Sunday, May 24, 2009

စိတ်၏သီအိုရီ (Theory of Mind)

ကိုယ့်ကိုယ်ကို နားလည်ခြင်း၊ သူများကို နားလည်ခြင်း၊ နှင့် အပြန်အလှန်နားလည်ခြင်း

လူရဲ့စိတ်ဟာ တကယ်ဆန်းကြယ်ပါတယ်။ နေ့စဉ် ကျွန်မတို့တစ်တွေဟာ တစ်ဦးကိုတစ်ဦးမပြောပဲနဲ့ တစ်ဦးရဲ့စိတ်ကိုတစ်ဦးက အလိုလို နားလည်နေတာတွေရှိပါတယ်။ ကိုယ်ရှေ့ကလူက ပစ္စည်းတစ်ခုကို မ ရင်း ကိုယ်ကို ကြည့်လိုက်တဲ့အခါ ကိုယ်ကအလိုလို သူ့ကို ကူမ လိုက်တာမျိုး။ အကြာင်းအရာတစ်ခုအကြောင်း စိတ်ပါလက်ပါပြောရင်း သူ့လေသံပြောင်းသွားတဲ့အခါ သူပျင်းသွားပြီလို့ အလိုလို သိသလိုလို ဖြစ်လာကာ “အိုကေ နောက်မှ ပြောကြသေးတာပေါ့။” လို့ အလိုလိုနှုတ်ကထွက်သွားတာမျိုး။ ဒါဆိုရင် အဲဒီလို ဘာကြောင့်သိနေရတာလဲ။

အတွေအကြုံကြောင့်လား။ အတွေအကြုံကြောင့်ချည်းဆိုရင် တစ်နေ့တစ်နေ့ မိုးလင်းကနေ မိုးချုပ်ထိ ကျွန်မတို့တစ်တွေ တွေ့ကြုံရတဲ့ အကြောင်းအရာအဖြစ်အပျက်တွေ၊ တွေ့ကြုံရတဲ့လူတွေ နည်းမှမနည်းတာ။ စိတ်မှတ်ဥာဏ်က အလိုလို မေ့သင့်တာမေ့။ ဆက်သယ်သင့်တာသယ်သွားတာတွေ့ရတယ်လေ။ မှတ်ထားတဲ့ အကြာင်းအရာကိုလည်း ဘယ်အကြာင်းကဘာ ဆိုတာ ခွဲခြားသိမှတ်နိုင်တာ တွေ့ရတယ်။

အခုနက ရုတ်တရက်ကြီး ပုံကိုကြည့်ပြီး အဖြေပြောခိုင်းတာ စိတ်ညစ်သွားလား။ စိတ်၏သီအိုရီအကြောင်း ပြောပြချင်လို့ပါ။ စိတ်၏သီအိုရီဆိုတာ သူတစ်ပါးရဲ့ စိတ်ကို နားလည်ဖတ်ရှုနိုင်စွမ်းကို ဆိုလိုပါတယ်။ နားလည်ဖတ်ရှုနိုင်စွမ်း ရှိမရှိ၊ အရည်အချင်းကို စစ်ချင်တဲ့အခါ ဒီဓါတ်ပုံလေးပြပြီး စစ်ကြပါတယ်။
duck-rabbit figure လို့ခေါ်ပါတယ်။ ဒီပုံလေး ပြတဲ့အခါ ယုန်လို့ဖြေတဲ့လူ ရှိသလို ဘဲလို့ ဖြေတဲ့လူ ရှိပါတယ်။ တခြားအဖြေကို ဖြေတဲ့သူလည်း ရှိပါတယ်။ အဖြေတစ်ခုပဲ ဖြေပါလို့ ပြောလာတဲ့အခါ ကိုယ့်အဖြေအပြင် သူက ဒီလိုဖြေမှာ လို့ တွေးမိတတ်ပါတယ်.။ အဲဒီလို တွေးတတ်ခြင်းရဲ့အခြေခံဟာ စိတ်၏သီအိုရီ(theory of mind) ပါတဲ့။

အရပ်စကားနှင့် ပြောရရင် စိတ်၏သီအိုရီဆိုတာ နားလည်ပေးနိုင်စွမ်းကို ခေါ်တာပါ။ ဒီtestကို ၃နှစ်အရွယ်ကလေးကို မေးကြည့်ရင် လက်ညိုးတစ်ချောင်းထောင်ပြီး၊ အဖြေတစ်ခုကိုပဲ ရွေးချယ်တာ တွေ့ရပါတယ်တဲ့။ သူဖြေတာအမှန်၊ သူများဖြေတာ အမှားလို့ပဲ သူတွေးတာတွေ့ရတယ်။ ဒါပေမဲ့ ၄နှစ်ကျော်သွားရင်တော့ အဖြေနှစ်ခုလုံး(နှစ်ခုထက်လည်းကျော်ချင်ကျော်မယ်)ကို ရွေးချယ်ပေးနိုင်ကြပြီး ကိုယ်အဖြေလည်းမှန်တယ်၊ သူများအဖြေလည်းမှန်နိုင်တယ်ဆိုတဲ့ အချက်ကို နားလည်လက်ခံပေးနိုင်စွမ်း ရှိစပြုလာပြီလို့ ဆိုပါတယ်။ မှန်မှန်ကန်ကန် နားလည်မပေးနိုင်သေးတာပဲ ရှိမှာပါ၊ ကိုယ်နဲ့ အမြင်မတူပေမဲ့ သူက ဒီလိုမျိုးမြင်နိုင်တယ် လို့ နားလည်ပေးနိုင်စွမ်းဟာ တကယ်ဆို ကလေးအရွယ်က စတာပါ။ ( Doherty & Wimmer, 2005; Wimmer & Doherty, 2007).

တကယ်တော့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကိုယ်ကိုယ်ကို နားလည်နိုင်ဖို့ ကြိုးစားနေရသလို တပြိုင်နက်တည်းမှာ သူများကိုလည်း နားလည်နိုင်ဖို့ ကြိုးစားနေရတယ်။ နားလည်ပေးတဲ့ အကျင့်၊ အပြုအမူလေးဟာ နှစ်သက်စရာ၊ ချစ်စရာလေးပါ။ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နားလည်ပေးနိုင်ရင် သက်ဆိုင်ရာသူနှစ်ဦး (နှစ်ဦးထက်လည်း ပိုချင်ပိုမယ်)ရဲ့ ရင်ထဲမှာ ချမ်းမြေ့နေပြီး လောကကြီးဟာလည်း အလိုလို သာယာနေတယ်။

ဒါပေမဲ့ နားလည်ပေးဖို့ ကြိုးစားရတာ တကယ်တော့ မလွယ်ကူလှပါဘူး။ မှန်မှန်ကန်ကန် နားလည်ပေးနိုင်တာရှိသလို နားလည်မှုလွဲသွားတာလည်း ရှိတယ်။ ကိုယ်ကိုယ်တိုင်ကလည်း နားလည်မှုလွဲတဲ့အခါ လွဲတယ်။

သူများကို နားလည်ပေးဖို့ကြိုစားရင်း တခါတခါ မာနကိုရင်းရတယ်။ တခါတခါ သောကကို ရင်းရတယ်။ တခါတခါ ချစ်ခြင်းမေတ္တာကို ရင်းရတယ်။ တချို့ဆို ဘ၀ကိုတောင် ရင်းကြရတယ်။ မှန်မှန်ကန်ကန် နားလည်ပေးနိုင်စွမ်းနဲ့ အမှန်တရားအတွက် ရင်းရကျိုးနပ်ရင် တော်ပါသေးတယ်။ တချို့ကျတော့ တနင့်တပိုး ရင်းလိုက်ရရဲ့သားနဲ့ နားလည်မှုလွဲကြလို့ အမုန်းတွေ ရပြီး တစ်သက်လုံးရန်သူတွေ ဖြစ်သွားကြတာတွေကလည်း လောကကြီးမှာ မနည်းဘူးမဟုတ်လား။

ကလေးမဟုတ်တော့တဲ့ အတွက် နားလည်ပေးနိုင်စွမ်း ရှိနေပေမဲ့ တခါတလေ နားလည်ပေးဖို့ ကိုယ်ကိုယ်တိုင်က မကြိုးစားချင်ဘူး။ အပြန်အလှန်သဘောလို ကိုယ်ကမှန်နေရဲ့သားနဲ့ ကိုယ်ကို နားလည်ပေးခြင်းမခံရတဲ့အခါလည်း ရှိတာပေါ့ ။ မကြာခဏပါပဲ။ ဒါဟာ အမှန်ကိုသိရဲ့နဲ့ နားမလည်နိုင်တဲ့ ကလေးကြီးတွေရဲ့ သဘောထားပါ။ ဒါကြောင့်လည်း မှန်ကန်တဲ့ နားလည်မှုတွေပေးပြီး၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်တဲ့ သူတွေကို အားကျသလို ကိုယ်ကိုယ်တိုင်လည်း အဲဒီလို ရင့်ကျက်ချင်တယ်။

ဒါပေမဲ့လည်း... စိတ်၏သီအိုရီကို ပြည့်ပြည့်၀၀ပိုင်ဆိုင်ပြီးသား လူကြီးတစ်ယောက်ရဲ့ ရင့်ကျက်ခြင်းမျိုးနဲ့ သူများကို ခွင့်လွတ်နားလည်ပေးနိုင်တဲ့သူဖြစ်ဖို့ အများကြီး ကြိုးစားရပါဦးမယ်.လို့ .။

လသာည ဖြစ်ပါသည်။


No comments: