Sunday, November 29, 2009

ခြေထောက်တွေဟာ ဘယ်ထိရှည်သင့်သလဲ

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရေးထားတာကြာပါပြီ။ အဆုံးထိ ဘာသာမပြန်ဖြစ်တာမို့ ကြာသွားရတာပါ။ ဒါပေမဲ့ မနက်ဖြန် စာအုပ်ပြန်အပ်ရတော့မှာမို့ အပြီးသတ်ရေးလို့ တင်လိုက်ပါတယ်။ (လသာည)
တကယ်တော့ ဒီအဖြစ်အပျက်ဟာ သမ္မတကြီးရဲ့ ဘ၀တစိတ်တပိုင်းကို အခြေခံထားခြင်းဖြစ်ပါတယ်။

အပိုင်း (၁)
ဂျဲနီစ်း၊ ။သမ္မတကြီးခင်ဗျား ကျွန်တော်ကို ခေါ်ပါသလားခင်ဗျာ
လင်ကွန်း။ ။ဟုတ်တယ် ဂျဲနီစ်း၊ ၀င်ခဲ့ပါ။ ခင်ဗျားနဲ့ ဆွေးနွေးစရာရှိလိုပါ။
ဂျဲနီစ်း၊ ။ ဟုတ်ကဲ့။
လင်ကွန်း။ ။ထိုင်ဗျာ။ နောက်တကြိမ် ကျွန်တော်တို့ စည်းဝေးပွဲလုပ်ချိန်ကျရင် ခင်ဗျားက မေးခွန်းတစ်ခုမေးပေးပါ။
ဂျဲနီစ်း၊ ။ ဘာမေးရမလဲ ခင်ဗျာ။
လင်ကွန်း။ ။ “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”လို့..
ဂျဲနီစ်း၊ ။ခင်ဗျာ.. ဘယ်လို....
လင်ကွန်း။ ။“သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”လို့..မေးပါ။
ဂျဲနီစ်း၊ ။ ဘာ..ဘာဖြစ်လို့ မေးရမှာလဲ။
လင်ကွန်း။ ။ ဘာဖြစ်လို့လည်း ဆိုတော့ ငါ့မှာ အဖြေကောင်းတစ်ခု ရှိနေလို့ပါ။ အဲအဖြေကို ပြန်ဖြေကြည့်ချင်လို့
ဂျဲနီစ်း၊ ။အဖြေကို အမိန်ရှိပါဦးခင်ဗျာ..
လင်ကွန်း။ ။အဖြေက “ခြေထောက် မြေကြီးရောက်တဲ့အထိ ရှည်သင့်တယ်”
ဂျဲနီစ်း၊ ။ ဗျာ.. (အနည်းငယ် ရယ်ချင်စိတ်ကို အတင်းမြိုသိပ်ရပုံဖြင့်) အဲဒါအဖြေလား။
လင်ကွန်း။ ။ ဟုတ်တယ် “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”ရဲ့ အဖြေလေ။ဘာလဲ အဖြေက ရယ်စရာဖြစ်နေလို့လား
ဂျဲနီစ်း၊ ။ ဟုတ်ကဲ့။ (ပြုံးလိုက်ရင်း) ပွင့်ပွင့်လင်းလင်း ပြောရရင် ရယ်စရာကောင်းသလားလို့ပါ။
လင်ကွန်း။ ။ အင်း.. ဒီနေ့ စည်းဝေးပွဲမှာ အဲဒီအဖြေက ရယ်စရာသွားခဲ့တယ်..။ ငါက အဲဒီမေးခွန်းကို အခုပြန်စဉ်စားနေတာ....

အဲဒီနေ့က သမ္မတကြီးက သူ့ရဲ့ကိုယ်ရေးအရာရှိနဲ့ ပြောဖြစ်တဲ့ စကားပါ။

အပိုင်း(၂)
သမ္မတကြီးဟာ အိမ်ကို ပြန်လာပြီးနောက်လည်း မေးခွန်းနဲ့ အဖြေအကြောင်းကို ဆက်စဉ်းစားနေခဲ့တယ်။ အဲဒီနေ့မနက် သူတို့ စည်းဝေးခန်းမထဲမှာ စည်းဝေးပွဲစခါနီး လယ်သမားတစ်ယောက်က သမ္မတကြီးနဲ့ အရေးတကြီး တွေချင်ကြောင်း အစောင့်က လာအကြောင်းကြားပါတယ်။ ဒါနဲ့ လယ်သမားကို ၀င်ခွင့်ပြုလိုက်ပါတယ်။

ဝင်လာတဲ့လယ်သမားဟာ သူ့မျက်နှာကို ကြည့်ရင်းမေးခဲ့တဲ့ မေးခွန်းက “သမ္မတကြီးခင်ဗျာ၊ လူတစ်ယောက်ရဲ့ ခြေထောက်က ဘယ်လောက်ရှည်သင့်ပါသလဲ”တဲ့..။
ခန်းမတွင်းက လူတွေက သူမေးခွန်းကို အံအားတကြီးဖြစ်သွားစဉ် သူက ပြန်ဖြေခဲ့တယ်။ “ခြေထောက် မြေကြီးရောက်တဲ့အထိ ရှည်သင့်တယ်လေ”

တခန်လုံးရှိ လူအားလုံး ရယ်မောပွဲကျသွားကြတယ်။ သူ့အဖြေကို ရပြီး လယ်သမားဟာ ခန်းမထဲကနေ ပြန်ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် ထုံးစအတိုင်း သူတို့ စည်းဝေးပွဲကို ဆက်လုပ်လိုက်ကြတယ်။ သမ္မတကြီးဟာ စည်းဝေးပွဲပြီးနောက် တောက်လျှောက် လယ်သမားရဲ့ မေးခွန်းကိုပဲ ပြန်စဉ်းစားနေမိတယ်။
သူဘာကြောင့် အဲလိုဖြေခဲ့မိတာလဲ ဆိုတာလဲ သူကိုယ်သူ ပြန်တွေးမိတယ်။

သူစဉ်းစားလို့ရတာက လယ်သမားရဲ့ မျက်လုံးတွေဟာ ၀မ်းနည်းနေခဲ့လို့ဖြစ်မယ်ဆိုတာပါပဲ။ သူဘာကြောင့် ၀မ်းနည်းနေတာလဲ ဆိုတာ သူမသိပါ။ ဒါပေမဲ့ သူက အနည်းငယ်ဖြေပျောက်ပေးလိုစိတ်နဲ့ အဖြေတစ်ခုကို အလျင်အမြန်စဉ်းစားပေးမိသွားတာပါ။ ရလာဒ်က အားလုံးက ရယ်စရာအဖြစ်နဲ့ ဇာတ်သိမ်းသွားတယ်။ ဟင်း.......သူဘာကို မေးချင်ခဲ့တာပါလိမ့်။

ထိုင်တွေးနေတဲ့ သမ္မတကြီးကို သမ္မတကတော် မေရီလင်ကွန်းက သိပ်မတွေးဖို့ ပြောခဲ့တယ်။ “ဘာပဲဖြစ်ဖြစ် ရှင့်အဖြေက ရယ်စရာတော့ ကောင်းတယ်နော်။ နောက်တမျိုးဖြေကြည့်ရင် ခြေထောက်က လူခန္တာကိုယ်နဲ့ ထိတဲ့အထိ အပေါ်ကို ပြန်ရှည်သွားတာမဟုတ်ဘူးလား။ မြေကြီးထိရောက်အောင် ရှည်သင့်တာမဟုတ်ပဲ ခန္တာကိုယ်အပေါ်ပိုင်းနဲ့ ထိအောင် ရှည်သင့်တာလေ”
သမ္မတကြီးကတော့ ထိုအဖြေအတွက် မရယ်ခဲ့ပါ။

အပိုင်း(၃)
လယ်သမား Heinzတို့ ဇနီးမောင်နှံအိမ်မှာ ဖြစ်ပါတယ်။ လယ်သမားဟာ အသုံးမကျသူပဲလို့ သူကိုယ့်သူ စိတ်ဆိုးနေခဲ့ပါတယ်။ သူက သမ္မတကြီးကို အရေးတကြီးသွားတွေ့ခါနီးတော့ သူပြောချင်တာတွေကို ပြောဖို့ တန်းစီတွေးထားခဲ့ပါတယ်။ ဒါပေမဲ့ တကယ်ပဲ သမ္မတကြီးနဲ့ တွေ့တော့ သူပြောချင်တာ မပြောနိုင်ခဲ့ပဲ ပါးစပ်ထဲတွေ့တဲ့ မေးခွန်းတစ်ခုကိုပဲ မေးမိခဲ့တယ်။ မေးပြီးတော့ မှားသွားပြီလားလို့ သူစိုးရိမ်သွားချိန်မှာ သမ္မတကြီးက အဖြေကို အလွယ်တကူဖြေပေးခဲ့တယ်။

သူ့မိန်းမက သူ့ကို အပြစ်တင်နေခဲ့တယ်။။
“ရှင်က ကျွန်မသားလေးကို အပြစ်ကလွှတ်အောင် ပြန်လွှတ်ဖို့ တောင်းဆိုမယ်ဆိုပြီး သွားတာမဟုတ်လား။ အခုတော့ အရှုးတစ်ယောက်လို ပေါက်ကရမေးခွန်းမေးပြီး ပြန်လာခဲ့တယ်။ ရှင် ဘာအသုံးကျသလဲ။ အဲဒီ ခြေထောက် ဘယ်အထိရှည်သင့်မသင့်က ဘယ်လောက်အရေးကြီးတဲ့ မေးခွန်းလဲ. ။ ရှင် အရှုးပဲ။ ရှင့်ကို အလုပ်ကို လာနှောက်ယှက်မှုနဲ့ တရားစွဲခံခဲ့ရရင် ကျွန်မတော့ အမှုကြီး တစ်ခု ထပ်ကြုံရတော့မှာပဲ..။ ရှင် လူညံ။ ရှင်ဟာ အသုံးမကျတဲ့သူ။ ရှင်ဟာ....”

“တော်ပါတော့ကွာ။ ငါ့အပြစ်တွေပါ။ ငါ အသုံးမကျသူပါ။ ငါ့လို အသုံးမကျသူတစ်ယောက်က ပေါက်ကရမေးခွန်းမေးတာကို အပြစ်မယူပဲ ရယ်စရာလုပ်လို့ ဖြေရှင်းပေးသွားတဲ့ သမ္မတကြီးကို ငါအရမ်းကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ့သားလေး...ငါ့သားလေး ..” စကားဆုံးအောင် မပြောနိုင်တော့ပဲ လယ်သမား ငိုချလိုက်ပါတော့တယ်။

ဒီအချိန်မှာပဲ တံခါးခေါက်သံကြားလိုက်ရပါတယ်။ ဒီလို ညကြီးမင်းကြီး တံခါးလာခေါက်တာဆိုရင်တော့..။ လင်မယားနှစ်ယောက် အပြန်အလှန်ကြည့်ရင်း စိုးရိမ်ကြောက်လန့်စွာ တံခါးကို ဖွင့်ပေးလိုက်တယ်။ အပြင်မှာ တွေ့လိုက်ရတာက...
“ သမ္မတကြီး”

ဟုတ်ပါတယ်။ သမ္မတကြီးပဲ ဖြစ်ပါတယ်။ သူဟာ ထိုင်ပြီး စဉ်းစားပေမဲ့ အဖြေမရတဲ့အဆုံး သူ့အစောင့်ကို ခေါ်ပြီး လယ်သမားအိမ်ကို စုံစမ်းပြီး ရောက်လာတာပဲ ဖြစ်ပါတယ်။

“ညကြီးမင်းကြီး အနှောက်အယှက်ပေးသလို ဖြစ်ရင် အားနာပါတယ်။ ဒါနဲ့ ခင်ဗျားရဲ့ ဟိုမေးခွန်းက........”
“သမ္မတကြီးခင်ဗျား ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်ရဲ့ ရှုးကြောင်ကြောင်မေးခွန်းအတွက် အပြစ်ကို ခွင့်လွှတ်ပေးပါ”လို့ ဒူးထောက်ပြောရင်း လယ်သမားဟာ ငိုချလိုက်ပါတယ်။ ထိုအဖြစ်ကို ကြည့်ပြီး သမ္မတကြီးပါ မျက်ရည်တွေကျလာခဲ့ပါတယ်။

“ရပါတယ်။ မငိုပါနဲ့။ ထ ရပ် ပြီး ပြောပါ။”
“ဟုတ်ကဲ့..။ ကျွန်တော်ကို ခွင့်လွှတ်ပါခင်ဗျာ”
“ကဲ စိတ်မညစ်ပါနဲ့ဗျာ။ ခင်ဗျားသားနဲ့ တကွ တကြိမ်တခါ မှားသူ လူငယ်တွေကို ကျွန်တော်ခွင့်လွှတ်ပါတယ်။ မနက်ဖြန် ခင်ဗျားသား လွတ်လာမှာပါ၊ ပြီးတော့ ခင်ဗျားရဲ့မေးခွန်းအတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်။ အဲဒီမေးခွန်းက ကျွန်တော့်ဘ၀ကို နောက်တကြိမ် ပြန်စဉ်းစားဖို့ သတိပေးလိုက်သလို ဖြစ်လို့ပါ။ ကျွန်တော့်အဖြေလည်း ခင်ဗျား ကျေနပ်မယ်ထင်ပါတယ်။ “ခြေထောက်တွေဟာ မြေကြီးအထိ ရှည်သင့်တယ်”ဆိုတာလေ..။

“ဟာ..ကျေနပ်ပါတယ် ခင်ဗျာ။ အဲဒီအဖြေဟာ အဖြေမှန်ပဲ ဖြစ်မှာပါ ခင်ဗျာ”
“ဒါဆိုလည်း ကျွန်တော်ဖြေရကြိုးနပ်ပါပြီ။ ဒါနဲ့ ခင်ဗျားတို့မှာ စားစရာတစ်ခုခု မရှိဘူးလားဗျာ။ ခရီးဝေးကလာရတဲ့ လူတစ်ယောက်အတွက် တစ်ခုခုတော့ ဂုဏ်ပြုသင့်တယ် ထင်တာပဲ”
“ဟာ.. ရှိပါတယ်သမ္မတကြီး၊ ရှိပါတယ်။ အိမ်ထဲကို ကြွပါခင်ဗျာ”
သိပ်မကြာခင်အချိန်အတွင်းမှာပဲ လယ်ယာဖြစ်ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ညိုနဲ့ ချိစ်ကို သမ္မတကြီးအတွက် စီစဉ်ပေးခဲ့ပါတယ်။
............................................................

ပြဇာတ်အသွင် ရေးထားတဲ့ ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီး စာရေးဆရာ (Noody Allen)က “ဒီဖြစ်ရပ်မျိုးဟာ သမ္မတကြီး လင်ကွန်းရဲ့ ဘ၀များထဲက တစ်ခုကို အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။ တကယ်ပဲ ထပ်တူဖြစ်ခဲ့မဖြစ်ခဲ့ကတော့ ဒါကို ရေးသူ ကျွန်တော် ခေါင်းစားနေဆဲ အချက်ပဲ ဖြစ်ပါတယ် ခင်ဗျာ”လို့ ဇာတ်လမ်းအစမှာ နိဒါန်းချီထားပါတယ်။ ၀တ္တုနာမည်က “The question” ဖြစ်ပါတယ်။

ဘာသာပြန်.. လသာည ဖြစ်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ နာမည်ကြီးသမ္မတကြီးတစ်ဦးရဲ့ ဘ၀တစိတ်တဒေသကို ဖတ်ရတာ စိတ်ဝင်စားမိလို့ ဘာသာပြန်မျှဝေရုံသက်သက်ပါ။ဒီဝတ္တုက ပြဇာတ်အသွင် ရေးထားတာဖြစ်လို့ ဖတ်ကောင်းအောင် နည်းနည်းပြောင်းထားပါတယ်။

10 comments:

အိစံ said...

ဘာသာပြန်ရေးတာ အားကျ၏။ မျှဝေပေးတာကျေးဇူးပါ။

ဂျပန်ကောင်လေး said...

အဓိပ္ပါယ်ကို ကျွန်တော်သိပ်နားမလည်ဘူး.. မြေကြီးနဲ့ထိတဲ့အထိ ခြေထောက်ရှည်တယ်... ???.. ကျွန်တော် ဥာဏ်မမီဘူးဗျာ... ဟီး..

လသာည said...

အိစံကိုလည်း ကျေးဇူးတင်ပါတယ်:P

ဂျပန်ကောင်လေး>> အေး အစ်မလည်း အဲဒီအဓိပ္ပါယ်သိပ်တော့နားမလည်ဘူး။ နိုင်ငံရေးဘာသာရပ်နဲ့ စဉ်းစားရင်တော့ (အစ်မထင်တာနော်) မြေကြီးလို့ခေါ်တဲ့ လယ်သမားအပါအ၀င် အောက်ခြေလူတန်းစားရဲ့ဘ၀အတိ ကွင်းဆင်းလေ့လာသင့်တယ် လို့ ဆိုလိုတာဖြစ်မယ်ထင်ပါတယ်။ အဲဒီဘာသာရပ်ကို အစ်မလည်း သိပ်မသိဘူး။ :P

