Sunday, November 1, 2009

ဘယ်သူဆုံးဖြတ်မလဲ

“အငယ်မ. သွားအိပ်တော့မလား မအိပ်သေးဘူးလား”
“ဟင် ဘာလုပ်ရမလဲ မမကြီး။ အိပ်ရမလား”
“ဟဲ့ ငါမေးနေတာ နင်ဘာလုပ်မှာလဲလို့။ ”
“ဟို .. သမီးက မမကြီး ဘာလုပ်စေချင်သလဲလို့ မေး...”
“တော်စမ်းဟာ။ ကဲ သွားအိပ်တော့ သွားအိပ်တော့။ အိပ်တဲ့ကိစ္စလေးတောင် ငါ့ပြန်မေးနေတယ်။ အိပ်ရင်အိပ်မယ် မအိပ်ရင်မအိပ်ဘူး၊ အဖြေတစ်ခုပဲပြောတာမဟုတ်ဘူး။ ”
“ဟုတ်ကဲ့”
“ဘာဟုတ်ကဲ့လဲ၊ အသက်က မငယ်တော့ဘူး။ ကိုယ့်ဘာသာဆုံးဖြတ်တတ်အောင်လုပ်ပါ။ အိမ်ကိစ္စလည်းငါဆုံးဖြတ်ရတယ်။ ညည်းကိစ္စလည်း ငါဆုံးဖြတ်ရမယ်ဆို လူကြားလို့ မကောင်းဘူး၊ ငါသာဆိုဘာပဲလုပ်လုပ် ကိုယ့်ဘာသာဆုံးဖြတ်ပြီးတော့ လုပ်တာပဲ။ အသေအချာစဉ်းစားပြီးမှ လုပ်တာဆိုတော့ ငါလုပ်လို့ မှားတောင် ငါတာဝန်ယူရဲတယ်။ ညည်း.. ကျပ်ကျပ်ဂရုစိုက်၊ အစစအရာရာ ငါ့ကိုဆုံးဖြတ်ခိုင်းပြီး မှားရင် ငါ့တာဝန်ဖြစ်အောင် မလုပ်နဲ့”
“မလုပ်ပါဘူး”
“တော်တော့ မပြောနဲ့တော့။ သွားအိပ်တော့ ရပြီ”

ခေါင်းငုံလို့ သူမရှေ့ကထွက်ခွာသွားတဲ့ အငယ်မကို ကြည့်ရင်း သူမ သက်ပြင်းချလိုက်မိတယ်။ သူမနဲ့ အငယ်မက ၁၀နှစ်ကွာတယ်။ သူမအဖော်ရအောင်လို့တဲ့ အမေက အသက် ၅၀ကျမှ နောက်ထပ်ကလေးယူတာလေ။ သူမနဲ့ အငယ်မက ညီအစ်မအရင်းပေမဲ့ စိတ်ဓါတ်ချင်းက လုံးဝမတူပါဘူး။ သူမက အရာရာကို စနစ်တကျစဉ်းစားတွေးခေါ်ပြီးမှ လုပ်တတ်တယ်။ ဘာကိုမဆို ဆုံးဖြတ်ချက်ပြတ်တယ်။ သူမကတော့ အခု အသက် ၁၈ ကျော်တဲ့အထိ ကလေးလိုပဲ နေတုန်းလေ။ အရာရာကို သူသဘောနဲ့သူကို မလုပ်တတ်ဘူး။

အိမ်ကိစ္စတစ်ခုခုပြောလိုက်ရင် မမကြီးသဘောလေ၊ သမီးမသိဘူး၊မမကြီးလုပ်ပါလို့ ပြန်ပြောတာချည်းပဲ။ စီးပွားရေးကိစ္စဆိုလည်း ဘာမှတိုင်ပင်လို့မရဘူး။ အမြဲနောက်လိုက်လုပ်တတ်တယ်။ ယုတ်စွအဆုံး သူ့အ၀တ်အစားဝယ်တာကအစ မမကြီးဝယ်ပေးပါတဲ့။ ၀ယ်လာလို့ မကြိုက်ရင် ရှေ့မှာသာ အင်းအင်းနဲ့ ကွယ်ရာမှာ ပွစိပွစိလုပ်သေးတာ။ အခုလောက်ဆို သူ့အခန်းထဲမှာ သူ့ကိုဆူလို့ ပွစိပွစိလုပ်နေရောပေါ့..ဟွန်း..

အကြီးဖြစ်တဲ့သူမက ငယ်ငယ်လေးကတဲက စာကိုတအားကြိုးစားခဲ့တယ်။ စာဆိုရင် ပထမရမှ ကျေနပ်တတ်သူ။ အလုပ်ဆိုရင်လည်း သူများထက်သာမှ။ သာနေအောင်လည်း ကြိုးစားတတ်သူဆိုတော့ အခုသူမတို့မြို့မှာဆို သူမတို့ပွဲရုံဟာ နာမည်အကြီးဆုံး အအောင်မြင်ဆုံးပဲ။ အငယ်မကတော့ အငယ်ပီပီ စာကလွဲလို့သိပ်မစိတ်မ၀င်စားသလိုပဲ မိဘတွေနားပဲ ကပ်ချွဲနေတတ်တာ.. ။ မိဘဆိုမှ မေမေနဲ့ ဖေဖေ ကားအက်ဆီးဒင့်နဲ့ ဆုံးပါသွားတာ နောက်လဆို ၃နှစ်ပြည့်တော့မှာပါလား။ ဆွမ်းကျွေးလေးတော့ သေသေချာချာစီစဉ်ဦးမှပါ။ ဘယ်ဘုန်းကြီးကျောင်းမှာ လုပ်ရမလဲ အငယ်မကိုမေးရင်ကောင်းမလား။ အင်း မမကြီးသဘောလို့ပဲ ပြောဦးမှာ သေချာတယ်။ ဘာမှကိုတိုင်ပင်လို့မရပါဘူး..။

အတွေးနဲ့ အငယ်မအိပ်ခန်းနားရောက်လာတော့ အထဲက စကားသံတချို့ကြားတာမိုလို့ နားစွင့်လိုက်ပါတယ်။
“ဟွန်း.. မမကြီး.. သမီးကိုဆူတယ်။ သမီးမှာဖြင့် သူ့စိတ်ကြိုက်ဖြစ်ပါစေတော့လို့ ဘာဖြစ်ဖြစ်သူ့သဘောလို့ သူ့ကိုဦးစားပေးပြောတာကို ကိုယ်ဘာကိုယ် မဆုံးဖြတ်လို့တဲ့ လာဆူတယ်။ အကြီးဆိုပြီး အနိုင်ကျင့်တာ.. သွား ချစ်ကို မချစ်ဘူး..၀ုန်း”

စကားပြောသံအဆုံးမှာ ၀ုန်းကနဲ့ အသံမြည်သွားတာမို့ တံခါးပေါက်အသာဟပြီး ချောင်းကြည့်လိုက်ပါတယ်။ အ..လားလား.. အငယ်မက သူမ၀ယ်ပေးထားတဲ့ ၀က်ဝံရုပ်ကို ကြမ်းပြင်ပေါ်ကိုင်ပေါက်ပြီး စကားပြောနေတာကိုး။

“မမကြီး သိလား..။ သမီးရှိလို့ မမကြီးက အကြီးရာထူးရနေတာ။ သမီးကိုသာ မွေးမလာရင် မမကြီးက တစ်ကောင်ကြွက်ဖြစ်မှာ သိလား”
နားထောင်ရင်း သူမပြုံးချင်မိသွားပါတယ်။ သူရှိလို့ အကြီးရာထူးရနေတာဆိုပဲ ..တော်တော်ကောင်းတဲ့ ရာထူးကြီး...။

“ မမကြီး မှားလည်း သမီးက ခေါင်းညိတ်ပေးတာ မမကြီး စိတ်ညစ်မှာစိုးလို့။ ဒါများ သူက ဘယ်တော့မှ မမှားဘူးလို့ယုံနေတယ်။ ဘ၀င်မြင့်နေတာ။ မမကြီး ဒေါ်ဘ၀င်..။ သွားဆို သွား”

ဒီစကားအဆုံးမှာတော့ သူမ သည်းမခံနိုင်တော့သလို တံခါးကို လှပ်လိုက်ပါတယ်။ အငယ်မက သူမကို ကျောခိုင်းပြီး စကားဆက်ပြောနေတာဆိုတော့ တံခါးပေါက်မှာ သူမရပ်လာတာကို သိပုံမရဘူး။ ဒေါသနဲ့ မာန်မလို့ ပါးစပ်ဟန်ပြင်လိုက်စဉ်မှာပဲ အငယ်မဆီမှ ငိုသံထွက်လာတာကြောင့် မပြောသေးပဲ ဒေါသကို မြိုသိပ်လို့ နေရာမှ ဆက်ရပ်လိုက်နေလိုက်မိတယ်။

“အီး...ဟီး မမကြီးရယ် သမီးမှာ မမကြီးကလွဲလို့ မမကြီးလို့ ခေါ်စရာမရှိပါဘူး။ မမကြီး ဘာပြောပြော မမကြီး သမီးကို ချစ်တယ်ဆိုတာ သမီးသိပါတယ်။ သမီးအတွက် အမြဲစိုးရိမ်ပေးတယ်ဆိုတာ သမီးသိပါတယ်။ သမီးကို ဆူတာ သမီးအတွက်ဆိုတာ သမီးသိပါတယ်။ မေမေရေ.. အီးဟီး ဖေဖေရေ.. သမီးကို “မမကြီးက သမီးငယ်ကို အရမ်းချစ်တာ”လို့ လာပြောပါဦး။ သမီးကို မမကြီးက ချစ်တော့ချစ်တယ်မို့လားဟင်”

“အင်း.. ချစ်ပါတယ်။ မမကြီးက သမီးငယ်ကို ချစ်ပါတယ်ကွယ်”

နားထောင်ရင်း ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားတဲ့အတွက် အငယ်မအနားကို ရောက်လာပြီး အငယ်မကို ဖက်လို့ မျက်တောင်ဖျားမှာ ၀ဲလာတဲ့ မျက်ရည်ကို မျက်တောင်တဖျက်ဖျက်ခတ်သိမ်းရင်း ၀င်ပြောလိုက်တာဖြစ်ပါတယ်။

“ကဲကဲ မငိုနဲ့တော့ တိတ်တိတ်”
“ဟုတ်ကဲ့..”
“အခုပြောစရာရှိလို့၊ နောက်လကို မမကြီးတို့ ဖေဖေနဲ့ မေမေအတွက် ဆွမ်းကျွေးလေးလုပ်ချင်တာ ဘယ်ကျောင်းကို လုပ်ရင်ကောင်းမလဲ”
“ဟင်..မမကြီး ဘယ်ကျောင်းကြိုက်လဲ..ရွေးလေ”

သူမထင်တဲ့အတိုင်းပါပဲ. မမကြီးပဲ ရွေးလို့ပြောတာပါပဲ။ ဒါပေမဲ့ အခုနက သူပြောရှာသားပဲ သူ့စိတ်ကြိုက်ဖြစ်စေချင်လို့ဆိုတာ။ ဒါတော့ ရှိစေတော့..။

“ကဲ ဒါဆိုရင် မြင်သာဘုန်းကြီးကျောင်းပဲ ရွေးကြတာပေါ့”
“ဟုတ်ကဲ့”

