Sunday, September 27, 2009

ဘ၀ထဲက လူရွှင်တော်

ဘ၀ဆိုတာ ပျော်စရာရှိရင် ငိုစရာလည်းရှိတယ်။ လူတိုင်းမှာ သောက တစ်ခုမဟုတ်တစ်ခုတော့အမြဲရှိတယ်။ ဒီလိုသောကများနဲ့ လူများစွာထဲမှာ ထူးဆန်းတဲ့ လူတစ်မျိုးကရှိနေပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်အနီးအနားမှာ သူတို့ရှိရင် ကိုယ့်သောကကို မေ့နိုင်စွမ်းရှိတယ်။ သူတို့က ကိုယ်တိုင်မှာလည်းသောကတွေ ရှိနေပါရဲ့နဲ့ သူများသောကကို ပြေပျောက်စေချင်၊ ပျော်ရွှင်စေချင်တဲ့စိတ်နဲ့ သူများပျော်အောင် လုပ်ပေးတတ်တဲ့ ဘ၀ထဲက လူရွှင်တော်တွေပါ။

သူ့နာမည် Hunter Adams ။ သူ့ဘ၀မှာ ခါးသီးလွန်းတဲ့ လောကဓံတွေကြောင့် လောကကြီးကို အပြီးတိုင်စွန့်လွှတ်ဖို့ တချိန်မှာကြိုးစားမိခဲ့တယ်။ ဒါပေမဲ့ သူ့အကြံ မအောင်မြင်ခင် “ကိုယ့်ကိုယ့်ကို သေကြောင်းကြံမှု”နဲ့ ဖမ်းခံလိုက်ရတယ်။ သူဟာ စိတ်ကုဆေးရုံကို ပို့ခြင်းခံရတယ်။

အဲဒီ ဆေးရုံမှာ သူနဲ့ အခန်းဖော် Rudyဟာ အကြောက်လွန်ရောဂါရှိသူတစ်ဦးဖြစ်ပါတယ်။ ကြွက်ကို ကြောက်လွန်းသူဖြစ်ပြီး ကြွက်က အမြဲသူ့ဆီလာနေတယ်လို့ အော်ဟစ်နေတတ်တယ်။ အိပ်ရာကုတင်ကနေ (သူရောက်ချိန်မှာ) ၃ပတ်တိတိ မဆင်းရဲပဲ ကြောက်လန့်နေသူဖြစ်ပါတယ်။ ဘေးကကြည့်သူအနေနဲ့ ရယ်စရာဖြစ်ကောင်းဖြစ်ပေမဲ့ သူအနေနဲ့တော့ အသက်ရှုမှားမတတ် တုန်လှုပ်ချောက်ခြားနေခဲ့ပါတယ်။ သူအော်ရင် ဆေးရုံအစောင့်တွေက လာပြီး စိတ်ငြိမ်ဆေးထိုးကြတယ်။ တုပ်နှောင်ပြီး ဆေးထိုးခံရတဲ့ Rudyက “ငါ့ကို ကြွက်ကိုက်ပြန်ပြီ၊ ကယ်ကြပါဦး...”လို့ သနားစဖွယ်အော်ဟစ်နေလေရဲ့.။

(ကြော်ငြာ...။ ။ လူတိုင်းဟာ တစ်ခုမဟုတ်တစ်ခုကို ကြောက်တတ်တယ်။ တချို့က အမြင့်ကြောက်တယ်။ တချို့က အိမ်မြှောင်ကို ကြောက်တယ်။ လူလူချင်းစစ်တိုက်ရမှာ မကြောက်ပေမဲ့ တီကောင်ကို အသေကြောက်သူလည်း ရှိတယ် စသည်..ဖြင့် အကြောက်အမျိုးမျိုး ရှိပါတယ်။ ကြောက်တတ်တာ ရောဂါမဟုတ်ပေမဲ့ ပုံမှန်ထက်ပိုသွားရင် ကျန်းမာရေး ထိခိုက်လောက်အောင် ဖြစ်တတ်တယ်။ ဒီအခါ အကြောက်လွန် ရောဂါဖြစ်သွားတယ်။)

ဆေးရုံမှာ Hunderသတိထားမိသူ အခြားတစ်ယောက်က သူ့ကို လက် လေး ချောင်း ထောင်ပြီး ဒါ ဘယ်နှစ်ချောင်းလဲလို့ လာမေးတဲ့ ရောဂါသည်Arthur Mendelson ပါ။ Hunderက “လေးချောင်း”လို့ ပြန်ဖြေတော့ မင်းလည်း ငတုံးပဲ”လို့ ပြောသွားပါတယ်။ သူ့အကြောင်းကို ဆေးရုံဝန်ထမ်းတစ်ဦးက ဒီလိုရှင်းပြတယ်။

“တချိန်က သူ့ရဲ့တီထွင်ဥာဏ်နဲ့ စက်ပစ္စည်းအများကြီးတီထွင်ခဲ့တဲ့ ပညာရှင်တစ်ယောက် ပါ။ အခု သူမှာ စိတ်ကြီးဝင်ရောဂါ (genius syndrome )ဖြစ်နေတယ်။ သူက လူသားတွေရဲ့ စိတ်ထဲမှာ တီထွင်ဥာဏ်အားရှိမရှိ တူးဖော်ဖို့ ကြိုးစားရင်း အတူးလွန်သွားတယ်။ လက်ရှိမှာတော့ ပြတင်းတံခါးပေါက် ကိုတောင် မှန်အောင်မရေတွက်နိုင်ဘူး။”

တစ်နေ့မှာ Hunter ဟာ Mendelsonရဲ့ အခန်းကို သွားခဲ့တယ်။ ကိန်းဂဏန်းတွေများစွာကို တွက်ချက်နေတဲ့ Mendelsonကို တွေ့တယ်။ Hunterက Mendelsonကို စကားနည်းနည်းပြောကြည့်ရင်း သူ့ရဲ့ လက်ချောင်းအဖြေကို မေးကြည့်တယ်။ နောက်လည်း Mendelsonရဲ့ ရင်ထဲကစကားကို နားထောင် ပေးကြည့်ဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ရင်းနှီးသွားတယ်။ စကားတွေအများကြီး ပြောဖြစ်တယ်။

Mendelsonက ပြောတယ်..
လောကကြီးမှာ သူများမမြင်တဲ့ အမြင်ကို မြင်ရတယ်။ သူများမရွေးတဲ့ လမ်းကို ရွေးကြည့်။ မပျင်းနဲ့၊ မကြောက်နဲ့ သတ္တိရှိပါ။ နေ့တိုင်း ကမ္ဘာကြီးကို အမြင်သစ်နဲ့ ကြည့်ပါ။ ဒါဟာ လူသားတွေရဲ့ တီထွင်ဥာဏ်ကို တွန်းအားဖြစ်စေတယ်။ မင်း အဲဒီလမ်းကို ကောင်းကောင်းလုပ်နိုင်တယ်။ ”

Hunterဟာ Mendelsonအခန်းက ထွက်လာချိန်မှာတော့ သူလည်း ကမ္ဘာကြီးကို အမြင်သစ်နဲ့ မြင်ဖို့ သူများမရွေးတဲ့လမ်းကို ရွေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်။

Hunterဟာ အခန်းဖော်ကို အရမ်းကို သနားမိတယ်။ နေ့တိုင်း ဘ၀ကို တုန်လှုပ်ချောက်ခြားစွာ ဖြတ်သန်းနေရတဲ့ သူ့ကို ဘယ်လိုကူညီနိုင်မလဲ၊ ဆေးမထိုးပဲနဲ့ သောကကို ဖြေနိုင်စရာ မရှိဘူးလား။ ကူညီနိုင်တာ ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ တနေ့ သူအိပ်နေတုန်း အခန်းဖော်ဟာ လှုပ်လှုပ်ရွရွဖြစ်လာတယ်။

“ဘာဖြစ်သလဲ Rudy? ”
“ငါ အိမ်သာသွားချင်လို့”
“ဒါများ ကပ်လျက်အခန်းက အိမ်သာပဲလေ. နီးနီးလေးပါ။ သွားလေ”
“အိုး.. ငါကြောက်တယ်။ ငါ့ကို ကြွက်ကိုက်လိမ့်မယ်၊ ဟော ပြောရင်းဆိုရင် ကြွက်..အား..ကြွက် ကြွက်..ခင်ဗျားအိပ်ယာဘေးမှာ ကြွက် ..ကိုက်တော့မယ်ကိုက်တော့မယ်..အားးး..”
Hunderက Rudyကြည့်ရာကို ကြည့်လိုက်ပြီး
“ဟုတ်တယ်ကွ Rudyရ၊ နေဦး ငါဒီကောင်ကို သေနတ်နဲ့ ပစ်လိုက်ဦးမယ်..ဒိုင်း...ဒိုင်း”

Hunderဟာ လက်ကို သေနတ်ပုံသဏ္ဍန်လုပ်ပြီး အခန်းပတ်လည်ကို ပစ်လိုက်ပါတယ်။ သူ့လုပ်ရပ်ကို ကြည့်ပြီး Rudy အံ့သြသလို ဖြစ်သွားတယ်။ ပြီးတော့ မျက်နှာက အားကိုးတကြီးဖြစ်လာတယ်။

“ ဟိုမှာဟိုမှာ..ကြွက်ထွက်လာပြန်ပြီ”
“အိုကေ..ဒါဆို လာ စိန်ပြောင်းနဲ့ထုမယ် မင်းလည်းကူဦး ရွီး... ဒိုင်း... လွင့်သွားပြီ လာစမ်း နောက်တစ်ကောင် ဒိုင်း..Rudy ကျည်ဆန်ထည့် ဟုတ်ပြီ ဒိုင်း..ဒိုင်း..ဒိုင်း. သွားစမ်း. .ဟားဟားဟား လွင့်သွားလိုက်တာ ကြည့်လို့တောင်ကောင်းတယ်။ Rudy ရှာစမ်း ကြွက်ဘယ်မှာရှိသေးလဲ”

ဒီလိုနဲ့ Rudyက အခန်းထဲမှာ ကြွက်မရှိတော့ဘူးလို့ အတည်ပြုတဲ့အထိ ၁၅မိနစ်လောက် နှစ်ယောက်သား အခန်းပတ်လည်ကို လှည့်ပတ်ပြီး သေနတ်တွေနဲ့ ပစ်ကြပါတယ်။ နောက်ဆုံးမှာတော့ Rudy အကြောက်ပြေသွားပြီ စိတ်ချလက်ချ အိမ်သာကို ထွက်သွားပါတော့တယ်။

Hunderဟာ နဖူးက ချွေးကို သပ်ချလိုက်ပြီး သူ..လူတစ်ယောက်ရဲ့ သောကကို (တဒင်္ဂ)ပျောက်အောင် လုပ်နိုင်လိုက်ပြီလို့ ပြုံးလိုက်ပါတယ်။ အဲဒီနေ့ကစပြီး လူတစ်ယောက်ကို တဒင်္ဂပဲဖြစ်ဖြစ် တဒင်္ဂပေါင်းများစွာနဲ့ လူများစွာရဲ့ သောကကို ပျောက်နိုင်အောင် ကြိုစားဖို့နဲ့ ကမ္ဘာကြီးကို အမြင်သစ်နဲ့ မြင်ဖို့ သူများမရွေးတဲ့လမ်းကို ရွေးကြည့်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူ့ရင်ထဲမှာခိုင်မာစွာ အတည်ပြုဖြစ်သွားပါတယ်။

စတင်ခဲ့တဲ့ဆုံးဖြတ်ချက်ကို ဆက်လက်လည်းအကောင်အထည်ဖော် ဖြစ်ခဲ့တယ်။ စိတ်ကုဆေးရုံက ဆင်းဆင်းချင်း ဆေးကျောင်းကိုတက်ခဲ့တယ်။ ဆေးကျောင်းသားဘ၀မှာကတဲက သေကောင်းပေါင်းလဲ လူနာများစွာကို သူနည်းသူ့ဟန်နဲ့ တဒင်္ဂပဲဖြစ်ဖြစ် သောကပျောက်အောင် ကြိုးစားခဲ့တယ်။ ငိုနေတဲ့လူနာတွေနဲ့ အတူရောငိုခဲ့တယ်. ပြီးရင်လူနာတွေကို ပျော်အောင်ကြိုးစားခဲ့တယ်။ လူနာအားလုံးရဲ့ သောကကို အတတ်နိုင်ဆုံး ဖယ်ရှားနိုင်ဖို့ ရယ်စရာအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ်။ နောင်မှာတော့ ကိုယ်ပိုင်မိသားစုဆေးရုံတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း ၁၅၀၀၀ကျော်ကို ဆေးဖိုးဝါးခမယူပဲ ကုသပေးခဲ့ပါတယ်..။ သူ့ကို လူတွေက Patch Adamsလို့ ခေါ်တယ်။

တကယ်တော့ သူလို့ လူများစွာက ဆေးနယ်ပယ်တင်မက နေရာတိုင်းမှာ ရှိတတ်ပါတယ်။ ရုံးတွေမှာ ကျောင်းတွေမှာ ကုမ္ပဏီတွေမှာ မျက်နှာကို အမြဲပြုံးလို့ ဟာသလေးတွေထုတ်လို့ ပတ်ဝန်းကျင်ကို အပျော်တွေဖြန့်ဝေနေကြပါတယ်။ မိမိသောကကို ကျိတ်မှိတ်မေ့လျော့ပြီး တပါးသူရဲ့သောကကို တဒင်္ဂပဲ ဖြစ်ဖြစ်ပြေပျောက်စေဖို့ ရယ်စရာလေးတွေ ဖန်တီးလို့ ပတ်ဝန်းကျင်ကို ဖြေဖျော်နေတဲ့ သူတွေပါပဲ..။ ဘ၀ထဲရဲ့လူရွင်တော်များ..ကို အများကြီးပဲ လေးစားမိပါတယ်....

လသာည..ပါ

ဝန်ခံချက်။ ။ ကြည့်ခဲ့ဖူးတဲ့ Patch Adams ဇာတ်ကားမှ အကြောင်းအရာတချို့ကို ကူးယူဖ်ာပြထားပါတယ်။

10 comments:

rose of sharon said...

ကိုယ်ကတော့ ကွမ်းသီး၊ဇာဂနာ၊မေတ္တာ တို့ကိုကြိုက်တယ်

အိစံ said...

အိစံစိတ်ညစ်နေချိန်မှာ လသာညဟာသလုပ်ပြလို့ တအားရီခဲ့ ရဖူးတယ် ဒီပို့ စ်လေးဖတ်ပြီးသတိရသွားလို့ ပါ

Yu Ya said...

အစ်မလသာညရေ... The Uninvited ဆိုတဲ့ ရုပ်ရှင်ကားလေး ကြည့်ကြည့်ပါလားဗျ.. အဲဒီလိုမျိုးပဲ ခံစားချက်တွေနောက်ကို စိတ်က အရမ်းလိုက်ပါသွားတဲ့အခါ အပြင်မှာ မရှိတာတွေကို တကယ်ရှိနေသလိုမျိုး စိတ်ကခံစားလိုက်ပြီး ဖြစ်ချင်တာတွေကို တစ်ခုပြီးတစ်ခု လုပ်ဆောင်သွားတဲ့ ကောင်းမလေး သေးသေးလေးရဲ့ သရုပ်ဆောင်ချက်တွေ...

yu ya

မြတ်နိုး said...

ဟုတ်တယ်.. နော်။

ဒါပေမဲ့ တို့ဆိုလဲ စိတ်ညစ်သမျှဟန်လုပ်ပီး ပေါက်ကရတွေပြော ပီး ဟားတိုက်ရီနေတာ.. တချို့က .. တမျိုးထင်တယ်..

အမှန်က ကြည့်လိုက်ရင် အပူအပင်မရှိနေတတ်တဲ့ ပုံစံနဲ့ ရီစရာတွေ အမြဲလို ပြောနေတတ်တာကိုးး...

ဘာကိုမှ အလေးအနက်မထားတတ်ဘူးလို့ ထင်ကြပြန်ရော.. လောကလေ.. ဘာပဲဖြစ်ဖြစ် အမြဲရီနေတတ်အောင် ကြိုးစားနေတယ်..

ရီသောသူသည် အသက်ရှည်၏တဲ့..

အဲဒါကြောင့် လသာည ရေးတာတွေ လာဖတ်တာ .. စာတွေက ပျော်စရာကောင်းတယ်.. တချက်တချက် သင်ခန်းစာလေးတွေနဲ့..။

လသာည said...

c-boxထဲမှ ကွန်မန့်လေးများ
27 Sep 09, 04:32
မယ်ကိုး: မရေ...ကွန်မန့်ရေးဖို့ လာချောင်းနေတာ သုံးရက်လောက်ရှိပြီ။ Post a comment ဆိုတာလေးလည်း နှိပ်မရ
27 Sep 09, 14:50
မယ်ကိုး: မရေ..ဆောင်းပါးလေး ကောင်းလိုက်တာ။ အဲဒီကားလေးတောင် ကြည့်ချင်လာပြီ။ ဖော်ပြပေးတဲ့ မကို တကယ်ပဲ ကျေးဇူးပါ။ :63:
27 Sep 09, 07:50
အိစံ: အမအိစံ့တို့ မြန်မာပြည်ပြန်တုန်းကေ၇းတဲ့  စိတ်ပညာ ပို့ စ်တွေ ဖတ်လို့ ကောင်းတယ်

လသာည said...

ကွန်မန့်လေးများအားလုံး ကျေးဇူးတင်ပါတယ်။
ချစ်သောရို့စ် ဇာဂနာကြိုက်တယ်ပေါ့ :P လူရွှင်တော်လသာညရော ကြိုက်ဖူးလား

အိစံ.. မှတ်မိပေးတာ ကျေးဇူး။ နောင်လိုအပ်ရင်ခေါ်လိုက်ပါ။ ကော်ဖီတော့ လိုမယ်။

ယုယရေ ကျေးဇူးနော်။ ကြုံရင် ကြည့်ရဦးမယ်

မိုမိဂျိရေ.. ကျေးဇူးသူငယ်ချင်းရာ လသာညရေးတာဖတ်ရင်း ပျော်ရတယ်ဆိုရင် အရမ်းဝမ်းသာစရာပေါ့။ တကယ်က ရယ်တဲ့သူကို ငပေါလို့ ထင်စရာမှ မဟုတ်တာ။ :D များများရယ်ပေး။ မျက်နှာ လေ့ကျင့်ခန်းလုပ်သလို ဖြစ်လို့ ပိုတောင်လှလာဦးမှာ။ သူများတွေးတာ ခေါက်ထားလိုက်ပါ။ ကိုယ်လှဖို့လိုတယ် မှန်တယ်ဟုတ်။

မယ်ကိုးရေ.. အဲဒီဇာတ်ကားတကယ်ကောင်းတယ်။ ကြုံရင် ကြည့်ဖြစ်အောင်ကြည့် :D

မန်းလေရူး said...

ဖတ်လျှင်ဖတ်ချင်းတော့ အဲဒီလိုသူဖြစ်ချင်ပါတယ် ။
ဒါပေမယ့် တကယ်ကျတော့ နေ့စဉ်ပတ်ဝန်းကျင်မှာ အဲသည်လိုလူနဲ့ပဲတွေချင်နေမိတယ် ။ ။ :P
စိတ်သောကမရှိတုန်းတောင်မှ အဲသည်လိုသူနဲ့တွေ့ရင်ကိုယ်လည်း စိတ်လက်လည်းပေါ့ပါးတယ်လေ :D

သူကြီးမင်း (တုံးဖလား) said...

မှတ်သားစရာ စိတ်ဖြေဆည်ရာပေါ့ဗျာ။
လူတစ်ယောက်ကို စိတ်ချမ်းသာအောင်ပြုလုပ်ပေးခြင်းဟာလဲ ကုသိုလ်တစ်မျိုးပါဘဲ။

နေ့အိပ်မက် said...

တော်တယ်နော် ကြွက်ကိုသတ်ပြလိုက်တာ... မိုက်တယ်...

နေ့အိပ်မက် said...

တော်တယ်နော် ကြွက်ကိုသတ်ပြလိုက်တာ... မိုက်တယ်...