသီတာ said...

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တည်းက အင်တာနက်ကပေးသော gmail add ပြသာနာ များနှင့် နပမ်းလုံးခဲ့ပြီးနောက် (ကိုယ့်ဘာသာကိုယ် ဖျင်းတာပါ။) BCCကို စသိတဲ့ တစ်နှစ်ကျော်တည်းက ဖော်ဝပ်တဲ့ အခါ BCCနှင့် လသာညဆီ ပို့တာပါနော်။..ကိုယ်ကတော့ မေးလ် ပြသနာနဲ့ ဂျီတော့ ပြသာနာတွေ လုံးလုံးမရှိတော့ပါဘူး။ (Invisible လုပ်ထားလို့ :D :D) Facebook တောင် ဒီမနက် Addလာတဲ့ မသိသူတစ်ဦးကို လက်မခံနိုင်တဲ့ အကြောင်း သေချာ ရှင်းပြပို့ပေးပြီးပါပြီ။ FaceBook ကိုပါ သတိထားပါ လသာညရေ။ ဓါတ်ပုံများရှိပြီး အီးမေးလ် လိပ်စာပါ ပေးထားတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်စရာ အီးမေးလ်များကို လက်ခံရရှိ နိုင်တတ်ပါသည်။ အထီးကျန်ခြင်း ဆိုသည်ကို နားလည်နိုင်ပါသည်။ ကိုယ်လဲ ဖြစ်ခဲ့ဘူးသည်လေ။... သို့သော်.. အထီးကျန်တာထက် ပိုပြီး အရှုပ်ကြံချင်တာက များနေခဲ့ပါပြီ။...