Sunday, May 31, 2009

ကံတရား

ခုနက ၈နာရီသတင်းနားထောင်ပြီး မမြင်နိုင်တဲ့ ကံတရားရဲ့အကြောင်းကို စဉ်းစားမိတယ်။ ဒါနဲ့ ဒီပို့စ်ကို ရေးဖြစ်သွားတယ်။

သတင်း(၃၀၊၅၊၂၀၀၉)က နှစ်ခု။
ပထမတစ်ခုက ဒီနေ့မနက်မနက်၈နာရီကျော်ကျော်က တိုကျို keio line က ဘူတာတစ်ခုမှာ အသက်၅၀ကျော်အမျိုးသမီးတစ်ဦးဟာ သူမရဲ့မိသားစုနှင့်အတူ ရထားစီးစောင့်နေခဲ့တယ်။ ရထားကကျပ်တော့ မိသားစုက ရထားထဲဝင်သွားနိုင်ပေမဲ့ သူက၀င်လို့မရလိုက်တာမို့ နောက်ရထားအလာကို စောင့်ရင်းကျန်ခဲ့တယ်။ ဒီလိုနဲ့ နောက်ရထားအလာမှာ ရထားကအဖွင့် နောက်က အရက်မူးနေတဲ့အသက်၂၀အရွယ်တက္ကသိုလ်ကျောင်းသားတစ်ယောက်က သူ့ကို နောက်ကနေ ဖက်ပြီး တွန်းချလိုက်ပါလေရောတဲ့။ ရထားက စထွက်စမို့ အရှိန်မများခင်ရပ်လိုက်နိုင်ပေမဲ့ သူမမှာတော့ အရိုးကျိုးသွားတဲ့ဒဏ်ရာတွေနဲ့ ဆေးရုံတင်လိုက်ရတယ်။ အခုအထိ သတိမရသေးဘူးတဲ့။ တွန်းချတဲ့လူကတော့ ဘာမှဒဏ်ရာမရလိုက်ဘူး။ သူ့ကို ရဲကဖမ်းသွားပါပြီ။

ပထမရထားကို ရအောင်မစီးနိုင်ခဲ့တာ သူ့ကံတရားလား? သူ့ကိုမစောင့်ပဲ သွားနှင့်လိုက်တဲ့ သူ့မိသားစုတွေကကော မစောင့်မိတဲ့အတွက် သူတို့ကိုယ်သူတို့ အပြစ်တင်နေမလား၊ဘယ်လိုတွေးနေမလဲ၊ သူမ သေများသွားရင် ဘယ်လောက်တောင် ယူကြုံးမရဖြစ်ကြမလဲနော်။

နောက်သတင်းက Niigataမှာ မနေ့က မိုးကြိုးမှန်လို့ လယ်ထဲမှာ လယ်ထွန်နေတဲ့ အမျိုးသားတစ်ဦးဆုံးသွားတယ်။ ဂျပန်မှာတော့ မိုးကြိုးမှန်တာ လူကြီးသူမပြစ်မှားလို့ စတဲ့ အယူအဆမရှိပါဘူး။ မိုးချုန်းချိန် ကွင်းလယ်ခေါင်မှာ ထီးထီးတည်းဖြစ်နေရင် မိုးကြိုးမှန်တတ်တယ်ဆိုတဲ့အတွေးပဲ ရှိကြတယ်။ သူကရော မိုးကြိုးမှန်မှန်းသိရင် အဲဒီနေ့ လယ်ထွန်မှာ မဟုတ်ဘူးပေါ့။ ဘယ်သူ့ကို တရားခံအဖြစ် သွားစွဲလို့ ရမလဲနော်။

အင်း တကယ်ပဲ ကံတရားဟာ မမြင်သာဘူး။ တို့တတွေရော ဘာတွေဖြစ်ဦးမလဲ မသိဘူး။ ဘုရား၊တရား များများလုပ်မှပါ။

လသာည ဖြစ်ပါသည်။
( သူငယ်ချင်း ဒီပို့စ်ကိုဖတ်ပြီး သင်္ကန်းတော့မစည်းသွားနဲ့ဦးနော်။ :D )

3 comments:

Anonymous said...

သီလရှင် ၀တ် လိုက်ရမလား......

လသာည said...

ဟားဟား ပုံပြင်လာပြောမနေနဲ့။ သီလရှင်အပြီးဝတ်ရင် သင်္ကန်းလှူဦးမှာ...

Anonymous said...

သင်္ကန်းလှူရုံ နဲ့ မရဘူး ...ပစ္စည်း၎ပါး ဒကါ ခံ မှရမှာ... ဘယ်လိုလဲလသာည