Tuesday, September 29, 2009

ဆု ဆိုသည်မှာ

လူတစ်ယောက်ဟာ သူ့ရဲ့ အိမ်နားနီးချင်းမှာ ခွေးတစ်ကောင်ရှိတာကို သတိထားမိတယ်။ ခွေးလေးက မကြာခဏ အိမ်ပြင်ကို ထွက်တတ်လို့ လိုက်ဖမ်းရတာကို တွေ့ရတယ်ပေါ့။ တနေ့မှာ အိမ်ရှင်က သူ့ခွေးလေး အိမ်ပြင်ထွက်ချိန်မှာ ထိုလူကလည်း အပြင်ရောက်နေချိန် တိုက်ဆိုင်လို့ အားလည်းအားနေလို့ ကူဖမ်းပေးလိုက်တယ်။ ဒါနဲ့ အိမ်ရှင်က ကျေးဇူးတင်လို့ ဆိုပြီး သူအိမ်မှာလုပ်ထားတဲ့ ကိတ်မုန့်တွေနဲ့ ဧည့်ခံလိုက်တယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက်ကူဖမ်းပေးဖြစ်တယ်။ အိမ်ရှင်ကလည်း ကျေးဇူးတင်စွာနဲ့ တစ်ခုခု ပြန်ကျွေးတတ်တယ်။

တနေ့မှာတော့ သူက ခွေးကိုပြန်ဖမ်းပေးပေမဲ့ အိမ်ရှင်က ဘာမှ မကျွေးဘူး။ ထားပါလေ မုန့်ကတော့ အခုတော့ ကျေးဇူးစကားတောင် မပြောဘူး..။ ဆိုပါတော့.. ။ ထိုလူ့စိတ်ထဲ တမျိုးတမည် ဖြစ်သွားခဲ့တယ်။ ဒီတခါ ခွေးလွှတ်လာတာတွေ့ရင် ကူဖမ်းပေးသင့်မသင့် ပြန်စဉ်းစားတယ်။ တကယ်လို့များပေါ့ ထိုသူက သူဘာလုပ်သင့်တယ်လို့ ထင်လဲဟင် လို့ လသာညကို အကြံဥာဏ်တောင်းလာတယ် ဆိုခဲ့ရင်...။။

သူ့ကို “ဘာဆိုင်လဲ သူ ဘာမှ မပြောလည်းအိမ်နီးချင်းပဲ ငါသာဆို လုပ်ပေးမှာပဲ”လို့ ပြောလိုက်ရမလား၊ ဒါမှမဟုတ် ကျေးဇူးမသိတတ်သူကိုတော်ပြီ အဖက်လုပ်ပြီး လုပ်မပေးတာကောင်းတယ် သူ့ခွေး သူဖမ်းတာ ကိုယ်က ဘာကိစ္စ လုပ်ပေးစရာရှိလဲလို့ ပြောရမလား။ ဒါမှမဟုတ် ရယ်သလိုမောသလိုနဲ့ ဒီနေ့ ဘာလို့ ကျေးဇူးစကားတောင် မပြောတာလဲလို့ သွားမေးခိုင်းရမလားပဲ ။ အိုး..ရှုပ်ပါတယ် သူ့ကိစ္စမစဉ်းစားဘူး လသာညလည်း ကော်ဖီပဲသောက်တော့မယ် သြော်.. :D

တကယ်တော့ စိတ်ပညာက အဲဒီခံစားချက်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ ရှိတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတာမို့ မျှဝေတဲ့ သဘောနဲ့ ပြောပြမယ်သိလား။

လူတွေဟာ ၁၄လသား ကလေးအရွယ်လောက်ကစပြီး (တချို့ ဒီထက်စောချင်စောမယ်) တခြားသူတွေကို ကူညီလိုစိတ်စဖြစ်တယ်၊ ကူညီတတ်တယ်။ လူကြီးတစ်ယောက်ယောက်က မမှိတမှီလေး တစ်ခုခုကို ကောက်ရင် ကူကောက်ပေးတတ်တယ်။ လူကြီးက အဲဒါလေးယူပေးပါလို့ ပြောရင် အလိုလို ထပြီး သွားယူပေးတတ်တယ်။ သူ့ကို ဘာမုန့်မှကျွေးစရာ မလိုဘူး။ သူတို့စိတ်နဲ့ သူတို့လုပ်ပေးကြတယ်။ ဒါပေမဲ့ ၁၉၇၂-ခုလောက်က လုပ်ခဲ့တဲ့ သုတေသနတစ်ခုက အစပြုပြီး ထူးဆန်းတဲ့အချက် ကို သတိထားမိသွားတယ်။

သုတေသနမှာ ၃ နှစ်ကနေ ၅နှစ်အရွယ်ကလေးတွေကို ပုံဆွဲပစ္စည်းလေးတွေ ချပေးပြီး ပုံဆွဲနည်းကို လုပ်ပြတယ်။ ကလေးတွေက ပုံလိုက်ဆွဲတယ်။ လူကြီးတွေက ကလေးတွေဆွဲလာတဲ့ ပုံလေးတွေကို ကြည့်ပေးကြတယ်။ ကလေးတွေက သူတို့စိတ်ပါသလောက် တစ်ခုပြီးတစ်ခုဆွဲပြီး လာပြကြတယ်။ နောက်တနေ့ကျတော့ ကလေးတွေကို ပုံတစ်ပုံဆွဲရင် မုန့်လေးတစ်ခုပေးတယ်။ အချိန် တ၀က်လောက်ကျတော့ မုန့်မပေးပဲထားလိုက်တယ်။ ကလေးတွေက ပုံကို မဆွဲတော့ဘူးတဲ့.။ ဒါလိုနဲ့ ဆုချခြင်းဟာ နဂိုစိတ်ရင်း လုပ်လိုစိတ်ကို ဖျက်စီးသလိုဖြစ်သွားခဲ့တယ်။

မကြာခင်(၂၀၀၆)က လုပ်ခဲ့တဲ့ အခြားသုတေသနတစ်ခုမှာတော့ အရွယ် (၂ နှစ်မရှိတရှိ) ဂျာမန်ကလေး၄၈ ယောက်ကို ထပ်ပြီးစမ်းသပ်ခဲ့တယ်။ အခန်းတခန်းထဲမှာ ကလေးကို ကစားစရာတွေ ပေးထားပါတယ်။ သူ့နားမှာ သုတေသနသမားက စားပွဲပေါ်မှာ ဘောလုံးလေးတွေကို ခြင်းထဲ ကောက်ထည့်တာမျိုး၊ လက်ကိုင်ပ၀ါလေးတွေကို ကလစ်ညှပ်တာမျိုးကို လုပ်နေတယ်။ မိဘက အနားက စောင့်ကြည့်တယ်ပေါ့။ ဒီမှာ သုတေသနသမားကနေပြီး မတော်တဆလိုလိုနဲ့ ဘောလုံးလေးကို လွှတ်ချလိုက်တယ်။ ပြီးတော့ ကလေးကို အကူအညီတောင်းသလိုမျိုး မျက်လုံးလေးနဲ့ လှမ်းကြည့်လိုက်တယ်။ ကလေးလာကူပြီးကောက်မကောက်ကို စက္ကန့် ၃၀ စောင့်ကြည့်ပေးတယ်။ ကလေး ၃၆ ယောက်ဟာ သုတေသီကို သွားကူတာကို တွေ့ရတယ်တဲ့။ ကျန်ကလေးတွေကတော့ ဘောလုံးကို မကောက်ပဲ မိဘကို ဖက်ထားတာမျိုး (သုတေသနသမားကို ကြောက်လို့ ထင်ပါတယ်) လုပ်ပါတယ်။

ဒီနောက်တော့ ကူညီတတ်သူ ကလေး၃၆ယောက်ကို ၅ ကြိမ်ဆက်ပြီး စမ်သပ်ခဲ့တယ်။ ၁၂ ယောက်အဖွဲ့လေးတွေ ၃ ဖွဲ့ ဖွဲ့လိုက်တယ်။ ပထမအဖွဲ့ကို ကူညီတဲ့အတွက်ဆိုပြီး တခါကူညီတိုင်း ကစားစရာသေးသေးလေးတစ်ခု ပေးတယ်။ နောက် ၁၂ ယောက်အဖွဲ့ကိုတော့ နှုတ်ကနေပြီး ကျေးဇူးတင်ပါတယ်လို့ ပြောပေးလိုက်တယ်။ ကျန် ၁၂ယောက်ကိုတော့ ဘာမှမပြော၊ ဘာမှမပေးဘူးတဲ့။

warneken2.jpg

(ပုံလေးကို ကလစ်လုပ်ကြည့်လိုက်နော်။ သူအလိုလို ကူညီချင်စိတ်လေးနဲ့ ကူညီနေတဲ့ ချစ်စရာကလေးလေးရဲ့ (ဗွီဒီယို) ကို လင့်ထားတယ်။)

ပြီးတဲ့အခါ နောက်ဆုံး စမ်းသပ်ချက်အနေနဲ့ ကလေး ၃ ဖွဲ့လုံးကို ဘယ်သူ့ကိုမှ ဆုလည်း မပေးဘူး၊ ကျေးဇူးလို့လည်း မပြောပေးပဲနဲ့ ခါတိုင်းလိုပဲ ဘောလုံးလေးကို ကူကောက်ဦးမလား လို့ စောင့်ကြည့်စမ်းသပ်ခဲ့တယ်။

warneken3.jpg

(ပုံလေးကို ကလစ်လုပ်ကြည့်လိုက်နော်။ ဒါက ဆုမပေးလို့ လှည့်မကြည့်တော့တဲ့ ချစ်စရာကလေးလေးရဲ့ (ဗွီဒီယို) ကို လင့်ထားတယ်။)

ပထမဆုံးစမ်းသပ်ချက်တုန်းက မိဘကို အလိုလိုကူညီခဲ့တဲ့ ကလေး ၃၆ ယောက်ဟာ စမ်းသပ်ချက် ၅ ကြိမ်မှာ ဆုတွေ ကျေးဇူးစကားတွေ လက်ခံရပြီးနောက် နောက်ဆုံးစမ်းသပ်ချက် (ဘာဆုမှမပေးတဲ့ စမ်းသပ်ချက်)မှာ တုန့်ပြန်ပုံက ပြောင်းလဲသွားခဲ့တယ်။

အောက်က ဂရပ်ကို ကြည့်ကြည့်လိုက်နော်။

warneken4.gif

အပေါ်က ဂရပ်အရ ဆုပေးခြင်းခံခဲ့ရတဲ့ကလေးတွေဟာ ဆုပေးခြင်းမခံရတဲ့ ကလေးတွေထက် ကူညီလိုစိတ်အားနည်းသွားတာ တွေ့ရပါတယ်။ ဆုပေးခြင်းခံခဲ့တဲ့ ကလေးတွေ အများစုကတော့ အရင်လိုပဲ နောက်ထပ်ကစားစရာအသစ်ထွက်လာမလားဆိုတာကို စောင့်ကြည့်နေတာကိုပဲ တွေ့ခဲ့ရတယ်။

သုတေသနလုပ်သူ (Warneken and Tomasello) နှစ်ဦးဟာ ဆုချခြင်းဟာ ကလေးငယ်လေးတွေရဲ့ မွေးရာပါသူတပါးကို ကူညီလိုစိတ်၊ သူတပါးကို စိတ်ချမ်းသာလိုစိတ်ကို လျော့ကျစေတယ်ဆိုတာကို ထင်ရှားစွာ သက်သေပြနိုင်ခဲ့ပါတယ်။

အပေါ်က သုတေသနကို သက်သေထားပြီး ခွေးဆက်ဖမ်းရမဖမ်းရ ပြဿနာတက်နေတဲ့လူကို လသာညက အောက်ကအတိုင်း အကြံပြုလိုက်ပါတယ်။

့် အပေါ်ဆုံးမှာ တင်ပြခဲ့တဲ့ ဖြစ်ရပ်မျိုး နေ့စဉ်ဘ၀ထဲမှာ ကြုံရတဲ့အခါ ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ပဲ စိတ်စနောင့်စနင်းလည်း ဖြစ်စရာမလိုပဲ ဒီလို ဖီလင်မျိုးဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို လက်ခံနားလည်ပြီး ကိုယ်က တဖက်လူကို ဆက်လက် ကူညီနိုင်တဲ့ အနေအထားရှိရင် ဆက်လက် ကူညီလိုစိတ်လည်း ရှိနေသေးရင် ဆက်လက်ကူညီလိုက်ပါ။ မကူညီနိုင်တော့ဘူးဆိုရင်လည်း မသိမသာ မအားသလိုလိုနဲ့ ရှောင်ခွာသွားတဲ့နည်းကို သုံးလို့ရတယ်လို့... jelirminum

Reference ... Does rewarding altruism squelch it? Very nice Research!!

(http://scienceblogs.com/)

ခင်မင်စွာဖြင့်

လသာည.. ပါ

8 comments:

Anonymous said...

လသာည.. ကျွန်တော်တော့ ဒီပို့စ်ကို တော်တော်သဘောကျသွားတယ်ဗျာ။ လူ့စိတ်က ဖြစ်တတ်တာလေးကို တင်ပြပေးထားလို့လေ။ ကျွန်တော်ဗျာ ဘလော့ရေးတာ ၁နှစ်ကျော်ပြီ။ ပို့စ်တွေရေးရတာ အချိန်အများကြီးယူရတယ်ဗျာ။ စာစုရ၊ ဘာသာပြန်ရနဲ့။ ပြီးတော့လည်း ဖတ်လို့ အဆင်ပြေမပြေ အခေါက်ခေါက် ဖတ်ရတယ်။ တင်ပြီးသွားတဲ့အခါ လာလည်တဲ့သူငယ်ချင်းတွေက ဘယ်လိုဝေဖန်မလဲ ရင်ခုန်လိုက်ရတာ။ တချို့ကျ ကိုယ့်ပို့စ်သိပ်မကောင်းပေမဲ့ ကိုယ့်ကိုအားနာတော့ ကောင်းတယ်လို့ ပြောသွားပေးကြတယ်။ တချို့ကတော့ တကယ့်ကို လေးလေးနက်နက် တန်ဖိုးထားဖတ်သွားပြီး တကယ်ပဲ အကြံပြုဝေဖန်သွားတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ၀မ်းသာတာပေါ့ဗျာ။ နောက်ပိုင်း ရက်ဆက် သူတို့လာအားပေးကြတယ်။ ကျွန်တော်ကလည်း စာတွေရေးကောင်းတာပေါ့ဗျာ။ တနေ့တနေ့ ဘလော့ရေးရင်း အချိန်များစွာ ကုန်ရော။ ဒါပေမဲ့ တခါတလေ သူတို့ လာမလည်တဲ့အခါ၊ လာလည်ပြီး“လာသွားတယ်”လောက်ပဲ ပြောတဲ့အခါ ရင်ထဲမှာ တမျိုးပဲ ခံစားရတယ်ဗျ။ သူတို့ မအားလို့ ဆိုတာလည်း နားလည်ရဲ့သားနဲ့ စိတ်ထဲမှာ နေလို့ မကောင်းဘူး။ တကယ်တော့ မလသာည ပြောသလိုပဲ အမြဲရနေကျ နှုတ်ဆက်စကား(ကျွန်တော့အတွက်တော့ ဆုပေါ့ဗျာ)ကို မသိစိတ်က မျှော်လင့်နေမိလို့ အခုလိုဖြစ်ရတာပဲဗျနော။ အခုအချိန်ကစပြီး ကိုယ်ဝါသနာပါလို့ ရေးတဲ့ စာတွေအတွက် ဘယ်သူ့ရဲ့ ဆုကိုမှ အရမ်းကြီးမမျှော်လင့်ပဲ ကိုယ်စိတ်နဲ့ကိုယ်ရေးဖို့ ဆုံးဖြတ်လိုက်တယ်.။
ဒီပို့စ်အတွက် လသာညကို အထူးကျေးဇူးတင်ပါတယ်ဗျာ။

Anonymous said...

ဆုချခြင်းဟာ ကလေးငယ်လေးတွေရဲ့ မွေးရာပါသူတပါးကို ကူညီလိုစိတ်၊ သူတပါးကို စိတ်ချမ်းသာလိုစိတ်ကို လျော့ကျစေတယ်ဆိုတာကို ထင်ရှားစွာ သက်သေပြနိုင်ခဲ့ပါတယ်။

right, lathar nya.

ကိုယ်က တဖက်လူကို ဆက်လက် ကူညီနိုင်တဲ့ အနေအထားရှိရင် ဆက်လက် ကူညီလိုစိတ်လည်း ရှိနေသေးရင် ဆက်လက်ကူညီလိုက်ပါ။ မကူညီနိုင်တော့ဘူးဆိုရင်လည်း မသိမသာ မအားသလိုလိုနဲ့ ရှောင်ခွာသွားတဲ့နည်းကို သုံးလို့ရတယ်လို့...
right.

why we help to each other????
we need to get thanks or sthg got present from them??

This is Answer.

for me, if i want to help, i help. If i think no need to help, never help.

:)

good post. i like it. That's why i always read ur post.

I think u learned in there about psychology,right?

momiji

Anonymous said...

တကယ်ကောင်းတဲ့ ပိုစ့်လေးပါ ၊၊ အပေါ်က ပြောသလို အားနာလို့ မဟုတ်ဘူး နော် ဟာဟ

ဟုတ်ပါတယ် ၊၊ မြန်မာစကားမှာလည်းရှိတာပဲ အကျိုးလိုလို့ ညောင်ရေလောင်း တယ်တဲ့

အခုခေတ်မှာ ဒီလိုမျိုးတွေ ပိုများပါတယ် နောက် အခုဆိုအားလုံးက Give and Take ပဲလေ ၊၊

ဆိုလိုတာက ဆုပေးတာဟာ ကလေးတွေရဲ့ကူညီလိုစိတ်ကိုလျော့စေပါတယ်

ဒါပေမယ့် သူတို့အတွက် ကြိုးစားစေမယ့် ဆေးတစ်ခွက် အဖြစ် သဘောထား ပြီး ပေးလိုက်တယ် ဆိုရင်ရော ကြိုးစားမှုတိုင်းအတွက် တူညီတဲ့ ရလာဒ်ကို တော့ သိပ် သဘောမကျပါဘူး ဘာ့ကြောင့်လည်းဆိုတော့ လူတိုင်းဟာ မတူ ညီလို့ပါပဲ

ဟီဟိ ဆိုင်လားမဆိုင်လား မသိ ရေးချင်တာရေးပြီး မန့်ချင်တာ မန့်သွားပါကြောင်း


မင်းအိမ်ဖြူ

rose of sharon said...

အဲဒီလူကိုယ့်ကိုလာမေးခဲ့ရင်... မုန့်လိုချင်ရင် ပေါ်တင်တောင်းလိုက်ပေါ့လို့ပြောလိုက်မယ်... ကူညီချင်စိတ်နဲ့ကူညီခဲ့တာဆိုရင် ဆက်ကူညီပေါ့... တခုခုလိုချင်လို့ ကူညီခဲ့တာဆိုရင် မရတဲ့အခါ မကူညီနဲ့ပေါ့... ကိုယ့်အတွက်တော့ ရှင်းရှင်းလေးပါဘဲ...

Anonymous said...

In our (subject)field, the seniors used to say "No Incentives, No Improvement". It`s somewhat true if someone is hunting money for their own survival. But, from my point of view, i dont really accept it. Now, I am very clear bc of ur great post!!!

Innn, practically, difficult to follow to do something without any concern.
At least, we want to be recognized.
As for me, I feel delighted if i could give help someone who r really in need. May be, it`s also kind of REWARD?????????


;p p s

Yu Ya said...

ကျွန်တော်စဉ်းစားမိတာတစ်ခုလောက် ပြောပြချင်တယ် မလသာညရေ...

