Thursday, June 25, 2009

Attribution Theory-2



လူမူရေး စိတ်ပညာရှင်ပရော်ဖစ်ဆာ Bernard. Weiner ရဲ့ Attribution Theoryဟာ ပညာရေးလောကမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေကြပါတယ်။ Attribution Theory နှင့် achievement အကြောင်းကို ပညာရေးရှုထောင့်ဘက်ကနေ ကျောင်းသားတွေရဲ့ အောင်မြင်မှုအကြောင်း ဒီလိုဝေဖန်သုံးသပ်ထားတယ်။

ကလေးတစ်ယောက် စာမေးပွဲ ကျတယ်ဆိုပါစို့။ စာမေးပွဲကျရင် မိဘတွေက တုန်ပြန်ပုံ အမျိုးအစားလေးမျိုး ရှိတယ်တဲ့။
၁။သား.. မင်းမကျက်တဲ့စာတွေ စာမေးပွဲမှာမပါလို့ နေမှာပေါ့။ အခုလ အညံများနေတာ။ ကံမကောင်းသေးဘူး။ ယတြာချေရအောင်။ ကံကောင်းအောင်လို့။
၂။စာမေးပွဲက ခက်လွန်းတာတွေမေးထားလို့ နေမှာပါ။ မဖြေနိုင်တာမဆန်းဘူး။
၃။ မင်းကိုက ညံတာ။ မှတ်ဥာဏ်ကို မရှိဘူး။ ပြီးရင် စာမေးပွဲဆိုရင် ရှမ်းလွန်းလို့ ဖြစ်ရတာ။ နောက်ကို မရှမ်းနဲ့ကြားလား။
၎။ မင်းက ဒီတခါ အားစိုက်ပြီး စာမကျက်လို့ ဖြစ်ရတာနေမှာပါ။ နောက်တခါ သေချာကျက်ကြားလား။

.....စသည် ။

အမျိုးအစား ၄-မျိုးကို လိုက်ပြီး သူ့ကို သုံးသပ်ရမယ်ဆိုရင်....

နံပါတ်-၁ ဖြစ်တဲ့ ကံမကောင်းခြင်း နှင့် နံပါတ်-၂ ဖြစ်တဲ့ စာမေးပွဲက ခက်ခြင်း/လွယ်ခြင်းကတော့ ပြင်ပ factors ဖြစ်ပါတယ်။ ကိုယ်ဘာမှ ပြုပြင်လို့ မရပါဘူး။

နံပါတ် ၃-ဖြစ်တဲ့ ဥာဏ်အားကလည်း ကိုယ်မှာရှိသလောက်ပဲပေါ့။ ကိုယ်ကတော့ မှတ်ဥာဏ်ကောင်းချင်တာပဲဟာ။ ဘုရားပေးသလောက်ရတာကို ကိုယ်လုပ်ထားတာမှ မဟုတ်တာ။

Weiner က တကယ်လို့ .စာမေးပွဲကျခြင်းဟာ အပေါ်က ၃-ချက်ကြောင့်လို့ ခံယူမိရင် ဒီကလေးဟာ စိတ်ဓါတ်ပိုကျသွားနိုင်ပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုရင် ၃-ချက်လုံးက ကိုယ်ဘာမှမတတ်နိုင်တဲ့ အချက်တွေဖြစ်လို့ပါတဲ့။

ဒါပေမဲ့ နံပါတ်-၄ဖြစ်တဲ့ အားထုတ်မှုကတော့ ကိုယ်အားထုတ်ရင်ထုတ်သလောက် ဖြစ်နိုင်တယ်။ ဒီတခါ စာမေးပွဲကျတာဟာ စာသိပ်မကျက်မိလို့လား။ စာကျက်ချိန်ပိုပေးရင် ရနိုင်တယ်။ စာကျက်နည်းမှားလို့လား။ အလွတ်ကျက်လို့မရရင် ရေးကျက်မယ်။ ကဗျာစပ်ပြီးကျက်။ မှတ်စုကို သူငယ်ချင်းကို ရှင်းပြနည်းနဲ့ စာသင်သလိုမျိုး ကျက်မယ်။ ဒါမှမဟုတ် စာကျက်ချိန်ပြောင်းကြည့်မယ်။ မနက်စောစောကို ထကျက်မယ်။ သူများအိပ်ချိန် တိတ်ဆိတ်ချိန်ကို ရွေးကျက်မယ်.စသည်..။

စာမေးပွဲဆိုတာ သတ်မှတ်ထားတဲ့နယ်ပယ်၊ ဘာသာရပ်၊ ပုံနှိပ်စာအုပ် စသည်ထဲက မေးတဲ့စာမေးပွဲသာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပြုပြင်ပြောင်းလဲလို့ ရတဲ့ လုံလပိုထုတ်တာမျိုး၊ ဒီနည်းနဲ့ စာမှတ်လို့ မရရင် နောက်တနည်း (..စာကျက်မှတ်နည်းတစ်ခုခုကို) ပြောင်းသုံးတာမျိုး လုပ်နိုင်ရင် မလွဲမသေ ဒီစာမေးပွဲကို ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်..တဲ့။

ဒီလိုပါပဲ ပြင်ပ နေ့စဉ်ဘ၀တွေမှာလည်း မအောင်မြင်ရင် ကံမကောင်းလို့၊ ပတ်ဝန်းကျင်က မျက်နှာလိုက်လို့၊ ကိုယ့်မှာအစွမ်းအစ မရှိလို့ စသည်ဖြင့် စိတ်ဓါတ်ကျနေမယ့်အစား ဒီနည်းနဲ့မအောင်မြင်ရင် နောက်တနည်းပြောင်းမယ်။ကိုယ့်အရည်အချင်းက ဒီအလုပ်မှာ သိပ်အားနည်းနေတယ်ထင်ရင် ကိုယ်အားသာတဲ့ အလုပ်ကို ပြောင်းလုပ်မယ်..စသည်ဖြင့် အခြေအနေ၊အချိန်အခါကိုလိုက်ပြီး ကိုယ်စွမ်းသရွေ့ ၀ီရိယစိုက်ထုတ်သွားမယ်ဆိုရင် မင်းလည်းပဲ အောင်မြင်တဲ့လူ အချိန်မရွေးဖြစ်နိုင်ပါတယ်တဲ့။ ကဲ...ကြိုးစားကြစို့.။

Weiner ရဲ့ အယူအဆကို အခြေခံရေးပါသည်။

လသာည ဖြစ်ပါသည်။

No comments: