Saturday, May 15, 2010

အများသဘော

တခါက ကျောင်းဆရာတစ်ဦးဟာ ကျောင်းသားတွေရဲ့ အမြင်တွေကို သိချင်တာမို့ စမ်းသပ်မှုတစ်ခုကို လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ကျောက်သင်ပုန်း(Blackboard) မှာ မျဉ်းတစ်ကြောင်းကို ဆွဲပြလိုက်တယ်..။ အဲဒါကို ကြည့်မှတ်ခိုင်းပြီး ခဏနေတော့ ကျောက်သင်ပုန်းရဲ့ တခြမ်းမှာ မျဉ်းသုံးကြောင်းကို ဆွဲပြလိုက်တယ်..။ မျဉ်းသုံးကြောင်းထဲမှာ အဖြေမှန်တစ်ခုပါတဲ့အတွက် အဖြေမှန်ကို ရွေးပေးဖို့ ကျောင်းသားအားလုံးကို ပြောလိုက်တယ်။
(Solomon E. Asch's experiment) ဖြစ်ပါတယ်
ဒီမေးခွန်းဟာ အရမ်းလွယ်ပါတယ်။ အဖြေမှန်ဟာ B ဖြစ်ပါတယ်။ လူတိုင်းသိနိုင်တဲ့ မေးခွန်းကို မေးလိုက်တဲ့ ဆရာဟာ ဒီမေးခွန်းကို လှည့်ကွက်တစ်ခုနဲ့ မေးခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ သူက နောက်ဆုံးက လာဖြေတဲ့ ကျောင်းသား တစ်ဦးကလွဲရင် အတန်းသားအားလုံးကို မေးခွန်းရဲ့အဖြေကို A ကို ရွေးဖို့ ပြောဆိုခဲ့ပါတယ်..။ ဒါဆို A ကို ရွေးဖို့ အပြောမခံရတဲ့ ကျောင်းသားဟာ ဘယ်အဖြေကို ရွေးမယ်လို့ သင် ထင်ပါသလဲ..

ဝမ်းနည်းစရာကောင်းစွာပဲ.. ထိုကျောင်းသားဟာ အဖြေမှန်ကို ဖြေဖို့ကြိုးစားပြီးမှ အများအဖြေကို သာဖြေခဲ့ပါတယ်။ ဆရာက ဒါဟာ အုပ်စုရဲ့ လွှမ်းမိုးမှုကြောင့်သာ ဖြစ်မယ်လို့ တွေးမိတာမို့ သူ့အမြင် သေချာဖို့အတွက် စာသင်နှစ်တစ်နှစ်အတွင်း တစ်ဦးချင်းစီ (၁၈ကြိမ်) စမ်းသပ်မှန်း မသိအောင် တိတ်တိတ် စမ်းသပ်ခဲ့တယ်။ သူ စမ်းသပ်ခဲ့တာ ကျောင်းသားပေါင်း ၂၃၀ကို ဖြစ်ပါတယ်။

စမ်းသပ်ချက်အရ ၃၆ ရာခိုင်နှုန်းသော ကျောင်းသားတွေဟာ အုပ်စုကဖြေတဲ့အဖြေကိုပဲ တချိန်လုံး ရွေးချယ်ကြတာကို တွေ့ခဲ့ရတယ်။ ဆရာက အဖြေမှန်သိသာအောင် မျဉ်းရဲ့ အရွယ်ကို (အဖြေမှန်နဲ့ အဖြေမှား အရွယ်တအားကွာအောင် ) ပြောင်းဆွဲခဲ့တယ်။ ဒါလည်းပဲ အုပ်စုရဲ့ group pressure က ဆက်ပြီး လွှမ်းမိုးနေတာကို တွေ့ခဲ့တယ်။ (တကယ်တော့ သူတို့ဟာ အဖြေကို သိရဲ့သားနဲ့ အုပ်စုထဲမှာ နေလိုစိတ်ကြောင့် အများစုကို အတိုက်အခံ မငြင်းလိုစိတ်ကြောင့် အဖြေမှန်ကို မစဉ်းစားပဲ ခေါင်းညိမ့်လိုက်ကြတာလို့ ဆရာ ကောက်ချက်ချလိုက်ရပါတယ်)

ဆရာ့စမ်းသပ်ချက်မှာ ကိုယ့်အမြင်အတိုင်း ဖြေတဲ့သူအနည်းငယ်ကတော့ ဆက်လက်ကျန်သေးတာမို့ သဘောကျစွာ သူတို့ရဲ့အမြင်ကို စောင့်ကြည့်စမ်းသပ်မှုကို လုပ်ခဲ့တယ်။

အဲဒါကတော့ ပထမဆုံး ကိုယ့်အမြင်အတိုင်း အဖြေမှန်ကိုဖြေနေတဲ့ ကျောင်းသားကို အဖော်တစ်ယောက် တွဲပေးလိုက်တာပဲ ဖြစ်ပါတယ်။ အဖြေမှန်ကို ဖြေနေသူဟာ သူနဲ့ အဖြေတူ ကျောင်းသားရသွားတဲ့အခါ အဖြေမှန်ကိုပဲ အားရတက်ကြွစွာ တင်ပြလာတာကို တွေ့ရတယ်။ ဒုတယအဆင့်အနေနဲ့ ဒီလိုအနေအထားမှာ.. အဖော်ကျောင်းသားကို တဖက်လှည့်နဲ့ အဖြေမှားကို တမင်ပြောခိုင်းလိုက်တယ်။ ဒီအခါမှာ အဖြေမှန်ကို သာဖြေလေ့ရှိသူကျောင်းသား ဟာ သူ့အဖော်ပြောတဲ့ အဖြေမှားကို လိုက်လံရွေးချယ်လာတာကို တွေ့ခဲ့ရတယ်.. (အဖော်မင်တတ်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုမိခြင်းဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

ဆရာဟာ ရလာဒ်တွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်လာခဲ့တာမို့... တကယ်လို့များ အဖော်မရှိတော့ရင် အရင်အတိုင်း ပြန်ဖြေဦးမလားလို့ တွေးမိတာကြောင့် ထပ်မံစမ်းသပ်ခဲ့ပြန်တယ်။ အဖော်ကျောင်းသားကို တခြားအခန်းမှာ အလုပ်တစ်ခုနဲ့ ခိုင်းလိုက်ပြီး အတန်းကို စာဆက်မေးတဲ့အခါ အဖြေမှန်ဖြေသူ ကျောင်းသားဟာ အရင်လို တစ်ဦးတည်းနဲ့ အဖြေမှန်ကို မှန်အောင် မဖြေနိုင်တော့ပဲ အုပ်စုရဲ့ အဖြေ ဒါမှမဟုတ် (သူ့အဖော် ဖြေမယ်ထင်သော) တခြားအဖြေမှားကိုသာ ဖြေတာကို တွေ့ခဲ့ရတယ်။ (အဖော်ရဲ့ စွန့်ပစ်ခြင်းကို မခံစားလို၊ မခံစားနိုင်တဲ့ စိတ်ထားလေးကြောင့် အမှန်တရားကို မျက်ကွယ်ပြုလိုက်ခြင်းဖြစ်လိမ့်မယ်ဆိုတာကို ဆရာ လက်ခံလိုက်ရတယ်)

အဆိုးဆုံးအခြေအနေကတော့ တကယ်လို့များ အဖော်ကျောင်းသားကို တခြားအခန်းကို သွားခိုင်းတာမဟုတ်ပဲ အဖြေမှားအုပ်စုထဲကို ပြန်ဝင်သွားစေပြီး အုပ်စုကအဖြေမှားကို ဖြေပြစေရင်တော့ “စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသား”ဟာ အုပ်စုထဲက အဖြေမှားကိုသာ မျက်စိမှိတ်ဖြေဖို့ ရာခိုင်နှုန်းဟာ ၉၅ % အထိ ဖြစ်သွားခဲ့ပါတယ်.. ((..'))

Solomon E. Asch's experiment ကို ဖတ်ပြီး ကျွန်မသာ စမ်းသပ်စောင့်ကြည့်ခံ ကျောင်းသားဖြစ်ခဲ့ရင် ဘယ်အုပ်စုထဲမှာ ကျွန်မပါနေမလဲလို့ ပြန်ဆန်းစစ်မိတယ်။ သေချာပါတယ် ၉၅% ထဲမှာ ကျွန်မပါနေမှာပါ။ အခုအသက်အရွယ်မှာ ကျွန်မမှာ ထိုက်သင့်တဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ၊ အသိပညာတွေနဲ့ ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရှိပေမယ့် များသောအားဖြင့် ကိုယ့်အမြင်ကို လွတ်လပ်စွာ ပေးမမြင်ဖြစ်ဘူး။ ကိုယ့်ရှေ့က မြင်နေရ၊ ကြားနေရတဲ့ အရာတွေထဲမှာ တခါတခါ အဖြေမှန် မဟုတ်တာတွေပါနေတဲ့အခါ အဖြေမှန် မဟုတ်ဘူးလို့ သိနေပေမယ့် အဖြေမှန်ကို ထုတ်မပြောဖြစ်ဘူး။ မမှန်ဘူးလို့ သံသယရှိနေတဲ့အရာတွေကို မှန်တဲ့အဖြေရတဲ့အထိ အချိန်ယူ မရှာမိပဲ အများ သတ်မှတ်ထားသလိုပဲ အလွယ်လက်ခံ သဘောတူပစ်လိုက်တယ်။ ဒါကိုဒီလိုနည်းနဲ့ ဖြေရှင်းရမယ်လို့ သိထားတာကို ဟိုလိုနည်းနဲ့ ပြောင်းလဲ အဖြေမရှာမိဘူး။

တကယ်တော့. အကြောင်းအရာတွေကိုထင်မြင်သုံးသပ်တဲ့အခါတိုင်းမှာ ကျွန်မရဲ့ အတွေးအခေါ်တွေ သဘောထားတွေဟာ ကိုယ့်အထင် ကိုယ့်အမြင်ပါလို့ ပြောဖြစ်ပေမယ့် ၅၀ ရာခိုင်နှုန်းကျော်ကျော်က သူများမြင်သလို၊ သူများတွေးသလို၊ အများသဘောထား.. အများအမြင်.. အများကိုယ်နဲ့ ငါ ဖြစ်နေခဲ့သလိုပဲ။ အမှန်တရားဆိုတာတွေကို ကိုယ့်အမြင်နဲ့ ကိုယ်တိုင်လေ့လာ သိဖို့၊ သိတဲ့အခါ ထုတ်ဖော်ပြောရဲဖို ဆိုတာတွေ အတွက် ငါ ..အများကြီးလိုနေသေးပါလား.လို့ ဒီနေ့ ကျွန်မကိုယ်ကျွန်မ ဝေဖန်နေမိခဲ့ပါတယ်..။

(Solomon E. Asch's experiment)က တဆင့် လသာည..ရဲ့ တွေးတာဖြစ်ပါတယ်။

8 comments:

ThuHninSee said...

:) သဘောကျတယ်။
Aကိုပဲရွေးမယ့်အထဲ ပါနေလို့။
ငြင်းရတာပျင်းလဲပျင်း မောလဲမောတယ်။

Shinlay said...

သိပ်ကောင်းပါတယ်။ ငယ်ငယ်ကတော့
ကျမလည်း A ပဲရွေးမှာပါ။
အခုတော့...မသိဘူးလေ။

pps said...

အဟီး...အဲဒီလိုဖြစ်မှာကြောက်လို့............

မောင် လေး said...

ကျွန်တော့်အတွက်တော့အကြောင်းအရာပေါ်မူတည်တယ်ဗျ၊အချို့ကိစ္စတွေမှာတော့အများသဘောထားဘယ်လိုဖြစ်ဖြစ်၊ကျွန်တော့်သဘောထား၊အမြင်ကိုတော့ထုတ်ပြောဖို့ ဝန်လေးမှာမဟုတ်ဘူးဗျ။(ဥပမာ-ဘာသာရေး)အဲ...အချို့အရေးမကြီးတဲ့ကိစ္စတွေကိုတော့ ယောယိမ်းလိုက်၊ဘသားယိမ်းလိုက်ပေါ့အစ်မရယ်...

ဖြိုးအောင် said...

ဟုတ်တယ်..ကျနော်ရောပဲ သိပ်အရေးမပါဘူးထင်ရင် အတိုက်အခံမပြောနေချင်တော့ဘူး..
အကြောင်းအရာပေါ်မူတည်ပြီး တယောက်ထဲဖြစ်နေပါစေ ပြောဖို့လိုမယ်ထင်ရင် ပြောဖြစ်ပါတယ်။

လသာည said...

မမွန်...၊ မ. ရှင်လေး PPS ၊၊ mglay၊ ဖြိုးအောင်>>
အားလုံးရဲ့အမြင်ကို အခုလိုပြောပြအားပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ် :D

ကျော်နှင်းဆီလွင် said...

မညရေ ဒီအပုဒ်လေးလည်းအရမ်းပညာရတယ်
သိလား မ။
တွေးစရာလေးတွေပွေ့ပြီး ပြန်သွားပါတယ်။

မိုးသီတာ said...

လတာည။
ဒီတစ်ယောက်ကတော့ အင်း။ ဘာရွေးမလဲ သိနေမယ် ထင်တယ်။ :D :D :D
ကျေးဇူးတင်ပါတယ်။ စိတ်ပညာ အရမ်းစိတ်ဝင်စားတာရော။