Tuesday, June 9, 2009

ထူးတဲ့သူများ

‘THE RAIN MAN ကားကို ကြည့်ဖူးပါလား?’



ဒီကားထဲမှာ ပါတဲ့ ဇာတ်ကောင်ဟာ လူအများက ကျပ်မပြည့်ဖူးလို့ ထင်ရတဲ့ သူ တစ်ယောက်ရဲ့ ထူးဆန်းလှတဲ့ မှတ်ဥာဏ်စွမ်းရည်အကြောင်းပါ။ အပြင်မှာ တကယ့်ဇာတ်ကောင်လည်း ရှိပါတယ်။ သူက အသက်၅၀ကျော်ပြီဖြစ်တဲ့ Kim Peekပဲ ဖြစ်ပါတယ်။ psychological testအရ သူ့မှာIQ ၇၃ပဲရှိတယ်။ ပုံမှန်ထက်တော်တော်နိမ့်ကျနေတယ်။

ဒါပေမဲ့ အသက်တစ်နှစ်ခွဲလောက်ကတဲက သူ့အဖေစာကြည့်ခန်းက စာအုပ်တွေကိုစဖတ်နိင်ခဲ့တယ်။ စာအုပ်တစ်အုပ်ကို ၁နာရီလောက်နဲ့အပြီးဖတ်နိုင်တယ်။ သူဖတ်နည်းက ကြည့်သမျှကို ဓါတ်ပုံရိုက်သလို စွဲနေအောင်မှတ်နည်းမျိုးဖြစ်တယ်။ ဖတ်ပြီးသမျှစာအုပ်ကို သူဖတ်ပြီးကြောင်း သင်္ကေတအဖြစ် ပြောင်းပြန်ပြန်ထောင်ထားတယ်။

ငယ်ငယ်ကတဲက ယခုအထိ ဖတ်ပြီးသားစာအုပ်တွေကို စာအုပ်ပေါင်းများစွာကအကြာင်းအရာတွေကို သူ့ဦးနှောက်ထဲမှာ ကွန်ပျူတာတစ်ခုလို သိမ်းပေးထားတယ်။ (သူဖတ်တဲ့အကြောင်းအရာတွေက သမိုင်းစတဲ့ စာပေတွေကစပြီး ပထ၀ီ၊အားကစား၊ တေးဂီတ နှင့် ရက်စွဲ၊ဖုန်းနံပါတ်စတာတွေအထိ နယ်ပယ်စုံပါတယ်။သူ့ကို The King of the booksလို့လည်း တင်စားကြတယ်။

လူတိုင်းက သူကို အားကျပေမဲ့ သူ့မှာ သနားစရာကောင်းတဲ့ ချွတ်ယွင်းချက်လည်းရှိနေပါတယ်။ သူ့ရဲ့ ဦးနှောက်ဟာ ပုံမှန်လူတွေလောက်အလုပ်လုပ်နိုင်စွမ်းမရှိပါဘူး။ ဦးနှောက်အသေးရဲ့ ပျက်စီးမှုကြောင့် အာရုံခံစားမှု(sensory perception)နှင့် လှုပ်ရှားနိုင်စွမ်း(motor skill) အားနည်းတယ်။ သူဟာ စကားပုံတွေ၊သင်္ကေတတွေရဲ့အဓိပ္ပါယ်တွေကို Abstract reasoningမလုပ်နိုင်ဘူး။ သူ့ရဲ့ social skillကလည်း တဖြည်းဖြည်းသာတိုးလာတာဖြစ်ပါတယ်။ (အခုဆိုရင်တော့ သူဟာ ဟာသတွေကို ခံစားတတ်နေပါပြီ။ )

သူဟာ ၄နှစ်သားအထိ လမ်းမလျှောက်နိုင်ခဲ့ဘူး။ သူ့အဖေမရှိပဲ ဘ၀ကို တစ်ယောက်ထဲ မရပ်တည်နိုင်ဘူး။ အနိမ့်ဆုံး သူ့အင်္ကျီကြယ်သီးကို သူကိုယ်တိုင် မတတ်နိုင်ဘူး။ သူရဲ့အဖေက အကုန်လိုက်လုပ်ပေးရတယ်။ ဒီလိုမျိုးဒီအရွယ်အထိ ဂရုစိုက်တဲ့ အံ့သြဖွယ်ရာ သူအဖေရဲ့ ချစ်မေတ္တာကြောင့်သာပေါ့။ သူ့အကြောင်းအသေးစိတ်ကို ဒီမှာ ဖတ်လို့ရပါတယ်။




နောက်ထပ်ထူးချွန်သူတစ်ယောက်ကတော့Daniel Paul Tammet ဖြစ်ပါတယ်။ အင်္ဂလိပ်လူမျိုး အသက်၃၀ရှိပြီဖြစ်ပါတယ်။ သူဟာသချာင်္နှင့် ဘာသာစကားဘက်မှာ giftedဖြစ်ပါတယ်။ သူ့မှာ Asperger syndrome ရောဂါ ရှိတဲ့အတွက် သူဟာငယ်ငယ်က တောက်လျှောက်ငိုနေတတ်ပါတယ်။ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး မလုပ်နိုင်ဘူး။ သူစိတ်ဝင်စားရာကိုသာ စွဲမြဲလုပ်နေတတ်ပါတယ်။

သူစိတ်ဝင်စားတာက ကိန်းဂဏန်းတွေပဲဖြစ်ပါတယ်။ ငယ်ငယ်ကတဲ့က ကိန်းဂဏန်းတွေကိုပဲ ရေတွက်နေခဲ့ရင်း ၎င်းကိန်းဂဏန်းတွေကို အဓိပ္ပါယ်ကောက်ရင်း ကိန်းဂဏန်းကမ္ဘာထဲမှာ ပျော်ဝင်နေလေ့ရှိခဲ့ပါတယ်။

သူရဲ့အာရုံအကြောင်းကို ဒီလိုဖော်ပြထားပါတယ်။ သူဟာ သချာင်္နှင့်ပတ်သက်ရင် ကွန်ပျူတာထက်တောင် တိကျထက်အဖြေကိုပေးနိုင်တယ်။ သချာင်္ပုစ္ဆာတွေကို တခဏအတွင်းမှာ အဖြေထုတ်နိုင်တယ်။ သူဟာ ကိန်းဂဏန်းတွေကို တွက်ချက်ယူတာမဟုတ်ပဲ ကိန်းဂဏန်းတွေရဲ့ ကာလာ၊ ပုံသဏန်(shape)၊အရိပ်နှင့် ခံစားချက်တွေကို ကောက်ယူခံစားရင်း အဖြေကိုတွက်ထုတ်နိုင်တယ်လို့ဆိုပါတယ်။

သူ့ရဲ့အားသာချက်က သူဟာ social skillက ပြောရလောက်အောင်မချို့ယွင်းတဲ့အတွက် သာမာန်လူတွေလိုပဲ ပြောဆိုဆက်ဆံနိုင်တယ်လိုဆိုပါတယ်။ နောက်ပြိး အားကျစရာကောင်းတဲ့နောက်တစ်ချက်က ဘာသာစကားတစ်ခုကို တစ်ပတ်အတွင်း တတ်အောင်သင်ယူနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။


Kim Peek နှင့်Daniel တွေ့ကြတော့ Kim Peekက“ Danielဟာ ကျွန်တော့်ထက်တော်တယ်။ ရှေ့ လျှောက်ကျော်ကြားဦးမယ်” လို့ လိုက်လှဲစွာပြောခဲ့တယ်လို့ ဆိုပါတယ်။ Daniel ကလည်း အဲဒီလိုအားပေးခြင်းခံရတဲ့အတွက် သူမှာ ကြိုးစားဖို့တာဝန်ပိုရှိသွားပြီလို့ ပျော်ရွှင်စွာ တုန်ပြန်ခဲ့တယ်လို့ဆိုပါတယ်။

ဒီ ဗွီဒီယိုထဲမှာ တခြားထူးချွန်သူနှစ်ယောက်အကြောင်းကိုလည်း အကျဉ်းမိတ်ဆက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ငယ်ငယ်က ခေါင်းကို ဘေ့စ်ဘောလုံးမှန်ခဲ့တဲ့ မတော်တဆဖြစ်မှုကြောင့် နေစွဲတွေနဲ့ မိုးလေ၀သကို ကာလအပိုင်းအခြားမရှိမှတ်မိနေသူ။ စိတ်သက်က ကလေးဘ၀မှာပဲ ကျန်ခဲ့ပေမဲ့ သူ့ရဲ့ပန်းချီစွမ်းရည်ဟာ သာမာန်လူတွေထက် များစွာထူးခြားသာလွန်နေတဲ့သူ တွေပဲ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကနေ ကောက်ချက်ချရရင် သူတို့တတွေဟာ သူများလိုမဟုတ်တဲ့ ရောဂါတွေရရှိလာခြင်းကြောင့် အခက်အခဲတွေ နဲ့ မွေးဖွားကြီးပြင်းလာရပေမဲ့ ဘုရားပေးတဲ့ gifted talentတွေ ပိုင်ဆိုင်လာရတယ်မဟုတ်လား။

တကယ်ဆိုရင် လူတစ်ယောက်ဟာ ဒီနေရာမှာ မထူးချွန်လည်း နောက်တနေရာတော့ ထူးချွန်နိုင်တာပဲ။ လူတိုင်းမှာ မတူညီတဲ့စွမ်းရည်ကိုယ်စီ ရှိနိုင်ပါတယ်။ သူများနှင့် ကိုယ်မတူရကောင်းလားလို့ သူများကို အထင်ကြီးတဲ့စိတ်နဲ့ ကိုယ်ကိုယ့်ကို ဘယ်တော့မှ အထင်သေးစိတ်၊ အားငယ်စိတ်မ၀င်မိစေဖို့ အရေးကြီးတယ်။ ဒီအကြောင်းကို တူညီတဲ့အရာတွေလည်း မတူညီတတ်ဘူး။မှာလည်း ပြောခဲ့ဖူးတယ်လေ။

လူတစ်ဦးကို အခြား တစ်ဦးနှင့် နှိုင်းယှဉ်ကြည့်ပြီး ကိုယ်သိထားတဲ့ပေတံတွေနဲ့ တိုင်းတာကြည့်တာမျိုး၊ သူများနဲ့ တူအောင် မစွမ်းဆောင်နိုင်ရကောင်းလားလို့ ကိုယ်ကိုယ်ကိုမဝေဖန်မိဖို့ အရေးကြီးသလို၊ သူများကိုလည်း မဝေဖန်မိဖို့ အရေးကြီးတယ်။ ကိုယ်စွမ်းနိုင်သလောက် အကောင်းဆုံးလုပ်နိုင်ရင် ပြီးတာပဲ။ တကယ်ဆို မင်းဟာလည်း ထူးတဲ့သူတစ်ယောက်ပဲဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

လသာည ဖြစ်ပါသည်။

No comments: