Wednesday, September 16, 2009

တိုင်းတာလို့ မရ

စာသင်ကောင်းတဲ့ ပရော်ဖက်ဆာကြီးက တနေ့မှာ ပုံပြင်လေးတစ်ခုကို ပြောပြပါတယ်။ ပုံပြင်လေးက သူဆင်းရဲမလေးတစ်ယောက်အကြောင်းပါ..။ တအားကို ကြေကွဲဖွယ်ရာ ကောင်းပါတယ်။ နားထောင်ရင်း ရင်ထဲမှာ ဆို့နစ်လာအောင် သနားစရာကောင်းတဲ့ ဇာတ်လမ်းလေးဆိုပါတော့..။ ပုံပြောအပြီးမှာ သူက ကျောင်းသားအားလုံးဘက်ကို လှည့်ပြီး မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ မေးခွန်းက “မင်း..ဘယ်လိုခံစားရသလဲ”တဲ့..။

ကျောင်းသားအားလုံးက တစ်ယောက်တစ်မျိုး ကိုယ်ခံစားရပုံကို ပြောပြကြတယ်။ လသာညတော့ ပုံပြင်လေးကို နားထောင်ပြီးကတဲက ၀မ်းနည်းလာသလိုလို၊ အသက်ရှုကျပ်လာသလိုလို ဖြစ်နေခဲ့တယ်။ တခြားသူတွေ ဘယ်လို့ဖြေသွားသလဲဆိုတာတောင် သတိမထားမိလိုက်ခင် လသာညဖြေရမယ့် အလှည့်ရောက်လာခဲ့ပါတယ်။

လသာညရဲ့ အဖြေက ...
“ကျွန်မ..ကျွန်မ.. ပြောမပြတတ်အောင် ခံစားရပါတယ်”
“ဟား..ဟား..ဟား”

ကိုယ့်အဖြေကို ရယ်နေသူအားလုံးကို ကြည့်ပြီး “ဘာလဲ..ဘာလို့ရယ်တာလဲ ငါအမှန်အတိုင်း ပြောတာကို”လို့ တော့ ပြောဖြစ်အောင် ပြောလိုက်သေးတယ်။ ပြီးတော့ ကိုယ်ပါ ရောရယ်ချလိုက်တယ်။

ဆရာက အပြုံးမျက်နှာနှင့် ကိုယ့်ကို သေချာကြည့်ပြီး..
“မင်းအဖြေကို ငါလက်ခံတယ်။ မင်းအဖြေဟာ မင်းအတွက် ဖြစ်နိုင်ပါတယ်.။ ဒါနဲ့ မင်းက ဘာမေဂျာလဲ။”

“ကျွန်မမေဂျာက (Educational) psychological testingပါ..။”
“ဒါဆိုရင် မင်းအဖြေကို ငါဘာကြောင့်လက်ခံရသလဲဆိုတာ မင်းသိမှာပါ..။ အဲဒါကို မနက်ဖြန် reportတင်ပါ။ ကဲ.. အားလုံး ဒီနေ့တော့ ဒီလောက်ပါပဲ..။”

ဟင်.. အဲဒါ အိမ်စာပေါ့.ခက်ပြီ..။ တကယ်တော့ ဆရာကြီးက ဘာကြောင့်အဲလိုပြောတာလဲဆိုတာ အဲလောက်လွယ်လွယ်ကူကူ မသိခဲ့ပါဘူး..။

စာအုပ်တွေ စားပွဲပေါ်ပြန်ဖြန့်ပြီး တညလုံး “စာနဲ့ငါ ငါနဲ့စာ”ဖြစ်နေခဲ့ပါတယ်..။

လူတွေက အရာ0တ္ထုတွေကို တိုင်းတာကြတဲ့အခါ ကိုယ်မှာရှိတဲ့ ကိုယ်သိတဲ့ ပေတံနဲ့ တိုင်းတာကြတယ်။ ဒါပေမဲ့ တခါတလေမှာ ရှိပြီးသားပေတံနှင့် အမှန်အတိုင်း တိုင်းလို့မရတာတွေရှိပါတယ်။ ဥပမာ..သစ်ပင်တွေရဲ့ အမြင့်ကို တိုင်းတာဖို့ အတွက် အမြင့်ဆုံးပေတံက မီတာ ၂၀ ရှိတယ်ဆိုပါတော။့ ပေတံအရှည်က မီတာ ၂၀။ ဒါပေမဲ့ သစ်တောအုပ်ထဲမှာ မီတာ ၂၀ ထက်မြင့်တဲ့ သစ်ပင်တွေလည်း ရှိတယ်။ တောအုပ်ထဲမှာ အများနဲ့ရောနေပေမဲ့ အများထက်ပိုမြင့်တဲ့သစ်ပင်တွေရှိနေနိုင်တယ်။ တိုင်းဖို့ ပေတံမရှိတော့လို့ မတိုင်းနိုင်ဘူး။ (ခုတ်လှဲတဲ့အချိန် တိုင်းတာကတော့ တမျိုးပေါ့နော်၊)

သစ်ပင် ဥပမာက ရှုပ်တော့ နောက်တမျိုးပြောကြည့်ဦးမယ်။ အရည်အချင်းစစ်တဲ့ စာမေးပွဲတစ်ခုဆိုပါတော့ အမှတ် ၁၀၀ဖိုးပဲ ပေးထားတယ်။ မေးခွန်းအားလုံးကို ဖြေနိုင်ရင် သူဟာ အမှတ် ၁၀၀ ရနိုင်တယ်။ သူ့ရမှတ်ကို ၁၀၀နှင့်တိုင်းတာလိုက်တယ်။ ဒါဟာ သူ့အရည်အချင်းအမှန် မဖြစ်နိုင်ဘူး။ သူ့မှာ ဒီထက်ပိုတဲ့ အရည်အချင်းတွေ ရှိနေနိုင်တယ်။ ဒီထက်တဆင့်ပြီးတဆင့်ပိုခက်တဲ့ မေးခွန်းတွေ မေးပြီးစစ်ရင် နောက်ထပ် မေးခွန်း ၅၀ (ခက်ခဲခြင်းအဆင့် ၁၅၀)လောက်တောင် ထပ်ဖြေချင်ဖြေနိုင်မှာပါ။ ဒါပေမဲ့ တိုင်းတာနိုင်တဲ့ အမှတ်၁၀၀က ကန့်သတ်ထားတယ်။ အဲဒီလို ကန့်သတ်ချက်ကို ceiling effect လို့ ခေါ်ပါတယ်။ လူတစ်ဦးရဲ့ စွမ်းရည်ဖြစ်တဲ့ IQ စတာတွေကို စစ်တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။

ပေတံဆိုတာမျိုးဟာ အများစုအတွက်သုံးလို့ ရအောင် စီစဉ်ထားတဲ့ အတိုင်းအတာတွေပါ။ အရာအားလုံးကို တပြေးညီ ဘယ်လိုမှတိုင်းလို့ မရပါဘူး။ တပြေးညီ တိုင်းတာတဲ့အခါမှာ errorတက်တတ်ပါတယ်။

ဒါဆို စိတ်ဆိုတဲ့ အရာကို ဘာနဲ့ ဖော်ပြတိုင်းတာကြမလဲ။ အရမ်းကို ခက်ပါတယ်။ ခံစားချက် ဖီလင်ဆိုတာကို ဘယ်လိုပုံဖော်မလဲ။ စိတ်ပညာရှင်တွေက လူတစ်ယောက်ရဲ့ စိတ်ကို လေ့လာချင်ရင် သူရဲ့ အပြုအမှု၊ အမှုအရာ စသည်တို့ကတဆင့် လေ့လာကြပါတယ်။ ၀မ်းနည်းနေသူတစ်ယောက်ရဲ့ ယေဘုယျ အသွင်အပြင်ဟာ မျက်နှာအမူအရာ ညိုးငယ်နေမယ်၊ ငိုချင်နေတဲ့ အမူအရာက မြင်သာနေတယ်၊ သူနဲ့ စကားပြောကြည့်ရင် သူပြောတဲ့စကားတွေထဲမှာ ၀မ်းနည်းတဲ့ အရိပ်အမြွတ်ပါနေမယ်ဆိုရင် သူဝမ်းနည်းနေတယ်လို့ ကောက်ချက်ဆွဲလို့ ရပြီပေါ့..။ ဒါက စိတ်ပညာနယ်ပယ်က တိုင်းတာနည်းတမျိုးဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ခံစားချက်ကို ထိုသူရဲ့ အပြုအမူစသည်ကတဆင့် တိုင်းတာတဲ့အခါမှာလည်း ceiling errorဆိုတာ ရှိပါတယ်။ ပရိတ်သတ်အလယ်မှာ ပျော်ရွှင်စွာ သီချင်းဆိုနေသူတစ်ယောက်ဟာ (အများသတ်မှတ်ထားတဲ့ ပေတံထဲက အတိုင်း) ပျော်ရွှင်နေသူ ဖြစ်ချင်မှ ဖြစ်မှာပါ။ အားငယ်စွာ ငိုနေတဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ်အားငယ်တာထက် အကြင်နာတစ်ခုရချင်လို့ ငိုပြနေတာလည်း ဖြစ်ချင်ဖြစ်နေမှာ..။ ဒါကြောင့် ခံစားချက်တွေကို ဖော်ပြရာမှာ နှုတ်က (တခါတရံ အပြုအမူနဲ့) ဖော်ပြဖို့ လွယ်သလောက် ထိုခံစားချက် အစစ်အမှန်ကို ပုံဖော်ပြဖို့ရာ တကယ်မလွယ်လှပါဘူး..။

သူငယ်ချင်း.. နည်းနည်းလောက်တော့ မေးချင်တယ်။ မင်းခံစားချက်ကို ပြောပြပါလို့ အမေးခံရတဲ့အခါ တခါတလေမှာ မင်းရဲ့ခံစားချက်အမှန်အတိုင်းကို ပြောပြဖို့ ခဲယဉ်းတာမျိုး ကြုံဖူးလားဟင်..။ အမှန်အတိုင်း ပြောချင်တာကိုတောင် တစ်ခါတလေ ကိုယ်တကယ်ခံစားရတဲ့ အတိုင်း ပြည့်ပြည့်၀၀ ပြောမပြတတ်တာမျိုးကော ကြုံဖူးလား..။ ဒါဆို ဒီအောက်ကသတင်းလေးကို ဖတ်ပြီး မင်းဘယ်လိုခံစားရလဲဆိုတာ လသာညကို ခင်မင်တဲ့အနေနဲ့ ပြောပြသွားပါလား..

NHK NEWS (11.9.2009)
“ဖခင် အရင်းက ၁နှစ်ခွဲအရွယ်ကလေးငယ် (သားအရင်း) ကို ရေခဲသေတ္တာ အခဲခန်းထဲကို ၃ရက်တိတိ ပစ်ထည့်သတ်လိုက်ခြင်း၊ အကြောင်းရင်းက မိမိစိတ်ညစ်နေချိန် အနားမှာ ငိုတာကို သည်းညည်းမခံနိုင်တော့၍ ဖြစ်သည်ဟုဆို..။”

မင်းဘယ်လို ခံစားရသလဲ...

လသာညတော့ ပြောမပြတတ်အောင် ခံစားသွားရတယ်..။
လသာည

11 comments:

မိုးအိမ့်ဖြူ said...

အစ်မကျွန်တော်က တော့ သစ်ပင်ခုလှဲတိုင်းတာကနေပြောမယ်နော်..။ သစ်ပင် ကို ခုတ်ပြီးတိုင်းစရာမလိုပါဘူး အားကုန်ပါတယ်..။ မြေပြင်ညီတဲ့ နေရာကိုရှာလိုက်နော်..။ ပြီးရင် သစ်ပင်ကို ကျောပေးပြီး အသာလေးခါးကို ကိုင်ပြီး ကိုယ်ခြေနှစ်ချောင်းကြားကနေ သစ်ပင်ရဲ့ ထိပ်ဖျားအထိ မြင်ရတဲ့ အထိ အရှေ့ကိုတိုးသွားလိုက်ပါ မြင်ရပြီဆိုတာနဲ့ အဲဒီနေရာမှာ ရပ်ပြီးအမှတ်အသားပေးပြီး ပင်စည်ကနေ အဲဒီအမှတ်အသားထိတိုင်းလိုက်ပါ ဒါဆိုသစ်ပင်ရဲ့ အမြင့်ကို ရပါလိမ့်မယ်..မယုံရင်စမ်းကြည့်ပေါ့နော် ဒါကတော့ အတွေ့အကြုံလေး မျှဝေတာပေါ့နော်..။(တိုင်းလို့ရတယ်နော်)
ကျွန်တော့်ပြောချင်တာကတော့ ရက်စက်တယ်လို့လဲပြောလို့ရပါတယ် ဖခင်စိတ်မရှိဘူးလို့လဲပြောလို့ရနိင်ပါတယ်၊ ကလေးဘက်ကပြန်တွေးမယ်ဆိုရင်တော့ သူ့ရဲ့ဝဋ်ကြွေးကို ပြန်ဆပ်ရတာပေါ့..။ ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ပြောရရင်တော့ တကယ့်ကို သနားစရာကောင်းပါတယ်...။ မှားသွားတယ်ဆိုရင်တော့ ခွင့်လွတ်ဗျာ...။

Yu Ya said...

Ceiling Effect & Floor Effect တွေနဲ့ ပက်သက်ပြီး သူငယ်ချင်းတစ်ယောက်နဲ့ အငြင်းအခုံ လုပ်ခဲ့ဘူးတယ်ဗျ.။ အခု အစ်မပို့စ်လေးကို ဖတ်မိသွားလို့ မှတ်မှတ်ရရပါပဲဗျာ။

Under Specified Condition အောက်မှတော့ ဒါတွေဟာ မလွဲမသွေ ဖြစ်ပေါ်နေမှာပါဗျာ။ ဆိုလိုတာက finite nature of the measuring instrument တွေနဲ့ သတ်မှတ်ထားတဲ့အခါတိုင်း Ceiling ဆိုတာ ဖြစ်ပေါ်နေမှာပါ။ ဒါဆိုရင် အဲဒီ Ceiling (or) Some Limit ထက် တန်ဖိုးမြင့်တဲ့ တစ်ခုဟာလည်းပဲ Ceiling Effect အနေနဲ့ ဖြစ်တည်နေမှာပါပဲ။

ဒါမှ မဟုတ်ဘူးဆိုရင်တော့ phenomenon being measure ထဲကို ၀င်သွားမှပဲ Ceiling Effect ကနေလွတ်သွားနိုင်တယ်။

မလသာညက လူလည်ကျပြီး အဖြေကို ဖြေထားတာကိုး။ ပြောရရင် မလသာညရဲ့ “မပြောတတ်အောင် ခံစားသွားရတယ်” ဆိုတာက Ceiling ဖြစ်နေမှတော့ ကျွန်တော်တို့ အဖြေတွေက Ceiling Effect ကနေ လွတ်ပါတော့မလားဗျာ။

အစ်မလသာည လူလည်ကျပါတယ်ဗျို့ ။

တော်ပြီ အဖြေကို မဖြေတော့ဘူး။ Ceiling နဲ့ ခေါင်းတိုက်မှာဆိုးလို့.. အဟီး။

ဆန္ဒမွန်ဖြင့်
yu ya

Anonymous said...

