Tuesday, May 12, 2009

မုသား

လူတွေက မုသားတွေကို ပြောကြရာမှာ ရည်ရွယ်ချက်တစ်ခုခုနဲ့ ပြောတတ်ကြတယ်။

#ကိုယ်အပြစ်ကို ကာကွယ်ချင်လို့၊ (ဥပမာ..ဒီဟာ ကျွန်တော်ကြောင့် ကွဲတာမဟုတ်ဘူး လို့ပြောတာမျိုး၊) တကယ်က သူ့ကြောင့်ဖြစ်တာ။

#ကိုယ်ကိုယ်ကို လုံခြုံအောင်လို့ (အန္တရယ်မကျအောင်)(ဥပမာ.. အဲဒီလူနဲ့ ကျွန်မ မသိပါဘူး မေမေ)၊တကယ်က သူရည်းစား။

#မုသားမပါ လင်္ကာမချောဆိုတာလို မိမိစကားကို မုသားနှင့် တန်ဆာဆင်ချင်လို့၊(.ဥပမာ...ကိုယ်အချစ်နဲ့ မြင်မိုရ်တောင်ကြီး နှိုင်းယှဉ်ပြရင်ကွယ်...မြင်မိုရ်တောင်ကြီးက..ဇီးစေ့ဖြစ်သွားမယ်)

#အထင်ကြီးခံချင်လို့၊(ဥပမာ..ကိုယ်အိမ်မှာဆို နေတိုင်း အသားဟင်း၃-၄မျိုးနဲ့မပါရင် ထမင်းမစားဘူး)

# မုသားနှင့် သူများကို ဂျောက်ချင်လို့၊(ဥပမာ..မနေ့က သူကို ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ ပန်းခြံထဲမှာ ဖက်နမ်းနေကြတာ။ ) တကယ်က နောက်ကအကြောင်းအရာမပါဘူးရယ်

#ခင်မင်သူတစ်ယောက်ယောက်ရဲ့ စိတ်ဆင်းရဲနေတာကို အခိုက်အတန့် ဖြေဖျောက်ပေးချင်လို့ (ဥပမာ..အစ်မရယ၊် အစ်မ မ၀ပါဘူး၊ ကြည်ပျော်ရှုပျော်ရှိရုံပါ.) တကယ်က ပေါင်၁၅၀ဟာ၊ ဘယ်လိုမှ ကြည်ပျော်ရှုပျော် မဟုတ်ပါဘူး။

မုသားဖြူ-ဆေးမုသား
#သူတစ်ပါးကို နစ်နာစေလိုတဲ့ဆန္ဒနှင့် ပြောတာမဟုတ်ရင် မုသားဖြူပါလို့ တချို့ ကတင်စားကြတယ်။ အစစ်အမှန်မဟုတ်လို့ မုသားဖြစ်နေပေမယ့် သူတပါးအတွက်စေတနာပါတဲ့ မုသားဆိုရင် ဆေးတစ်ခွက် အဖြစ်ယာယီ သုံးလို့ အပြစ်မရှိဘူးလို့ လည်းဆိုကြပါတယ်။ ဆေး မုသားပေါ့လေ။

#နှစ်ထပ်ကွမ်း မုသား
တကယ်တော့ သူတစ်ပါးကို ထိခိုက်နာကျင်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာ ဆိုရင် ဘယ်လိုမှမကောင်းဘူးပေါ့နော်။ ဒီထက်ပိုဆိုးတာက ကိုယ်လုပ်မိတဲ့ အပြစ်ကို ကာကွယ်ချင်လို့ သူတပါးလုပ်တာလို့ ညာပြောတဲ့ နှစ်ထပ်ကွမ်း မုသားပေါ့။

#ဟာသ
နောက်မုသားနှင့်ဆင်ဆင်တူတာတစ်ခုက ဟာသပါ။ သူကလည်း လိမ်ညာပြောတာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်က သူများကိုပျော်စေချင်လို့။ မုသားနှင့် လုံးဝကွဲပြားတဲ့အချက်က သူက သူလိမ်ညာပြောတာကို လိမ်ညာပြောခြင်းခံရသူကို တစ်နည်းနည်းနှင့် ပြန်အသိပေးခြင်းဖြင့် မုသားကနေ ဟာသအဖြစ်သို့ ပုံပြောင်းပေးလိုက်တာ (ဥပမာ..ဟေး.ငါပိန်သွားပြီကွ၊ ဒီမှာကြည့် ဆိုပြီးကိုယ်လုံးမှာ တင်းကျပ်နေတဲ့ အင်္ကျီကိုပြခြင်း)

