Sunday, February 7, 2010

ဘ၀ထဲက ကစားနည်း တစ်ခု

တို့ မင်းကို ကစားနည်းတစ်ခုပြောပြချင်တယ်။ ငယ်ငယ်တုန်းက တို့အဖေက ကာတွန်း ၀ထ္ထု အိမ်ပေါ်တင်ရင် ဓါးနဲ့ ခုတ်ပစ်မယ်တဲ့ အမြဲကြိမ်းဝါးခဲ့တယ်။ ဒါပေမဲ့ အဖေက ကျားပြေးတာ (ကျားကစားတာကို ကျားပြေးတာလို့ တို့ဆီမှာခေါ်တယ်) ကိုတော့ သင်ပြပေးခဲ့တယ်။ အဖေက သမီးတွေထဲမှာ ကျားပြေးတာ အထူးချွန်ဆုံးဖြစ်တဲ့ တို့နဲ့ အချိန်ရသမျှ မီးခွက်ထွန်းပြီး ညည့်နက်သန်းခေါင် ကျားပြေးကူပေးခဲ့တယ်။

အဖေဟာ မှတ်ညဏ်တော်တော် ကောင်းပြီး ဘ၀အတွက် တွက်ချက်တာတွေ ထူးချွန်တဲ့ ယောကျာ်းတစ်ယောက်လည်း ဖြစ်ခဲ့တယ်။ ဒါပေမယ့် ကံကြမ္မာနဲ့ ကျားပြေးပွဲတော့ အဖေ မနိုင်ခဲ့ဘူး။ စောစောစီးစီး ကွယ်လွန်သွားခဲ့တယ်..။

ဒါနဲ့ ဆက်ပြောရရင် အဖေနဲ့တို့ ကျားပြေးကစားရင်း တဖြေးဖြေးနဲ့ တို့ ကျားပြေးကျွမ်းကျင်လာခဲ့တယ်။ နောက်ဆုံးတော့ တို့က ရှုံးတယ်ဆိုတာ မရှိတော့လောက်အောင်ကို တော်လာခဲ့တယ်ပေါ့။ အဖေကိုလည်း နိုင်ခဲ့တယ်။ ဘကြီးတို့ ရွာက ကျားပြေးအတော်ဆုံး ယောက်ျားကြီးကိုလဲ နိုင်ခဲ့တယ် :D။ (တို့ တော်တယ် မဟုတ်လား :D)

တို့လေ မိန်းခလေးဖြစ်ပေမယ့် စစ်တုရင် ကစားတာကိုလည်း ကြိုက်တယ်။ စစ်တုရင် ကစားချင်ပေမယ့် စစ်တုရင်ခုံကို မ၀ယ်နိုင်တဲ့ ဆင်းရဲသားတွေကတော့ ကျားပဲပြေးရတာပေါ့ ကွာ။ (အခြေအနေပေးရင် စစ်တုရင်ကစားတာ သင်ဦးမယ်လို့ တွေးထားတယ်။ အခုထိ စိတ်မလျှော့သေးဘူး :D)

ကျားပြေးတာ အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းသိတဲ့အတိုင်း ကစားပွဲမှာ ကိုယ်နိုင်ဖို့အတွက် ကိုယ့်ဘက်က ထိုးကျွေးပစ်ခဲ့ရတာတွေရှိခဲ့တယ်၊ သူများအကောင်ကို များများ စားပစ်နိုင်ဖို့ ဂွင်ကို( အခွင့်အရေးကို) စိတ်ရှည်ရှည် စောင့်ဆိုင်း ဖန်တီး အကွက်ချရတယ်။ တခါတခါ တောက်လျှောက် ထိုးကျွေးပစ်ရတာတွေတောင် ရှိတယ်။ တခါတလေ တစ်ဖက်လူ သုံးကောင်၊ ကိုယ့်ဘက်က တစ်ကောင်တည်းနဲ့ သရေကျအောင် အတင်းကစားရတာလည်း ရှိတယ်။

ပြီးတော့ ကိုယ့်တကယ့် ရည်ရွယ်ချက်ကို တစ်ဖက်လူ မသိရလေအောင် ပါးနပ်စွာ အကွက်တွေ ရွှေ့ထားရတာလည်း ရှိတယ်။ အရေးမပါတဲ့ အကွက်တွေကို ကြေငြာထားပြီး များများ ရွှေ့ပေးနေရတာတွေ လည်း ရှိတယ်။ ကိုယ့်အကွက်ကို လူသိရင် ကိုယ်အဖျက်ခံရမယ်လေ ဟုတ်တယ်မို့လား သူငယ်ချင်းရာ..

အင်း...ကြာခဲ့ပါပြီ..။ ဆယ်ကျော်သက်ဘ၀က ကစားခဲ့တာတွေပါ။ ဒါပေမဲ့ အဲဒီကစားနည်းက တို့ဘ၀ကို တောက်လျှောက် လွှမ်းမိုးခဲ့တယ်။ အဲဒီကစားနည်း နဲ့ ဆင်းရဲဒဏ်ကို ကြံ့ကြံ့ခံခဲ့တယ်၊ ဝေဖန်မှုတွေကို မတုန်မလှုပ် ရင်ဆိုင်ခဲ့တယ်။ လောကဓံနဲ့ ကစားရတဲ့ ဘ၀ ကစားပွဲမှာ ကိုယ်နိုင်ဖို့ အချိန်တွေကို ထိုးကျွေးခဲ့ ရတယ်။ ရလာတဲ့ အခွင့်အရေးတွေတိုင်း မဆိုင်းမတွ သုံးလေးကောင် တခါတည်း စားနိုင်အောင် အတိအကျ ပြင်ဆင်ထားခဲ့ရတယ်။ စိတ်ရှည်စွာ စောင့်ဆိုင်းနေရတာတွေလည်း အများကြီး ။ စောင့်ဆိုင်းစဉ်မှာ လူမသိရလေအောင် အခြားအကွက်တွေ ရွှေ့ပေးနေရတာတွေလည်း အများကြီးပေါ့ ။

ဟားဟား လောကကြီးက ရယ်ရတယ်သိလား..။ကျားကစားပွဲမှာ နိုင်တုန်းက တော်တယ်လို့ ချီးကျူးခံရပေမယ့် (ကလေးမို့လို့ ထင်တယ်) ဘ၀ကစားပွဲမှာနိုင်သွားတော့ “ကံကောင်းလို့”လို့ အမည်တတ်ခံရတယ် :D ကိုယ်ဘယ်လို လိုက်ရှင်းနေနိုင်မလဲ..။ လောကဓံနဲ့ ပြိုင်ပွဲမှာ ကိုယ်နိုင်ဖို့ အဓိကပဲ မဟုတ်လား.. နော်။

တို့ အခု ပညာသင်နေချိန် ထားတဲ့ နံပါတ်တစ် ရည်ရွယ်ချက်က ကျမ်းကိုပီပီပြင်ပြင် ရေးနိုင်ဖို့၊ နံပါတ်နှစ်က အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်တွေမှာ အခုအတိုင်း ဆက်တက်ခွင့်ရဖို့ပဲ။ ဂျပန်က ပိုက်ဆံရှိပေမဲ့ အပြည်ပြည်ဆိုင်ရာ ဆယ်မီနာတွေမှာ သူတို့တွေဟာ များသောအားဖြင့် ကမ္ဘာနဲ့ မရောနိုင်ကြဘူး။ သီးသန်တွေ ဖြစ်နေတတ်ကြတယ်။ (ဘာသာရပ်အားလုံးကို မဆိုလိုပါဘူး၊ အများအားဖြင့် ပြောတာ)။ သူတို့ရဲ့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့်တင်မက သူတို့က မလွှတ်ပစ်လိုက်ချင်တဲ့ တယူသန်သဘောထားတွေ၊ အယူအဆတွေကြောင့်လည်းပါမယ် ထင်တယ်။

အခွင့်အရေး ရတုန်း အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်တွေအထိ အမြဲဆက်တက်နေနိုင်ဖို့ တို့က အများကြီး ကြိုးစားရဦးမယ်။ အများကြီး နားလည်စရာတွေလိုသေးတယ်။ ဘာသာစကား ကို မွှတ်ညက်နေအောင် လုပ်ထားရမယ့်အပြင် နိုင်ငံတကာ ဗဟုသုတတွေလည်း သိုမှီးရဦးမယ် မဟုတ်လား။ ပြီးတော့ အပြည်ပြည်ဆိုင်ရာ ဆင်ပိုဇီယမ်မှာ တက်ပြောတဲ့အချိန် စမတ်ကျနေရမယ့် လေဒီ တစ်ယောက်ရဲ့ အပြုအမူ ဟန်ပန်၊ အသုံးအဆောင် တွေနဲ့ ရင်းနှီးအောင်လည်း လုပ်ရဦးမယ်လေ။ ဟားဟား ဟေ့ကောင်..မင်း ရယ်နေတာလား.:P . မရယ်နဲ့နော် ဒါလည်း တကယ်အရေးကြီးတာကို မင်း သိမှာပါ..။

နောက်ပြီး စိတ်နှလုံးကို လဲ ပြင်ဆင်ရဦးမယ်။ စိတ်ကောင်းထားတတ်ဖို့၊ ဘ၀င်မမြင့်တတ်ဖို့၊ အလားတူ မသိမ်ငယ်တတ်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့၊ သူတပါးကို မနှိမ်တတ်ဖို့၊ သူတပါးက နှိမ်လာတာကိုလည်း ပညာဖြင့် ရင်ဆိုင်တတ်ဖို့၊ တတ်နိုင်သ၍ အကောင်းမြင်တတ်ဖို့ စတာတွေ.. (စိတ်နှလုံးကို ပြင်ဆင်တာ ပိုကြာတယ်မဟုတ်လား..။)

ကံနဲ့တော့မကစားရဲပါဘူး သူငယ်ချင်းရယ်။ ကံပေးလာတာကို အလိုက်သင့်လေး ပြေးလိုက်ရင်း လောကဓံနဲ့ ကျားပြေးတမ်း ကစားနေရုံလေးပါ။ အော်.. လိုရင်း မေ့တော့မလို့၊ ဇူးဇူးလေးကိုလည်း အခုကတဲက စစ်တုရင်ပြေးနည်းလေးကိုတော့ သင်စေ့ချင်တယ်ကွာ။ မင်းတတ်သ၍ သင်ပေးလိုက်ပါ..

ကြိုးစားကြပါစို့.. ချစ်တဲ့ မင်းရဲ့ သူငယ်ချင်း ( .............)

မှတ်ချက်..။သူငယ်ချင်းက ပေးစာလေးပါ..။ သူပြောနေပုံလေးက ချစ်ဖို့လည်းကောင်း၊ အားကျဖို့လည်းကောင်း၊ ကိုယ့်ကိုလည်း အားတက်စေတဲ့ အတွက် သူစာကို အနည်းငယ်တည်းဖြတ်ပြီး ပို့စ်အဖြစ်တင်ပြီး အမှတ်တရ သိမ်းလိုက်ပါတယ်..။

8 comments:

rose of sharon said...

လသာညကိုတော့ တော်တယ်လို့ချီးမွမ်းချင်တယ်... ကံကောင်းတာမဟုတ်ဘူး.... တကယ်တော်တယ်... ကိုယ်နဲ့တခြားစီ

မိုးသီတာ said...

မအီမသာကြီး ဖြစ်ပြီးပြန်သွားပါကြောင်း။ (၀က်သားကောက်ညှင်းထုပ် ခုလေးတင် စားမိလိုက်တာနဲ့ တိုက်ဆိုင်နေလို့ပါ။)

နွေဆူးလင်္ကာ said...

ကျနော်က စစ်တုရင် ကစားတတ်တယ်ဗျ။ ကစားတိုင်း ပြိုင်ဘက်တိုင်းက ကျနော့်ကို ရှိန်တယ်။ ဒါပေမယ့် ကျနော် ကစားရမှာ ပျင်းတယ်။

kiki said...

ကျားကစားတာ အတော်လေးစိတ်အေးအေးထားပြီး စိတ်ရှည် ရတယ်နော်။ ဘုရင်ကြီးကို လိုချင်တော့ ဘုရင်မ ကို ချကျွေးရသလိုမျိုး ပရိယာယ်ကြွယ် ရသေးတယ် ..

တကွက်မှားသောကျား လိုတော့ မဖြစ်အောင် ဂရုစိုက် ပေါ့ .. ဟိဟိ ..ဆရာကြီးလုပ်သွားတာ..

Unknown said...

အတုယူစရာလေးပါ လသာညရေ။ကျားမထိုးတတ်တဲ့ ထားအတွက်တော့ အဆင်ပြေနိုင်မယ် မထင်ဘူးနော်။ကစားတတ်ချင်ခဲ့တယ်။ဒါပေမဲ့ မလုပ်နိုင်ခဲ့ဘူး။လသာညဆီ လာသင်မယ်နော်။


ချစ်တဲ့

ထား

မိုးသီတာ said...

ကျားကစားတယ်ဆိုတာ မမှားဖူး ဆိုတာတော့လဲ မရှိပါဘူး။ အမှားတွေကနေပြီး တော်လာရတာပဲလေ။ မမှားချင်ရင်တော့ ထိုင်နေလို့ရပါတယ်။ မကစားနဲ့ပေါ့။ တော်ချင်ရင်တော့ အမှားတွေ အရှုံးတွေဖို့ အသင့်ပြင် နမူနာယူဖို့ ပြင်ဆင်ထားရမှာပဲလေ။ မမှားဖူး မရှုံးဖူးပဲ နဲ့တော်လာတဲ့ ကျားထိုးသမားကို မမြင်ဖူးလို့ပါ။

အိစံ said...

ကျားကစားတတ်ချင်ခဲ့ တယ် တခါနှစ်ခါ ကလေးတွေနဲ့ ကစားဖူးတယ် နားမလည် တော့ အစားပဲ ခံနေရတယ်
ဒီရောက်တော့ ကွန်ပျုတာနဲ့ လေ့ ကျင့် သေးတယ်၇ ဘူး

လသာည said...

ကွန်မန့်လေးများအတွက် သူငယ်ချင်းများ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဒီစာကို ပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ်။
ထား အိစံ.. တို့လည်း စစ်တုရင်မကစားတတ်ဘူး :D ဇူးဇူးနဲ့ အတူတူ သင်ရင် သင်မှပဲ..