မိုးအိမ့်ဖြူ..တောင်ကြားတွေကိုပေါက်တဲ့အပင်တွေတော့တိုင်းမရတော့ဘူးပေါ့။ကပ်ပြောတာမဟုတ်ပါဘူး.။တကယ်မသိလို့ ပါ..။

မိုး said...

အဲဒါကို အဖေလို့ မခေါ်သင့်ဘူး ထင်တယ်လသာညရဲ့။ တိရစ္ဆာန် အထီးတစ်ကောင်။... တိရစ္ဆာန်လူထီးတွေအကြောင်း ကြားဖူး ဖတ်ဖူးပါရဲ့။ ကိုယ်တို့မြို့မှာလဲ မြင်ဖူးပါတယ်။ သမီးဖြစ်သူကို-- ဟ၀ှာဟိုဒင်း။ ထောင်ကျသွားလေရဲ့။ ထောင်ကထွက်တော့လဲ သမီးနဲ့ အမေနဲ့ တူတူ အဲဒီသူနဲ့နေရတာပါပဲ။သမီးဖြစ်သူကလဲ ကလေးမွေးရတာပါပဲ။ သြစတေးလျမှာလဲ ရှိတယ်ဆို။ အဲဒါမျိုး။ ----- လူ့လောကအကြောင်းကတော့ မပြောချင်ပါဘူး လသာညရယ်။ ကိုယ့်ဘာကိုယ် စာဖတ်နေတာပဲ ကောင်းပါတယ်။

nyocho said...

nyochoလည်း ပြောမပြတတ်အောင် ခံစားရတယ်ဗျာ။ လသာညက သူ့စကားသုံးတယ်လို့ ပြောမှာစိုးလို့ ပြောကြည့်ဦးမယ်။ ကြားကြားချင်း အံသြသွားတယ်ဗျ။ နောက်တော့ မျက်လုံးထဲ မြင်ယောင်လာတယ်။ အခဲခန်းထဲက ကလေးကို ဘယ်လို့ မျက်လုံးနဲ့ ကြည့်ရမလဲ စဉ်းစားရင်း အသက်ရှုကျပ်လာတယ်။ နောက်ကျ ကိုယ်ကို အခဲခန်းထဲကို ပို့သလို ခံစားမိတယ်။ အခဲခန်းထဲမှာ အချိန်တိုအတွင်း ကိုယ်ဘယ်လိုအသက်ကို ထွက်ရမလဲ.. အီးဟီးဟီး ကြောက်တယ် ကြောက်တယ်..
ဒါနဲ့ မိုးအိမ်ဖြူကွန်မန့်ကို ကြိုက်တယ်ဗျ..။ မြန်မာပြည်က အိမ်နားမှာ မကျည်းပင်ကြီးရှိတယ်။ ပြန်ရောက်ရင် တိုင်းကြည့်ဦးမယ်..။တော်တော်မြင့်တယ်။ မိုးအိမ်ဖြူပြောသလို စိတ်ကူးနဲ့လုပ်ကြည့်တော့ မရဘူးဖြစ်နေတယ်။ အကိုင်းအခက်တွေနဲ့ အပေါ်အဖျားကို မမြင်ရဘူး။ ပြီးတော့ မြေလွတ်မြေပြင်ညီ မရှိတော့ ခက်တယ်။ ပြီးတော့ အိမ်တွေကလည်း ပြည့်ညပ်နေတာ။ ဘယ်လိုဆက်တိုင်းရင် ကောင်းမလဲဗျ..အကြံပေးပါဦး..။

မိဆိုးလေး said...

ညိုချိုရေ... ကြိုးခွေတွေယူပြီးအဲဒီမန်ကျည်းပင်ပေါ်ထိပ်တက်၊ထိပ်ဖျားမှာကြိုးချည်ပြီး၊ကြိုးစကို ကိုင်ခုန်ချလိုက်..ဟိဟိ(မွေးနေ့ ဆုတောင်းပေးထားလို့  သက်သက်သာသာအကြံပေးတာနော်..:P)

အိစံ said...

ဖခင်ရဲ့ ဖြေရှင်းဖို့ နည်းလမ်းပျောက်နေတဲ့ ဖြေရှင်းမရနိုင်တဲ့ အခက်အခဲ တွေက စိတ်က်ုတအားဖိစီးပြီး မွန်းကြပ်လာတဲ့ အချိန်မှာလူ့ စိတ်ပျောက်သွားတယ်လို့ သုံးသပ်မိတယ်။ အဲ ဒီအချိန်မှာကလေးက သူ့ ရဲ့ ထွက်ပေါက်ဖြစ်သွားတယ်။လူ့ စိတ်ပျောက်နေမှတော့ သား လို့ လဲ မမြင်နိုင်တော့ ဘူးလေ...

သက်သက်သာသာတွေးရင်တော့ သူ့ အမေဘယ်များရောက်နေလို့ လဲ လို့ တွေးမိတယ်...

pps said...

အိုး...ဒါမှဒို့အိစံကွ...ဒို့လဲအဲဒီလိုပဲတွေးမိရင်း...ကလေးငိုရင်..စိတ်မရှည်တတ်တဲ့ဖခင်အချို့ ကိုသွားမြင်ယောင်မိတယ်...သနားစရာ့တန်ဆာခံကလေးဘ၀..ဘာမှခုခံချေပခွင့်မရတဲ.အဖြစ်ကိုမြင်ယောင်ကြည့်မိရင်း...အိုမင်းမစွမ်းဖြစ်လာရင်..ဆိုတဲ့အထိတွေးမိသွားတယ်....

လသာည said...

ကွန်မန့်လေးများအားလုံး ကျေးဇူးတင်ပါတယ်။ တကယ်က ကျောင်းဘာသာရပ်က စာသားတွေများတဲ့အခါ စာဖတ်သူလေးများ ပျင်းမှာသိပ်စိုးတာ။ အခုတော့ သေသေချာချာဖတ်ပြီးကို လေးလေးနက်နက် ဆွေးနွေးသွားကြတာတွေ့ ရလို့ တကယ်ကို ပြောမပြတတ်အောင် ၀မ်းသာမိပါတယ် :D ။

မိုးအိမ်ဖြူရေ.. သစ်ပင်တိုင်းတဲ့ နည်းလမ်းလေးးကို ပြောပြသွားတာကို အထူးကျေးဇူးတင်တယ်နော်။ တကယ်က လသာညက သစ်ပင်အကြောင်းသိပ်မသိဘူး ဟားဟား မသိပဲနဲ့ ဖြီးလိုက်တာ လူမိသွားတယ်..။ :P

ယုယရေ.. ကျေးဇူးတင်ပါတယ်။ ceiling effectက နယ်ပယ်တော်တော်များများမှာ ရှိနေတာဆိုတော့ ဆွေးနွေးရတာ ပျော်စရာကြီးနော..။ “မပြောတတ်အောင် ခံစားသွားရတယ်” ဆိုတာက Ceiling မဟုတ်ပါဘူး။ အဲဒါကို ကျော်အောင်ဖြေဆိုသွားတဲ့ ကွန်မန်ပေးသူအားလုံးက တော်နေတဲ့အတွက် ceiling effectပျက်သွားပါတယ်.. :D

Anonymousလေးရေ.. မိုးအိမ်ဖြူနည်းက မြေညီမှာပဲ သုံးလို့ရတာမိုလို့ တောင်ကြားထဲမှာတိုင်းလို့ရတဲ့နည်းရှိမရှိ တောအုပ်ကြီးနှစ်ယောက်ကို မေးထားတယ်။ သိရင် အကြောင်းပြန်ပေးမယ်နော်..။ ချစ်လှစွာသော တောအုပ်၂ ယောက် အဖြေလေးပေးပါဗျို့။။

