Tuesday, November 24, 2009

နပန်းသမားတစ်ယောက်ရဲ့ ရင်ထဲမှာ

သူ့နာမည်က အာဆရှောယူ (Asashōryū), မြန်မာလို “မနက်ခင်းရဲ့ အပြာရောင်ဂဠုန်”, လို့ခေါ်ပါတယ်။ သူဟာ မွန်ဂိုလီယန်းလူမျိုးဖြစ်ပြီးတော့ မွန်ဂို နပန်းသမား မျိုးနွယ်မိသားစုကနေ ပေါက်ဖွားလာသူပါ။ နောက်ပြီး သူက ဂျူဒိုသင်တန်းကိုလည်း တက်ဖူးတယ်။ ဂျပန်ကိုလာခါစက သူက exchange studentအနေနဲ့လာခဲ့တယ်။ နောက်ပြီးဆူမိုကလပ်မှာ သင်တန်းတက်တယ်။

သူ ၁၉နှစ်သားမှာ စပြီး ဂျပန်နပန်းသမား ပြိုင်ပွဲ (sumo) ကို စတင်ဝင်ရောက်ခဲ့တယ်။ သူဟာ တခြားဆူမိုတွေလို ခန္တာကိုယ်ကြီးမားသူတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ အလေးချိန် ၂၀၀ကီလိုပတ်ဝန်းကျင်ရှိတဲ့ ဆူမိုတွေကြားမှာ သူက ကီလို ၁၂၀ပဲ ရှိပြီး အရပ်လည်းပုသူ၊ ကျစ်လစ်သေးငယ်တဲ့ ဆူမိုတစ်ယောက်ဖြစ်ခဲ့တယ် (အခုတော့ ၁၄၈ ကီလိုရှိသွားပြီ)။
ဒါပေမဲ့ သူရဲ့ ဆူမိုပညာက အံမခန်းအောင်တော်လွန်းတယ်။ တဖက်လူကို နိုင်ယူဖို့အတွက် မြန်တယ်။ ဗျူဟာကြွယ်တယ်။ စိတ်ဓါတ်မာတယ်။ ၁၉၉၉မှာ ဆူမိုလောကကို စ၀င်ပေမဲ့ ၂၀၀၀ခုနှစ်မှာ သူဟာ နာမည်ကြီးလာခဲ့တယ်။ ဆူမိုရဲ့ အငယ်တန်း၊ အကြီးတန်းစတာတွေကို တရှိန်ထိုး ဖောက်ထွက်ခဲ့ပြီး၊ အသက် ၂၀မှာ ဆုတွေကို အများကြီးရနေခဲ့တယ်။ ၂၀၀၂ ခုနှစ် နိုဝင်ဘာပွဲစဉ်ကစလို့ သူဟာ ချန်ပီယမ်ဖြစ်လာခဲ့ပါတယ်။ ချန်ပီယမ်စရတော့ သူအသက်က ၂၂နှစ်...။

အဲ..တဖက်က ဆူမိုပညာမှာအောင်မြင်နေသလို အလယ်တန်းကျောင်းသားဘ၀က ချစ်ကြင်နာခဲ့သူ ချစ်သူလေး Tamirကိုလည်း ၂၀၀၂ ခုနှစ်မှာ လက်ထပ်ယူခဲ့တယ်။ Tamirက မွန်ဂိုလူမျိုး သူကြွယ်သမီးတစ်ယောက်ဖြစ်ပြီး ဂျာမဏီမှာ ကျောင်းပြီးခဲ့တယ်။ မွန်ဂိုမှာတင်မကဘူး၊ ဂျပန်မှာပါ လက်ထပ်ပွဲကို ခမ်းခမ်းနားနား ကျင်းပခဲ့တယ်။ သူတို့ ဇနီးမောင်နှံတော်တော်ပျော်ခဲ့ပါတယ်။

တချိန်က ဆူမိုနပန်းသမားလေး အာဆရှောယူကနေ အခုဆိုရင် သမ္ဘာရင့်ဆူမိုနပန်းသမားအဖြစ် နာမည်ကြီးပြီး သမိုင်းမှာ သူလောက် နှစ်ရှည် ဆူမိုချန်ပီယမ်ဖြစ်သူ မရှိသေးပါဘူး။ ၂၀၀၃-ခုနှစ်ကစပြီး ယခု ၂၀၀၉-ခုနှစ်ထိ ဆက်တိုက် ချန်ပီယမ် ရာထူးက လျော့ကျမသွားခဲ့ဘူး။ ဆုတွေဆိုတာလည်း မနည်းတော့ဘူး။ ဒါဆို သူဘ၀ဟာ ပြည့်စုံပျော်ရွင်နေပြီလို့ ကောက်ချက်ချရင်တော့ လုံးဝမှားသွားပါလိမ့်မယ်။

အသက် ၂၂ နှစ်သားနဲ့ ချန်ပီယမ်ဖြစ်လာသူ အာဆရှောယူမှာလည်း ရင်ထဲမှာ ဒဏ်ရာတွေဗလပွပါ။ ငယ်ရွယ်သူတို့ထုံးစံအတိုင်း ပြိုင်ဖက်ကို သူနိုင်လို့ ၀မ်းသာစွာအော်ဟစ်မိရင် သူ့ကို “စာနာစိတ်မရှိသူ”လို့ ဝေဖန်ခံရတယ်။ အများအားဖြင့် ပြိုင်ပွဲဆိုတာ ရှုံးသူနဲ့ နိုင်သူ နှစ်ယောက်ပဲ ရှိပေမယ့် သူက ချန်ပီယမ်ဆွတ်ခူးဖို့အတွက် ၁၄ ကြိမ် ၁၄ ယောက်နဲ့ ပြိုင်ရတာပါ။ ၁၄ ကြိမ်ပြိုင်လို့ အမှတ်အများဆုံးနဲ့ နိုင်မှ (ဥပမာ ၁၄ပွဲလုံးနိုင်၊ ဒါမှမဟုတ် ၁၃ပွဲနိုင် တစ်ပွဲရှုံး) ချန်ပီယမ်ဖြစ်ခွင့်ရတာပါ။ တစ်နှစ်မှာ ၆ကြိမ်ပြိုင်ရတယ်။ ဒီတော့ တနှစ်ထဲမှာ ၈၄ ကြိမ်ပြိုင်ရတာဖြစ်ပါတယ်။ ကာလကြာလာတော့ သူ့ကို ရှုံးသူကရှုံးလို့၊ (ပြိုင်ပွဲအရ အချင်းချင်း တွန်းတိုက်ရင်း) အနာတရဖြစ်သူ ဖြစ်ကြတဲ့အခါ အမြဲခံရသူတွေက မုန်းလာပြီပေါ့။ ဒီတော့ ထုံးစံအတိုင်း သူ့ကို မလိုသူများလာခဲ့တယ်။

ဆူမိုမပြိုင်ခင် လက်ခမောင်းခက်တာချင်းအတူတူ ချန်ပီယမ် အာဆရှောယူ လက်ခမောင်းခတ်ပုံက မာန်တက်နေသလိုပဲလို့ သတင်းဌာနာတွေက ဝေဖန်ကြတယ်။ ချန်ပီယမ် အာဆရှောယူများ တစ်ရက်တစ်လေ ရှုံးသွားရင် ၀မ်းသာစွာ အော်ဟစ်သံတွေတောင် ကြားရတယ်။ လူငယ်ပီပီ မခံချင်စိတ်ကြောင့် အာဆရှောယူရဲ့ မျက်နှာဟာ တဖြည်းဖြည်း ခက်ထန်လာခဲ့တယ်။

သတင်းဌာန တချို့ကဆိုရင် အာဆရှောယူကြောင့် ပြိုင်ဖက်များနာသွားခဲ့ရင်၊ နိုင်သွားတဲ့အာဆရှောယူကို ချီးကျူးစကား ပြောဖို့ထက် ပြိုင်ဖက်ကို နာစေတဲ့အတွက် အပြစ်တင်လိုစိတ်နဲ့ အကြိမ်ကြိမ် ပြန်ပြပေးတတ်တယ်။ ပြိုင်ပွဲတစ်ခု ပြိုင်ပြီဆိုရင် သူသူကိုယ်ကိုယ် အနည်းအကျဉ်းတော့ အနာခံရတာချည်းပေမဲ့ အာဆရှောယူ ကတော့ စိတ်ဓါတ်ပြင်းသူပီပီ ညည်းညူမပြခဲ့တာကြောင့် သူဒဏ်ရာတွေရလည်း လူတွေ သိပ်မသိလိုက်ကြပါဘူး။ သူဘာသာ အံကြိတ်ခံလို့ နောက်တနေ့ပွဲကို ကြိုတင်ပြင်ဆင်တတ်တာ သူ့အနားနေတဲ့ သူနောက်လိုက်လူတွေကပဲ သိခဲ့တယ်။

အောင်မြင်မှုနဲ့အတူ ရရှိလာတဲ့ ပြစ်တင်ဝေဖန်မှုတွေကြားထဲမှာ စိတ်ဖိအား တင်းကျပ်မှုတွေများလာတဲ့ အာဆရှောယူဟာ သူ့အမျိုးသမီးနဲ့လည်း အဆင်မပြေဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ သူ့သမီးနဲ့ သူ့သားကို လက်ဆွဲပြီး Tamir အိမ်ပြန်သွားခဲ့တယ်။ ဝေဖန်ကောင်းချိန်ဆိုတော့လည်း “အာဆရှောယူကြောင့် အိမ်ထောင်ကွဲရတာဖြစ်တယ်”လို့ နေစဉ် သတင်းစာတွေမှာ ခေါင်းစဉ်ကြီးတွေနဲ့ ရက်ဆက်ပါခဲ့တယ်။ အဲဒ်ီအကြောင်း အင်တာဗျူးလာဗျူးသူကို အာဆရှောယူက “ဘာကြောင့် ခင်ဗျားတိုတတွေ သူများအကြောင်းကို ဒီလောက် စိတ်ဝင်စားနေကြသလဲ”လို့ ပြန်ပြောခဲ့တဲ့အတွက် သူဟာ ရိုင်းစိုင်းသူအဖြစ် ထပ်မံနာမည်ကြီးသွားပါတယ်။

အိမ်ထောင်ရေး မပြေလည်တဲ့ အာဆရှောယူတစ်ယောက် စိတ်ထိခိုက်သွားကြောင်း နှုတ်ကသာ ထုတ်ဖော်မပြောသော်လည်း သူခံစားနေတာကို သူ့အနားက လူတိုင်းသိကြတယ်။ အဲဒီအတွက် ရလာဒ်က ပြိုင်ပွဲတစ်ချို့မှာ သူရှုံးခဲ့တယ်။ သူရှုံးတိုင်း လူတွေက ၀မ်းသာအားရ လက်ခုပ်တီးကြတယ်။

နောက်ပိုင်း စိတ်ဒဏ်ရာတစ်ချို့နဲ့ ဘယ်လက်တခြမ်း ဒဏ်ရာကို ကုသဖို့ဆိုပြီး သူနယ်မြေ မွန်ဂိုနိုင်ငံကို အလည်အဖြစ် သူပြန်ခဲ့တယ်။ သူ့နယ်မြေရောက်တော့ ငယ်စဉ်က သူငယ်ချင်းအချို့နဲ့ စိတ်ပြေလက်ပျောက် တွေ့ဆုံကြရင်း သူတို့နဲ့အတူ ဘောလုံးဝင်ကစားရာမှာ နောက်ထပ်ပြဿနာထပ်တက်ပါတော့တယ်။ “ဆူမို ချန်ပီယမ်က ပြိုင်ပွဲကို အနားယူပြီး ဘောလုံးကစားခြင်းသည် အပြစ်ဖြစ်သည်။ ပြိုင်ပွဲက ထုတ်ပါ” လို့ ဂျပန်ကလူတစ်ချို့က ဆန္ဒပြကြတယ်။ တချို့ကလည်း “အဲဒီကောင်က ငွေကုန်ရင်ပြန်လာမှာ၊ ဂျပန်ဆူမိုပွဲကြောင့် ငွေရနေတဲ့သူက ကြီးကြီးကျယ်ကျယ် လုပ်နေတယ်”လို့ တီဗွီနဲ့ တခြားမီဒီယာတွေကနေတဆင့် ပြစ်တင်ရှုတ်ချကြပါတယ်။

သူရဲ့ မိဘနဲ့ ဆရာက တောင်းပန်ပေးတဲ့အတွက် သူဟာ ဆူမိုနပန်းပြိုင်ပွဲကို ပြန်လာခွင့်ရခဲ့ပါတယ်။ သူက သူကိုချစ်တဲ့ ဂျပန်လူမျိုး အိုတိုးစံကို ရင်ဖွင့်ခဲ့တယ်။ “ကျွန်တော်မှာ လွတ်လပ်စွာ အပန်းဖြေခွင့် မရှိဘူးလားဗျာ”လို့ ပြောတော့ အိုးတိုးစံက “အဲဒါ မင်းက သိပ်တော်နေလို့ ဝေဖန်ခံရတာပါ သားရယ်”လို့ မျက်ရည်ကျခဲ့တယ်။

၂၀၀၈ ခုနှစ်ထဲမှာ သူ့ကို ဆူမိုဘ၀က အနားယူရတော့မယ့်သူလို့ အားလုံးက မှတ်ချက်ပေးလာကြတယ်။ ပြိုင်ပွဲသမားတစ်ယောက်ရဲ့ အားက ပရိတ်သတ်ရဲ့ လက်ခုပ်သံမဟုတ်ပါလား။ လက်ခုပ်သံကို မျှော်လင့်သူ သူ့အတွက် ရှုတ်ချသံ၊ ပြစ်တင်သံနဲ့ သူဘယ်လိုလုပ်ပြီး ဆက်လက်ရှင်သန်ရမှာလဲ..။ ဒါပေမဲ့ စိတ်မာသူ အာဆရှောယူကတော့ ဆက်လက်ယှဉ်ပြိုင်နေခဲ့တယ်။ လူမှုရေးလုပ်ငန်းကိုလည်း သူလုပ်တယ်။ မွန်ဂိုကနေ ကလေးတွေကို သူပိုက်ဆံနဲ့ ဆပွန်ဆာပေးပြီး ကျောင်းထားပေးတယ်။ ပြီးရင် ထူးချွန်သူကို ဆုပေးဖို့အထိ သူစီစဉ်နေပါတယ်။

၂၀၀၉ -ခုနှစ်ထဲမှာလည်း ဆူမိုချန်ပီယမ်ပါပဲ။ ပြီးခဲ့တဲ့ ပွဲစဉ်တုန်းကဆိုရင် ပရိတ်သတ်အများစုက အာဆရှောယူရဲ့ ပြိုင်ဖက်တွေကို အားပေးနေသံတွေ ဆူညံနေစဉ်မှာပဲ အာဆရှောယူက ထိုပြိုင်ဖက်များကို တစ်ယောက်ပြီး တစ်ယောက်ကို လှပစွာ အနိုင်ယူခဲ့ပါတယ်။ ဆုတံဆိပ်ကို ယူပြီးနောက် သူက သူမိတ်ဆွေတွေကို ဒီလိုပြောပါတယ်။