#မုသား-ဟာသမျိုး
.. နောက်တစ်မျိုးက ပထမတော့ မုသား၊ နောက်မှ အခြေအနေအရ ဟာသအဖြစ်ပုံပြောင်းလိုက်တဲ့ မုသားဟာသမျိုး
၁).. ကိုကိုက ညီညီကို “မင်းစက်ရုပ်ကြီး ပျက်သွားတာနဲ့ ငါအမှိုက်ပုံထဲသွားပြစ်လိုက်ပြီ။”လို့ပြောတော့ ညီညီက ငိုမဲ့မဲ့ဖြစ်သွားတယ်။..ဒီတော့ ကိုကိုက “ဒီအမှိုက်ပုံထဲမှာ ပြစ်လိုက်တာလေ” လို့ပြောပြီး ကုတင်အောက်ကို လက်ညိုးထိုးပြတယ်။
ဒါမုသားကနေ ဟာသအဖြစ်သို့ ပုံပြောင်းပေးလိုက်တာပါ။ ကိုကိုဟာ တကယ်တော့ ညီညီချည်းပဲ ဆော့နေလို့ စိတ်တိုပြီး ညီညီမဆော့အောင်လုပ်တာပါ။ ဒါပေမဲ့ ငိုမဲ့မဲ့ညီညီကိုကြည့်ပြီး စိတ်ပြောင်းသွားပြီး၊ မုသားကို ဟာသလုပ်လိုက်တယ်။

၂) နောက်တစ်ခု ရှိပါသေးတယ်။ ပထမတော့ စနောက်ချင်လို့ ဟာသလုပ်တာဖြစ်ပေမဲ့ ဟာသလုပ်တာမဟုတ်ရပါဘူးလို တဆင့်လိမ်ညာရတာမျိုး။
ကောင်မလေးတစ်ယောက်ကို သူများတွေမြှောက်လို့ စနောက်ပြီး ရည်းစားစကားပြောတယ်။ ကွယ်ရာမှာ ဟာသလုပ်တယ်။ နောက်တော့ တကယ်ကြိုက်သွားရော။ အဲဒီအခါကျတော့ အစကတဲက အတည်ပါလို့ ကောင်မလေးကို (မုသား) မပြောလို့မရတော့ဘူး ထင်ပါရဲ့.။ (အင်း..မုသားနောက်ကြောင်း ကောက်ရတာ .တော်တော်ရှုပ်တာပဲနော်။ :D)
.. စသည်စသည် အမျိုးမျိုးရှိပါတယ်။

အရွယ်ရောက်တဲ့ လူတိုင်းကတော့ မုသားနဲ့ ဟာသကို ကိုယ်ကြုံတွေ့ရတဲ့ အခြေအနေကို မူတည်ပြီး မကြာခဏသုံးစွဲနေကြတယ်။ (အရွယ်မရောက်(သေး)တဲ့ လူတွေကတော့ ဒို့က မညာတတ်ဘူးလို့ ပြောမယ်ထင်တယ်။ အဲဒါလည်း မုသား? :P )

အဲဒီ မုသားနှင့် ဟာသကို စတင်သုံးစွဲတတ်တာဟာ ဘယ်အသက်အရွယ်က စခဲ့သလဲဆိုတာကို စိတ်ဝင်စားတာနဲ့ လေ့လာခဲ့ပါတယ်။ တကယ်တော့ မုသားစကားကို စတင်ခဲ့တာ ကလေးဘ၀ထဲကပါတဲ့ ။ မုသားနှင့် ဟာသကို လူကြီးလို ရေရေလည်လည် ခွဲခြားနားမလည်သော်လည်း နှစ်ခုလုံးကို စတင်သုံးစွဲတတ်တာ အသက် ၆နှစ်ခန့်က စတယ်လို့ လေ့လာတွေ့ရှိရပါတယ်။

လသာည ဖြစ်ပါသည်။

2 comments:

Anonymous said...

It is intersting! လသာည ရေး တာ တွေ အရင် ကထက် ကောင်း လာ တယ်

လသာည said...

ဟုတ်လား။ ကျေးဇူးးး ဒါပေမဲ့ အစ်မ အခုတစ်လော စာနည်းနည်း များပြီး နည်းနည်းစိတ်ရှုပ်စရာ ရှိနေလို့ ပို့စ်ကို သိပ်အာရုံမစိုက်နိုင်ဘူးရယ်။သတ်ပုံမှားရင် ကွန်မန့်ထဲမှာ ၀င်ပြင်သွားနော်။