မိုးရေ.. ဟုတ်တယ်ကွာ..ဖခင်က ဖခင်စိတ်ပျောက်နေ၊ အောက်ဆုံးက အိစံပြောသလို လူစိတ်ပျောက်နေတယ်ထင်ပါတယ်ကွာ..

nyochoရေ..nyochoကလည်း လေးလေးနက်နက်ဝင်ဆွေးနွေးလို့ပါလား.. :D ။ ဟုတ်တယ်။ လူတစ်ဦးရဲ့ ခံစားချက်ကို အမှန်အတိုင်းတင်ပြဖို့ အရမ်းခက်တာကို။ ဥပမာ ငိုချင်တယ်ဆိုတာကို ငိုချင်ဖူးတဲ့လူက ခံစားသိတယ်။ ဒီတော့ ဖြေမှာပေါ့ ငိုချင်ပါတယ် ငိုချင်လို့ပေါ့လို့။ လူတိုင်းငိုချင်ဖူးမှာဆိုတော့ ခံစားချက်ကို သိလောက်တယ်လေ။ တကယ်လို့များပေါ့ (ဥပမာပါ) ငိုချင်တာကို မခံစားဖူးဘူးဆိုတဲ့လူသာ ရှိလာခဲ့ရင် သူကိုသိအောင် ဘယ်လိုပြောကြမလဲ..

အဲဒါကို ရအောင်ဖော်ပြရမယ်ဆိုရင်..အသက်ရှုကျပ်သလိုလို ရင်ဘတ်ထဲက အောင့်သလိုလို ခံစားချက်က တဆင့် မျက်လုံးတွေပူလာပြီး မျက်ရည်တွေစီးကျလုဖြစ်လာတယ်...စသည်ဖြင့် တင်ပြရမယ်ဆိုရင် မခက်ပေဘူးလား။ ကိုယ်တကယ်ခံစားရတာ အဲဒီထက်ပိုချင်လည်းပိုမှာ၊ ဒါမှမဟုတ် တူချင်မှလည်း တူမှာ။

လူတစ်ကိုယ် စိတ်တမျိုး စရိုက်တစ်မျိုး အကြိုက်တစ်မျိုး ဆိုတော့ အဲဒါကို ရအောင် တိုင်းတာဖို့ ကြိုးစားနေကြတဲ့ စိတ်ပညာက စစ်ဆေးတိုင်းတာသူတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ အနီးစပ်ဆုံးသိရအောင် လုပ်နေကြတယ်။ အဲဒါက ဘာကြောင့်လဲဆိုတော့ စိတ်နဲ့ပတ်သက်တဲ့ ရောဂါတွေကို သိရှိနိုင်ဖို့၊ ကုသနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပေါ့.။

အိစံ ပြောသလို လူတွေဟာ ဖိစီးမှုတွေ များလွန်းလာပြီး မွန်းကြပ်လာတဲ့ အချိန်မှာလူ့ စိတ်ပျောက်သွားတတ်တယ်။ အဲဒီအချိန် ဖြစ်တတ်တဲ့ သဘောကို မစောကြောမိရင် ကိုယ်လည်း အဲလို ဖိစီးမိချိန် အဲလိုလုပ်တတ်တယ်ဆိုတာ မသိရှိနိုင်ဘူး။ ဒါဆို နော်ထပ်အမှားတွေ ထပ်လုပ်နေကြမှာ။ မှုခင်းတွေ ထပ်ဖြစ်နေဦးမှာပေါ့..။ မှုခင်းစိတ်ပညာ၊ ဆေးစိတ်ပညာ စိတ်ကုစိတ်ပညာစသည်..စိတ်ပညာက ကျယ်ဝန်းတော့ နယ်ပယ်အသီးသီးမှာ စိတ်ပညာက ၀င်ရောက်နေတာလေ။ အစ်မကတော့ ပညာရေးစိတ်ပညာလေးတစ်ခုကိုတောင် ပိစိလေးပဲ သိသေးတာဆိုတော့ ကျယ်ကျယ်ဝန်းဝန်း မပြောတတ်ဘူး။
ရှင်းရင်းနဲ့ ရှည်သွားပြိ ဟဲဟဲ ဆောရီးနော်။

နောက်တစ်ခုက ညိုချိုရဲ့ မကျည်းပင်ကြီးကိစ္စကတော့ မိဆိုးလေးနဲ့ နောက်တခေါက်ဆွေးနွေးသင့်သေးတယ်. အခုသူပေးတဲ့ အကြံအတိုင်းဆို... မင်းတော့ ....ပြောမပြတတ်တော့ဘူး ဟားဟား

PPSလေးရယ်.. ငယ်ပါသေးတယ် အိုမင်းမစွမ်းဖြစ်တဲ့အချိန်အထိ မတွေးပါနဲ့ဦး။ ကြိုတွေးချင်ရင်တောင် အိုမင်းမစွမ်းဖြစ်တဲ့အချိန် စောင့်ရှောက်ဖို့ အဖော်ကိုဘယ်တော့ ရှာမလဲဆိုတာကိုပဲ..။ :D

အလေးအနက်ဝင်ဆွေးနွေးသွားတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်နော်။

မြတ်နိုး said...

လူတစ်ယောက်ရဲ့ ခံစားချက်ကို ထိုသူရဲ့ အပြုအမူစသည်ကတဆင့် တိုင်းတာတဲ့အခါမှာလည်း ceiling errorဆိုတာ ရှိပါတယ်။

အဲဒါကမှန်တယ်..မလသာည။ တခါတလေလာဖတ်ပီး လင့်ပျောက်သွားလို့ အခုတော့ တခါတည်း ဘွတ်မခ်လုပ်ထားတယ်။

ပြောမပြတတ်အောင်ခံစားရတယ် ဆိုတာ ကိုယ်တိုင်ဝင်ပီး ကိုယ်ချင်းစာစိတ်ကြောင့်ပါ။ ဥပမာ.နာဂစ်တုန်းက ကိုယ့်ပြည်သူတွေကို ကြည့်ပီး ဘယ်လိုခံစားရလဲလို့မေးရင် အဲလိုအဖြေ ဖြေမှာပါ။

ကလေးကို သတ်ပစ်လိုက်တဲ့ အဖေကတော့ လူစိတ်မရှိတာပါ။ ဒေါသလဲထွက်နေတော့ ဆင်ခြင်တုံတရားလဲ မရှိတာနေမှာပါ။
ဒါပေမဲ့ သူနောက်ဆုံးတော့ သူ့ကလေးကို သတ်မိလေခြင်းဆိုပီး ယူကြုံးမရ ဖြစ်ခဲ့မယ်ဆိုရင်တော့ သူရဲ့ ဒေါသစိတ်ကြောင့် လုပ်မိတာပေါ့ဆိုတဲ့ လျှော့ပေါ့အတွေးနဲ့ တွေးပေးလို့ရမယ်ထင်တယ်။

နေ့အိပ်မက် said...

ဒေါသထွက်တယ်.. သနားတယ်... ပြီးတော့ ကြောက်တယ်... နောက်ဆုံးတော့ “လူ”လို့ပဲ အဖြေထွက်တယ်။ မကောင်းတာလုပ်ခဲ့လို့ မကောင်းတာခံလိုက်ရတဲ့ “လူ”၊ မကောင်းတာလုပ်လိုက်လို့ မကောင်းတာခံရမယ့် “လူ”။ မျက်နှာကြက်သက်ရောက်မှုနဲ့ ဆိုင်လားမဆိုင်လားတော့ နားမလည်.. :P