ဒီပို့စ်က ခွေးလိုက်ကူဖမ်းပေးတဲ့ လူဖက်ကနေပြီးခံစားရေးသားထားတယ်ဆိုတာ မြင်သာပါတယ်နော်။ ဒါကြောင့် လူတိုင်းနီးပါက အဲဒီလူဖက်ကနေပြီး ခံစားပြီး ထင်မြင်ချက်အမျိုးမျိုးကို စိတ်ထဲခံစားကြတဲ့အတိုင်း ပြောခဲ့ကြတယ်။ Rose of Sharon တစ်ဦးတည်းသာလျှင် ခွေးပိုင်ရှင်ဖက်က ရပ်တည်ပြီး ထင်မြင်ချက် ပေးသွားခဲ့တယ်ဗျ.။

ဒီအတိုင်းပဲ ကျွန်တော်လည်း ခွေးပိုင်ရှင်ဘက်က စဉ်းစားမိတာ တစ်ခုပြောရရင် ....
ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘ၀တွေမှာ ကိုယ့်ရဲ့ မိဘ၊ ညီအစ်ကိုမောင်နှမ၊ အရင်းနှီးဆုံးလူတွေ တစ်ဦးကို တစ်ဦးကူညီတဲ့အခါမှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလုံးတွေကို ဘယ်နှစ်ခါများ ကြားဖူး၊ သုံးဖူးကြလို့လဲ။
ဘာကြောင့်မသုံးကြတာလဲ..?
ကျွန်တော်အမြင်တော့ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ အပေါ်ယံဟန်ဆောင်မှု စကားလုံးမျိုးဟာ အပြန်အလှန်နားလည်မှု ရှိပြီးသားသူအချင်းချင်း၊ အင်မတန် ရင်နှီးတဲ့ လူ တစ်ဦးနဲ့ တစ်ဦးကြားမှာ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ဒါဆို အဲဒီလို ခံစားချက်မျိုး ခွေးပိုင်ရှင်ဘက်ကကော ဖြစ်မနေနိုင်ဘူးလား။ ကျွန်တော် ခံစားမိတာတစ်ခုပါ။ မှားတယ် မှန်တယ်ဆိုတာကို မခွဲခြားချင်ပေမယ့် မှန်တဲ့ဖက်ကတော့ ရပ်တည်ချင်ပါတယ်။

“အကျိုးလိုလို့ ညောင်ရေသွန်းတယ်”ဆိုရင်တော့ ဒီဘ၀ စိတ်ပါလက်ပါနဲ့ တဝေါဝေါသွန်းခဲ့တဲ့ ညောင်ရေတွေရဲ့ အကျိုး ဘယ်တော့များမှ ရမလည်းဆိုတာ ဆရာကြီး မင်းသိင်္ခကို လိုက်မေးရမလိုပါပဲလား ကိုမင်းအိမ်ဖြူရယ်။

ဆုချခြင်း၊ ကူညီလိုစိတ်၊ စတဲ့ Research ပိုင်းကိုတော့ ဗဟုသုတ မပြည့်ဝသေးလို့ ၀င်မဆွေးနွေးချင်တော့ဘူး အစ်မလသာညရေ..


ှဆန္ဒမွန်ဖြင့်
yu ya

လသာည said...

စိတ်ပါလက်ပါဆွေးနွေးသွားတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။

Anonymous1>>ဒီပို့စ်ကို ဖတ်လို့ တစ်ခုခုကို ရတယ်ဆိုရင် ၀မ်းသာတာပေါ့..။ ဟုတ်တယ်။ သူငယ်ချင်းပြောတဲ့အချက်ကို ဘလော့ဂါတိုင်း ခံစားဖူးမယ်ထင်ပါတယ်။ ဒါပေမဲ့လည်း.. ဘာပဲဖြစ်ဖြစ် ဆက်ရေးပါလို့ပဲ တိုက်တွန်းပါတယ်။ ဘလော့နာမည်လေး ပြောပြရင် လသာည လည်း လာလည်ရတာပေါ့..။

Anonymous2 momiji>> ကျေးဇူး မိုမိဂျိ :D အတွေးတူတယ်။ ကူညီချင်စိတ်ဖြစ်လာရင် ဘာမှမဆိုင်လည်း ကူညီတတ်၊ ကြားကနေ အမုန်းခံတတ်တယ်။ မကူညီချင်ဘူးဆိုရင်လည်း..တာ့တာ။ ဒါနဲ့ တို့မေဂျာက ပညာရေးစိတ်ပညာပါ။

Anonymous3 mineiphyu>> ကျေးဇူးနော် မင်းအိမ်ဖြူ။ ဆုကို “ကြိုးစားစေမယ့် ဆေးတစ်ခွက် ” အဖြစ် သုံးသင့်တာပေါ့။ တစ်ခုတော့ရှိတယ်။ ဆုကိုပဲ မက်သွားအောင်တော့ မလုပ်သင့်ဘူး။ အဲ..အဖြေက ကိုက်မကိုက်တော့ မသိဘူး။ ပြန်ပြောတတ်သလို ပြောလိုက်တယ်။ :P

ချစ်သောရို့>> စိတ်ကတော့ ပြတ်ပါ့ကွာ။အတူတူပဲ။ ဒါနဲ့ မုန့်လိုချင်လို့ ပေါ်တင်တောင်းရင် တကယ်ပေးမှာလား။ ဒါဆို ဗီယက်နမ်က မုန့်လိုချင်တယ် :D နောက်တာနော်။

Anonymous4 pps>> ညီမလေး ကျေးဇူး။ ppsအကြောင်း အစ်မကောင်းကောင်းသိပြီးသားလေ။ အကျင့်တူချင်းမို့သိပါတယ်လို့ :P

ယုယ>> ဟုတ်တယ်။ တို့လည်း အဲလိုပဲ ကိုယ်က ရင်းနှီးပြီလို့ ထင်သွားရင် “ကျေးဇူး”တွေပါတွေ သိပ်မလုပ်တော့ပဲ မိသားစုပုံစံမျိုးဆက်ဆံမိတယ်။ ဒါပေမဲ့ တချို့က “ကျေးဇူး”ဆိုတာကို လိုချင်တန်ဖိုးထားသူတွေက ရှိနေနိုင်တယ်လေ..။

nyocho said...

nyocho ပါ ကိုယုယ။ “ဆုဆိုသည်မှာ” ပို့စ်ကို ဖတ်ပြီး တော်တော်လေး မောသွားပြီလား။ ကျွန်တော်တော့ ခင်ဗျားကြည့်ပြီး တော်တော်မောသွားတယ်။ ကျွန်တော်က လသာည ရေးသမျှ အမြဲလာဖတ်နေကြဗျ။ တခါမှ ခင်ဗျားလို အပင်ပန်းမခံဖူးဘူး။ ခင်ဗျားလို ဒီတခါပဲ တွေ့ဖူးလို့ တော်တော် အံသြသွားတယ်။

ဘာကြောင့်လဲဆိုတော့ လသာညက သူ့ဘလော့မှာ သူနားလည်သလို တင်ပြတယ်။ ကျွန်တော်တို့က စိတ်ဝင်စားရင် ဖတ်တယ်။ သိပ်မကြိုက်ရင် သူ့ reference ကိုကြည့်ပြီး googleမှာ ရိုက်ပြီး ကိုယ့်ဘာသာရှာကြည့်လိုက်တယ်။ ဒါက လုပ်နေကြဗျ။
ကျွန်တော်က ခင်ဗျားဆွေးနွေးတာကို အစောပိုင်းက သဘောကျနေတာဗျ။ ဒီအစ်ကိုကြီး အရမ်းဆွေးနွေးတတ်တာပဲလို့။ ဒါပေမဲ့ ဗျာ တခါကနှစ်ခါ၊ ၃ခါဖြစ်လာတော့ နည်းနည်းတော့ တမျိုးဖြစ်လာတယ်ဗျ။

ပထမပို့စ်ကတဲက လသာညက ဘာပေးချင်တာလဲဆိုတာကို လူတော်တော်များများက သဘောပေါက်တယ်။ မပေါက်ဘူး ထင်လို့ နောက်ကနေ သူပြောချင်တာကို ပြန်ကြားချက်တောင် ပို့စ်လုပ်ရေးပေးသေးတယ်။ သူဘာကို ဆိုလိုတာလဲ ဆိုတာကို စာဖတ်သူနားလည်သလို ခင်ဗျားက ဘာကို ရှင်းပြချင်တာလည်း ဆိုတာ ပထမတခါကတဲက လာဖတ်သူတွေနားလည်တယ်။

ဒါပေမဲ့ တစ်ခုကဗျာ။ ဒီပို့စ်က စိတ်ဝင်စားစရာကောင်းတဲ့ ပို့စ်ပါ။ ယူတတ်ရင် ဗဟုသုတ အများကြီး ရပါတယ်။ သူသိတာကို ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ သူအချိန်ကုန်ခံရှာဖွေတင်ပြပေးထားတယ်ဗျ။ ဒါကို တန်ဖိုးထားပေးရမယ့်အစား ဒီမြန်မာလို့ အဓိပ္ပါယ်ကောက်လွဲတာကိုပဲ ထပ်ခါတလဲလဲ ခင်ဗျားရှင်းလင်းရေးလုပ်နေတယ်။ ခင်ဗျားက နည်းနည်း လွန်မနေဘူးလားဗျာ။

ပို့စ်နှစ်ခုလုံးက ခင်ဗျားရဲ့ ကွန်မန့်တွေကို အေးအေးဆေးဆေး တခေါက်လောက် ကိုယ့်ဘာသာပြန်ဖတ်ကြည့်ပါဦး။ ခင်ဗျားစကားလုံး အသုံးအနှုန်းတွေက နည်းနည်း ငါသိငါတတ် ဖြစ်နေသလိုပဲ။ သွေးပူပူနဲ့ မဖတ်ပါနဲ့ အေးအေးဆေးဆေး ရက်ခြားပြီး ဖတ်ရင် ခင်ဗျားရေးတဲ့ အဓိပ္ပါယ်က ဆွေးနွေးခြင်းထက် ဆရာကြီးလုပ်ခြင်းဖြစ်နေတာ တွေ့ရတယ်။

ဒါက အတိအကျ အမှားအယွင်းမပါရမယ့် Thesisတစ်ခုကို ထုတ်ဝေနေတာ မဟုတ်သလို သုတေသနဆောင်းပါးအဖြစ် ဂျာနယ်တင်နေတာလည်း မဟုတ်ဘူး။ ဘလော့ရေးနေတာဗျ။ ဗဟုသုတ မျှဝေပေးရုံသက်သက်အတွက် စာဖတ်ပြီး ဘာသာပြန်ပေးနေတာ။ အသေးစိတ်သိချင်သူအတွက် reference ညွန်းပေးရင် လုံလောက်ပြီလို့ မထင်ဘူးလား။ စာဖတ်သူတွေ အမှတ်မှားမှာစိုးလို့ လို့တော့ လာမပြောနဲ့ဗျ။ ဘယ်သူမှ ဘလော့က စာကို ဘယ်thesis မှာမှ reference မတင်ဘူး။

နောက်ဆုံးတစ်ခုကတော့ ခင်ဗျားပြောတယ်။ “ B.F Skinner ရဲ့ Paper တွေ ကျွန်တော်မှာ အများကြီးပဲဗျ။ အဲဒီထဲမှာ The origins of cognitive thought ကို အရမ်းနဲ့ ကြိုက်တယ်။ ” ဒါဆိုလည်း ရေးလေဗျာ ခင်ဗျားဘလော့မှာ။ ဒီဘလော့ကို ဘာလာဖတ်နေစရာလိုသေးလား။ လသာညဘလော့မှာ အချိန်ကုန်ခံမနေနဲ့လေဗျာ။ ကျွန်တော်တို့က လသာည ရေးတာကိုပဲ ဖတ်ချင်တာဗျ..။ ဒါကြောင့်လည်း လသာည ဘလော့ကိုလာတာ။ ခင်ဗျားအနေနဲ့ လသာည မှားတယ် ဘာမှမသိဘူး အယူအဆ မခိုင်လုံဘူးထင်ရင် မလာတာကောင်းတယ်ဗျ။ တခြားသူတွေ စိတ်အနှောက်အယှက်ဖြစ်တယ်။

လသာညသို.. ဆောရီးပါ အစ်မ။ လာသောင်းကျန်းတာ မဟုတ်ပါဘူး။ သီတင်းကျွတ် အခါသမယမှာ စိတ်ကသိကအောက် ဖြစ်သွားရတာကို ခွင့်လွှတ်ပါ။