Saturday, May 8, 2010

self-esteem နိမ့်သူ

မနေ့က ပစ္စည်းအသစ်တစ်ခုအကြောင်း ကြော်ငြာတာလေးကို တွေ့လိုက်ရတယ်။ ပစ္စည်းက အပျော့စား..။ ကိုင်ကြည့်ရင် မုန့်နှစ်လို ပျော့တွဲတွဲဖြစ်ပြီး လက်နဲ့ ဖဲ့နယ်လို့ရတယ်၊ ရွှံ့ရုပ်လိုအမျိုးမျိုး လုပ်လို့ရတယ်။ ဒါပေမယ့် သူ့မှာ မမြင်ရတဲ့ စွမ်းအားတစ်ခုက ရှိနေတယ်။ သူ့ကို တစ်တောင်ဆစ်မှာ ကပ်ပြီး အုပ်ချပ်တွေကို ခွဲရင် အုပ်ချပ်တွေသာ ကွဲသွားတယ်။ လက်ကို မထိခိုက်ဘူး.လုံးဝနာကျင်မှုကို မခံစားရဘူး.တဲ့..။

ဘာဖြစ်လို့လဲဆိုရင် ပျော့ပြောင်းနေတဲ့ သူ့ရဲ့အတွင်းပိုင်းက မော်လီကျူးလေးတွေက အားနဲ့လာတိုက်ခိုက်တဲ့အရာတွေကို တွန်းကန်အားနဲ့ ပြန်တောင့်ထားလို့ လို့ ဆိုပါတယ်။ အဲဒီပစ္စည်းကို အားကစားသမားတွေ၊ အမြင့်တက်ပြီး လုပ်ရသူတွေ အတွက် အထိမနာအောင် ၀တ်စုံချုပ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်..။

ဒါနဲ့ ကျွန်မအတွေးတစ်ခု ရသွားပါတယ်..သက်မဲ့ပစ္စည်းဖြစ်တဲ့ မာတဲ့အရာမှာ မာခြင်းရဲ့ အားသာချက်တွေ ရှိသလို ပျော့ပြောင်းတဲ့အရာမှာလည်း ပျော့ပြောင်းခြင်းရဲ့ အားသာချက်ရှိတယ်ဆိုတာ လူတိုင်း အနည်းနဲ့အများ သိကြတယ်။ ကျွန်မတို့ သက်ရှိလူသားတွေမှာရော..?.လူသားတိုင်းမှာလည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ စွမ်းရည်အမျိုးမျိုးရှိတာပဲလေ။ တချို့က ရုပ်ရည်အားဖြင့် မြင်သူငေးအောင်လှတယ်။ တချို့က မလှဘူး။ တချို့က မှတ်ဥာဏ်မြင့်တယ်။ တချို့က မမြင့်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာနဲ့သူ အားသာချက် ရှိတယ်။ ဒါပေမယ့် သက်ရှိလူသားကတော့ အဲဒီအားသာချက်ကို သတိလက်လွတ် မေ့နေတတ်ကြတယ်.မဟုတ်ပါလား..။

ကျွန်မငယ်ငယ်က သူများတွေကို ကြည့်ကြည့်ပြီး ငါက ဘာဖြစ်လို့ ငါဖြစ်နေတာလဲလို့ တွေးဖြစ်တယ်။ သူ့လို ဆံနွယ်နုနုလေးနဲ့ ဆံပင်လေးရှိရင် ကောင်းမှာ၊ သူ့လို တစ်ဦးတည်းသောသမီးဘ၀ကို ငါရချင်တာ၊ သူ့လို အသားဖြူချင်တာ အဲလိုမျိုး မကြာခဏတွေးဖြစ်ပါတယ်။ တခါတလေများ လောဘကြီးပြီး အသားဖြူဖြူ၊ ဥာဏ်ကောင်းကောင်းနဲ့ တစ်ဦးတည်းသော သဌေးသမီးဖြစ်ချင်လိုက်တာလို့တောင် တွေးဖြစ်တယ်.း)).။

အဲဒါကို ကျွန်မက ကျွန်မတစ်ယောက်တည်း တွေးဖြစ်ခဲ့တယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် အခုနောက်ပိုင်း စိတ်ပညာကိုလေ့လာတော့မှ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်မှာ လူတိုင်းကိုယ့်ကိုယ့်ကို တွေးဖြစ်ခဲ့ကြတယ်ဆိုတာ သိလာခဲ့တယ်။ ငါဟာ ဘာလဲ၊ ငါက ဘာလို့ ဒီလိုငါ ဖြစ်နေရတာလဲ ဆိုတာမျိုးပေါ့..။(တချို့ဆို အခုအသက်အရွယ်ရတဲ့အထိ “ငါက ဘာဖြစ်လို ဒီလို ငါ ဖြစ်နေရတာလဲ”ဆိုပြီး တွေးဖြစ်နေသေးတယ်တဲ့)။ အဲဒီလို တွေးတုန်းကတော့ အမျိုးမျိုးပါပဲ။ သိသွားသလားဆိုတော့လည်း မသိသလိုသိသလိုလို...။ ငါက ဘာလဲ ဆိုတာကို ငါ ကိုယ်တိုင် အမှန်အကန်သိသွားဖို့က တကယ်တော့ နောက်ပိုင်း ဘ၀မှာ အောင်မြင်ဖို့အတွက် အရေးကြီးတယ်လို့ ဆိုပါတယ်။ အဲဒါက ဘာလဲဆိုရင် self-esteem ဆိုတာနဲ့ ပတ်သက်တယ်လို့ စိတ်ပညာမှာဆိုပါတယ်။