“အခု ကျွန်တော်သိသွားပြီ။ အများရဲ့ လက်ခုပ်သံကို ရဖို့ ကျွန်တော် ကြိုးစားတာမဟုတ်သလို၊ ပြစ်တင်ရှုတ်ချသံကြောင့်လည်း ကျွန်တော့်အစွမ်းအစ ဆုတ်လျော့သွားစရာမရှိပါဘူး။ ဘယ်ပြိုင်ဖက်ကိုမှ ကျွန်တော်မမုန်းဘူး။ ဆူမိုပွဲမှာ ဆူမိုတစ်ယောက်အနေနဲ့ ကျွန်တော့်လုပ်စရာရှိတာ ကျွန်တော်လုပ်မယ်။ ဆူမိုအားကစားကို ကျွန်တော်လုပ်နိုင်သ၍ ကျွန်တော်လုပ်သွားမယ်။ ဆူမို မလုပ်နိုင်တဲ့တနေ့ တခြားအလုပ်ကို လုပ်မယ်။ ပြစ်တင်သံကြောင့် ကျဆုံးတယ်ဆိုတာ ကျွန်တော့်ရာဇ၀င်မှာ မရှိစေရဘူး။ ကျွန်တော်မလုပ်နိုင်လို့ ကျဆုံးတာအတွက်တော့ ကျွန်တော့်ကို ကျွန်တော်အပြစ်တင်စရာမရှိဘူး။ ကျွန်တော်အမြဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေလို့ပါပဲ” လို့ သူက သူမိတ်ဆွေတချို့ကို ရင်းနှီးစွာ ပြောပြခဲ့တယ်။


အင်း.. အဲဒီပွဲစဉ်လည်း သူ ပြစ်တင်ခံရခြင်းက မလွတ်ခဲ့ပါဘူး။ တဖက်လူကို လှဲချအပြီး စိတ်လွတ်လက်လွတ် လက်မြောက်လိုက်၍ ဖြစ်ပါတယ်။ ဆူမိုသမားဟာ လက်ဝှေ့သမားလို လက်မြှောက်ကြွေးကြော်ခွင့် မရှိလို့ပါတဲ့။ နောက်တနေ့မှာ ဆူမိုအဖွဲအစည်း ခေါင်းဆောင်တွေကို တောင်းပန်လိုက်ရပါသေးတယ်။ အာဆရှောယူကတော့ ထုံးစံအတိုင်း အပြုံးမပျက် ဆက်လက်ကစားလျက်ပါ။ ဒီနေ့ ပွဲစဉ်(၂၀၀၉.၁၁.၂၄)မှာလည်း ရှုံးပွဲမရှိ နိုင်သွားပြန်ပြီ..။
............................................................
လသာည.. ဖြစ်ပါတယ်။
မှတ်ချက်။။ ဓါတ်ပုံအားလုံးကို google က ယူထားတာပါ။ သူဟာ ဝေဖန်ခံရသူ အများဆုံးဖြစ်သော်လည်း သူ့ကို ချစ်တဲ့ ပရိတ်သတ်တွေလည်း ရှိပါတယ်..။ ကျွန်မလည်း သူ့စိတ်ဓါတ်ကို ကြိုက်တယ်။

10 comments:

ဂျပန်ကောင်လေး said...

ဆူမိုအကြောင်းလာဖတ်သွားပါတယ်.. အဆီတွေများလို့လားမသိဘူး.. ဒီအားကစားကို ကြိုက်ဝူး..... ဒါပေမယ့် သူ့စိတ်ဓါတ်လေးကိုတော့ ချီးကျူးမိပါတယ်... လက်ခုပ်သံမရှိတော့ပေမယ့်လည်း သူဆက်ကြိုးစားနေတယ်ဆိုတာ ဒီအားကစားအပေါ် သူတကယ်နှစ်သက်တယ်ဆိုတာ ဖော်ပြနေတာပဲ... အတုယူသင့်ပါတယ်.. ဒီစိတ်ဓါတ်လေးကိုပေါ့...း)...

Anonymous said...

Though I have been watching his news over TV since long time ago, your article about him is really interesting for me. You are good writer with positive thinking. Plz keep your good work.

အိစံ said...

ရေးထားတာလေး တော်တော်ကောင်းတယ်။

မယ့်ကိုး said...

စိတ်ဝင်စားဖို့ ကောင်းသလို တော်တော်လည်း သနားဖို့ကောင်းပါတယ်။
လူမျိုးခြားကို မသိမသာရော သိသိသာသာခွဲခြားစိတ်ရှိတဲ့ ဂျပန်လူမျိုးတွေ အတွက် မွန်ဂိုလူမျိုး ဆူမိုချန်ပီယံကို လက်ခုပ်တီးအားပေးဖို့ တော်တော်လေး သဘောထားပြည့်မှ ဖြစ်ပါလိမ့်မယ်။
အားကစားဆိုပေမယ့် အစွဲမကင်းကြတဲ့လူတွေဆိုတော့ ဘယ်သူ့ဘယ်သူအပြစ်ဖို့လို့ မရပေဘူးနော်။
စာလေးအတွက် အထူးကျေးဇူးပါနော် မ။

Unknown said...

လူတစ်ယောက်က အရမ်းအောင်မြင်လာပြီဆိုရင် ဒီလိုပဲဖြစ်တက်ပါတယ် ... အဓိက ကတော့ လူမျိုး ရေးခွဲခြားမှု အတ္တ နဲ့ မစ္ဆရိယ စိတ်တွေများနေကြလို့ ဖြစ်ကြရတယ်လို့ သုံးသပ်မိရင်း ဗဟုသုတဲ့ ဆင်ခြင်သုံးသပ်စရာလေးတွေပါ ရသွားပါတယ် ...
ချစ်ခင်လေးစားလျှက်
ညလေး နှင်းဟေမာ

Unknown said...

လသာညရေ ဖတ်ရတာ အရမ်းကောင်းပါတယ်။ဂျပန်တွေက သူတို့နိုင်ငံသား မဟုတ်လို့ ဒီလို ပြောနေကြတာဖြစ်မယ်နော်။သူ့ခံယူချက်စိတ်ဓါတ်ကိုလဲကြိုက်ပါတယ်။ဘာပဲဖြစ်ဖြစ် ဘယ်လိုပဲပြောပြော ဘာတွေပဲ ဝေဖန်ပါစေ လုပ်စရာရှိတာ ဆက်လုပ်တာ အကောင်းဆုံပါပဲ။

ထား

Anonymous said...

ဂျပန်တွေက သူတို့နိုင်ငံသား မဟုတ်လို့ ဒီလို ပြောနေကြတာ...
ဘာပဲဖြစ်ဖြစ် သူ့ခံယူချက်စိတ်ဓါတ်ကိုလဲကြိုက်ပါတယ်။

thanks for sharing.

i don't like sumo but now i like his mind.
He is right and so strong. For me,... i'm not sure, i can stand.


momiji

pps said...

ကစားဝိုင်းထဲ ၀င်လာကတည်းကသူ့ဟန်ပန်ကယုံကြည်မှုအပြည့်နဲ့...အောင်မြင်မှုအတွက်...သူ့မှာပေးဆပ်လိုက်ရတာလဲအများသား....ဘာသာပြန်မျှဝေပေးတဲ့အတွက်..ကျေးဇူးပါ....

kiki said...

အောင်မြင်သူတဦး ရင်ထဲမှာလည်း ၊အောင်မြင်မှု နဲ့ ဆက်နွယ်ပြီး စိတ်မကောင်းစရာခံစားချက် တွေရှိနေတဲ့အကြောင်း တင်ပြထားတာ ကောင်းတယ် လသာညရေ ။

“အများရဲ့ လက်ခုပ်သံကို ရဖို့ ကျွန်တော် ကြိုးစားတာမဟုတ်သလို၊ ပြစ်တင်ရှုတ်ချသံကြောင့်လည်း ကျွန်တော့်အစွမ်းအစ ဆုတ်လျော့သွားစရာမရှိပါဘူး။ ”
သူ့  ရဲ့  အယူအဆ လေးကို ကြိုက်တယ် ။

အာဆရှောတယောက် လူမျိုးစွဲကြီးတဲ့ သူတွေကြားထဲမှာ အောင်မြင်မှု ကို ဆက်ပြီးထိန်းသိမ်းထားနိုင်တာ ချီးကျူးစရာ ပါပဲ..

မိုးသီတာ said...

ဒီတစ်ပုဒ်အတွက် အရမ်းကျေးဇူးတင်ပါတယ်။ လသာညရယ်။