Thursday, November 26, 2009

ပုံပြင်များဖြင့်

စိတ်ပညာက အကြောင်းလေးတွေကို ဗဟုသုတအဖြစ် ပြောပြဖို့ စိတ်ကူးရင်းကနေ အခုတလော ကိုယ်နှစ်သက်တဲ့ ပုံပြင်များကိုပဲ ရေးဖြစ်နေခဲ့မိတယ်။ ဒီနေ့တော့ ပုံပြင်အကြောင်းမှ တဆင့် စိတ်ပညာ မိတ်ဆက်လို့လည်း ပြောလို့ရမယ့် ပုံပြင်ဖြင့် စိတ်ကို လေ့လာနည်း ဆိုတာလေးကို ဗဟုသုတ ပေးလိုက်ပါတယ်။

စိတ်ပညာက စကားလုံးအသုံးအနှုန်းတွေက ဘာသာပြန်ရတာ ကျွန်မအတွက် တစ်ခါတစ်လေ တော်တော်လက်ဝင်ပါတယ်။ အင်္ဂလိပ်လို psychologyက မြန်မာလို ဘာသာပြန်တော့ စိတ္တဗေဒဖြစ်နေတာသာ ကြည့်ပါ၊ စာသားတွေကို ကျောင်းတက်တုန်းက အင်္ဂလိပ်လို သင်ရတော့ အင်္ဂလိပ်လိုပဲ မှတ်ခဲ့တယ်။ ဂျပန်ရောက်တော့ ဂျပန်လိုပဲ မှတ်ဖို့ လုံးပမ်းရင်း မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာအားနည်းတဲ့သူ (ကျွန်မအတွက်) ဘာသာပြန်ရတာ ပိုပိုဆိုးလာခဲ့တယ်။ ဒါကြောင့်လည်း ဟိုတလောက ဘလော့ဂါမိတ်ဆွေတစ်ယောက်က ၀င်ကူပြီး ရှင်းပြပေးရတဲ့အထိဖြစ်သွားတယ်..:D

စိတ်ပညာလေ့လာရတာကို ကျွန်မ အရမ်းကို သဘောကျမိတယ်။ စိတ်ပညာလို့ ပညာရပ်တစ်ခုနဲ့ သုံးနှုံးနေရပေမဲ့ သိပ်ပြီးနားမလည်နိုင်အောင် ခက်တဲ့၊ အလှမ်းဝေးတဲ့ ဘာသာရပ်တစ်ခုတောင် မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ရင်ထဲက မမြင်နိုင်တဲ့ အတွေးတွေကို အကဲခတ်ပြီး စိစစ်တဲ့ ဘာသာရပ်လို့ ပြောရင်တောင် မမှားနိုင်ဘူးထင်ပါတယ်။

အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့၊ မြင်လည်း မမြင်နိုင်တဲ့ လူရဲ့စိတ်ကို လိုက်တိုင်းတာဖို့ဆိုတာ သိပ်တော့ မလွယ်လှဘူးပေါ့။ ဒီတော့ စိတ်ပညာရှင်တွေက မြင်သာတဲ့ အမူအရာတွေ၊ သူမက်တဲ့ အိပ်မက်တွေ၊ သူ့ဘ၀ရဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေ၊ အခက်အခဲတစ်ခုခု ကြုံရင် တုန်ပြန်တတ်ပုံ အကျင့်စရိုတ်တွေ စသည့်တို့က တဆင့်လေ့လာပြီး လူတစ်ယောက်ရဲ့ လက်ရှိစိတ်အနေအထားကို အကဲဖြတ်ပြီး၊ အနာဂတ်ဖြစ်လာနိုင်တဲ့ သူ့စိတ်ကို ပုံဖော်ကြတာပေါ့။

