Monday, June 15, 2009

ကိုယ် မသိတဲ့ ကိုယ်




အပျင်းပြေ သီချင်းနားထောင်ရင့်း “ကျွန်တော်မသိတဲ့ ကျွန်တော်” ဆိုတဲ့ ဒီသီချင်းကို တွေ့တော့ (အရင်ကလည်း နားထောင်ဖူးရဲ့သားနဲ့ ဒီနေ့မှ အရူးထပြီး ) ကိုယ့်အကြောင်းကို ဆက်စပ်တွေးကြည့်မိတယ်။ ကိုယ့်အကြောင်းကို ပြန်တွေးကြည့်လိုက်တိုင်း ကောင်းတဲ့အချက်တွေ မြင်သလို၊ ဆိုးတဲ့အချက်ကလည်း အများသားပါလားလို့ အမြဲပြုံးမိတယ်။


ဒါတောင် ကိုယ့်ကိုကိုယ် နားမလည်သေးတာတွေက အများကြီး ရှိသေးတယ်။ ကိုယ်သိတဲ့ ကိုယ့်အကြောင်းက တစ်မျိုး၊ သူများတွေသိနေတဲ့ ကိုယ့်အကြောင်းကတစ်မျိုးဆိုတော့ ကောက်ချက်ကအမျိုးမျိုး၊ ရလာဒ်က အမျိုးမျိုး ဖြစ်နေမှာသေချာတယ်။

ကိုယ့်အကြောင်းကိုမှ သေချာမသိနိုင်တာ၊ သူများကို သိဖို့ဆိုတာ ပိုဝေးပြီပေါ့။ ဒါကြောင့်လည်း သူများကို ဝေဖန်တဲ့အခါ ကိုယ်နားလည်သလောက် ကိုယ့်အကြောင်းကို အခြေခံပြီး သူများကို ဝေဖန်သုံးသပ်ကြတာ ဖြစ်မလားပဲ။ စကားပုံတောင် ရှိသေးတယ်လေ “ကိုယ်စိတ်နှင့်နှိုင်း၊ မရိုင်း” ဆိုလား..။

စိတ်ပညာရှင် Joseph Luft နှင့် Harry Inghamက လူတွေပိုင်ဆိုင်တဲ့ လူအကြောင်းကို Johari Windows Johariရဲ့ အိမ်က တံခါးပေါက်၎ပေါက်အဖြစ်တင်စားထားတာရှိပါတယ်။ တံခါးလေးပေါက်က “ကိုယ့် အကြောင်း” “self”လေးမျိုး ကို တင်စားပြောတာပါ။

Johariရဲ့ အိမ်ရဲ့ အခန်း၁-က ကိုယ်လည်းသိတယ်၊ သူများကလည်းသိတဲ့ ကိုယ့်အကြောင်း၊ အခန်း၂-က ကိုယ်ကိုယ်တိုင်က မသိပေမဲ့ သူများကသိနေတဲ့ ကိုယ့်အကြောင်း၊ အခန်း၃-ကတော့ အံသြစရာတွေ ပြည့်နှက်နေတဲ့ ကိုယ်လည်းမသိ သူများလည်းမသိတဲ့ ကိုယ့်ရဲ့မသိစိတ်(အိပ်မက်ကမ္ဘာထဲက)ထဲ က ကိုယ့်အကြောင်း၊ နှင့် အခန်း ၄-ကတော့ ကိုယ်တစ်ဦးထဲကပဲသိနေတဲ့ ထုတ်မပြောသရွေ့ သူများတွေ ဘယ်လိုမှမသိနိုင်တဲ့ ကိုယ့်အကြောင်းတွေပဲ ဖြစ်ပါတယ်။

နောက်ဆုံးက အခန်း၎-ရဲ့ကိုယ်ပိုင်သီးသန့်အခန်း ထဲမှာ သူများကိုပြောမပြလိုတဲ့ ကိုယ်ရဲ့အားနည်းချက်၊ အပြစ်အနာအဆာတွေအတိတ်ဆိုးတွေရှိနေလိမ့်မယ်။ တချို့တလေက ကြာရင် အခန်း၃-ဆီကို ပြောင်းရွေ့ ရောက်ရှိသွားနိုင်တယ်။

ဒီအခန်းလေးမျိုးအကြောင်းကို သိမှ ကိုယ့်ကိုကိုယ့် နားလည်လာနိုင်မှာ ဖြစ်သလို၊ သူများကို နားလည်ပေးလာနိုင်မှာ ဖြစ်ပါတယ်တဲ့။

အောက်ကပုံကဂျပန်လိုရေးထားတဲ့ ဆိုက်ကိုစာအုပ်ထဲကပုံနှင့် ဒိက ရတဲ့ ပုံပါ။


တကယ်တော့ Johari Windows ဆိုတာ Johariရဲ့ အိမ်က တံခါးပေါက်၎ပေါက်အဖြစ် တင်စားထားတဲ့ cognitive psychological ကစားနည်း ဝေါဟာရတခုပါ။ Joseph နှင့် Harryကပဲ ၁၉၅၅မှာ တီထွင်ခဲ့ပါတယ်။ လူတွေတစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်နားလည်နိုင်စေဖို့၊ ကိုယ်ရဲ့အတွင်း စိတ်သန္တန် ကို နားလည်နိုင်ဖို့ လေ့ကျင့်ပေးတဲ့ ဖြေရှင်းကစားနည်းလေးပါ။

ကစားသူတွေကို စကားလုံး (နာမ၀ိသေသန)၅၅လုံးထဲက ကိုယ့်ရဲ့ personalityကို ဖော်ပြတယ်လို့ထင်ရတဲ့ စကားလုံး ၅ လုံး သို့မဟုတ် ၆လုံးကို ရွေးခိုင်းတယ်။ ရွေးတဲ့စကားလုံးတူသူတွေကို အုပ်စုဖွဲ့ပေးတယ်။ ပြီးရင် အုပ်စုကနေ တစ်ယောက်ချင်းစီရဲီ့ personalityကို ဖော်ပြတယ်လို့ထင်ရတဲ့ စကားလုံး ၅ လုံး သို့မဟုတ် ၆လုံးကို ထပ်ရွေးခိုင်းတယ်။ပြီးရင် ရွေးချယ်ထားတဲ့ စကားလုံးတွေ့ကို မျဉ်းတွေနဲ့ ဆက်ပြီး ပုံဆွဲပြတယ်။

ဒီလိုကစားနည်းကို လေ့ကျင့်ကစားခြင်းအားဖြင့် ကိုယ်သိတဲ့ ကိုယ့်အကြောင်း၊ ကိုယ်မသိတဲ့ ကိုယ့်အကြောင်း စသည်ကို ပိုသိလာပြီး ကိုယ့်ကိုကိုယ် နှင့်တကွ အခြားသူတွေကို ပိုမိုနားလည် ခွင့်လွှတ် ပေးနိုင်လာတာ တွေ့ရတယ် လို့ ဆိုပါတယ်။

တနေ့လောက်အားတဲ့နေ့ကျရင် သူငယ်ချင်းတွေနဲ့ အဲဒီကစားနည်းလေးတော့ ကစားကြည့်ချင်သား :D ။ ကိုယ်မသိပေမဲ့သူငယ်ချင်းတွေသိနေတဲ့ ကိုယ့်အကြောင်းကို သိချင်လို့။။ :))


ပျော်ရွှင်ပါစေ။ လသာည ဖြစ်ပါသည်။ 

No comments: