Friday, September 25, 2009

နားငြီးပေမဲ့လည်း

ကိုယ်မှားလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုအားမရလို့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ကိုယ့်ကို လာဆူတာကို ခံရတဲ့အခါ များသောအားဖြင့် သိပ်မကြိုက်ဘူး။ ဟုတ်တယ် နားငြီးတယ်လေ..။ မဆူပဲနဲ့ အေးအေးလေး ဆုံးမလည်း ဒီစကားပဲ၊ အော်ဟစ်ကြိမ်းမောင်းပြီး ဆုံးမလည်း ဒီစကားပဲဆိုတော့ အေးအေးလေးပဲ ပြောတာကို လက်ခံချင်ကြတာ ဓမ္မတာပါ။

ဒါပေမဲ့ နားငြီးလည်း ပြောမှာပဲ ဆိုတဲ့လူက ရှိနေပါတယ်။ သူအော်ဟစ်ကြိမ်းမောင်းတာကို ခံချင်ပါတယ်ဆိုပြီး လာရောက်တောင်းပန်သူတွေနဲ့ လက်မလည်လောက်အောင် ဂျပန်မှာနာမည်ကြီးသူပါ။ သူက မတ်ဆူအိုကာ ရူဇို(まつおか しゅうぞう)ပဲ ဖြစ်ပါတယ်။သူက တချိန်က တင်းနစ်ချန်ပီယံ တစ်ယောက်ပါ။ အခုအချိန်မှာတော့ တင်းနစ်နည်းပြပေါ့။ သူဟာ သူ့လက်အောက်က သင်တန်းသားတွေကို အမြဲ အော်ဟစ်ကြိမ်းမောင်းလေ့ရှိတယ်။ သူ့ကိုယ်သူလည်း ကြိမ်းမောင်းပြီး မနားမနေလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

( မှတ်ချက်။ ၊ သူ့ဘ၀ရဲ့ အကြောင်းတရားတချို့က အခုလို့ သူ့ကို ပုံသွင်းလိုက်သလို ဖြစ်ရတာပါလို့ ဆိုပါတယ်။ သူ့မှာ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ရှိပါတယ်။ http://www.shuzo.co.jp/ပါ။ သူ့ဘ၀အကြောင်းတော့ နောင်များမှ ကြုံရင် တင်ပြပါဦးမယ်။)အခုကတော့ ဘာကြောင့် သူဆူတာကို ခံချင်ကြသလဲဆိုတာကို ဥပမာတစ်ခု ဖော်ပြချင်ပါတယ်။ အဓိကကတော့ သူ့စကားတွေမှာ ခွန်အားပါလို့ပါတဲ့။

ပြီးခဲ့တဲ့ လက ဂျပန်မှာ ၁၃နှစ်အရွယ်တင်းနစ်ြပိုင်ပွဲ လုပ်ခဲ့တယ်။ နောက်ဆုံးမှာ တနိုင်ငံလုံးအဆင့် ၅ ယောက်ကို ရွေးလိုက်ပါတယ်။ အရွေးခံရသူ ၅ ယောက်ဟာ ရူဇိုဆီရောက်လာပါတယ်။ နောက်ဆုံးအဆင့် ရူဇိုစိတ်ကြိုက်ရွေးချယ်ခြင်းခံရရင် ဒီကလေးတွေကို ကမ္ဘာတင်းနစ်ပြိုင်ပွဲတွေမှာ ပြိုင်နိုင်တဲ့အထိ လက်သပ်မွေးလေကျင့်ပေးတော့မှာ ဖြစ်ပါတယ်။

ရုဇို ဟာ ရောက်လာတဲ့ကလေးတွေကို ၂ ရက်တိတိ သင်တန်းပေးပါတယ်။ ပထမရက်ကတော့ ကလေးတွေကစားတာကို သူလေ့လာသလို သူကစားတာကို ကလေးတွေကို စောင့်ကြည့်စေတာဖြစ်ပြီး နောက်ရက်ကတော့ စာမေးပွဲဖြစ်ပါတယ်။ (စိတ်ဓါတ်စာမေးပွဲပါ)။ ကလေးအားလုံးဟာ ဒီစာမေးပွဲကို ကျမှာစိုးလို့ အိပ်မပျော်ကြဘူး။

ပြိုင်ပွဲက တစ်ဦးချင်းစီ ရူဇိုနဲ့ ပြိုင်ရမှာပါ။ ပထမဆုံးက ခမတစံ အလှည့်..။

ရူဇိုက စည်းကမ်းကို ပြောပါတယ်။
“ပြိုင်ပွဲက ၁၅မိနစ်။ နားခွင့်မရှိ..။ အာရုံစိုက်ရမည်..။ ဒါပဲ”
ခမတစံဟာ Racketကို ကိုင်ရင်း ပတ်ဝန်းကျင်က ပရိတ်သတ်ကို တချက်လှည့်ကြည့်လိုက်တယ်။ ချက်ချင်းရင်တွေခုန်လာပြီး လက်ဖျားခြေဖျားတွေ တုန်လာသလို ဖြစ်လာတယ်။

ပြိုင်ပြီ...။“ရော့”
တင်းနစ်ဘောလုံးလေးဟာ မထင်မှတ်တဲ့ အရှိန်နဲ့ လွင့်လာပါတယ်။ ရင်ခုန်နေတဲ့ ခမတ ဟာ ဘောလုံးလေးကို မမှီတမီလေး ကပ်လွဲသွားတယ်။
ခမတစံဟာ ရှုဇိုကို စိုးရိမ်စွာ မော့ကြည့်လိုက်ချိန်မှာပဲ..
“ ခမတ” ရူဇိုက ကျယ်လောင်စွာ အော်လိုက်ပါတယ်။
“ပြောစမ်း။ ဘာကြောင့် လက်တုန်နေသလဲ၊ ဘောလုံးလွဲတာ အပြစ် မရှိဘူး။ ဒါပေမဲ့ ..”
“ကျွန်တော်.ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး”
“မေးတာကို ဖြေပါ။ အပိုတွေ မကြားချင်ဘူး”
“ ကျွန်တော် နည်းနည်းကြောက်နေလို့ပါ ခင်ဗျာ” ပြောရင်း မျက်ရည်တွေ စီးကျလာခဲ့တယ်။

ရူဇိုဟာ ခမတစံရဲ့ မျက်ရည်ကို မြင်လိုက်ချိန်မှာပဲ မျက်နှာဟာ ပိုမိုတင်းမာသွားခဲ့တယ်။ တကွင်းလုံး ဟိန်းအောင် အော်ဟစ်လိုက်တယ်။
“ဟေ့ မင်း ငိုမယ်ဆိုရင် အခုပဲ ပွဲထဲက ထွက်သွားစမ်း”
ခမတ တုန်လှုပ်သွားပြီး မျက်ရည်ကို အလျင်အမြန် လက်နဲ့ သုတ်လိုက်ပြီး “ကျွန်တော် မငိုတော့ပါဘူး ခင်ဗျာ၊ ကျွန်တော်ကို တကြိမ်တော့ ပြိုင်ခွင့်ပေးပါဦး ခင်ဗျာ”

“ တိတ်စမ်း။ ငါပြောတယ် မို့လား။ အာရုံစိုက်လုပ်ပါလို့..။ ဘာကြောင့်နားမထောင်သလဲ။ ဒီမှာကြည့်စမ်း ပြိုင်ပွဲတစ်ခုမှာ ပတ်ဝန်းကျင်ကို အာရုံစိုက်လွန်းရင် မင်းဘာမှ လုပ်လို့ မရဘူး အဲဒါ မင်းမသေမချင်း မှတ်ထား။ ပြိုင်ပွဲမှာ ပရိတ်သတ် အများကြီးရှိနေမှာပဲ။ မင်းကို အားပေးတဲ့သူရှိသလို မင်းပြိုင်ဖက်ကို အားပေးတဲ့သူ ရှိနေမယ်။ ဒါသဘာဝပဲ။ ဂရုစိုက်နေသူ ရှုံးမှာပဲ။ အဲဒါတွေကို မင်းဘာမှ ဂရုမစိုက်ရဘူး။ မင်းကြည့်ရမှာက ဘောလုံးနဲ့ ပြိုင်ဖက် ဒါပဲ ကြားလား”
“ဟုတ်ကဲ့”
“လွယ်လွယ်မပြောနဲ့ ၅ မိနစ် အချိန်ပေးမယ်။ မင်းသေချာ အာရုံစူးစိုက်နိုင်ပြီ၊ မင်းအာရုံထဲမှာ ငါနဲ့ တင်းနစ်ဘောလုံးက လွဲရင် မရှိတော့ဘူးဆိုရင် ပြော၊ ဆက်ကစားမယ်”

၂မိနစ်လောက် ကြာတော့ ခမတစံ က လှမ်းပြောလိုက်တယ်။ ကျွန်တော် အသင့်ဖြစ်ပါပြီ ခင်ဗျာ”
သူတို့ ဆက်ကစားတော့ ပြိုင်ပွဲ ပြီးဆုံးချိန်အထိ တည်ငြိမ်စွာ ကစားသွားခဲ့ပါတယ်။ သူအောင်ပြီပေါ့..။

နောက်တယောက် ဆူဇူကီးစံ အလှည့်မှာ အရှိန်နဲ့ တရစပ်ပြေးဝင်လာတဲ့ တင်းနစ်ဘောလုံးတွေကို ပထမမှာ မှီအောင် တလုံးမကျန် ရိုက်နိုင်ခဲ့ပေမယ်။ ၅မိနစ်လောက်အကြာမှာ နည်းနည်းမောသလို ရှိတာမို့ တစ်လုံးကို အမှီမပြေးပဲ လက်လွတ်ခံလိုက်ပါတယ်။ အဲဒီအတွက် ရူဇိုရဲ့ ကျယ်လောင်စွာ အော်ငေါက်ခြင်းကို ခံလိုက်ရပါတယ်။

“မင်း ဘာကြောင့် တင်းနစ်ဘောလုံးကို လွတ်လိုက်ရသလဲကွ..ဟေ။ မင်း မှီနိုင်တဲ့ အရာတစ်ခုကို ဘာကြောင့် လက်လွတ်လိုက်ရတာလဲ ပြောစမ်း။ ဒီမှာ မှတ်စမ်း ။ ပြိုင်ပွဲတစ်ခုမှာ ဘယ်တော့မှာ လွယ်လွယ် လက်မလျော့လိုက်နဲ့။ လုပ်စမ်းပါ မင်းအားစိုက်လို့ သေမသွားပါဘူး။ အလွယ်တကူ အရှုံးပေးတဲ့သူ၊ ကိုယ့်ကိုယ်ကို သနားလွန်တဲ့သူဟာ ဘယ်တော့မှ မအောင်မြင်ဘူး။ အခုလို မင်းဇွဲလျော့တတ်သူဆိုရင် အခုချက်ချင်း ပြိုင်ပွဲက ထွက်သွားစမ်း

ဒါပေမဲ..ဆူဇူကီးစံလည်း ခမတစံ လိုပဲ။ အားလပ်ချိန် ၅မိနစ်အတွင်း စိတ်ကို ခိုင်မာစွာ ထားနိုင်ခဲ့တာမို့ နောက်ဆုံးမှာ စာမေးပွဲအောင်မြင်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ရာမဒစံ ပါ။
သူမကတော့ တင်းနစ်ရိုက်တာ ဒီ၅ယောက်ထဲမှာ အတော်ဆုံးပါ။ လူကြီးတွေရဲ့ နှုန်းထားကို မှီတယ်ပြောရမယ့်သူပါ။ ဒါပေမဲ့ သူမရဲ့ အားနည်းချက်က နိုင်ချင်စိတ်များတာဖြစ်ပါတယ်။ သူက တင်းနစ်ဘောလုံးအားလုံးကို အမှီလိုက်နိုင်ချင်တယ်။ တလုံးလောက် လွဲသွားလို့ကတော့ ဒေါသဖြစ်ပြီး စိတ်ပူတတ်တာဖြစ်ပါတယ်။

ဒီတော့ သူမလေးလည်း ရူဇိုရဲ့ အဆူကို ခံရတာပေါ့.။
“ ဒီမှာ ရာမဒစံ။ နင်က ဘယ်လောက်တော်နေသလဲ။ ဘာကြောင့် ဘောလုံး အားလုံးကို အမှီလိုက်နိုင်ရသူ ဖြစ်ရမှာလဲ..။ နင်နဲ့ ပြိုင်နေသူ ငါတောင် ဘောလုံး အားလုံး မလွဲအောင် မလုပ်နိုင်ဘူး။ လောကမှာ နိုင်မှ၊ အမြဲ နိုင်မှ ဖြစ်မယ်လို့ တွေးနေရင် ရှုံးဖို့ တ၀က်သေချာနေပြီ မှတ်။ ပြိုင်ပွဲပဲ၊ နိုင်တာရှိရင် ရှုံးတာရှိမှာပဲ။ ရှုံးတာကိုပဲ မခံချင်ဖြစ်ပြီး စိတ်ပူ ဒေါသထွက် စိတ်ဂယောင်ခြောက်ချားဖြစ်နေရင် တဖက်လူကို အကြောပေးသလို ဖြစ်လိမ့်မယ်။ အခုလို ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ရင် တကယ့်ပြိုင်ပွဲမှာ လက်ခုပ်သံနဲ့ ရှုပ်ချသံတွေကြားမှာ စိတ်မထိန်းနိုင်ပဲ မင်းပြိုလဲသွားလိမ့်မယ်။ ကိုယ့်စိတ်ကိုယ့် ထိန်းနိုင်ဖို့ အဓိက

သူမကတော့ စိတ်ကို ထိန်းဖို့ ကြိုးစားပေမဲ့ နောက်တကြိမ်မှာလည်း မအောင်ခဲ့ဘူး။ တင်းနစ်ဘောလုံး တခါလွဲတာနဲ့ စိတ်ပူပြီး နောက်ဘောလုံးပါ အလွဲလွဲအချော်ချော် ဖြစ်သွားပြန်တဲ့အတွက် စာမေးပွဲ ကျခဲ့ပါတယ်။
(မှတ်ချက်.. နောက်တော့ သူမရဲ့ နည်းပြဆရာက ၀င်ရောက်တောင်းပန်တဲ့အတွက် တတိယ အကြိမ်ကစားခွင့်ကို ရခဲ့ပြီး အောင်မြင်စွာ ကစားနိုင်ခဲ့ပါတယ်။ အခုဆို သူတို့ အားလုံး တင်းနစ်ကို အပြင်းအထန်ကျင့်လို့ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ အားခဲနေကြလေရဲ့။)

လက်တွေ့မှာ ဘောလုံးပွဲတွေ၊ ဘောလီဘောပွဲတွေကို ကြည့်လိုက်ရင် အမှတ်တွေ အပြိုင်အဆိုင် လိုက်နေချိန် မသိသာပေမဲ့ ရှုံးလာတဲ့အခါ အသင်းကအရမ်းတော်ပါရဲ့နဲ့ ရိုက်ချက်တွေ အလွဲလွဲအချော်ချော်ဖြစ်တတ်တာ၊ မျက်နှာမှာ စိတ်တိုဒေါသထွက်နေတာကို မြင်မြင်နေရပါတယ်။ ဒါပေမဲ့ လက်ရှိ ဂျပန်နိုင်ငံဘောလီဘောအသင်းက မိန်းကလေးတွေဟာ ကိုယ့်ကွင်းမှာပဲ ကစားကစား ၊သူများကွင်းပဲကစားကစား၊ ရှုံးရှုံးနိုင်နိုင် အပြုံးမပျက်ပဲ စိတ်ဓါတ်မကျပဲ ပြိုင်ပွဲကို ပြီးဆုံးတဲ့အထိ ကစားသွားတာကို အမြဲတွေ့ရပါတယ်။ သူတို့ အဖွဲ့ကို လူတိုင်းက ချီးကျူးကြတယ်။ စိတ်ထားတတ်လို့ တဲ့..၊

ဒါဟာ ဂျပန်နိုင်ငံက ရှုဇိုလို သင်တန်းဆရာတွေရဲ့ စိတ်ဓါတ်သင်တန်းက ရလာဒ်တွေဖြစ်ပါတယ်..။

ဒါကြောင့် သူငယ်ချင်းအားလုံးပဲနော်။ နားငြီးပေမဲ့လည်း ကိုယ့်အတွက် အကျိုးရှိမယ့်စကားဖြစ်ခဲ့ရင် bisingနားပိတ်မနေပဲ (ဖြစ်နိုင်ရင်ပေါ့) အောင့်အီးသည်းခံပြီး တခါတရံ နားထောင်ပေးကြရအောင်ပါလို့...။

လသာည..ပါ။

မှတ်ချက်။ ။ အင်တာနက်မရသော တိုကျိုက အခန်းမှာ ရှိနေစဉ်က ပျင်းပျင်းနဲ့ ကြည့်တဲ့တီဗွီအစီအစဉ်တွေ မှာ nhk အစီအစဉ်က ထုတ်လွင့်သွားတာလေးပါ။ စကားလုံးလေးတွေ ကြိုက်လွန်းလို့ အားလုံးကို မှတ်မိနေပေမဲ့ ပြိုင်ပွဲဝင်ကလေးတွေရဲ့ နာမညအတိအကျနဲ့ ဒီတီဗွီအစီအစဉ် ဘယ်ရက်က လွှင့်ခဲ့တာလဲဆိုတာကိုတော့ မေ့သွားလို့ မဖော်ပြနိုင်ဖြစ်သွားပါတယ်။ ခွင့်လွှတ်ပေးပါရန်)

8 comments:

အိစံ said...