“ကုသိုလ်က မုန်ဟင်းခါးလုပ်ရရင်ကောင်းမလား အုန်းနို့ခေါက်ဆွဲံ ကျွေးရင်ကောင်းမလား (ပြောရင်း အငယ်မမျက်နှာ လှမ်းကြည့်လိုက်ရင်း ယတိပြတ်သက်ပြင်းချပုံနဲ့) အုန်းနို့ခေါက်ဆွဲပဲ လုပ်မယ်။ အဲဒီနေ့ဝတ်မယ့် အ၀တ်အစားအတွက်တော့ ကိုယ့်စိတ်ကြိုက်ကို ကိုယ့်ဘာသာရွေးဝယ် ဒါပဲ”

“ဟင်.. မမကြီးကလည်း သမီးက ရွေးမှ မရွေးတတ်တာ။ အမြဲ မမကြီးပဲ ၀ယ်ပေးနေကြကို။ သမီးဝယ်ရင် ဈေးများတာနဲ့ အရောင်ကလည်း လိုက်အောင်မရွေးတတ်ဘူး”
“ကဲ ပြီးရောပြီးရော မချော။ ကျွန်မပဲ အားလုံးစီစဉ်လိုက်ပါ့မယ်နော်။ စိတ်အေးလက်အေးသာ အိပ်ပါတော့”

သူမပြောပြီးတော့ အငယ်မအခန်းထဲက ထွက်ခဲ့လိုက်ပါတယ်။ ခေါင်းထဲမှာလည်း မနက်ဖြန်အလုပ်က အပြန် အငယ်မနဲ့ သူမအတွက် အ၀တ်အစား ၀င်ဝယ်ဖို့ အစီအစဉ်ဆွဲနေလိုက်ပါတယ်။

အငယ်မအခန်းကတော့ တိတ်ဆိတ်စွာကျန်ရစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမသာ နောက်တစ်ခေါက် ပြန်ကြည့်ရင် အငယ်မတစ်ယောက်ဝက်ဝံရုပ်ကို ဖက်လို့ အောင်နိုင်ပြုံးနဲ့ တစ်ယောက်တည်း ရယ်ရင်း ပြောနေတဲ့ စကားတစ်ခွန်းကို ကြားရမှာပါ။

“သမီးကလည်း မမကြီးရဲ့ ညီမပဲလေ အသေအချာစဉ်းစားပြီးမှ အလွတ်ကျက်ပြောတာ ဟာဟား”

အငယ်မတစ်ယောက် အခုနက မမကြီးတံခါးဝရောက်လာတာကို မှန်ကနေတဆင့်မြင်နိုင်အောင် ကြိုတင်ထောင်ထားတဲ့ မှန်မှတဆင့် သူမတံခါးဝရောက်လာတာကို မြင်လိုက်ပြီး စကားလုံးအကွက်ဆင်လို့ ငိုပြလိုက်တာဖြစ်ပါတယ်။

ခဏနေတော့ အပူပင်မဲ့ အိပ်ပျော်သွားပြီဖြစ်တဲ့ အငယ်မတစ်ယောက်“မမကြီးကို အရမ်းချစ်တယ်”လို့ ဆက်လက်တီးတိုး ယောင်ယမ်းနေလေရဲ့..။

...........................................................................................

လသာည.. ခံစားရေးသည်။

8 comments:

nyocho said...

အရမ်းကို ဖတ်ကောင်းတာပဲ။ ဖြူစင်တဲ့သံဃောဇဉ်ဖွဲ ၀တ္တုလေးပဲဗျနော်။ လသာညရေးသမျွ ဒီပို့စ်ကိုကျွန်တော်အကြိုက်ဆုံးပဲ။ကျွန်တော်နဲ့ ကျွန်တော်မမကလည်း အဲဒီအတိုင်းပဲ။ သူကအရာရာ စီစဉ်ချင်တယ်။ ငြင်းရင်မကြိုက်လို့ ဟုတ်ကဲ့ပြောရင်လည်း သူကအထက်စီးနဲ့ နင် ငါ့ပဲအားကိုးနေတာပဲလို့ အော်တတ်သေးတယ်။ ဒါပေမဲ့ သူအော်လည်း ကျွန်တော်ကတော့မဖြုံတော့ဘူး။ ကိုယ့်ကိုချစ်လို့ဆိုတာသိနေတာကိုး..။
လသာညကကော အိမ်မှာ အငယ်မလား မမကြီးလား. ဟင်းမချက်တတ်ဘူးလို့ အော်အော်နေတော့ အငယ်မဖြစ်ရမယ်။ မဟုတ်မှလွဲရော..ဟိ

လသာည said...

nyocho>> လသာည ၀တ္တုရေးစားလို့ရပြီလားဟင်။ :D

လသာညက အငယ်လည်းမဟုတ်ဘူး အကြီးဆုံးလည်း မဟုတ်ဘူး။ အလတ်။ အလတ်ဆိုတော့ လတ်နေတာလေ။ ဦးလည်းမဆောင်တတ်ဘူး၊ ချွဲလည်းမချွဲတတ်ဘူး။ ကိုယ်လုပ်ချင်တာလုပ်တာ။

လက်ရှိတော့ မမကြီးအဖြစ်နဲ့ ငါ့ကို ဂရုစိုက်ပေးမယ့်သူ လိုချင်နေတယ်။ ဒါပေမဲ့.. အင်း.. ငါသနားစရာ :D

မိဆိုးလေး said...

မမကြီးက ဒီမှာ..။လသာညနဲ့ တော့ ညလေးပေါ့..။ဟိဟိ

Anonymous said...

wow!
i like this story.I am also like this when I was in MM. I miss such kind of life.

I cannot cook myself when i was in MM.
When I was in MM, i learn how to cook for management.
:)

Now I can cook many menu which I like.:)

Come and vist to my place..:D
I will run away.
hee hee...

momiji

မင်းအိမ်ဖြူ said...

NIce Story !!!!

မိုးထက်အိမ် said...

ကောင်းလိုက်တာ... ကျနော်ကတော့ဗျာ တစ်ခါတစ်လေတော့လည်း ကိုယ့်ဟာကိုယ် ဆုံးဖြတ်တယ် ... တစ်ခါတစ်လေတော့လည်း ညီမတွေကို အားကိုးတယ် .. :D .... ကြီးကြီး ငယ်ငယ် ညီမဆိုတာ အားပါပဲ... ဟုတ်တယ်ဟုတ် ... ဒီစာလေးက တကယ်ရသလေးပေးနိုင်တယ် .. နောက်လည်း လာဖတ်မယ် ... :)

rose of sharon said...

ဖတ်လို့ကောင်းတယ်သူငယ်ချင်းလေး... ဝတ္ထုရေးလို့ရပြီ

kiki said...

အကြီးမရော အငယ်မလေးရော ဘယ်သူမှ မလွန်ပါဘူးကွယ် ။ ညီအမ ၂ယောက် တယောက်အပေါ်တယောက်ထားကြတဲ့ သံယောဇဉ်လေးတွေပေါ့ ။ နှုတ်ကဖွင့်မပြောကြပေမဲ့ ရင်ထဲက စကားချင်း နားလည်နေကြပြီးသား လို့ထင်ပါတယ် ...
လသာည ရေ .. စာရေးဆြာမကြီး လုပ်လို့ ရပြီဟေးးးး သိလား ....
အဟီး .. အငယ်မ ရည်းစားထားချင်ရင်ရော မမကြီးကို ဆုံးဖြတ်ခိုင်းနေဦးမှာလားမသိဘူးနော်...... ဆက်ရေးပါဦး ဇာတ်လမ်းလေးကို ....