ဒါပေမဲ့ သာမာန်လယ်သမားတစ်ယောက်က နိုင်ငံတစ်ခုလုံးရဲ့ အကြီးအကဲရှေ့မှာ ကြောက်ရွံတုန်လှုပ်စွာ လိုရင်းမရောက်ပဲ ကြုံရာပြောမိတတ်တဲ့ စိတ်အခက်အခဲကို နားလည်ပြီးတော့ လျှက်တပြက် အဖြေတစ်ခုကို အဆင်ပြေသလို ပေးလိုက်တဲ့ သမ္မတကြီးရဲ့ ဖြတ်ထိုးဥာဏ်နဲ့ သနားစာနာတတ်မှုကို အစ်မ သဘောကျလေးစားမိတယ်။

rose of sharon said...

အရပ်ပုသူတွေအတွက် ဒီအဖြေက ကျေနပ်စရာလို့ထင်ပါရဲ့..... ရှည်စရာမလိုဘဲ မြေကြီးနဲ့ ထိပြီး ရပ်တည်နိုင်ဖို့ဘဲ အဓိက ကျတယ်လို့ ဖြေသိမ့်နိုင်မယ် ထင်တယ်....

မိုးသီတာ said...

သဘောကျပါတယ်။ ဘာသာပြန်ပေးတဲ့သူကိုလဲ သဘောကျပါတယ်။ သို့သော် လင်ကွန်းက ရယ်စရာလုပ်ဖြေတယ်လို့မထင်ပဲ သူ့စိတ်ထဲရှိတာ ဖြေလိုက်တယ်လို့ ထင်တာပဲ။ အင်္ဂလိပ်လို တွေးရင်တော့ ပိုလွယ်မယ် ထင်တယ်။ မေးခွန်းနဲ့ အဖြေကို ပြောပါတယ်။ ငယ်စဉ်တည်းက အားကျခဲ့တဲ့ သူတွေထဲမှာ အေဗရာဟမ် လင်ကွန်းလဲ ပါခဲ့ပါတယ်။

ကျော်နှင်းဆီလွင် said...

မညရေ ညီမလည်းလင်ကွန်းသိပ်သဘောကျတာ
ဘ၀မှာဦးဆုံးဖတ်ဖြစ်တဲ့အထ္ထုပတ္တိစာအုပ်ပေါ့
ဒီလိုအဖြစ်ပျက်လေးတွေလဲရှိတာစိတ်ဝင်စားစရာနော်
:D

မင်္ဂလာပါ .... said...

မမလသာညရေ...
ဘာသာပြန်လေးတွေ စိတ်ဝင်တစားဖတ်သွားပြီနော်
ခုလိုမျှဝေပေးတဲ့အတွက် ဗဟုသုတတွေအများကြီးရပါတယ်
နောက်လည်း အများးးးးးးးးးးးးးးးးကြီးမျှဝေနိုင်ပါစေ
ချစ်ညလေး နှင်း

kiki said...

အောက်ခြေမလွတ်တဲ့ လူတယောက်လိုကျင့်ကြံဖို့  ဆိုလိုတာနဲ့ တူပါရဲ့  ။

လူတိုင်းက ရှည်သည်ဖြစ်စေ၊ ပုသည် ဖြစ်စေ ခြေထောက်က မြေကြီးနဲ့ ထိနေမှ ဖြစ်တာပေါ့လေ ။

ရုတ်တရက် ကြားလိုက်ရတဲ့ အချိန်မှာ ရယ်စရာ ဖြစ်ကောင်းဖြစ်မှာသေချာပါတယ် ။

တကယ်လို့ များ ဒီမေးခွန်းကို ..
ကိုယ်တို့ တတွေရဲ့  ဘဘကြီး ကို မေးကြည့် တဲ့ အခါ ဘယ်လိုများ ပြန်ဖြေမလည်းလို့  စဉ်းစားမိလိုက်သေးတယ် လသာညရေ ....

ကိုလူထွေး said...

ကိကီပြောသလိုပဲ တွေးမိတယ်...
မြန်မာလို စဉ်းစားရင်တော့ အောက်ခြေလွတ်သူတွေကို ဆုံးမထားသယောင်...

းဝ)

Myo said...

that question and answer can be used as we like in our life. Excellent ,thank for translation.