မဟာစစ်ဘုရင်ကြီး နပိုလီယန်တစ်ယောက် အဆိပ်သောက်သေလိမ့်မယ်လို့ စိတ်ပညာရှင်တွေက ကြိုတင်ခန့်မှန်းနိုင်ခဲ့ကြတယ်။ သူ့မှာ ဒွိကိုယ်ရည်သွေးရှိနေပြီး၊ အများအမြင်မှာ ခက်ထန်နေသော စစ်ဘုရင်ကြီးဖြစ်ပေမဲ့ တနေရာရာမှာ သူဟာ အားငယ်ကြောက်ရွံသူဖြစ်နေခဲ့တယ်။ အဲဒါကို ဖုံးကွယ်ဖို့အတွက် လူများစွာကို သူသတ်ခဲ့တာပါလို့ စိတ်ပညာရှင်တွေက ဆိုခဲ့ကြတယ်။

ကျွန်မ ဆယ်တန်းအောင်စက စိတ်ဝင်စားတာက ဓါတုဗေဒပါ။ ဒါနဲ့ ဓါတုဗေဒအထူးပြုနဲ့ တက်ခဲ့တဲ့ ၄နှစ်တာကာလအတွင်း ဓါတုဗေဒကို စိတ်ဝင်စားမိတာ အိပ်လည်းဒီစိတ်၊ စားလည်း ဒီစိတ် ဆိုရအောင်ပါ။ မဟာဆက်တက်ဖို့ အခွင့်အရေးရခဲ့ပေမဲ့ အိမ်ရဲ့စီးပွားရေး အခြေအနေကြောင့် ဆက်မတက်ခဲ့ရဘူး။ ဒါပေမဲ့ ဓါတုဗေဒကိုတော့ အရမ်းကို စွဲလမ်းခဲ့ပါတယ်။ ဓါတ်ခွဲခန်းထဲမှာ ဒီပစ္စည်းနဲ့ ဒီအရည်ရောရင် ဒီအရောင် ပြောင်းသွားတယ်၊ ပမာဏလျော့ထည့်ရင် ဒီအရောင်ဖြစ်တယ်ဆိုတော့ အချိန်တိုင်း labကိုပဲ သွားချင်နေခဲ့တယ်။ Labထဲမှာ စမ်းသပ်မှုမျိုးစုံကို ကိုယ်တိုင် ကာလာစုံဖန်တီးရင်း အရမ်းကို ပျော်ခဲ့တယ်။

နောက်ပိုင်း ပညာရေးတက္ကသိုလ်ကို တက်ဖြစ်တော့ တွဲဖက်သင်ရတဲ့ စိတ်ပညာကို နှစ်သက်မိသွားပြန်တယ်။ စိတ်ပညာပါမောက္ခဆရာကြီးက ပြောတယ်။ သမီး လောကမှာ စိတ်ပညာဟာ ကုန်ကြမ်းလွယ်သလောက် တိုင်းတာဖို့ ခက်တယ်တဲ့။ ဘာကြောင့်လဲဆိုတော့ စိတ်ကို လေ့လာဖို့ အတိကျဆုံး formula မရှိလို့တဲ့။ ဓါတုဗေဒမှာ ပစ္စည်းတစ်ခုဖြစ်ဖို့ ပေါင်းစပ်ပစ္စည်းတွေကို ဖော်မြူလာအတိုင်း အတိအကျ တွက်ထုတ်လိုက်ရင် သေချာပေါက် အဲဒီအတိုင်း ရအောင်ထုတ်နိုင်ပေမဲ့ လူ့ရဲ့စိတ်ကိုကျ အဲလိုလေ့လာလို့ မရဘူး။ ဒီ formula သင်နည်းအတိုင်း လေ့ကျင့်သင်ပေးရင် ဒီလို လူစားတွေပဲဖြစ်ကို ဖြစ်ရမယ် မပြောနိုင်ဘူးလေ။ အမျိုးမျိုးထွက်လာတယ်။

ကျောင်းသားရဲ့ စာကြိုးစားလိုစိတ်ကို လေ့လာဖို့အတွက် ထိုကျောင်းသားတွေကို ခက်ခဲ့တဲ့ ပုစ္ဆာတစ်ပုဒ်ကို ပေးပြီး ဆန်းစစ်ကြည့်လိုက်ရင်ပဲ အဖြေက မြင်သာနေပါပြီ။ တချို့က အဖြေမရရအောင်တွက်တယ်။ တချို့က အလွယ်သူများဆီက ကူးချတယ်။ တချို့က တွက်ကို မကြည့်ပဲ လက်လျော့ပြီး ဆော့နေမယ် စတဲ့ တုန်ပြန်မှုအမျိုးမျိုးကို တွေ့ရတယ်။ (တခြားအချက်တွေဖြစ်တဲ့ သူ့ရဲ့စိတ်ဝင်စားမှုဘာသာရပ်ဖြစ်မှု၊ ထိုကျောင်းသားရဲ့ လက်ရှိစိတ်အနေအထားပေါ်မှာလည်း မူတည်နေသေးတယ်။) နောက်ပြီး စာကြည့်နေသူရဲ့စိတ်ဟာ စာထဲမှာပဲ ရှိနေမယ်လို့လည်း ခန့်မှန်းလို့မရဘူးလေ။ အဲဒီလို ပုံသေတွက်လို့မရတဲ့ လူစိတ်ကို အကဲဖြတ်လေ့လာရတာ နည်းလမ်းမသိရင် အရမ်းကို ခက်လှပါတယ်။

စိတ်ပညာရှင်တွေက လူစိတ်ကို. အနီးစပ်ဆုံးတော့ ခန့်မှန်းလို့ရအောင် စိတ်အကဲခတ်နည်း -နည်းလမ်းတွေ အများကြီး တည်ထွင်ထားပါတယ်။ (ရှည်မှာစိုးလို့ အကုန်မရေးတော့ဘူး)။ အဲဒီထဲက နည်းလမ်းတစ်ခုကတော့ ပုံပြောပြီး အကဲဖြတ်နည်းဆိုတာ ရှိပါတယ်။ လူတွေစိတ်ကို လေ့လာကြည့်ချင်ရင်၊ သိချင်ရင် ပုံပြင်ပြောကြည့်တဲ့..။ အဲဒီပုံပြင်ပေါ်ကို နားထောင်သူက ဘယ်လိုသုံးသပ်သလဲဆိုတာကို ကြည့်ပြီး သူရဲ့ စိတ်နေသဘောထားကို ခန့်မှန်းလို့ ရလို့ပါ။

အနီးစပ်ဆုံး ဥပမာတစ်ခုကို ပြောပြရရင် အများနှစ်သက်လေးစားတဲ့ နာမည်ကြီးဘလော့ဂါတွေကို ပုံပြောသူအဖြစ် မြင်ယောင်ကြည့်ပြီး သူ့ဆီမှာ တွေ့ရတဲ့ ကွန်မန့်တွေကို လေ့လာကြည့်လိုက်ပါ။ ဘလော့ပိုင်ရှင်ရေးတဲ့ အကြောင်းအရာအမျိုးမျိုးအပေါ် လာဖတ်သူအချို့က ကွန်မန့်လေးတွေ ထားခဲ့ကြတယ်။ အားပေးသူများတော့ ကွန်မန့်တွေလည်း အများကြီးတွေ့ရလိမ့်မယ်။ စိတ်ဝင်စားစရာ ဘာသွားတွေ့လဲဆိုတော့ တချို့က “စိတ်ဝင်စားစရာကောင်းတယ်ဗျို့၊ ဘာလေးတော့ သိသွားပြီ၊ ဘာကတော့ မသိဘူး”စသည် ရေးတတ်တယ်။ တချို့က ကျေးဇူးတင်စကား၊ ချီးကျူးစကားကို ပြောတတ်တယ်။ တချို့က ပုံပြင် (ပို့စ်အကြောင်း) နဲ့ မဆိုင်သော တခြားအကြောင်းလေးတွေ ရေးတတ်တယ်။ တချို့ကကျတော့ ပုံပြင်ထဲက သူနားမရှင်းတာကို ပြောတတ်တယ်။ တချို့က ပုံပြင်ထဲက လိုတာလေးတွေကို ဖြည့်စွက်ပြောပြတတ်တယ်။ တချို့ကတော့ အပြစ်ရှာပြီး ဝေဖန်ပြောပြတတ်တယ်။

အဲဒီကွန်မန့်လေးတွေဟာ လူတစ်ယောက်နဲ့တစ်ယောက်မတူတဲ့ ကွဲပြားချက်လေးတွေပါ။ တချို့ကွန်မန့်ပေးတဲ့သူတွေရဲ့ စကားတွေကို စိတ်ဝင်စားတာမို့ တခြားဘလော့တွေမှာ သူဘယ်လိုပေးသွားသလဲ သတိထားကြည့်မိတယ်။ ဘလော့တော်တော်များများမှာ ဖတ်ရှုမိလိုက်ရင် နည်းနည်းတော့ သူရဲ့စိတ်နေစိတ်ထားကို ခန့်မန်းလို့ရလာသလိုပဲ။

အဲဒီကနေတဆင့် ကွန်မန့်ပေးသူတွေဟာ ဘယ်လိုလူစားမျိုးလဲ? လေ့လာခန့်မှန်းကြည့်ရင် အမျိုးမျိုးတွေ့ရလိမ့်မယ်။ စိတ်ထက်တဲ့သူ၊ စိတ်အားငယ်တတ်သူ၊ မဟုတ်မခံစိတ်ရှိသူ၊ ပွင့်ပွင့်လင်းလင်းရှိသူ၊ ခင်မင်စိတ်နဲ့ အမြဲအားပေးသူ၊ စာပေကို အလေးအနက်ထားဖတ်ရှုသူ၊ ဟာသဥာဏ် ရှိသူ၊အကောင်းမြင်တတ်သူ၊ အပြစ်မြင်တတ်သူ၊ ကလေးဆန်သူ (အသက်ငယ်လို့ ကလေးဆန်တာကို ပြောတာမဟုတ်ပါ)၊ စိတ်ထားရင့်ကျက်သူ စသည်ဖြင့် အမျိုးမျိုး တွေ့ရှိခန့်မှန်းလို့ ရလောက်တယ်။ 

ဒါက လူအများကြီးကို စုလေ့လာတာဖြစ်နေတော့ အမျိုးမျိုးဖြစ်နေတာ ဘာဆန်းလဲလို့ ပြောစရာရှိပေမဲ့ လူတစ်ယောက်တည်းရဲ့စိတ်ကိုပဲ နေ့စဉ်စောင့်ကြည့်ရင် လေ့လာသိရှိနိုင်တယ်တဲ့။ ကွန်မန့်ရေးသူရဲ့ စကားလုံး အသုံးအနှုန်းကနေတဆင့် သူ ဒီနေ့ ပျော်နေသလား၊ စိတ်ညစ်နေသလား၊ အားငယ်နေသလား စသည့်ကို သိရှိနိုင်တယ်။ ကွန်မန့်ပေးသူကိုချည်းပြောနေတော့ ရေးသူကရော? ဟုတ်တယ်။ ရေးသူကိုလည်း လေ့လာလို့ရတယ်။ သူရေးသွားတဲ့ ပို့စ်အကြောင်းအရာ၊ စကားလုံးအသုံးအနှုန်း၊ အဖြတ်အတောက်ကို ကြည့်ပြီး သူ ပျော်နေသလား၊ ပုံမှန်လား၊ စိတ်ညစ်နေသလား၊ လတ်တလော ဘာကို တွေးနေသလဲ၊ လတ်တလော ဘာကိုပေးချင်နေသလဲ စသည်ကို သိရှိနိုင်တယ်။

ဒါဆိုရင် ကိုယ့်ကိုယ့်ကိုရော လေ့လာလို့ မရဘူးလား။ အဲလိုပြောတော့ ကိုယ့်ကိုကိုယ် သိပြီးသား ဘာလေ့လာစရာရှိသလဲလို့ မေးစရာရှိပေမဲ့ ကိုယ့်ကိုကိုယ် မသိတာတွေ အများကြီးရှိနိုင်ပါတယ်။ တခါတခါ ကိုယ့်ဘာသာအလိုမကျတဲ့အတွက် ကိုယ့်ကိုယ်ကို သတိမထားမိပဲ မျက်မှောင်ကုတ်ပြီး လေသံက မာနေတတ်တယ်။ ဒါမှမဟုတ် အားငယ်တဲ့အမူအရာတွေ ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်ကလူတွေက ကိုယ့်မျက်နှာနဲ့ အမူအရာကတဆင့် ကိုယ့်စိတ်ကို လေ့လာမိသွားရာက ကိုယ့်ကိုလာအားပေးတာမျိုး ကြုံဖူးကြမှာပါ။

ဒါကြောင့် စိတ်ပညာဆိုတာ တကယ်တော့ ခက်ခဲနက်နဲတဲ့ ပညာရပ်တော့ မဟုတ်ပါဘူး။ နည်းလမ်းတွေကလည်း သမရိုးကျပါပဲ။ တကယ်တော့ နေစဉ်ထိတွေနေတဲ့ လူ့ပတ်ဝန်းကျင်ကို၊ နောက်ပြီး ကိုယ့်ကိုယ့်ကို လေ့လာရင်း တတ်သွားနိုင်ပါတယ်။ စိတ်ပညာကို တတ်မြောက်ခြင်းဖြင့် လက်တွေ့ အကျိုးကျေးဇူးတွေ အများကြီးရှိပြီး၊ စိတ်ကို အခြေခံပြီးဖြစ်တဲ့ ရောဂါတွေကို ကုသပျောက်ကင်းစေနိုင်တယ်၊ လူမှုဘ၀တွေကို အများကြီးကူညီနိုင်တာတွေ ရှိပါတယ်လို့ စိတ်ပညာကို မိတ်ဆက်ပေးလိုက်ပါတယ်...။

လသာည ဖြစ်ပါတယ်။

မှတ်ချက်...။ ။။ ပျင်းမှာစိုးလို့ ပုံတွေကို ဖောဖောသီသီကို သုံးထားတယ်။ google.co.jpက ရှာတာပါ။
နောက်.. အဟဲ တောင်းပန်ဦးမယ်။ ဒီထဲမှာ ရေးတဲ့ ကွန်မန့်ရေးသူများဆိုတာ နာမည်ကြီးတဲ့ ဘလော့တွေမှာ ရေးတဲ့ ကွန်မန့်ရေးသူတွေကို ပြောတာသိလား၊ ပုံပြောခြင်းဖြင့် စိတ်ကိုအကဲခတ်ခြင်းနည်းကို ဥပမာပေးတာသက်သက်နော်။ ဒီဘလော့မှာရေးတဲ့ ကွန်မန့်သူတွေကို မဆိုလိုဘူးရယ် :P ။ အဲတော့ အရင်အတိုင်း လွတ်လွတ်လပ်လပ်ပဲ ဆက်ရေးပါ ရတယ်။ လသာညက ဥပမာသာပြောပြတာ လေ့လာအကဲဖြတ်တာမျိုး သိပ်မတတ်ပါဘူးလို့ ။နော်... အမှားရှိရင် ခွေးလွှတ်ပါ\(^=^)/

7 comments:

Anonymous said...

u right.

then, how do u think about my mind???

:D

plz guess.
if ur guess is right, i ll give u a present.

:D

momiji

မိုးသီတာ said...

ဖြတ်တာလဲဖြတ်။ စာလုပ်တာလဲ လုပ်ဦးနော်။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် သဘောကျတာ တစ်ခုက စိတ်ဝင်စားသော အရာများ နည်းပါးလာခြင်းပဲ။ စိတ်ဝင်စားသော အရာတွေကိုက လေးလေးနက်နက် စိတ်ဝင်စားလာပါတယ်။ ၀ါသနာနဲ့ အလုပ်နဲ့ ကိုက်တာ ဘုရားပေးတဲ့ ဆုပါ လသာညရေ။ ၀တရှိတော့ ၂၀၀၁ ထဲက ဖူးစာဖက်ခဲ့ရတဲ့မေဂျာကို ခုထက်ထိ ချစ်လို့ မရသေး။ တာဝန်သာ ကျေနေရတာ။

Anonymous said...

How about me who never left name whenever making comment your post? ;D

This post is also simple and interesting. I'd like to hear your comments for those commentators who wrote comments on so called famous bloggers ;) seriously;)

Your Myanmar language is more than good enough for me. I guess your English and Japanese is also good. Most importantly, you can clearly write in every post for what you wanna give to readers.

Have a nice day!

မိုးသီတာ said...

အယ်။ သတိပေးချင်တာ တစ်ခုရှိသေးတယ်။ There'r only 2types of people on the world. The one that entertains; the one that observes. တဲ့။ သူများကိုကြည့်တာက အလုပ်သဘောအရပဲ ကြည့်ဖို့ဆိုတာလဲ မမေ့ဘို့ရယ်။ အဲ--- အဲ။ ကျန်တာကတော့ တီချယ် က တီချယ် ဆိုတော့ တီချယ်ရယ်။ :D :D

လသာည said...

အင်းးးး :D
ကျေးဇူးတင်ပါတယ်။
မိုမိဂျိရေ...အာရိကတိုး။ မိုးမိဂျိရဲ့စိတ်ထားကို မိုမိဂျိ ကိုယ်တိုင်ပို့စ်ထဲမှာ ပြောပြီးသားကို။ သိနေတာပေါ့လို့။ :D ထပ်ပြောရမှာလား..

မိုးရေ... ကျေးဇူးတင်ပါတယ်။ ငါလည်း ဖြတ်နေတယ် ကော်ဖီတခွက်နဲ့ တခွက်ကြားကို။ ဓါတုဗေဒနဲ့ စိတ်ပညာက ငါ့ရဲ့ အနှစ်သက်ဆုံးဘာသာရပ်တွေလေ။ အဲဒါကို တိုက်တိုက်ဆိုင်ဆိုင် အခုလေ့လာခွင့်ရနေတော့ ဘယ်လိုပြောရမလဲ။ အခုထိ ကံကောင်းနေတယ်ထင်ပါတယ် :P

အနောနိမတ်စ်ရေ... နာမည်မပြောပေမဲ့ သိနေတယ်လေ ယုံလား:ဘယ်လိုသိလဲ လာမေးနဲ့ ဖြေနိုင်ဘူး :P ချီးကျူးတာကို ကျေးဇူးးး။
..(I'd like to hear your comments for those commentators who wrote comments on so called famous bloggers ;) seriously;) )..အဲဒါတော့ အနောလည်း ခန့်မန်းတတ်နေတာကို ထပ်ပြောစရာလိုသေးလို့လား :P

နောက်ပြီး တို့ရေးသမျှ ကွန်မန့်ကိုလိုက်ဖတ်နေတယ်လို့ ပြောတဲ့ အိစံ... အခုထိ လသာညကို လေ့လာလို့မပြီးသေးဘူးပေါ့လေ..။ အနားမှာ ဒီလောက်နေလာပြီး အခုထိ နားမလည်သေးဘူးပေါ့ ဆက်လုပ်ရဲဘော်။ ဆက်လုပ် :D

မယ့်ကိုး said...

မယ်လည်း စိတ်ပညာအရမ်းစိတ်ဝင်စားတာ ငယ်ငယ်လေးထဲက။
စိတ်ပညာဘာသာရပ်ကို diploma လေးရအောင် အသေးစိတ်လေ့လာချင်ပေမယ့် ဒီမှာ ဈေးကြီးလို့ ...
မယ်လည်း ဘယ်အမျိုးအစားထဲမှာ ပါလဲ ပြောပြနော် ချစ်မလေး :P

pps said...

လသာည..ဒီပုံပြင်မကြိုက်ဘူး...ပုံပြင်ပြောင်းပြော...ဟဟ
comment ပေးရမှာတောင်..တွန့်သွားပြီ...အဟဲ
I somehow agree to guess mind through comment. But, not really!!!!
Btw, comment is comment whatever blog it is ( famous or not).