Sunday, July 5, 2009

လသာညရဲ့ လသာည
















တို့ပြောတဲ့ လသာည ဆိုတာ လပြည့်ဖြစ်ချင်မှ ဖြစ်မှာပါ။ လဆန်းရက်ပဲဖြစ်ဖြစ်၊ လပြည့်ကျော်ရက်ပဲ ဖြစ်ဖြစ် တိမ်ကင်းစင်နေသ၍ သူရှိသမျှ မှိန်ပြပြအလင်းရောင်လေးကို ပေးနေနိုင်တဲ့ လမင်းသာတဲ့ညကို ဆိုလိုတာပါ။

လမင်းဘ၀က သူကိုယ်တိုင် အလင်းမပေးနိုင်ပါဘူး။ ဒါပေမဲ့သူရလာတဲ့ တဆင့်ခံ အလင်းကိုပဲ သူအားရှိသ၍ မျှဝေနေတဲ့သူလို့ ယူဆတယ်။ ဒီလိုမျှဝေနေရင်းတောင်မှ သူဘ၀မှာလည်း သဘာဝတရားကြီးရဲ့ အလိုကျ ဖြစ်တည်နေရတယ်။ လသာလိုက် လမိုက်လိုက် လကျက်လိုက် လိုက်နဲ့။ အဲဒါလမင်းရဲ့ လောကဓံတွေပေါ့။

တို့ကတော့ အဲဒီလမင်းလေးကို စောင့်ကြည့်ပြီး ဒီလိုပြောချင်တယ်။ လမပြည့်ချင်နေပါစေ။ လလေးသာနေရင် လရဲ့အေးမြမှုလေး ခံစားရလို့ အရမ်းကြည်နှုးမိလို့ပါ..။ ဟိုးအဝေးကြီးက လမင်းလေးကို ကြည့်မိတိုင်း ကြည်နှုးမှုအပြင် အလွမ်းဓါတ်ကိုပါ ခံစားရလို့ပါ..လို့ပေါ့။

တကယ်ပါ။ လသာညတိုင်းကို ချစ်တယ်။ ပြည့်ပြည့်ဝန်းဝန်းမရတောင် တစိတ်တပိုင်းပဲ ဖြစ်ဖြစ် သူအလင်းရောင်လေးကို တမ်းတတယ်။

ငယ်ငယ်ကဆို လသာသာမှာ သူငယ်ချင်းတွေနဲ့ ဆော့ကစားရတဲ့ အပျော်တွေကို ဘာနဲ့မှ မလဲနဲ့အောင်ပဲ။ သိပ်ပျော်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သူ့ရဲ့အေးချမ်းမှုကို ခံစားဖို့ ကိုယ်မှာ အချိန်မရှိတော့ဘူး။ မြိုကြီးပြကြီးက လျှပ်စစ်မီးတွေထိန်နေတဲ့အချိန်မှာ၊ ပြတင်းပေါက်မှာ တိုက်မြင့်မြင့်ကြီးတွေ ကွယ်ထားတဲ့ အခန်းလေးကနေ အချိန်မရအောင် အလုပ်များနေတဲ့ ဒီလို ဘ၀ထဲကနေ လသာညကို ငေးခွင့် မရှိသလောက်ဖြစ်သွားပြီ။

ဖြစ်နိုင်ရင်တော့ လသာတဲ့ညလေးတွေမှာ ကော်ဖီသောက်ရင်း လမင်းလေးကို ငေးကြည့်ချင်တယ်။ လမင်းနားမှာ အဖော်လုပ်ပေးနေတဲ့ ကြယ်လေးတွေ ဘယ်လောက်ရှိလဲ ရေတွက်ရင်း လသာညရဲ့ အေးချမ်းမှုလေးကို ခံစားချင်သေးတယ်။

ပြီးရင် ကမ္ဘာကြီးရဲ့တနေရာရာမှာ ကိုယ်လိုပဲ လမင်းလေးကိုငေးရင်း လွမ်းနေမဲ့သူ ရှိမရှိလည်း စိတ်ကူးယဉ်ချင်သေးတာ။ ဘယ်လိုလူမျိုးများ ဖြစ်နေမလဲ၊ ဘာလူမျိုးဖြစ်မလဲ၊ ဘာအသားအရာင်ဖြစ်မလဲတော့ သိပ်မစဉ်းစားချင်ဘူး။

လရောင်အောက်မှာ လွမ်းတဲ့သူချင်းအတူတူ စိတ်ချင်းနီးစပ်တူတွေမိုလို့ပါ။

တခါလောက် ငေးခွင့်ရရင် နောက်ဘယ်တော့တွေ့ရမလဲ ကြိုမသိနိုင်တဲ့ ချစ်သူတစ်ယောက်ကို လွမ်းရသလိုပဲ၊ နောက်တခါ ကြုံရမဲ့ လသာညကို ကြိုလွမ်းနေတယ်။ အရမ်းလွမ်းတယ်။

လသာညရဲ့ လသာညလွမ်းချင်းပါ။

2 comments:

Lucifer said...

ဒီ post လေးကို comment ပေးတာ မမီး အရင်ပေါ့နော်..
ဟီ .. အရမ်းပျော်တာဘဲး..
လရောင်ကိုမခံစားရတာကြာပြီ.. ခုမှခံစားရတယ်.. ဒီမှာ ညရဲ့ လမင်းကို မြင်ရဖို့ လရောင်ရဲ့အေးမြမှု .. သူ့ရဲ့မနွေးဓာတ်ကိုရဖို့ မပြောနဲ့ မိုးအေးနေလို့ ဖိုးရွှေလမင်း ဘယ်ဆီရောက်နေမှန်းတောင် မသိပါဘူး...

လသာည said...

ဖိုးရွှေလမင်းက ရှိပါတယ်။ ဟိုးအမှောင်ကမ္ဘာကနေ မိုးရေတွေကျော်ပြီး ကြယ်လေးကို ချောင်းကြည့်နေတာဖြစ်မှာပါ။ ဟား.ဟား အရမ်းကဗျာဆန်သွားပြီ။ တကယ်က တို့ဒီလို စာမျိုးတွေ သိပ်မရေးတတ်ဘူး။ စိတ်ကူးလှလှမယဉ်တတ်လို့ပါ။ အရင်ပို့စ်တွေ ဖတ်ရင် သိသာတယ်။ တို့အကြောင်းကောင်းကောင်းသိတဲ့ အိစံနဲ့ ppsဖတ်မိရင် ဗိုက်နှိပ်ရယ်နေမှာ မြင်ယောင်သေး။ ဘာပဲဖြစ်ဖြစ် ကြယ်လေးနဲ့ ခင်မင်မှုအမှတ်တရပေါ့။