Sunday, October 4, 2009
လမင်းနှင့်စကားပြောခြင်း
မနေ့က တနေ့လုံးဖျားတယ်။ ခန္တာကိုယ်က ဖျားနေတော့ စိတ်ကလည်း နေလို့သိပ်မကောင်းဘူး ဒါနဲ့ အွန်လိုင်းတက်ရင်း သူငယ်ချင်းတွေနဲ့ စကားလျှောက်ပြောဖြစ်တယ်။ အခါတိုင်းက စာ မှ စာလို့ တွေးနေမိတော့ သူငယ်ချင်းနဲ့ ပြောရင် နှုတ်ဆက်ရုံလောက်ပဲ။ မနေ့ကတော့ တွေ့သမျှ သူငယ်ချင်းတိုင်းကို ငါနေမကောင်းဘူးလို့ ချွဲရတာကိုက အရသာရှိနေသလိုပဲ။ သူတို့ကလည်း ခါတိုင်းထက် ပိုပြီး ဂရုစိုက်ကြပါတယ်။ ဒီလိုမျိုး “ကောင်းတယ်၊ ကော်ဖီလျှော့ပါဆို မလျှော့ဘူး”တဲ့ ဘာမှလည်း မဆိုင်ပဲနဲ့။ :D ဒါပေမဲ့ စိတ်က ချမ်းမြေ့လုံခြုံနေသလို ခံစားရလို့ အဲလိုအပြောမျိုးကိုပဲ လိုချင်နေခဲ့တယ်။
ညနေရောက်တော့ ဆေးသောက်ပြီး ပြန်အိပ်ပျော်သွားတယ်။ နိုးလာချိန် နာရီကို ကြည့်လိုက်တော့ ၁၂ နာရီ ဖြစ်နေပြီ။ ညသန်းခေါင်တောင် ရောက်နေပါလား။ ဒါပေမဲ့ ခါတိုင်းလည်း ဒီအချိန်အိပ်တာမှ မဟုတ်တာလေလို့ စာကြည့်စားပွဲကို ထိုင်လိုက်ချိန်မှာ တစ်စုံတစ်ခုထူးခြားနေသလို ခံစားမိသွားတယ်။ ဟုတ်တယ် ထူးခြားနေတယ်။ နှစ်ပေါင်းများစွာကနေ ယခုထိ ကိုယ်နှစ်ခြိုက်တဲ့ အရာလေးတစ်ခုက ပြတင်းပေါက်နေ ကိုယ့်ကို နှုတ်ဆက်နေခဲ့တယ်။
ပြတင်းပေါက်မပိတ်ပဲ အိပ်မိတဲ့အတွက် တိမ်ကင်းစင်တဲ့ လမင်းလေးက အခန်းထဲထိ နှုတ်ဆက်ပြုံးပြနေတာပါ။ ပျော်ရွှင်စွာပဲ ပြတင်းက လိုက်ကာကို အကုန်ဖွင့်ပြီး အခန်းမီးကို ပိတ်လိုက်တယ်။ ပြီးတော့မှ ကော်ဖီဖျော်ဖို့ သတိရလို့ မီးပြန်ဖွင့်ပြီး ကော်ဖီတစ်ခွက်ကို သေချာဖျော်လိုက်တယ်။ ပြီးတော့ မီးပိတ်၊ ကော်ဖီကို တငုံလောက် သောက်လိုက်ရင်း လမင်းလေးကို ငေးလိုက်တယ်။
“လမင်းရယ် မင်းကို ကြည့်ရတာ အေးချမ်းလိုက်တာ။ မတွေ့ရတာ ကြာပြီနော်။
လမင်း.. မင်းမှတ်မိလားဟင် တို့ ခြောက်နှစ်သမီးလောက်က လသာသာမှာ အိမ်နားက အစ်မတွေနဲ့ အိမ်ရှေ့က ကွက်လပ်မှာ ဆော့ရင်း ချောလဲလို့ ငိုခဲ့တာလေ။ ဒါတောင် အငယ်ဆုံးဆိုတော့ ရေပေါ်ဆီလုပ်ခွင့်ရတယ်။ ရေပေါ်ဆီဆိုတာက ကစားပွဲမှာ ဘယ်ဘက်ပါပါ ရတယ်လေ ရှုံးတယ်လို့ မရှိဘူး။ ( ရေပေါ်ဆီဆိုတာ တကယ့်ဆီတွေလောက် အသုံးမ၀င်ဘူးဆိုတာထိတော့ ဘယ်တွေးတတ်ခဲ့မလဲ) ။ ပြိုင်ပွဲမှာ မရှုံးပေမဲ့ ချော်လဲလို့ ငိုတော့ မေမေက လာခေါ်တယ်။ ပြီးတော့ မေမေက ချော့လို့မပြီးဘူး။ ပွေ့ဖက်ပေးလို့ မပြီးဘူး။ ဒါပေမဲ့ မေမေ့မျက်လုံးမှာ မျက်ရည်ဝဲနေခဲ့တာ လမင်း သိတယ်ဟုတ်..။
လမင်း.. တို့ ၃တန်းနှစ်မှာ အတန်းပိုင်ဆရာမက သူ့အိမ်မှာ ညကျောင်းခေါ်သင်ပေးတယ်။ လစာမပေးရပါဘူး။ လသာတဲ့ညတွေဆို ဆရာမက ကွင်းပြင်မှာ တနာရီကစားခွင့်ပေးတယ်။ သူငယ်ချင်းတွေ ငြင်းကြခုန်ကြနဲ့ တအားပျော်တာပဲ။ ဖုံတွေတထောင်းထောင်းထအောင် ဆော့လို့ ဆရာမအိမ်နားက ဘိုးဘိုး ဦးမြတ်သွင်က တုတ်ကောက်နဲ့လိုက်လို့ ပြေးကြရသေးတယ်။ ဆရာမကို ပြန်တိုင်တော့ ဆရာမက အားလုံးကို အကြောက်ပြေအောင် ကိတ်မုန့်ဝယ်ကြွေးတယ်။ အဲဒီနေ့က ဆရာမက စာမသင်ပဲ ပုံတွေပဲ ပြောပြခဲ့တယ် သိလား။
နောက် ဆယ်တန်း စာမေးပွဲဖြေတုန်းကပေါ့။ ကြီးကြီးတို့အိမ်က ၀က်မကြီးက ၀က်ကလေးတွေ ပေါက်လို့ မမြင်ဘူးလို့ သွားကြည့်မိတာကို ဖေဖေက စာမေးပွဲရက်ကို စာမကျက်လို့ဆိုပြီး ဆူတာ မှတ်မိသေးတယ်။ ဒါနဲ့ ပြတင်းပေါက်ကနေပြီး လမင်းကို ရင်ဖွင့်နေတုန်း ဖေဖေက အနားကို ရောက်လာခဲ့တယ်။ ပြီးတော့ “ရော့ ဒါက သမီးစားဖို့ ခေါက်ဆွဲကြော်၊ ဖေဖေကိုယ်တိုင် ကြော်ထားတာ”တဲ့.။ ဖေဖေကို ကြည့်ပြီး ဘယ်ကို ၀မ်းနည်းသွားမှန်းမသိပဲ ငိုချလိုက်တယ်။ အဲဒီနေ့က ခေါက်ဆွဲကြော်ဟာ ဘယ်တော့မှ မမေ့နိုင်တဲ့ အရသာတွေ ပါရှိနေခဲ့တယ်။
မကွေးမှာ ကျောင်းတက်တုန်းကပေါ့ စာမေးပွဲရက်ကို မီးက ပျက်တယ်။ ည ၁၀ နာရီမှာ မီးလာမယ်ဆိုတာနဲ့ မီးမလာခင် သူငယ်ချင်းတွေ တဖွဲ့ချည်း လသာသာမှာ ဘုရားကို သွားကြတယ်။ ဘုရားကလည်း ပွဲတော်လုပ်နေတော့ မီးရောင်အောက်မှာ လူတွေ စည်ကားနေတာပေါ့။ တို့က “လူတွေကြားသွားမဲ့အစား ဒီဘက်ခြမ်းမှာ လရိပ်ကို ခံစားရရင် မကောင်းဘူးလား”လို့ အကြံပေးလိုက်တယ်။ အဲဒီအကြံဟာ လူနှစ်ယောက်ရဲ့ မေတ္တာကို အသိပေးသလို ဖြစ်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဖွဲထဲက သူငယ်ချင်းနှစ်ယောက် အဲဒီနေ့က ချစ်သူဖြစ်သွားကြသတဲ့လေ။ တို့တောင် အကြော်နဲ့ ရေမုန့်တွေ စားလိုက်ရသေးတယ် အဟိ။
လမင်း.. ရေ ရန်ကုန်မှာ ကျောင်းတက်တော့ စိတ်ပညာဘာသာရပ်တစ်ခုမှာ presentationကို engလို့ လုပ်ရမယ်လို့ သတ်မှတ်ထားခဲ့တယ်။ အငယ်ဆုံးမိုလို့ သွက်သွက်လက်လက်ဖြစ်မလားဆိုပြီး တို့ကို ကိုယ်စားလှယ်အဖြစ်ရွေးကြတယ်။ အရွေးခံရတဲ့ တို့က လူတွေအများကြီးကို ကြောက်ဒူးတုန်ပြီး “ladies and gentlemen”လို့ စရမှာကို “ lady and gentlemen”လို့ ladyမှာ “s”သံမပါပဲ စမိလို့ အဆူခံရတယ်လေ။
ဝမ်းနည်းတာရော ရှက်တာရော ပေါင်းပြီး အဆောင်ပြန် အခန်းတံခါးပိတ်ပြီး ငိုတော့ အဆောင်က အစ်မ ၄ယောက်က တံခါးခေါက်ရင်း “ညီမလေးရေ ဒီကနေ့ လသာတယ်။ တို့တော့ အပြင်ထွက်ပြီး လက်ဖက်ရည်ဆိုင်သွားမလို့ လိုက်မလား”တဲ့။ ဒါနဲ့ တို့လိုက်လာခဲ့တယ်။ တကယ်တော့ အပြင်လက်ဖက်ရည်ဆိုင်မဟုတ်ပါဘူး။ အဆောင်ရှေ့ခြမ်းက လမင်းကို မြင်ရတဲ့ အစ်မတစ်ယောက်ရဲ့အခန်းမှာ စုပြီး လက်ဖက်ရည်သောက်တာပါ။ ဘယ်သူမှ စာမလုပ်ပဲနဲ့ တို့နားမှာ ရယ်စရာတွေ ပြောခဲ့ကြတယ်။ သူတို့ပြောတဲ့ ရယ်စရာလေးတစ်ခုက “ကြက်ဥလေးရဲ့ ဖူးစာ”တဲ့..။
ဂျပန်ကို လာခါနီး လသာတဲ့ည တစ်ည မှာလည်း မန္တလေးက Unisonလက်ဖက်ရည်ဆိုင်ကို (ဆိုင်နာမည်က အဲလိုထင်တာပဲ) သူနဲ့ သွားဖြစ်တယ်။ မီး ထိန်လင်း နေတဲ့ နေရာထက် လရိပ်မြင်ရတဲ့ နေရာကို ရှာပြီး ထိုင်ကြတော့ လက်ဖက်ရည် မကြိုက်တဲ့ သူက လိုက်သောက်ပေးရင်း ဂျပန်ရောက်ရင် ကျန်းမာရေးဂရုစိုက်ဖို့၊ သူ့ကို မမေ့ဖို့၊ မနက်တိုင်း ကော်ဖီကို မမေ့သလို သူ့ကို မမေ့ဖို့ ..စုံနေအောင် မှာတယ်လေ။ နောက်ပြီး ...
ကလင်ကလင်ကလင်..
“..ဟင်. အိစံ ဘာလဲ”
“အစ်မ နေကောင်းပြီလား၊ အဖျားသက်သာလားလို့ လှမ်းဆက်တာ”
“သြော် အေး..ညက အိပ်တာနောက်ကျလို့ အိပ်ပျော်သွားတာ၊ နောက်မှ ပြန်ဆက်မယ်နော်”
အဲဒါပေါ့ အိစံ သာသနာဖျက် (+၀+) လမင်းနဲ့စကားပြောနေတာ ပျက်သွားပြီ။ ရဘူး ပြန်အိပ်ဦးမယ်။ :D
လသာည.. ပါ။
8 comments:
လသာည said...
အိစံကို သက်သက်နောက်တာပါ။ :D။ မနက်ကအစောကြီးနှိုးပြီး သတင်းမေးတာ ကျေးဇူး။ အဖျားသက်သာပါတယ်။ ဆေးလည်း သောက်ထားတယ်..။
အိစံ said...
ဝမ်းသာတယ် လူုကီးနဲ့ လမင်း နေရာမှာ ဖုန်းဆက်လိုက်မိလို့  ဒီကောင်မလေးတယ်တော်ပါလား....
Anonymous said...
လမင်းကို ညက စောင့်ကြည့်ပေမဲ့ မြင်လိုက်ရဘူးးး
ဟင့်
ဒီနေ့တော့ ကြည့်ရမယ်..
မနေ့က မြူတွေလဲကျတယ် တိမ်က ကင်းစင်မနေဘူးလေ
nyocho said...
“ဟယ်လို.. လမင်း ...အရင်လို ကြည့်ကောင်းနေတုန်းပဲလား အချစ်ရယ် ဆုံတွေရတာ တို့ဝမ်းသာ..”
ထွန်းအိဒြာဗိုသီချင်းနဲ့ လွမ်းခဲ့တယ်ပေါ့ ဟုတ်လား
အိစံတို့ကတော့ အဲလိုလုပ်တတ်လို့ အခုထိ.. ဟီဟိ
pps said...
ကိုယ်တော့..ကလေးဘ၀တုန်းက...ညအခါလသာသာမှာ..ထုပ်ဆီးတိုးတမ်းကစားခဲ့ကြတာတွေကိုသွားအမှတ်ရမိတယ်..ပြာတွေနဲ့ဆီးတားပြီးတော့လေ..ကိုယ်ကလူကောင်သေးတော့..တိုးတဲ့အလှည့်မှာကိုယ့်ကြောင့်နိုင်ပြီး၊တားတဲ့အလှည့်ကျကိုယ့်ကြောင့်ရှုံးတတ်တယ်..အဟိ...
Lucifer said...
လသာညလေးရေ... နေကောင်းသွားပြီလား...
ရွှေပြည်သူ (ShwePyiThu) said...
လသာညရဲ့ လသာတဲ့ညတွေဆီက ဆွတ်ပျံ့ကြည်နူးဖွယ်လေး အတွေ့အကြုံတွေကို စိတ်ဝင်တစား ဖတ်သွားပါတယ်း) ဘဝတလျှောက်မှာ မေတ္တာအပြည့်နဲ့ လူတွေကြားမှာ ရှိခွင့်ရတာ သိပ်ကို ကံကောင်းတာပဲနော်...
နေ့အိပ်မက် said...
ချစ်စရာလေး နေ့အိပ်မက်လည်း လမင်းကိုချစ်တယ်... လရောင်ကိုလည်း ချစ်တယ် လရိပ်ကိုလည်း ချစ်တယ်