ဆက်ပြီး self-esteem အကြောင်း စဉ်းစားရင်း အိမ်နားက ကျွန်မအရင်းခင်တဲ့ အစ်ကိုကြီးတစ်ယောက်ကို သတိရမိတယ်။ သူက မှတ်ဥာဏ်တအားကောင်းသူပါ။ ကျောင်းစာဆို ခဏလေးရတယ်။ သူ့ရှေ့မှာ တစ်ယောက်ယောက်က လုပ်ပြတဲ့အရာကို သူက သူဘာသာသူ လိုက်လုပ်တတ်တယ်။ ဒါပေမယ့် ခက်တာက သူက အများရှေ့ဆို ဘာမှမသိချင်ယောင်ဆောင်နေတတ်တာပဲ။ သူသိတာကို ပတ်ဝန်းကျင် သိသွားပြီး ချီးကျူးလာရင် သူမနေတတ်ဘူး။ “ဟာ မဟုတ်ပါဘူး။ ဒါက လူတိုင်းလုပ်တတ်ပါတယ်။ ကံကောင်းပြီး ရသွားတာပါ” စသည်ဖြင့် ပြောပြီး သူ့တတ်တာကို သူသိတာကို ကာကွယ်တတ်တယ်။

သူ့မိဘတွေကတော့ သူ့ကို ဒီလိုပြောတယ်..“သူက မကြွားတတ်ဘူး၊ သူက သူများချီးကျူးတာကို မကြိုက်ဖူး၊ အင်း တကယ်တော့ ချီးကျူးစကားလည်း မလိုပါဘူး။ သူစိတ်ဝင်စားတာကို သူလုပ်ရင်ပြီးတာပဲ”။ သူကလည်း အဲလိုပဲ ပြောတတ်တယ်။ သူများချီးကျူးတာ သိပ်မလိုဘူး။ သူများသိဖို့ လုပ်တာမဟုတ်ဘူး..တဲ့။

ဒါပေမယ့် သူ့မှာ နောက်ခံစားချက်တစ်ခုက ရှိနေခဲ့တယ်။ အဲဒါက သူ့ရှေ့မှာ လုပ်နေသူက လုပ်နည်းမှားနေချိန် သူသိတာကို ပြောလိုက်လို့ သူများက တမျိုးတမည်ထင်မှာ(ဆရာလုပ်တယ်ထင်မှာ) တအားကြောက်တယ်၊ သူများမုန်းတာ ဝေဖန်ခံရမှာ မခံနိုင်ဘူးလို့ ဆိုပါတယ်။ ။ ဒါနဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ပတ်ဝန်းကျင်ပြောသမျှ အားလုံး လက်ခံပြီး ကိုယ်ပိုင်အရည်အချင်းကို မပြသခဲ့ဘူး။ ဆယ်တန်းစာမေးပွဲတောင် ရသလောက်အကုန်မဖြေခဲ့ဘူးလို့ ပြောပါတယ်။ကျော်ကြားတာမကြိုက်လို့ လို့ ဆိုတယ်။ မြန်မာစာနဲ့ပဲ ရိုးရိုးဘွဲ့ကို ယူလိုက်တယ်။

ရပ်ကွက်က သူ့ကိုဘွဲ့ရ ပညာတတ်လူငယ်တစ်ယောက်အနေနဲ့ တစ်ခုခုကို ဦးဆောင်ခိုင်းရင် သူက မလုပ်ပါရစေနဲ့လို့ အမြဲငြင်းလို့ နောက်လိုက်ပဲ လုပ်တတ်တယ်။ အလုပ်လျှောက်ဖို့ အင်တာဗျူးမှာ သူသိတာကို မေးရင် သူမဖြေနိုင်ဘူး။ သူက သူဟာဘာကိုတော့ သူများထက်ပိုတတ်တယ်လို့ ခိုင်ခိုင်မာမာမထင်ထားလို့ သူတတ်သလောက်ကို အမှန်အတိုင်းမပြောရဲဘူး။ ဒါနဲ့ပဲ အလုပ်လျှောက်အင်တာဗျူးဖြေတာမျိုးမလုပ်ချင်တာမို့ အခုအထိ သူအလုပ်မရဘူး။ အခု ရပ်ကွက်ထဲက သာရေးနာရေးတွေမှာ အများနောက်က လိုက်လုပ်သူဖြစ်နေတုန်းပဲ။ သူ..ဘာကြောင့် အရည်အချင်းရှိရဲ့နဲ့ မအောင်မြင်ရတာလဲ..။ ဒါဟာလည်း self-esteem ဆိုတာနဲ့ ပတ်သက်နေပါတယ်။

စိတ်ပညာက ပြောတဲ့ self-esteem ဆိုတာ မိမိက မိမိအကြောင်းကို ဘယ်လိုတွေးသလဲဆိုတာ အချက်၊ နောက်တမျိုးပြောရရင် မိမိကိုယ်မိမိ ထင်မြင်မှုလို့ အနီးစပ်ဆုံး အဓိပ္ပါယ်ကောက်ရမယ်ထင်ပါတယ် ။ မိမိကိုယ်ကိုမိမိ တန်ဖိုးထားခြင်း၊ ကိုယ့်ကိုယ့်ကို လေးစားခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးကိုနဲ့လည်း နီးစပ်ပါတယ်။ မိမိကိုယ်မိမိ အထင်ကြီးခြင်းဆိုတဲ့ အဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ နောက်ပြီး ကိုယ့်ကိုယ့်ကို ယုံကြည်ခြင်း (self-confidence) နဲ့လည်း မတူပြန်ဘူး။ ကိုယ့်ကိုယ့်ကို ယုံကြည်ခြင်းဆိုတာက တစ်စုံတစ်ခုသော ပန်းတိုင်ရောက်ဖို့ စွမ်းရည် ငါ့မှာ ရှိတယ်လို့ ယုံကြည်ချက်သာဖြစ်ပြီး self-esteemကတော့ ကိုယ့်အရည်အချင်းကို တန်ဖိုးထားမှုခံစားချက်အမြင်ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ဆရာတစ်ယောက်က ဒီလိုပြောဖူးပါတယ်။ တစ်စုံတစ်ယောက်က “.. ဒီအလုပ်ကို လူတိုင်း ညနေ ၅နာရီအတွင်း ပြီးအောင် လုပ်နိုင်တယ်။ .. ငါက ဘာလို့မလုပ်နိုင်ရမှာလဲ၊ အရင်လည်း လုပ်ဖူးတယ်။ အခုလည်း ငါလုပ်ကိုလုပ်နိုင်ရမယ်”လို့ ပြောလာခဲ့တဲ့အခါ သူဟာ self-confidenceတော်တော်မြင့်တာပဲလို့ ပြောနိုင်တယ်။ (ယုံကြည်မှုနဲ့ ဆိုင်တယ်)။

တကယ်လို့ လက်တွေ့လုပ်လိုက်ပြီး သူဟာ ၅နာရီအတွင်း ပြီးအောင်မလုပ်နိုင်ခဲ့ဘူးဆိုပါတော့ ၊ ရလာတဲ့ ရလာဒ်ကနေတဆင့် “ဟုတ်တယ်။ ငါ..ဒါ ပြီးရမှာကို မပြီးခဲ့ဘူး။ ဒါပေမယ့် ငါတကယ်ကြိုးစားလုပ်ခဲ့တာပဲ။ ဘယ်နေရာမှာ လိုသွားသလဲတာ မသိတာ ငါ ထိုက်သင့်သလောက် လုပ်နိုင်ခဲ့တယ်”လို့ သူတွေးရင် သူဟာ သူ့စွမ်းရည်ကို အမှန်အတိုင်းသိပြီး တန်ဖိုးထားသူ၊ self-esteemမြင့်တယ်လို့ ပြောနိုင်ပြီး၊ တကယ်လို့ “ငါ..ဒီအလုပ်ကို ပြီးသင့်ရဲ့နဲ့ မပြီးဘူး၊ ငါက သူများလို မတော်ဘူး။ ညံ့တယ်၊ ရှက်ဖို့ကောင်းလိုက်တာ” လို့ တွေးသွားရင်တော့ သူဟာ self-esteemနိမ့်တယ်။ သူ့ကိုယ်တိုင်လုပ်ခဲ့တဲ့ သူ့စွမ်းရည်ကို လျော့တွေးသွားပြီ သူ့ကိုယ်သူ တန်ဖိုးထားမှုလျော့တယ်လို့ ပြောနိုင်တယ်။ ဒါကြောင့် self-esteemက မိမိနဲ့ပတ်သက်တဲ့ ကိုယ်ပိုင် ခံစားချက်အမြင်နဲ့ဆိုင်တယ်...ဆိုတာပါပဲ.။

ဒီ ခံစားချက်ဟာ ကျွန်မတို့ လူမှုရေးနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်မှာ အရမ်းကို အရေးကြီးပါတယ်။ ကိုယ်ပိုင် စွမ်းရည်ခြင်း ရှိတာခြင်း အတူတူ တချို့က အောင်မြင်တယ်၊ တချို့က မအောင်မြင်ဘူး။ self-esteemအနိမ့်အမြင့် နဲ့ဆိုင်တာဖြစ်ပါတယ်။ မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့် -self-esteem နိမ့်သူတွေက အောက်က အချက်မျိုးတွေ ရှိတယ်လို့ ..ပြင်သစ်စိတ်ပညာရှင် Christophe Andreက ပြောပါတယ်..။ပုံလေးနဲ့ ဆွဲပြောရရင် အောက်ကအတိုင်းဖြစ်ပါတယ်..(ကျွန်မက ကိုယ့်ဘာသာနားလည်လွယ်အောင် self-esteemကို မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့်လို့ ပုံထဲမှာ အလွယ်ရေးထားပါတယ်)
ပုံထဲက အတိုင်း မိမိကိုယ်မိမိ တန်ဖိုးထားမှုအဆင့် -self-esteem နိမ့်သူတွေ
  • တစ်စုံတစ်ခုကို မလုပ်ခင်ကတဲက ငါမလုပ်နိုင်ပါဘူးလို့ ကြိုတွေးပြီး စလုပ်ဖို့ကို မ၀ံမရဲ့တွန်ဆုတ် အချိန်ယူတယ်။
  • လုပ်သွားလို့ အောင်မြင်သွားရင်လည်း အဲဒါ ငါတော်လို့ မဟုတ်ဘူး၊ ကံကောင်းသွားတာ၊ တိုက်ဆိုင်သွားတာလို့ တွေးပြီး ကိုယ့်အောင်မြင်မှုကို ရဲရဲ မပျော်ရဲဘူး.။
  • ကိုယ်လုပ်လိုက်တဲ့ အလုပ်တစ်ခုက အရှုံးနဲ့ ကြုံရပြီဆိုရင် အဲဒီအလုပ်ကို လုံးဝစိတ်လျော့ချလိုက်ပြီး နောက်တခါလုပ်ဖို့ ဆိုတာကို လုံးဝမတွေးတော့ဘူး။
  • အများနဲ့ပဲ ညှိယူဖို့ စဉ်းစားပြီး အများပြောတဲ့အတိုင်းပဲ သူတို့ပြောတာမှန်တယ်လို့ “ကိုယ့်ရဲ့မူပိုင်စွမ်းရည် သို့မဟုတ် အသိအမြင်”ကို ထုတ်ဖို့ မစဉ်းစားဖူး။
  • ကိုယ့်နဲ့ ပတ်သက်သမျှကို ကောင်းချက်၊ အားသာချက် (စွမ်းရည်၊ အသိပညာ)တို့ကို သူများရှေ့မှာ ထုတ်မပြရဲဘူး။
  • ကိုယ်က မကြိုက်တဲ့အလုပ်ကို အခြေအနေအရ လုပ်ဖြစ်သွားရင် အဲဒါကို အပြောင်းအလဲလုပ်ဖို့ မတွေးရဲတာကြောင့် လုပ်မိတဲ့အလုပ်တစ်ခု (အခြေအနေတစ်ခု)ကိုပဲ တသက်လုံးလုပ်ဖြစ်သွားတယ်။
  • သူများက မြှောက်ပင့်ပြောတဲ့စကားပြောလာရင် အလွယ်တကူ မြောက်သွားတတ်ပြီး ၊ နှိမ့်ချပြောတဲ့ စကားပြောတာခံရရင် လွယ်လွယ်စိတ်ဓါတ်ကျသွားလိမ့်မယ်။
တကယ်တော့ မိမိကိုယ်မိမိတန်ဖိုးထားမှု အဆင့် self-esteem နိမ့်နေသူ မအောင်မြင်ရခြင်းဟာ ကိုယ့်မှာ စွမ်းရည်ရှိနေပါသော်လည်း ကိုယ်ကိုယ်တိုင်ခံယူထားတဲ့ ကိုယ်ပိုင်တွေးတဲ့အတွေးကြောင့်သာ ကိုယ့်ရဲ့အောင်မြင်မှုလမ်းကို ပိတ်သွားစေတာဖြစ်တာပဲ ဖြစ်ပါတယ်။
မိမိကိုယ်မိမိတန်ဖိုးထားမှု အဆင့်self-esteem မြင့်မားသူကတော့ မိမိရဲ့လက်ရှိကိုယ့်အခြေအနေ(စွမ်းရည်၊ အသိအမြင်)ကို အမှန်အတိုင်း သိရှိတယ်၊ အလုပ်တစ်ခု ကိုယ်လုပ်လို့အောင်မြင်ရင် လွတ်လွတ်လပ်လပ် ပျော်ပစ်လိုက်တယ်။ ရှုံးတဲ့အခါလည်း ကိုယ့်ကိုယ့်ကို အပြစ်မတင်ပဲ ကိုယ်လုပ်တာ ဘာမှားသလဲဆိုတာကို ပြန်စစ်ဆေးတယ်။ ဒါကြောင့် ရှိတဲ့ကိုယ့်စွမ်းရည်ကို အထင်မသေးဘူး၊ အမှန်အတိုင်းသိတယ်။ လုပ်သမျှကို တန်ဖိုးထားလေးစားတယ်။ ဒါကြောင့်လည်း အောင်မြင်ကြတယ်..
ဒါဆိုရင် self-esteemအနိမ့်အမြင့်ဟာ ဘယ်လိုလုပ်ကွဲသွားရတာလဲ??
ဒါဟာ တကယ်တော့ မွေးရာပါ ဗီဇမဟုတ်တဲ့အတွက် အဆင့် နိမ့်နေလို့ စိတ်ဓါတ်ကျစရာတော့ မရှိပါဘူး..တဲ့၊ ပြုပြင်လို့ ရတယ်လို့ ဆိုပါတယ်။ အပေါ်က ပုံအတိုင်း တစ်စုံတစ်ခုကို လုပ်လိုက်လို့ မအောင်မြင်ခဲ့ရင် ငါဖျင်းလို့ ညံ့လို့လို့ မတွေးပဲ ဘာကြောင့်မအောင်မြင်တာလဲဆိုတာကို ပြန်စစ်ဆေးတတ်ရင်၊ အောင်မြင်တဲ့အခါကျရင်လည်း တိုက်ဆိုင်လို့၊ ကံကောင်းလို့လို့ နေမှာ၊ တကယ်က ငါက အဖြစ်မရှိဘူးရယ်လို့ ရှာကြံတွေးပူမနေပဲ လွတ်လွတ်လပ်လပ် ပျော်တတ်တဲ့ အလေ့အကျင့်ကို လုပ်ဖို့သာ လိုတာပါ။

အော်.. မေ့တော့မလို့ self-esteem နိမ့်လွန်းသူဟာ ရည်းစားစကားပြောရာမှာလည်း အဆင်မပြေတတ်ဘူး။ အိမ်ထောင်ဖက်ရွေးတဲ့အခါလည်း အရေးပါတယ်။ အဲဒါ လသာညရဲ့ သယ်ရင်လေးများ self-esteem အရမ်းမနိမ့်အောင် ကြိုးစားကြနော်းD။

ကဲ... မထူးပါဘူး ဖတ်ထားတာလေးကို ပြောလက်စနဲ့ ဆက်ပြောပြပါဦးမယ်။ စာဖတ်ရတာ မပျင်းသေးဘူးဆိုရင် ဒီပုံလေးကို ကြည့်ပါဦး။

S.Epstein & B.Morling in M.H.Kernis ရဲ့သုတေသနပါ။တဖက်လူက ကိုယ့်ကိုထင်တဲ့အထင်-နဲ့ ကိုယ်ကကိုယ့်ကိုယ်ကို ထင်ထားတဲ့အထင်self-esteemနဲ့ နှိုင်းယှဉ်ပြီး ပြထားပါတယ်။ တဖက်လူက ကိုယ့်ကကိုယ့်ကိုယ်ခံယူထားတဲ self-esteemထက် အဆင့်နိမ့်ပြီး ကိုယ့်ကိုတွေးသူဖြစ်ရင် တချိန်မှာ ပျင်းသူ- ငပျင်း သို့မဟုတ် ငဖျင်းလို့ ကိုယ့်ကိုအပြောခံရဖို့ ရာခိုင်နှုန်းနည်းတယ်။

နားလည်လွယ်အောင် ဥပမာပြောရရင် ဥပမာ ကိုယ်က ပန်းချီပညာမှာ တတ်တယ်။ တတ်တာကိုလည်း ကိုယ့်အရည်အချင်းကို ကိုယ်သိတယ်။ ပန်းချီပညာနဲ့ ကိုယ်မင်းကို ရှာကျွေးမယ် လို့ ပြောထားတယ်။ ဒီနယ်ပယ်က ကိုယ့်စွမ်းရည်ကို ကိုယ့်ဘာသာသိနေတယ်။ self-esteem ရှိတယ်။ တဖက်ကတော့ ဒီလောက်တော့ကိုယ့်ကို ထင်မထားဘူး။ အသင့်အတင့်လောက်ပဲ တွေးထားတယ်။ ကိုယ့် self-esteemထက် နိမ့်တွေးထားသူဖြစ်တယ်။ ဒါဆိုရင် တချိန်မှာ ကိုယ်မအောင်မြင်သေးတောင် ကိုယ့်ကို ငဖျင်းလို့ သတ်မှတ်လိမ့်မယ်မဟုတ်ဘူး။

ကိုယ့်ကကိုယ့်ကိုခံယူထားတာထက် အဆင့်မြင့်ပြီး သူက ကိုယ့်ကိုပိုတွေးထားရင် တချိန်ကျရင်တော့ ငပျင်း သို့မဟုတ် ငဖျင်းလို့ အပြောခံရဖို့ ရာခိုင်နှုန်းများနေပြီဖြစ်ပါတယ်။ ဒါကို နားလည်လွယ်အောင် ပြောရရင် ကိုယ်က ကိုယ့်ကိုယ့်ကို သိပ်အဖြစ်မရှိဘူးလို့ ထင်နေတယ်။ တတ်တာကိုလည်း သိပ်တတ်တယ်မထင်ဘူး။ ဘာကိုမှ သိပ်မသိဘူးလို့ တွေးထားတယ်။ self-esteem အရမ်းနိမ့်တယ်။ တဖက်လူကတော့ ကိုယ့်အကြောင်းကို ပိုတွေးထားတယ်။ ဒီနယ်ပယ်မှာ တတ်ကိုတတ်တယ် စသည်ဖြင့် အများကြီးပိုတွေးတောခံယူထားမယ်။ ချစ်သူအဖြစ်စဉ်းစားတုန်းတော့ “သူက သိတာကို မကြွားတတ်လို့ပါ၊ အေးတာပါ။”စသည်ဖြင့် တွေးထားနိုင်ပေမယ့် ရေရှည်ကျရင် သူထင်သလို မဟုတ်တဲ့အတွက် တချိန်မှာ ကိုယ့်ကို ငပျင်း ငဖျင်းလို့ အပြောခံရဖို့ များတယ်ပေါ့။ ဒါတောင် အပျော်တွေးပြီး တွဲသူဆိုရင် ပိုပြီး ငပျင်းလို့ အခေါ်ခံဖို့များတယ်။ တသက်တာအိမ်ထောင်ဖက်အဖြစ်တွေးရင်တော့ အချစ်သံဃောဇဉ်ကြောင့် အခေါ်ခံရဖို့ ရာခိုင်နှုန်းနည်းနိုင်ပါသေးတယ်)

အခု ကျွန်မက self-esteem မြင့်ဖို့ အကြောင်းချည်းပဲ ပြောသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အရာမဆို အားနည်းချက်၊ အားသာချက်။ တန်ဆေး၊ လွန်ဘေး ဆိုတာ ရှိတယ်ဆိုတော့ self-esteemမြင့်လွန်းရင်လည်း မကောင်းပါဘူး..တဲ့။ self-esteem မြင့်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်နဲ့ self-esteem နိမ့်ခြင်းရဲ့ အားနည်းချက်၊ အားသာချက်များကို နောက်ကြုံရင် ဗဟုသုတ မျှဝေပါဦးမယ်။ အခုတော့ ပိုစ်က ရှည်သွားပြီဆိုတော့ ပျင်းသွားပြီလို့ ယူဆတာမို့ ............. တော် သေး ...ပြီး))။

လသာည.. ဖတ်မိသမျှ ဝေမျှတာဖြစ်ပါတယ်..။

ကိုးကား။ ။ Christophe Andre & Francois Lelord ရဲ့ L'estime de soi (self-esteem)
Takano Yi ရဲ့ 自己評価の心理学

30 comments:

sosegado said...

ဗဟုသုတတွေ အများကြီးရလိုက်ပါတယ်၊
နောက်ဆုံးအပုဒ်မှာ ရေးထားလိုပေါ့ ပုံမှန်လေးပဲ ကောင်းပါတယ်၊
self-esteem အခြေခံ ရိုက်ထားတဲ့ ကြည့်ဘူးတဲ့ ကုလားကား ကို သတိရမိပါတယ်။

လေရူး said...

I like this post ..
I think My self-esteem is low ..
Will boost up my self-esteem now :D

thanks

နေ့အိပ်မက် said...

နေ့အိပ်မက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုက မြင့်လွန်းအားကြီးနေတယ် ထင်ပါတယ်.... :( :(

နေ့အိပ်မက် said...

မေ့လို့.. မေ့လို့... တော်သေးပြီ ဟုတ်ဘူးလားဟင်.. တော်သေပြီလား.......

လသာည said...

နေအိပ်မက်>> ပြောင်ပြီး နောက်ပြီး တမင်ရေးလိုက်တာ..။ ဟုတ်သားပဲ မြန်မာစာအသုံးမှန်မှ ကြိုက်တဲ့ ညီမလေးနေအိပ်မက်အကြောင်းကို မေ့သွားတယ် ဆောတီးဆောတီး။ အေးကွာ.. အမြင်မတော်ဘူးထင်ပါတယ်။ နောက်မှ ပြန်ပြင်ဦးမယ်နော်။

လေရူးရေ မတွေ့တာတောင် ကြာပြီနော်။

ကိုsosegado၊ လေရုး၊ နေအိပ်မက်နဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

kiki said...

ငပျင်း ..လို့ ၊ ငဖျင်း လို့  အထင်မခံရအောင်.
ကိုယ့် ကိုယ် ကို လေးစား ပြီး တန်ဘိုးထား နေကြည့် အုံးမှ ပါ ပဲ ....

ငပေါ လို့  အထင်မခံ ရအောင် ရော ..ဘယ်လို နေရင် ကောင်းမလည်း လသာည ရေ ..း))

မယ့်ကိုး said...

ညီမလေးနေ့အိပ်မက်ပြောတာကို သဘောကျတယ် :D..မယ်ကတော့ ပုံမှန်ပဲထင်တယ်။ အိပ်မက်တွေကို လိုက်ဖမ်းဖို့ ဘယ်တော့မှ နောက်မဆုတ်ဘူး။

သူများတွေကိုတော့ ကိုယ့်ကို နှိမ့်မြင်စေချင်တယ် :P

Shinlay said...

ဗဟုသုတတွေ အများကြီးရပါတယ်။
ပုံလေးတွေနဲ့ ရှင်းပြထားလို့  ရှင်းလင်းစွာမြင်နိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

မိဆိုးလေး said...

あたし?どちだろうね?

Anonymous said...

Interesting!! Thanks a lot for sharing your knowledge. Waiting for a post of ' the Pros n Cons of self-esteem.'

TD

Anonymous said...

self esteem နိမ့်တဲ့သူဟာ self-confidence လဲ နိမ့်တယ် (မရှိလို့) လို့ ထင်ပါတယ်။ ဘယ်လို ကွာလဲဟင်။
Thanks mama latharnya.

မီးငယ်လေး

Flower said...

သေချာ စိတ်ဝင်တစား ဖတ်သွားမိပါတယ်..
စေတနာပါပါ ရေးထားတာမို့ ဖတ်လို့ကောင်းသလို
စိတ်ဝင်စားစရာလဲကောင်း အသိလဲတိုးရပါတယ်..
ကိုယ့်ကိုယ်ကိုလဲ ပြန်သုံးသပ်ကြည့်ရဦးမယ်..
ဘယ်ထဲများပါနေသလဲလို့...း)

ရွှေရတုမှတ်တမ်း said...

ကိုယ့်ကိုယ်ကိုနဲ့ ယှဉ်ထိုးချိန်ကြည့်မိတယ်..
ငယ်ငယ်ကတော့ အဲလိုပဲ..ကြီးလာတော့ ယုံကြည်မှုတွေရလာတယ်..အတွေ့အကြုံကြောင့်လားတော့မသိဘူး

Dust in the Wind said...

Thank for the sharing the valuable knowledge and impressive post. I am also looking forward to read the further related posts.

I am just wondering whether self esteem is related to the influence of the surrounding environment in childhood or not.

Thank in advance.

With Regards....

ရွှန်းလဲ့ said...

ပညာရတယ်...

လသာည said...

kiki>> ငပေါလို့ အထင်မခံရအောင် “ငပေါမဟုတ်ပါ”လို့ စာရေးကပ်ထားလိုက်မယ်လေ၊ ကောင်းဖူးလား :D
မယ်ကိုး>> ဘယ်လိုပဲဖြစ်ဖြစ် မယ်ကိုးကိုတော့ အစ်မက မြင့်မြင်ထားပြီးသားဖြစ်နေတယ်။ မယ်ကိုး ပိုမြင့်ပေတော့.. :P
မမရှင်လေး၊ TD, ရွှန်းလဲ့၊ ချော>> အများကြီး ကျေးဇူးတင်ပါတယ် <3
မိဆိုးလေး>> self-esteem လား? အတူတူဖြစ်မှာပါး))
မီးငယ်လေး နဲ့ ရွှေရတုဘကျောက်>> ဟုတ်ကဲ့။ မီးငယ်ပြောသလိုပဲ self-esteemနဲ့ self-confidentက အဓိပ္ပါယ်သာ ကွဲတာပါ။ အတွေ့အကြုံ-> self-confident-> self-esteem အပြန်အလှန်ဆက်စပ်နေတယ်လို့ ကြားဖူးပါတယ် ဘကျောက်..။
Dust in the wind>> ကျေးဇူးတင်ပါတယ်:D။ self-esteem ကို ဖန်တီးပေးတဲ့ ပတ်ဝန်းကျင်အခြေအနေ ၄ ခု ရှိတယ်တဲ့။ အဲဒါက မိဘ(ဘိုးဘွား)၊ ဆရာ၊ အိမ်နီးနားချင်းရွယ်တူသူငယ်ချင်း၊ အတန်းဖော်သူငယ်ချင်း ဆိုတဲ့ ပတ်ဝန်းကျင်လို့ဆိုတယ်။ ငယ်ရွယ်စဉ်မှာ မိဘအပါအ၀င် အဲဒီပတ်ဝန်းကျင်လေးခုက ကာယကံရှင်ကလေးရဲ့စွမ်းရည်၊ အသိပညာ၊ အတတ်ပညာစသည်ကို ထုတ်ဖော် appreciate လုပ်တဲ့ အလေ့အကျင် လိုအပ်တယ်လို့လည်း မှတ်သားဖူးတယ်။

အခုလို ၀င်ရောက်ဆွေးနွေးပေးတာ အားလုံးကို ကျေးဇူးအများကြီး(အများကြီး)တင်ပါတယ်း))

အကြမ်းထည် said...

တခါပြန်လှည့် လာ ပြီး ဖတ်မှတ်သွားတယ်၊။
ဒီပို့စ်အတွက် သဘောကျနှစ်သက်ပါတယ်ဗျာ
ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။

pps said...

ဇယားအချက်အလက်တွေ၊သုတေသနတွေအရ..ကြည့်လိုက်တော့..ဗုဒ္ဓေါ..ကိုယ်ဟာ..နိမ့်သူထဲပါနေပါရောလား..း)))))))(တစ်ချို့အချက်တွေအရပေါ့)
ဒါဟာလဲ...ကိုယ့်ကိုယ်ကိုနိမ့်ချပြီး၊တဘက်လှည့်နဲ့အခြားသူကိုအားပေးချင်စိတ်ပိုပါတယ်....
လသာညပြောတဲ့အိမ်နီးချင်းအစ်ကိုလိုစိတ်မျိုးခံစားနားလည်လို့ရတယ်၊ကြုံလည်းကြုံတွေ့ဖူးတယ်..သူ့အနေနဲ့တော့ဒါဟာeaseဖြစ်နေတယ်လေ....
တကယ်တော့အောင်မြင်မှုမအောင်မြင်မှုဆိုတာ..ကိုယ်တိုင်းတာတဲ့ပေတံပေါ်မှာပဲမူတည်တယ်လို့..ကျမထင်တယ်....
ကျမအနေနဲ့တော့နောက်ခံsupportingကိုပိုအားသာတယ်.......
ဘာသာပြန်လေးကတဆင့်အတွေးဆင့်ပွားခွင့်ရတဲ့အတွက်ကျေးဇူးပါ။

လသာည said...

အကြမ်းထည်ရေ.. အခုလိုအားပေးတာ ကျေးဇူးတင်ပါတယ်နော် :D

pps>> ညလေး ဟဲဟဲ
အခုကွန်မန့်ကိုဖတ်ရကတဲက ဒီပုဂ္ဂိုလ်လေးဟာ self-esteem မနိမ့်ဘူးဆိုတာ သိပါတယ်။ ppsကို နိမ့်တယ်ပြောရဲပါဘူး.. :D

ဒီလိုရှိတယ်.။ တမင်တကာ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး သူများကို အားပေးရုံနဲ့ self-esteem နိမ့်တယ်လို့ ခေါ်လို့မရဘူးလေ..။

ကိုယ့်ရှိတဲ့ကိုယ်ပိုင်အမြင်၊ကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်စွမ်းရည်အပေါ် ကိုယ်တိုင်က အမှန်အတိုင်းမသိ၊ တန်ဖိုးထားမှုမရှိတဲ့သူကို ခေါ်တာပါ။ ကိုယ့်အရည်အချင်းကို အမှန်အတိုင်း မသိတဲ့စိတ်ကြောင့် (နောက်ဆက်တွဲ self-confidence အားနည်းလာတယ်၊ ကြောက်စိတ်၊ စိုးရိမ်စိတ်၊ သိမ်ငယ်စိတ်ဆိုတာတွေ ရလာပြီး)အများရှေ့မှာ ကိုယ်သိတာကို ပြောဖို့၊ ကိုယ်တတ်တာကို လုပ်ပြဖို့၊ ကိုယ့်ရသင့်တာကို တောင်းဖို့၊(အမူအရာကအစ) မ၀ံမရဲဖြစ်နေတတ်သူကိုပြောတာ..။

သူတို့မှာ ကိုယ်ပိုင်ခံယူထားတဲ့ “ကိုယ်” ဆိုတာမရှိတဲ့/အားနည်းတဲ့အတွက် သူများပြောသမျှကိုပဲ အလွယ်တကူလက်ခံပြီး (အရာရာကို) နောက်လိုက်လုပ်တတ်တယ်။ သူများက “နင် တော်တော်ညံ့တာပဲ”ဆိုရင် (ကိုယ့်စိတ်ထဲကနေပြီးတော့ကို) “ဟုတ်တယ်၊ ငါတော်တော်အသုံးမကျဘူး”လို့ အလွယ်တကူ လက်ခံပြီး စိတ်ဧါတ်ကျတတ်တယ်။ လူတောထဲမှာ ပြောသင့်တဲ့စကားကို မပြောမဖြစ်ပြောရမယ့်အချိန်တောင် မပြောရဲပဲ မျက်နှာကြီးသာနီလာပြီး ငိုသာချမယ် မပြောရဲတဲ့သူ...စသည်စသည် ကိုပြောတာ ညီမလေးရ..

ဆွေးနွေးတာ အရမ်းကို ကျေးဇူးတင်တယ်။ ဒါမှ တို့လည်း စာကျေမှာ :D

Anonymous said...

သိလို့တော့မဟုတ်ဘူး.. အောင်မြင်တိုင်းကျေနပ်တဲ့အပြုံးနဲ့အမြဲပြောတတ်တဲ့အပြင်.. my name is xxxxx. ပြောသလို ကိုယ်လုပ်တာ ဖြစ်ကိုဖြစ်တယ်..မဖြစ်ဘူးဆိုတာမ၇ှိဘူး။မလုပ်လို့မဖြစ်သေးတာပဲ၇ှိတယ်ဆိုပီးအမြဲပြောဖြစ်တယ်။ ဒါကြောင့်တချို့မျက်မုန်းအတော်ကျိုးတယ်။ ဒါပေမဲ့ ဂရုမစိုက်ပါဘူး။ ကိုယ့်နာမည်၎လုံးကိုပြောလိုက်ရရင်ကို ကျေနပ်တယ်။ ကိုယ်သမိုင်းကို ကိုယ်အမြဲရေးတယ်။
အမှားအတွက် နောင်တရတာရှားတယ်။ မှားတိုင်းမှားတိုင်း failure is the step of success.ဆိုတဲ့စကားကို ငယ်ငယ်ကတည်းက ခုချိန်ထိကျင့်သုံးတယ်။ ထပ်တူကျတဲ့အမှားမျိုးကို မကျူးလွန်မိအောင်သတိထားတယ်။ ကိုယ်လဲအမြဲမှန်သူမဟုတ်ဘူးဆိုတာ လက်ကိုင်ထားတယ်။ လူတိုင်းအမှားနဲ့မကင်းဘူးဆိုပီးလဲပြောတတ်ပေမဲ့ တတ်နိုင်သမျှမမှားအောင်နေတယ်။

အဲဒါ့ဘယ်သူလဲ..ပြော..ပြော...

မှန်ရင်မုန့်ကျွေးမယ်။

Anonymous said...

မှန်မှနောက်ထပ်လာပြန်ပြောမယ်..ဟဲဟဲ

ကိုလူထွေး said...

အကျယ်တဝင့်ရှင်းပြပေးတာကျေးဇူး...

းဝ)

Anonymous said...

ဟားဟား.....

မိဘအထောက်အပံ့လည်းလိုတယ်။
ဥပမာ.. ကိုယ်တို့စာမေးပွဲဖြေချိန်ဆို ဖေဖေက ဘာလို့မှန်းငယ်ငယ်ကမသိခဲ့ဘူး။ အသစ်တွေအမြဲဆင်တယ်။ရေမွှေးစွတ်ပေးတယ်။ အဲ့သလို။ဒါပေမဲ့နော်..သမီး အတော်ဆုံးဖြစ်အောင်လုပ်လို့ဘယ်တော့မှမပြောဘူး။ မှားခဲ့ရင် နောက်မရှမ်းနဲ့.ဆိုတဲ့စကားလုံးတွေ..ပဲပြောတယ်။
စိတ်ကောက်သလား စိတ်ဘယ်လောက်ကြီးလဲ အတင်းမဖြေဘူး။ မိုင်ကုန်အထိ လွတ်ထားပေးတယ်။ စာအုပ်တွေ ပုံပြင်တွေ ဇာတ်တွေပြောပြပေးတယ်။ ရုပ်ရှင် ပန်းခြံ ခရီး တခုမကျန်အကုန်စီစဉ်ပေးတယ်။ မုန့်ဆိုမောင်နှမတွေ အညီအမျှ။

ကိုယ့်ကြောင့်ဖြစ်တဲ့ အမှားကို သိအောင်လုပ်ပေးတယ်။ လိမ်ပြောတာကိုမကြိုက်လို့ လုပ်ရင်လုပ်တာကိုဝန်ခံရတယ်။ ၀န်ခံတဲ့အပြစ်ဆို အရိုက်မခံအဆူမခံရဘူး။ ညာမှအပြစ်ကြီးတာလေ။
ကိုယ်ကတော့ ဖေဖေ မမတို့က မြှောက်ပေးတယ်လို့ ငယ်ငယ်ကထင်ခဲ့ပေမဲ့ မြှောက်ပေးတာ မဟုတ်ပဲ ယုံကြည်ချက်ခိုင်မာအောင်လုပ်ပေးတာလို့ ထင်တယ်။
ကိုယ့်အရည်အချင်းနဲ့ကိုယ် ရပ်တည်နိုင်အောင်လုပ်ပေးတယ်။ ပံ့ပိုးပေးတယ်။ ဘေးကနေ လိုအပ်မှထောက်ပံ့တယ်။ ဒီတော့ ကိုယ်တိုင်ကလဲ မလိုအပ်ရင် ဘာမှမပြောပြတတ်တော့ပဲ ကိုယ့်ဟာကိုယ်လုပ်တယ်။ အကူအညီလိုမှတောင်းတော့တယ်။
အမြဲတမ်းမိဘကဘေးကနေ ထောက်ပံ့နေရင်လဲ ကိုယ့်အရည်အချင်းပျောက်တယ်။ မိဘတွေက ဘေးကနေကြည့်ပီး လိုအပ်မှထောက်ပံ့တာ ကောင်းတယ်လို့ ကိုယ်မြင်တယ်။

မျှတ်ချက်။ ကိုယ်ဆိုတဲ့အသုံးအနုန်းက အပ်ါစီးကပြောတာမဟုတ်ကြောင်း အာမခံတယ်။

ကျော်နှင်းဆီလွင် said...

မရေ စိတ်ပိုင်းဆိုင်ရာက လွယ်မယောင်ခက် တိမ်မယောင်နဲ့နက်တယ်နော်။ မသိတာတွေအများကြီးရယ် သြော် ဒီလိုကိုးဆိုပြီးပြန်သွားပါတယ်။
:)

ချိုကျ said...

ဟုတ်ကဲ့ မလသာ ရည်းစားစကားပြောဖို့ရယ် အိမ်ထောင်ဖက်ရွေးဖို့ရယ် အတွက်ကြိုးစားနေပါတယ်ခင်ဗျ မလသာရေးတဲ့စာ ဖတ်ပြီးတော့လေ :)

မင်းအိမ်ဖြူ said...

ကိုယ့်ကိုကိုယ် ပြန်တွေးနေမိတယ်

ရေနွေးကြမ်း said...

အမနောက်ထပ်မျှဝေဦးမယ့် self-esteem မြင့်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်နဲ့ self-esteem နိမ့်ခြင်းရဲ့ အားနည်းချက်၊ အားသာချက်များကို စောင့်ဖတ်ပါဦးမယ်ဗျာ.. အရမ်းဗဟုသုတရပါတယ်...။

Anonymous said...

အစ်မ နေကောင်းရဲ့လား..အရင်ထက် စာရင်..
စာတွေအရေးကြဲနေသလိုပဲ..။ စီဘောက်လည်း မရှိတော့ မေးချင်တာမေးလို့ မရဘူး.. ။ ဗဟုသုတရတဲ့ စာများအတွက် ကျေးဇူးတင်ပါတယ် အစ်မ။ အဆင်ပြေရင် စီဘောက်လေး ပြန်ထားပါဦးနော်။
ခင်တဲ့
စာဖတ်ပရိတ်သတ်တစ်ဦး

လသာည said...

အားလုံးပဲ ကျေးဇူးတင်ပါတယ်နော်..
အောက်ဆုံးက စာဖတ်ပိတ်သတ်လေးကိုလည်း ကျေးဇူးပါ:D အစ်မနေကောင်းပါတယ်

Anonymous said...

Find and pick some good points from you and it aids me to solve a problem, thanks.

- Henry