အရမ်းကောင်းတဲ့ ပို့ စ်လေးပါ လသာည ရေ...ဆူတဲ့ သူလိုက်ရှာလိုက်အုန်းမယ်..အိစံရဲ့ မေမေနဲ့ အမက ဆူပြီး ပုံသွင်းလေ့ ရှိတယ် ဖေဖေကဘယ်တော့ မှမဆူဘူး ဘာလို့ မဖြစ်နိုင် ရမှာလဲ လုပ်ပြလိုက်စမ်းဆို ပြီး အားပေးတယ် တချို့ အရာတွေကျတော့ လည်း ဆူတာ ကောင်းပါတယ် အဟိ


လသာညလည်းဆူတတ်တယ်သိလား ...

လသာည said...

ဟုတ်လား :P
ပို့စ်ထဲက (まつおか しゅうぞう)မှာ ရူဇို ဆူနေတဲ့ ဗွီဒီယိုကို လင့်လုပ်ထားတယ်။ မြင်ဖူးချင်ရင် အဲဒိကို ကလစ်လုပ်ကြည့်လိုက်ပါ။ ဒါပေမဲ့ လက်တွေ့သင်တန်းမှာ မဟုတ်တဲ့အတွက် ဟာသဆန်ဆန်ရိုက်ထားတာပါ။

အိစံ said...

ဟုတ်တယ်ရော ဒါပေမဲ့ လသာည ဆူရင် ဘယ်ဘက်နားက၀င်ပြီး ညာဘက်ကနေပြန်ထွက်လိုက်တယ် ..P

လသာည said...

ဒါက ဒီလိုရှိပါတယ် အိစံရယ်။ တချို့က “ဟိတ် အဲဒါမှားတယ် ဒီလိုလုပ်”လို့ ပြောရုံလောက်ဆို ခေါင်းထဲသိပ်မ၀င်ဘူး။ ငါသိတယ် ဆရာလာမလုပ်နဲ့ ဆိုပြီး မှားပေမဲ့မပြင်ဘူး ပေကပ်ကပ်နေတတ်တယ်။ (အိစံကို မဆိုလိုပါ။)ဒီလိုလူမျိုးက အနားကနေ ထိပ်လန့်သွားအောင် အော်ဟစ်ကြိမ်းမောင်းခံရမှ ထလုပ်တာ။ လူတကိုယ်အကျင့်တစ်မျိုး အကြိုက်တမျိုးပေါ့။

တို့လည်း ဆူတာမကြိုက်ဘူး။ လာဆူရင် ရွဲ့ပြီး ဆန့်ကျင့်ဖက်လုပ်ပစ်တာ များတယ်လေ။

အခု ရှုဇိုကတော့ သူကဆူတတ်တာထက် သူ့စကားလုံးတွေက နားထောင်သူကို ခွန်အားကိုပေးစေလို့ပါ။ သူကိုယ်တိုင်လည်း “ငါ ဖြစ်ကိုဖြစ်ရမယ်ကွ”လို့ အော်ဟစ်ကြိမ်းမောင်းလေ့ကျင့်လေ့ရှိသူပါ။ အဲလိုလုပ်ခြင်းကြောင့် စိတ်ကို ပိုမိုတက်ကြွစေပြီး လူကိုခွန်အားရှိစေတယ်လို့ ခံယူထားသူပါ။

အိစံက ဆူတာမကြိုက်ရင် အေးအေးလေးနဲ့ “ကြိုးစား အိစံရယ်”လို့ အားပေးစကားပြောသူကို လိုက်ရှာလေ. :D

rose of sharon said...

အင်း...ကိုယ်လိုခေါင်းမာသူအတွက် ဒီလိုဆူမဲ့သူ လိုအပ်တယ်

Anonymous said...

တူတူပဲ.. အဲလိုအဆူခံချင်တယ်..
သူဆူတာ အားတွေပါတယ်..ခွန်အားတွေပါတယ်။
တခုလောက် ..သူက ဆူပီးရင်ရော ချော့တတ်လားဟင်

မိုမိဂျိ-စံ

မန်းလေရူး said...

ကြိုက်၏ ။ :D

မိုးသီတာ said...

အဆူခံရတယ်။ ဖက်ဆစ်ကိုဟိုင်ရဲ့ အဆူ။ လုပ်ချင်ရာရှေ့မကြည့်နောက်မကြည့်လုပ်တဲ့ စံပိုင်ကလွန်တာ သိပေမဲ့။..... ဆူတာ မကြိုက်ပါဘူး။ကိုယ့်ဘာသာကိုယ် လုပ်ချင်ရာပဲ လုပ်ချင်ပါတယ်။