Tuesday, September 29, 2009

ဆု ဆိုသည်မှာ ပြန်ကြားချက်

မနေ့က ပို့စ်က ဆုအကြောင်း ဆွေးနွေးသွားပေးကြတာ သူငယ်ချင်းလေးများ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ Anonymous (အပေါ်ဆုံးကနေ အောက်ဆုံးအထိ)ဟုတ်ပ။ ဒီနေ့ Anonymous၄ ယာက် တိုက်တိုက်ဆိုင်ဆိုင်နော်။ :P ပြီးတော့ ချစ်သောရို့စ်။ ကိုယုယ၊ မယ်ကိုး နောက် ကွန်မန့်လုပ်လို့ မရလို့ မေးလ်နဲ့မေးသွားတဲ့သူငယ်ချင်းလေး။ KL ၊အိစံနဲ့ လာလည်သွားတဲ့ သူငယ်ချင်းအားလုံး ကို ကျေးဇူးအထူးတင်ပါတယ်.. ကွန်မန့်လေးများအားလုံး ကျေးဇူးအထူးတင်ပါတယ်။ ကွန်မန့်မှာ ပြန်ရေးရင်း ပို့စ်တစ်ခုစာ ဖြစ်သွားတာမို့ အသစ်တင်လိုက်တာပါ..

အင်း.. ပြောရရင် အဲဒီပို့စ်မှာ ကိုယ်ပြောချင်တာ မရှင်းမရှင်းဖြစ်သွားတာလေးကို အရင်ပြောပြချင်တာ။ ဆုက နေရာတိုင်း မကောင်းတာတော့ မဟုတ်ပါဘူး။ (ကိုမင်းအိမ်၊ pps တို့ ဆွေးနွေးသလို) ကြိုးစားချင်စိတ် ဖြစ်ဖို့အတွက် incentive ဆိုတာ တခါတလေ တကယ်လိုတာပေါ့။ ကြိုးစားအောင်မြင်ပြီးရင်လည်း incentiveကဆုဖြစ်သွားပြီး နောက်ထပ်ကြိုးစားမှုအတွက် encouragement အဖြစ်သုံးရတယ်။ ဒီအတွေးကိုဆက်ပြီး စိတ်ပညာရှင် (Behavorists)တချို့ က ပညာရေးမှာ ဆုပေး၊ဒဏ်ပေးဆိုတာကို အကြံပြုခဲ့ အကောင်အထည်ဖော်ခဲ့ကြတယ်ပေါ့။

သူတို့က “ကောင်းတာကိုလုပ်ရင် ဆုချမယ်။ မကောင်းတာကို လုပ်ရင် ဒဏ်ပေးမယ်ဆိုတဲ့ လမ်းညွှန်မှု”ဟာ ကောင်းတယ်လို့ အဆိုသွင်းခဲ့ကြတယ်။ သက်သေတွေလည်း သုတေသနများစွာနဲ့ ပြခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပညာရေးမှာ အခုအထိ အဲဒီနည်းကို သုံးစွဲနေဆဲပါပဲ။ ဒီလိုနည်းနဲ့ လိမ္မာအောင်သင်တယ်။ ပိုကြိုးစားအောင် လုပ်တယ်။ ဒါပေမဲ့ ဒါက အခါခပ်သိမ်း ကောင်းတယ်လို့ မဆိုနိုင်ဘူး ဖြစ်နေတယ်။ အားလုံးသိတဲ့အတိုင်းပဲ လူဆိုတာက personalityက အမျိုးမျိုးမို့လား။ ဒီတော့... မကောင်းတာလုပ်လို့ ဒဏ်ပေးတာကို (ဒဏ်ပေးတာကို ကြောက်ပြီး နောက်မလုပ်ပဲနေရမယ့်အစား) ဒဏ်ပေးရကောင်းလားရယ်လို့ ရွဲ့လိုစိတ်နဲ့ မကောင်းတာကို ပိုလုပ်ပြတဲ့သူကရှိနေပြန်တယ်။ တခါ ကောင်းတာလုပ်လို့ ချီးကျူးတာကို (ဆုပေးတာကို) “ဒါဟာ ကောင်းတဲ့အလုပ်၊ လုပ်သင့်တယ်တဲ့ အလုပ်”လို့ သိသွားတာမျိုးမရှိပဲ ဆုကိုမျှော်လင့်တတ်အောင် သင်ပေးသလိုဖြစ်သွားတတ်တယ်။

ခွေးကူဖမ်းမဖမ်းဥပမာက ဒုတိယမြောက်ကအရာကို သတိပေးချင်တာပါ။ ထိုလူက ခွေးကို ကူသွင်းစက မုန့်လိုချင်လို့ မဟုတ်ပါဘူး။ စေတနာနဲ့ပါ။ ဒါပေမဲ့ အဲဒါက နေ့စဉ်ရက်ဆက် မုန့် (သို့မဟုတ်) ကျေးဇူးတင်စကားကို ရနေတော့ လူကြီးဖြစ်တော့ မုန့်ကို မမျှော်လင့်ပေမဲ့ သူကူညီတာကို အသိအမှတ်ပြုတဲ့ ကျေးဇူးစကားကိုတော့ အနည်းဆုံး လိုချင်တဲ့စိတ်ဖြစ်သွားတာပေါ့။ အိမ်ရှင်က ဘာမှမပြောတဲ့အခါ ထိုလူဘက်က စိတ်စနောင့်စနင်း ဖြစ်သွားတာပေါ့။ ဘာဖြစ်လို့လဲ၊ ငါကို ဒါလေးတောင် မပြောနိုင်ဘူး၊ အသိအမှတ်မပြုနိုင်ဘူးဆိုရင် ကူညီရတာ အလကားပေါ့လို့ တွေးပြီလေ။ တချှို ရှိတယ်လေ တခါကူညီပြီးရင် အသိအမှတ်ပြုခံလို့ မပြီးတော့ဘူး၊ ဘယ်တုန်းက ငါဘယ်လို ကူညီလို့ ဒီကောင် ဒီလိုဖြစ်သွားတာပါ ဆိုပြီးပေါ့။ အခုဒီလူကတော့ ရက်ကြာပြီးမှ ဖြစ်သွားတဲ့သဘောပါ..။

နောက် ရို့စ်ပြောသလို အိမ်ရှင်ဖက်ကနေ စဉ်းစားပေးကြည့်မိပါတယ်။ အိမ်ရှင်အနေနဲ့လည်း အဲဒီနေ့က သူဟာနဲ့သူ အလုပ်ရှုပ်နေလို့ ဖြစ်ချင်ဖြစ်မှာပါလို့၊ ရက်ကလည်း ကြာလာပြီဆိုတော့(ကိုယုယပြောသလို) နည်းနည်းရင်းနှီးသွားပြီဆိုတော့ ဒါလောက်တော့ ကျေးဇူးတင်စကား မပြောလည်း သိမှာပါ ဆိုတာမျိုးတွေးမိတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရယ်စရာပြောရရင် ဒီလူ မကူလည်း ကိုယ့်ဘာသာလည်း ကိုယ့်ခွေးကိုဖမ်းလို့ရနေတယ်။ ဒီလူက ခွေးကူမောင်းတာက နည်းနည်း၊ စကားတွေပေါပြီး တော်တော်နဲ့ အိမ်မပြန်နိုင်လို့ sengihnampakgigi) စသည်ကြောင့် လည်း ဖြစ်နိုင်တယ်လေ ဟားဟား

ဒါကြောင့် နေ့စဉ်ဘ၀တွေထဲမှာ ကိုယ်က “စေတနာနဲ့ကူလုပ်ပေးတဲ့ ထိုလူမျိုးအဖြစ်မျိုး”ကြုံရတာ ရှိနိုင်သလို “အိမ်ရှင်လိုအဖြစ်မျိုး”လည်း ကြုံရတာ ရှိနိုင်တယ်။ ဒီအခါမျိုးမှာ တဖက်လူက ဘယ်လို ဆိုတာကို တွေးတာထက် ကိုယ်ဘာကြောင့် ဒီလို စိတ်မကောင်းဖြစ်တာလဲဆိုတာကို (ကိုယ့်ဖီလင်ကို ) ပြန်ပြီး နားလည်ပေးလိုက်ရင် ခံစားရတာ သက်သာတာပေါ့လို့.. အဓိကက အဲဒါကို ပြောချင်တာ။ အရေးအသား လိုသွားတယ်. ခွင့်လွှတ်နော်။

နောက်တစ်ခုက မေးလ်ကနေ မေးတဲ့ သူငယ်ချင်းလေး (နာမည်မပြောနဲ့ဆိုတော့ မပြောပါဘူးနော်:P)။ “ ဆုပေးတာ မကောင်းဘူးလား၊ ကြိုးစားချင်စိတ်ရှိအောင် ဆုပေးသင့်တယ်မို့လား” ဆိုတာလေ။ တို့သိသလောက် ပြန်ပြောရရင် ဆုပေးတာ ကောင်းပါတယ်။ “သားစာကြိုးစားနော်။ ပထမဆုရရင် disney land သွားမယ်” ပေါ့။ ကလေးဆိုတော့ ကစားမက်တော့ အဲလို incentiveပေးရင် ပိုကြိုးစားတာပေါ့။ ဒါပေမဲ့ ချွင်းချက်က အဲဒါကို ပုံသေကြီး မကျင့်ရဘူးတဲ့။ အမြဲတမ်းကြီး “စာကြိုးစားရင် ဘာဝယ်ပေးမယ်။ ဒီဟာပြီးရင် ဘာဝယ်ပေးမယ်”ဆိုတာကို အမြဲလုပ်ရင် ကလေးက စာထက် အဲဒီအရာကို ပဲ မက်မောသွားပြီး ကိုယ်တကယ်မလုပ်ပေးနိုင်တဲ့အခါ၊ သူတကယ်မကြိုးစားနိုင်တဲ့အခါ မက်လုံးပေးခြင်းက အကောင်းထက် အဆိုးဘက်ကို ဦးတည်သွားတတ်တယ်။

တခါတလေ ဖြစ်တတ်တယ်။ သမီး မေမေ့ကို ကူပေးရင် မုန့်ဖိုးပေးမယ်လို့ ပြောထားရင် ကလေးက မုန့်ဖိုးကို ပိုမက်သွားတယ်။ ကူမလုပ်ခင်ကတဲ့က မေမေ မုန့်ဖိုးဘယ်လောက်ပေးမှာလဲ ကြိုမေးတတ်သွားတယ်။ ဒါကြောင့် သူဘာသာ ကူလုပ်ချင်တဲ့ စိတ်ကလေးကို မပျက်အောင် သမီးကူလုပ်တော့ မေမေမြန်မြန်ပြီးသွားပြီကွာ၊ ဒါကြောင့် သမီးလေးမြန်မြန်ထမင်းစားရပြီပေါ့ ဆိုတာမျိုး ကောင်းတဲ့အချက် ကို သင်ပေးတာမျိုးလုပ်ပေးရတယ်လို့ ယူဆပါတယ်။

နောက်တချက်က ပထမပို့စ်က ဂရပ်လေး (အခုအပေါ်မှာ ဖော်ပြထားတဲ့ ဂရပ်ကလေး)ကို သတိထားမိတယ်မို့လားဟင်။ ဆုပေးလိုက်လို့ ကူညီချင်တဲ့ စိတ်ကလေး ပျက်သွားတာကို အသီးသီးဖော်ပြထားတယ်။ ဒါပေမဲ့ သေချာကြည့်ရင် (rewardဆိုတဲ့ ဘားဂရပ်လေးကို ကြည့်ရင်) ဆုပေးနေကျ မပေးပဲနေလည်း ကူညီစရာရှိ ကူညီမယ်ဆိုတဲ့ကလေးက ၅၀% ရှိနေသေးတယ်လေ။ တွေ့လား ။ အဲဒါက အဖြေပါပဲ။ ဆုပေးပေး မပေးပေး ကူညီစရာရှိကူညီမယ် လို့ ကူညီချင်စိတ်ကလေး ဆက်ရှိနေတဲ့သူတွေ ရှိပါတယ်။ လုံလုံးလျားလျား မရှိတာ မဟုတ်ပါဘူး ဆိုတာလေးပါ။ ကွန်မန့်ပေးသွားတဲ့ သူငယ်ချင်းများအားလုံး (အားလုံး)က အဲဒီ၅၀% မှာ ပါဝင်သူများဖြစ်ကြောင်းကို သတိထားမိသွားတဲ့အတွက် သူငယ်ချင်းလေးများအားလုံး ကွန်ဂရက်ကျူးလေးရှင်းပါtepuktangan။ လသာညလည်း အဖွဲဝင်နော်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ ပို့စ်လည်း ရှည်သွားပြီ (လေရှည်သွားမိပြီ) ဆောရီးjelir

လသာည..ပါ
မှတ်ချက် ( Momiji said ,“I think u learned in there about psychology,right?”) sengihnampakgigiဟုတ်တယ် တို့ရဲ့ မေဂျာက ပညာရေးစိတ်ပညာပါ.. ။ မိုမိဂျိ..တော်တယ် သတိထားမိသွားတယ်ပေါ့ ဟုတ်လား။ ဒါပေမဲ့ တို့ သိပ်မတတ်သေးပါဘူး နားမလည်တာတွေ အများကြီး ရှိသေးတယ်။ ဒါကြောင့် ဖြီးတာက များတယ်။ ပိုတတ်အောင် ကြိုးစားရဦးမယ်။senyum

ဆု ဆိုသည်မှာ

လူတစ်ယောက်ဟာ သူ့ရဲ့ အိမ်နားနီးချင်းမှာ ခွေးတစ်ကောင်ရှိတာကို သတိထားမိတယ်။ ခွေးလေးက မကြာခဏ အိမ်ပြင်ကို ထွက်တတ်လို့ လိုက်ဖမ်းရတာကို တွေ့ရတယ်ပေါ့။ တနေ့မှာ အိမ်ရှင်က သူ့ခွေးလေး အိမ်ပြင်ထွက်ချိန်မှာ ထိုလူကလည်း အပြင်ရောက်နေချိန် တိုက်ဆိုင်လို့ အားလည်းအားနေလို့ ကူဖမ်းပေးလိုက်တယ်။ ဒါနဲ့ အိမ်ရှင်က ကျေးဇူးတင်လို့ ဆိုပြီး သူအိမ်မှာလုပ်ထားတဲ့ ကိတ်မုန့်တွေနဲ့ ဧည့်ခံလိုက်တယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက်ကူဖမ်းပေးဖြစ်တယ်။ အိမ်ရှင်ကလည်း ကျေးဇူးတင်စွာနဲ့ တစ်ခုခု ပြန်ကျွေးတတ်တယ်။

တနေ့မှာတော့ သူက ခွေးကိုပြန်ဖမ်းပေးပေမဲ့ အိမ်ရှင်က ဘာမှ မကျွေးဘူး။ ထားပါလေ မုန့်ကတော့ အခုတော့ ကျေးဇူးစကားတောင် မပြောဘူး..။ ဆိုပါတော့.. ။ ထိုလူ့စိတ်ထဲ တမျိုးတမည် ဖြစ်သွားခဲ့တယ်။ ဒီတခါ ခွေးလွှတ်လာတာတွေ့ရင် ကူဖမ်းပေးသင့်မသင့် ပြန်စဉ်းစားတယ်။ တကယ်လို့များပေါ့ ထိုသူက သူဘာလုပ်သင့်တယ်လို့ ထင်လဲဟင် လို့ လသာညကို အကြံဥာဏ်တောင်းလာတယ် ဆိုခဲ့ရင်...။။

သူ့ကို “ဘာဆိုင်လဲ သူ ဘာမှ မပြောလည်းအိမ်နီးချင်းပဲ ငါသာဆို လုပ်ပေးမှာပဲ”လို့ ပြောလိုက်ရမလား၊ ဒါမှမဟုတ် ကျေးဇူးမသိတတ်သူကိုတော်ပြီ အဖက်လုပ်ပြီး လုပ်မပေးတာကောင်းတယ် သူ့ခွေး သူဖမ်းတာ ကိုယ်က ဘာကိစ္စ လုပ်ပေးစရာရှိလဲလို့ ပြောရမလား။ ဒါမှမဟုတ် ရယ်သလိုမောသလိုနဲ့ ဒီနေ့ ဘာလို့ ကျေးဇူးစကားတောင် မပြောတာလဲလို့ သွားမေးခိုင်းရမလားပဲ ။ အိုး..ရှုပ်ပါတယ် သူ့ကိစ္စမစဉ်းစားဘူး လသာညလည်း ကော်ဖီပဲသောက်တော့မယ် သြော်.. :D

တကယ်တော့ စိတ်ပညာက အဲဒီခံစားချက်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာ ရှိတယ်။ သိပ်စိတ်ဝင်စားစရာ ကောင်းတာမို့ မျှဝေတဲ့ သဘောနဲ့ ပြောပြမယ်သိလား။

လူတွေဟာ ၁၄လသား ကလေးအရွယ်လောက်ကစပြီး (တချို့ ဒီထက်စောချင်စောမယ်) တခြားသူတွေကို ကူညီလိုစိတ်စဖြစ်တယ်၊ ကူညီတတ်တယ်။ လူကြီးတစ်ယောက်ယောက်က မမှိတမှီလေး တစ်ခုခုကို ကောက်ရင် ကူကောက်ပေးတတ်တယ်။ လူကြီးက အဲဒါလေးယူပေးပါလို့ ပြောရင် အလိုလို ထပြီး သွားယူပေးတတ်တယ်။ သူ့ကို ဘာမုန့်မှကျွေးစရာ မလိုဘူး။ သူတို့စိတ်နဲ့ သူတို့လုပ်ပေးကြတယ်။ ဒါပေမဲ့ ၁၉၇၂-ခုလောက်က လုပ်ခဲ့တဲ့ သုတေသနတစ်ခုက အစပြုပြီး ထူးဆန်းတဲ့အချက် ကို သတိထားမိသွားတယ်။

သုတေသနမှာ ၃ နှစ်ကနေ ၅နှစ်အရွယ်ကလေးတွေကို ပုံဆွဲပစ္စည်းလေးတွေ ချပေးပြီး ပုံဆွဲနည်းကို လုပ်ပြတယ်။ ကလေးတွေက ပုံလိုက်ဆွဲတယ်။ လူကြီးတွေက ကလေးတွေဆွဲလာတဲ့ ပုံလေးတွေကို ကြည့်ပေးကြတယ်။ ကလေးတွေက သူတို့စိတ်ပါသလောက် တစ်ခုပြီးတစ်ခုဆွဲပြီး လာပြကြတယ်။ နောက်တနေ့ကျတော့ ကလေးတွေကို ပုံတစ်ပုံဆွဲရင် မုန့်လေးတစ်ခုပေးတယ်။ အချိန် တ၀က်လောက်ကျတော့ မုန့်မပေးပဲထားလိုက်တယ်။ ကလေးတွေက ပုံကို မဆွဲတော့ဘူးတဲ့.။ ဒါလိုနဲ့ ဆုချခြင်းဟာ နဂိုစိတ်ရင်း လုပ်လိုစိတ်ကို ဖျက်စီးသလိုဖြစ်သွားခဲ့တယ်။

မကြာခင်(၂၀၀၆)က လုပ်ခဲ့တဲ့ အခြားသုတေသနတစ်ခုမှာတော့ အရွယ် (၂ နှစ်မရှိတရှိ) ဂျာမန်ကလေး၄၈ ယောက်ကို ထပ်ပြီးစမ်းသပ်ခဲ့တယ်။ အခန်းတခန်းထဲမှာ ကလေးကို ကစားစရာတွေ ပေးထားပါတယ်။ သူ့နားမှာ သုတေသနသမားက စားပွဲပေါ်မှာ ဘောလုံးလေးတွေကို ခြင်းထဲ ကောက်ထည့်တာမျိုး၊ လက်ကိုင်ပ၀ါလေးတွေကို ကလစ်ညှပ်တာမျိုးကို လုပ်နေတယ်။ မိဘက အနားက စောင့်ကြည့်တယ်ပေါ့။ ဒီမှာ သုတေသနသမားကနေပြီး မတော်တဆလိုလိုနဲ့ ဘောလုံးလေးကို လွှတ်ချလိုက်တယ်။ ပြီးတော့ ကလေးကို အကူအညီတောင်းသလိုမျိုး မျက်လုံးလေးနဲ့ လှမ်းကြည့်လိုက်တယ်။ ကလေးလာကူပြီးကောက်မကောက်ကို စက္ကန့် ၃၀ စောင့်ကြည့်ပေးတယ်။ ကလေး ၃၆ ယောက်ဟာ သုတေသီကို သွားကူတာကို တွေ့ရတယ်တဲ့။ ကျန်ကလေးတွေကတော့ ဘောလုံးကို မကောက်ပဲ မိဘကို ဖက်ထားတာမျိုး (သုတေသနသမားကို ကြောက်လို့ ထင်ပါတယ်) လုပ်ပါတယ်။

ဒီနောက်တော့ ကူညီတတ်သူ ကလေး၃၆ယောက်ကို ၅ ကြိမ်ဆက်ပြီး စမ်သပ်ခဲ့တယ်။ ၁၂ ယောက်အဖွဲ့လေးတွေ ၃ ဖွဲ့ ဖွဲ့လိုက်တယ်။ ပထမအဖွဲ့ကို ကူညီတဲ့အတွက်ဆိုပြီး တခါကူညီတိုင်း ကစားစရာသေးသေးလေးတစ်ခု ပေးတယ်။ နောက် ၁၂ ယောက်အဖွဲ့ကိုတော့ နှုတ်ကနေပြီး ကျေးဇူးတင်ပါတယ်လို့ ပြောပေးလိုက်တယ်။ ကျန် ၁၂ယောက်ကိုတော့ ဘာမှမပြော၊ ဘာမှမပေးဘူးတဲ့။

warneken2.jpg

(ပုံလေးကို ကလစ်လုပ်ကြည့်လိုက်နော်။ သူအလိုလို ကူညီချင်စိတ်လေးနဲ့ ကူညီနေတဲ့ ချစ်စရာကလေးလေးရဲ့ (ဗွီဒီယို) ကို လင့်ထားတယ်။)

ပြီးတဲ့အခါ နောက်ဆုံး စမ်းသပ်ချက်အနေနဲ့ ကလေး ၃ ဖွဲ့လုံးကို ဘယ်သူ့ကိုမှ ဆုလည်း မပေးဘူး၊ ကျေးဇူးလို့လည်း မပြောပေးပဲနဲ့ ခါတိုင်းလိုပဲ ဘောလုံးလေးကို ကူကောက်ဦးမလား လို့ စောင့်ကြည့်စမ်းသပ်ခဲ့တယ်။

warneken3.jpg

(ပုံလေးကို ကလစ်လုပ်ကြည့်လိုက်နော်။ ဒါက ဆုမပေးလို့ လှည့်မကြည့်တော့တဲ့ ချစ်စရာကလေးလေးရဲ့ (ဗွီဒီယို) ကို လင့်ထားတယ်။)

ပထမဆုံးစမ်းသပ်ချက်တုန်းက မိဘကို အလိုလိုကူညီခဲ့တဲ့ ကလေး ၃၆ ယောက်ဟာ စမ်းသပ်ချက် ၅ ကြိမ်မှာ ဆုတွေ ကျေးဇူးစကားတွေ လက်ခံရပြီးနောက် နောက်ဆုံးစမ်းသပ်ချက် (ဘာဆုမှမပေးတဲ့ စမ်းသပ်ချက်)မှာ တုန့်ပြန်ပုံက ပြောင်းလဲသွားခဲ့တယ်။

အောက်က ဂရပ်ကို ကြည့်ကြည့်လိုက်နော်။

warneken4.gif

အပေါ်က ဂရပ်အရ ဆုပေးခြင်းခံခဲ့ရတဲ့ကလေးတွေဟာ ဆုပေးခြင်းမခံရတဲ့ ကလေးတွေထက် ကူညီလိုစိတ်အားနည်းသွားတာ တွေ့ရပါတယ်။ ဆုပေးခြင်းခံခဲ့တဲ့ ကလေးတွေ အများစုကတော့ အရင်လိုပဲ နောက်ထပ်ကစားစရာအသစ်ထွက်လာမလားဆိုတာကို စောင့်ကြည့်နေတာကိုပဲ တွေ့ခဲ့ရတယ်။

သုတေသနလုပ်သူ (Warneken and Tomasello) နှစ်ဦးဟာ ဆုချခြင်းဟာ ကလေးငယ်လေးတွေရဲ့ မွေးရာပါသူတပါးကို ကူညီလိုစိတ်၊ သူတပါးကို စိတ်ချမ်းသာလိုစိတ်ကို လျော့ကျစေတယ်ဆိုတာကို ထင်ရှားစွာ သက်သေပြနိုင်ခဲ့ပါတယ်။

အပေါ်က သုတေသနကို သက်သေထားပြီး ခွေးဆက်ဖမ်းရမဖမ်းရ ပြဿနာတက်နေတဲ့လူကို လသာညက အောက်ကအတိုင်း အကြံပြုလိုက်ပါတယ်။

့် အပေါ်ဆုံးမှာ တင်ပြခဲ့တဲ့ ဖြစ်ရပ်မျိုး နေ့စဉ်ဘ၀ထဲမှာ ကြုံရတဲ့အခါ ဘယ်သူ့ဘယ်သူမှ အပြစ်မတင်ပဲ စိတ်စနောင့်စနင်းလည်း ဖြစ်စရာမလိုပဲ ဒီလို ဖီလင်မျိုးဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို လက်ခံနားလည်ပြီး ကိုယ်က တဖက်လူကို ဆက်လက် ကူညီနိုင်တဲ့ အနေအထားရှိရင် ဆက်လက် ကူညီလိုစိတ်လည်း ရှိနေသေးရင် ဆက်လက်ကူညီလိုက်ပါ။ မကူညီနိုင်တော့ဘူးဆိုရင်လည်း မသိမသာ မအားသလိုလိုနဲ့ ရှောင်ခွာသွားတဲ့နည်းကို သုံးလို့ရတယ်လို့... jelirminum

Reference ... Does rewarding altruism squelch it? Very nice Research!!

(http://scienceblogs.com/)

ခင်မင်စွာဖြင့်

လသာည.. ပါ

Sunday, September 27, 2009

ဘ၀ထဲက လူရွှင်တော်

ဘ၀ဆိုတာ ပျော်စရာရှိရင် ငိုစရာလည်းရှိတယ်။ လူတိုင်းမှာ သောက တစ်ခုမဟုတ်တစ်ခုတော့အမြဲရှိတယ်။ ဒီလိုသောကများနဲ့ လူများစွာထဲမှာ ထူးဆန်းတဲ့ လူတစ်မျိုးကရှိနေပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ၊ ကိုယ့်အနီးအနားမှာ သူတို့ရှိရင် ကိုယ့်သောကကို မေ့နိုင်စွမ်းရှိတယ်။ သူတို့က ကိုယ်တိုင်မှာလည်းသောကတွေ ရှိနေပါရဲ့နဲ့ သူများသောကကို ပြေပျောက်စေချင်၊ ပျော်ရွှင်စေချင်တဲ့စိတ်နဲ့ သူများပျော်အောင် လုပ်ပေးတတ်တဲ့ ဘ၀ထဲက လူရွှင်တော်တွေပါ။

သူ့နာမည် Hunter Adams ။ သူ့ဘ၀မှာ ခါးသီးလွန်းတဲ့ လောကဓံတွေကြောင့် လောကကြီးကို အပြီးတိုင်စွန့်လွှတ်ဖို့ တချိန်မှာကြိုးစားမိခဲ့တယ်။ ဒါပေမဲ့ သူ့အကြံ မအောင်မြင်ခင် “ကိုယ့်ကိုယ့်ကို သေကြောင်းကြံမှု”နဲ့ ဖမ်းခံလိုက်ရတယ်။ သူဟာ စိတ်ကုဆေးရုံကို ပို့ခြင်းခံရတယ်။

အဲဒီ ဆေးရုံမှာ သူနဲ့ အခန်းဖော် Rudyဟာ အကြောက်လွန်ရောဂါရှိသူတစ်ဦးဖြစ်ပါတယ်။ ကြွက်ကို ကြောက်လွန်းသူဖြစ်ပြီး ကြွက်က အမြဲသူ့ဆီလာနေတယ်လို့ အော်ဟစ်နေတတ်တယ်။ အိပ်ရာကုတင်ကနေ (သူရောက်ချိန်မှာ) ၃ပတ်တိတိ မဆင်းရဲပဲ ကြောက်လန့်နေသူဖြစ်ပါတယ်။ ဘေးကကြည့်သူအနေနဲ့ ရယ်စရာဖြစ်ကောင်းဖြစ်ပေမဲ့ သူအနေနဲ့တော့ အသက်ရှုမှားမတတ် တုန်လှုပ်ချောက်ခြားနေခဲ့ပါတယ်။ သူအော်ရင် ဆေးရုံအစောင့်တွေက လာပြီး စိတ်ငြိမ်ဆေးထိုးကြတယ်။ တုပ်နှောင်ပြီး ဆေးထိုးခံရတဲ့ Rudyက “ငါ့ကို ကြွက်ကိုက်ပြန်ပြီ၊ ကယ်ကြပါဦး...”လို့ သနားစဖွယ်အော်ဟစ်နေလေရဲ့.။

(ကြော်ငြာ...။ ။ လူတိုင်းဟာ တစ်ခုမဟုတ်တစ်ခုကို ကြောက်တတ်တယ်။ တချို့က အမြင့်ကြောက်တယ်။ တချို့က အိမ်မြှောင်ကို ကြောက်တယ်။ လူလူချင်းစစ်တိုက်ရမှာ မကြောက်ပေမဲ့ တီကောင်ကို အသေကြောက်သူလည်း ရှိတယ် စသည်..ဖြင့် အကြောက်အမျိုးမျိုး ရှိပါတယ်။ ကြောက်တတ်တာ ရောဂါမဟုတ်ပေမဲ့ ပုံမှန်ထက်ပိုသွားရင် ကျန်းမာရေး ထိခိုက်လောက်အောင် ဖြစ်တတ်တယ်။ ဒီအခါ အကြောက်လွန် ရောဂါဖြစ်သွားတယ်။)

ဆေးရုံမှာ Hunderသတိထားမိသူ အခြားတစ်ယောက်က သူ့ကို လက် လေး ချောင်း ထောင်ပြီး ဒါ ဘယ်နှစ်ချောင်းလဲလို့ လာမေးတဲ့ ရောဂါသည်Arthur Mendelson ပါ။ Hunderက “လေးချောင်း”လို့ ပြန်ဖြေတော့ မင်းလည်း ငတုံးပဲ”လို့ ပြောသွားပါတယ်။ သူ့အကြောင်းကို ဆေးရုံဝန်ထမ်းတစ်ဦးက ဒီလိုရှင်းပြတယ်။

“တချိန်က သူ့ရဲ့တီထွင်ဥာဏ်နဲ့ စက်ပစ္စည်းအများကြီးတီထွင်ခဲ့တဲ့ ပညာရှင်တစ်ယောက် ပါ။ အခု သူမှာ စိတ်ကြီးဝင်ရောဂါ (genius syndrome )ဖြစ်နေတယ်။ သူက လူသားတွေရဲ့ စိတ်ထဲမှာ တီထွင်ဥာဏ်အားရှိမရှိ တူးဖော်ဖို့ ကြိုးစားရင်း အတူးလွန်သွားတယ်။ လက်ရှိမှာတော့ ပြတင်းတံခါးပေါက် ကိုတောင် မှန်အောင်မရေတွက်နိုင်ဘူး။”

တစ်နေ့မှာ Hunter ဟာ Mendelsonရဲ့ အခန်းကို သွားခဲ့တယ်။ ကိန်းဂဏန်းတွေများစွာကို တွက်ချက်နေတဲ့ Mendelsonကို တွေ့တယ်။ Hunterက Mendelsonကို စကားနည်းနည်းပြောကြည့်ရင်း သူ့ရဲ့ လက်ချောင်းအဖြေကို မေးကြည့်တယ်။ နောက်လည်း Mendelsonရဲ့ ရင်ထဲကစကားကို နားထောင် ပေးကြည့်ဖို့ ကြိုးစားခဲ့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ရင်းနှီးသွားတယ်။ စကားတွေအများကြီး ပြောဖြစ်တယ်။

Mendelsonက ပြောတယ်..
လောကကြီးမှာ သူများမမြင်တဲ့ အမြင်ကို မြင်ရတယ်။ သူများမရွေးတဲ့ လမ်းကို ရွေးကြည့်။ မပျင်းနဲ့၊ မကြောက်နဲ့ သတ္တိရှိပါ။ နေ့တိုင်း ကမ္ဘာကြီးကို အမြင်သစ်နဲ့ ကြည့်ပါ။ ဒါဟာ လူသားတွေရဲ့ တီထွင်ဥာဏ်ကို တွန်းအားဖြစ်စေတယ်။ မင်း အဲဒီလမ်းကို ကောင်းကောင်းလုပ်နိုင်တယ်။ ”

Hunterဟာ Mendelsonအခန်းက ထွက်လာချိန်မှာတော့ သူလည်း ကမ္ဘာကြီးကို အမြင်သစ်နဲ့ မြင်ဖို့ သူများမရွေးတဲ့လမ်းကို ရွေးကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီးဖြစ်ပါတယ်။

Hunterဟာ အခန်းဖော်ကို အရမ်းကို သနားမိတယ်။ နေ့တိုင်း ဘ၀ကို တုန်လှုပ်ချောက်ခြားစွာ ဖြတ်သန်းနေရတဲ့ သူ့ကို ဘယ်လိုကူညီနိုင်မလဲ၊ ဆေးမထိုးပဲနဲ့ သောကကို ဖြေနိုင်စရာ မရှိဘူးလား။ ကူညီနိုင်တာ ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။ တနေ့ သူအိပ်နေတုန်း အခန်းဖော်ဟာ လှုပ်လှုပ်ရွရွဖြစ်လာတယ်။

“ဘာဖြစ်သလဲ Rudy? ”
“ငါ အိမ်သာသွားချင်လို့”
“ဒါများ ကပ်လျက်အခန်းက အိမ်သာပဲလေ. နီးနီးလေးပါ။ သွားလေ”
“အိုး.. ငါကြောက်တယ်။ ငါ့ကို ကြွက်ကိုက်လိမ့်မယ်၊ ဟော ပြောရင်းဆိုရင် ကြွက်..အား..ကြွက် ကြွက်..ခင်ဗျားအိပ်ယာဘေးမှာ ကြွက် ..ကိုက်တော့မယ်ကိုက်တော့မယ်..အားးး..”
Hunderက Rudyကြည့်ရာကို ကြည့်လိုက်ပြီး
“ဟုတ်တယ်ကွ Rudyရ၊ နေဦး ငါဒီကောင်ကို သေနတ်နဲ့ ပစ်လိုက်ဦးမယ်..ဒိုင်း...ဒိုင်း”

Hunderဟာ လက်ကို သေနတ်ပုံသဏ္ဍန်လုပ်ပြီး အခန်းပတ်လည်ကို ပစ်လိုက်ပါတယ်။ သူ့လုပ်ရပ်ကို ကြည့်ပြီး Rudy အံ့သြသလို ဖြစ်သွားတယ်။ ပြီးတော့ မျက်နှာက အားကိုးတကြီးဖြစ်လာတယ်။

“ ဟိုမှာဟိုမှာ..ကြွက်ထွက်လာပြန်ပြီ”
“အိုကေ..ဒါဆို လာ စိန်ပြောင်းနဲ့ထုမယ် မင်းလည်းကူဦး ရွီး... ဒိုင်း... လွင့်သွားပြီ လာစမ်း နောက်တစ်ကောင် ဒိုင်း..Rudy ကျည်ဆန်ထည့် ဟုတ်ပြီ ဒိုင်း..ဒိုင်း..ဒိုင်း. သွားစမ်း. .ဟားဟားဟား လွင့်သွားလိုက်တာ ကြည့်လို့တောင်ကောင်းတယ်။ Rudy ရှာစမ်း ကြွက်ဘယ်မှာရှိသေးလဲ”

ဒီလိုနဲ့ Rudyက အခန်းထဲမှာ ကြွက်မရှိတော့ဘူးလို့ အတည်ပြုတဲ့အထိ ၁၅မိနစ်လောက် နှစ်ယောက်သား အခန်းပတ်လည်ကို လှည့်ပတ်ပြီး သေနတ်တွေနဲ့ ပစ်ကြပါတယ်။ နောက်ဆုံးမှာတော့ Rudy အကြောက်ပြေသွားပြီ စိတ်ချလက်ချ အိမ်သာကို ထွက်သွားပါတော့တယ်။

Hunderဟာ နဖူးက ချွေးကို သပ်ချလိုက်ပြီး သူ..လူတစ်ယောက်ရဲ့ သောကကို (တဒင်္ဂ)ပျောက်အောင် လုပ်နိုင်လိုက်ပြီလို့ ပြုံးလိုက်ပါတယ်။ အဲဒီနေ့ကစပြီး လူတစ်ယောက်ကို တဒင်္ဂပဲဖြစ်ဖြစ် တဒင်္ဂပေါင်းများစွာနဲ့ လူများစွာရဲ့ သောကကို ပျောက်နိုင်အောင် ကြိုစားဖို့နဲ့ ကမ္ဘာကြီးကို အမြင်သစ်နဲ့ မြင်ဖို့ သူများမရွေးတဲ့လမ်းကို ရွေးကြည့်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို သူ့ရင်ထဲမှာခိုင်မာစွာ အတည်ပြုဖြစ်သွားပါတယ်။

စတင်ခဲ့တဲ့ဆုံးဖြတ်ချက်ကို ဆက်လက်လည်းအကောင်အထည်ဖော် ဖြစ်ခဲ့တယ်။ စိတ်ကုဆေးရုံက ဆင်းဆင်းချင်း ဆေးကျောင်းကိုတက်ခဲ့တယ်။ ဆေးကျောင်းသားဘ၀မှာကတဲက သေကောင်းပေါင်းလဲ လူနာများစွာကို သူနည်းသူ့ဟန်နဲ့ တဒင်္ဂပဲဖြစ်ဖြစ် သောကပျောက်အောင် ကြိုးစားခဲ့တယ်။ ငိုနေတဲ့လူနာတွေနဲ့ အတူရောငိုခဲ့တယ်. ပြီးရင်လူနာတွေကို ပျော်အောင်ကြိုးစားခဲ့တယ်။ လူနာအားလုံးရဲ့ သောကကို အတတ်နိုင်ဆုံး ဖယ်ရှားနိုင်ဖို့ ရယ်စရာအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားခဲ့တယ်။ နောင်မှာတော့ ကိုယ်ပိုင်မိသားစုဆေးရုံတစ်ခုကို ဖွင့်လှစ်ခဲ့ပြီး လူနာပေါင်း ၁၅၀၀၀ကျော်ကို ဆေးဖိုးဝါးခမယူပဲ ကုသပေးခဲ့ပါတယ်..။ သူ့ကို လူတွေက Patch Adamsလို့ ခေါ်တယ်။

တကယ်တော့ သူလို့ လူများစွာက ဆေးနယ်ပယ်တင်မက နေရာတိုင်းမှာ ရှိတတ်ပါတယ်။ ရုံးတွေမှာ ကျောင်းတွေမှာ ကုမ္ပဏီတွေမှာ မျက်နှာကို အမြဲပြုံးလို့ ဟာသလေးတွေထုတ်လို့ ပတ်ဝန်းကျင်ကို အပျော်တွေဖြန့်ဝေနေကြပါတယ်။ မိမိသောကကို ကျိတ်မှိတ်မေ့လျော့ပြီး တပါးသူရဲ့သောကကို တဒင်္ဂပဲ ဖြစ်ဖြစ်ပြေပျောက်စေဖို့ ရယ်စရာလေးတွေ ဖန်တီးလို့ ပတ်ဝန်းကျင်ကို ဖြေဖျော်နေတဲ့ သူတွေပါပဲ..။ ဘ၀ထဲရဲ့လူရွင်တော်များ..ကို အများကြီးပဲ လေးစားမိပါတယ်....

လသာည..ပါ

ဝန်ခံချက်။ ။ ကြည့်ခဲ့ဖူးတဲ့ Patch Adams ဇာတ်ကားမှ အကြောင်းအရာတချို့ကို ကူးယူဖ်ာပြထားပါတယ်။

Saturday, September 26, 2009

စိတ်ပြောင်းသွားရတဲ့ အကြောင်းရင်း

ချစ်ရတဲ့ အေးရေ..
တို့တွေရဲ့ စေ့စပ်ပွဲ မမျှော်လင့်ပဲ ပျက်သွားရတာ အရမ်းနောင်တရမိတယ်။ မပျော်ဘူး။ မင်းကိုပဲလွမ်းနေတယ်။ အမှန်အတိုင်းပြောတာပါ။ ပြန်လာခဲ့ပါ အချစ်ရယ်။ မင်းကလွဲလို့ ဘယ်မိန်းကလေးကိုမှ မချစ်နိုင်ပါဘူး။ မင်းလိုချစ်တတ်သူမျိုး ဘယ်တော့မှ မရနိုင်ဘူးဆိုတာ အခုနားလည်ပါပြီ။ တို့နှစ်ယောက်အချစ်ကို တစ်က ပြန်စရအောင်နော်။ I need you honey!!
သိပ်ချစ်တဲ့
ကိုကို
P.S. အစိုးရထီ သိန်းတစ်ထောင်ဖိုး ပေါက်တာ Congratulations နော်... ချစ်။
..................................................

“အားလုံးပဲ နားထောင်ကြပါ။ ဒီနေ့ ကျွန်တော့်မွေးနေ့ပွဲကို လာတဲ့သူများထဲမှ ရဲရင့်သူတစ်ယောက်ကို ရွေးချယ်ပြီး ဂုဏ်ပြုလက်ဆောင်တစ်ခု ချီးမြှင့်ချင်ပါတယ်။ ဆုကတော့ ဒေါ်လာ ၁၀သိန်း ဒါမှမဟုတ် ကျွန်တော့်ရဲ့ အမွေအားလုံးကိုတချိန်မှာလွဲမယ့် ကျွန်တော့်သမီးနဲ့ လက်ထပ်ထိမ်းမြားခွင့်ပါ။ ခင်ဗျားတို့ မြင်တဲ့အတိုင်း ကျွန်တော့်သမီးက ဘွဲ့ ၃ခုရပြီးသား။ ရုပ်လည်း ခင်ဗျားတို့မြင်တဲ့အတိုင်း မော်ဒယ်မင်းသမီးလုပ်လို့ရတဲ့ ရုပ်ရည်ပါ။ ဒီတော့ ရွေးချယ်ပွဲက နည်းနည်းတော့ ခက်ခဲပါတယ်။ တကယ် ရဲရင့်ထက်မြက်သူကိုပဲ ဆုချဖို့စီစဉ်ထားပါတယ်။ လုပ်ရမှာက ဒီရေကန်ကို ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကို ကူးဖို့ပါပဲ။ အဲ....အထဲမှာတော့ မိကျောင်း၂ကောင်တော့ ရှိတယ်ဗျာ..။

သူဌေးစကားအဆုံးမှာပဲ တစ်စုံတစ်ယောက်ရေထဲကို ခုန်ချသွားပါတယ်။ ကြောက်လန့်တကြားအော်ဟစ်ကူးခတ်နေတဲ့ သူ့ကို အားလုံးက စိုးရိမ်စိတ်နဲ့ ကြည့်နေစဉ်မှာပဲ..ဒဏ်ရာအနည်းအကျဉ်းနဲ့အတူ သူ.ကမ်းပေါ်ကို တက်လာနိုင်ခဲ့ပါတယ်။ သူဌေးနဲ့တကွ အားလုံးက လက်ခုပ်တီးလိုက်ချိန်မှာ သူက အကျယ်လောင်ဆုံး ကြိမ်းဝါးလိုက်ပါတယ်။
“ဘယ်ကောင် ငါ့ကို နောက်ကနေတွန်းချလိုက်တာလဲကွ၊ သတ္တိရှိတဲ့ကောင် ထွက်ခဲ့စမ်း”
...........................
အားလုံး ပျော်ရွှင်စရာ အားလပ်ရက်လေး ဖြစ်ပါစေ
လသာည

Friday, September 25, 2009

နားငြီးပေမဲ့လည်း

ကိုယ်မှားလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုအားမရလို့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က ကိုယ့်ကို လာဆူတာကို ခံရတဲ့အခါ များသောအားဖြင့် သိပ်မကြိုက်ဘူး။ ဟုတ်တယ် နားငြီးတယ်လေ..။ မဆူပဲနဲ့ အေးအေးလေး ဆုံးမလည်း ဒီစကားပဲ၊ အော်ဟစ်ကြိမ်းမောင်းပြီး ဆုံးမလည်း ဒီစကားပဲဆိုတော့ အေးအေးလေးပဲ ပြောတာကို လက်ခံချင်ကြတာ ဓမ္မတာပါ။

ဒါပေမဲ့ နားငြီးလည်း ပြောမှာပဲ ဆိုတဲ့လူက ရှိနေပါတယ်။ သူအော်ဟစ်ကြိမ်းမောင်းတာကို ခံချင်ပါတယ်ဆိုပြီး လာရောက်တောင်းပန်သူတွေနဲ့ လက်မလည်လောက်အောင် ဂျပန်မှာနာမည်ကြီးသူပါ။ သူက မတ်ဆူအိုကာ ရူဇို(まつおか しゅうぞう)ပဲ ဖြစ်ပါတယ်။သူက တချိန်က တင်းနစ်ချန်ပီယံ တစ်ယောက်ပါ။ အခုအချိန်မှာတော့ တင်းနစ်နည်းပြပေါ့။ သူဟာ သူ့လက်အောက်က သင်တန်းသားတွေကို အမြဲ အော်ဟစ်ကြိမ်းမောင်းလေ့ရှိတယ်။ သူ့ကိုယ်သူလည်း ကြိမ်းမောင်းပြီး မနားမနေလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။

( မှတ်ချက်။ ၊ သူ့ဘ၀ရဲ့ အကြောင်းတရားတချို့က အခုလို့ သူ့ကို ပုံသွင်းလိုက်သလို ဖြစ်ရတာပါလို့ ဆိုပါတယ်။ သူ့မှာ ကိုယ်ပိုင် ၀က်ဘ်ဆိုက်ရှိပါတယ်။ http://www.shuzo.co.jp/ပါ။ သူ့ဘ၀အကြောင်းတော့ နောင်များမှ ကြုံရင် တင်ပြပါဦးမယ်။)အခုကတော့ ဘာကြောင့် သူဆူတာကို ခံချင်ကြသလဲဆိုတာကို ဥပမာတစ်ခု ဖော်ပြချင်ပါတယ်။ အဓိကကတော့ သူ့စကားတွေမှာ ခွန်အားပါလို့ပါတဲ့။

ပြီးခဲ့တဲ့ လက ဂျပန်မှာ ၁၃နှစ်အရွယ်တင်းနစ်ြပိုင်ပွဲ လုပ်ခဲ့တယ်။ နောက်ဆုံးမှာ တနိုင်ငံလုံးအဆင့် ၅ ယောက်ကို ရွေးလိုက်ပါတယ်။ အရွေးခံရသူ ၅ ယောက်ဟာ ရူဇိုဆီရောက်လာပါတယ်။ နောက်ဆုံးအဆင့် ရူဇိုစိတ်ကြိုက်ရွေးချယ်ခြင်းခံရရင် ဒီကလေးတွေကို ကမ္ဘာတင်းနစ်ပြိုင်ပွဲတွေမှာ ပြိုင်နိုင်တဲ့အထိ လက်သပ်မွေးလေကျင့်ပေးတော့မှာ ဖြစ်ပါတယ်။

ရုဇို ဟာ ရောက်လာတဲ့ကလေးတွေကို ၂ ရက်တိတိ သင်တန်းပေးပါတယ်။ ပထမရက်ကတော့ ကလေးတွေကစားတာကို သူလေ့လာသလို သူကစားတာကို ကလေးတွေကို စောင့်ကြည့်စေတာဖြစ်ပြီး နောက်ရက်ကတော့ စာမေးပွဲဖြစ်ပါတယ်။ (စိတ်ဓါတ်စာမေးပွဲပါ)။ ကလေးအားလုံးဟာ ဒီစာမေးပွဲကို ကျမှာစိုးလို့ အိပ်မပျော်ကြဘူး။

ပြိုင်ပွဲက တစ်ဦးချင်းစီ ရူဇိုနဲ့ ပြိုင်ရမှာပါ။ ပထမဆုံးက ခမတစံ အလှည့်..။

ရူဇိုက စည်းကမ်းကို ပြောပါတယ်။
“ပြိုင်ပွဲက ၁၅မိနစ်။ နားခွင့်မရှိ..။ အာရုံစိုက်ရမည်..။ ဒါပဲ”
ခမတစံဟာ Racketကို ကိုင်ရင်း ပတ်ဝန်းကျင်က ပရိတ်သတ်ကို တချက်လှည့်ကြည့်လိုက်တယ်။ ချက်ချင်းရင်တွေခုန်လာပြီး လက်ဖျားခြေဖျားတွေ တုန်လာသလို ဖြစ်လာတယ်။

ပြိုင်ပြီ...။“ရော့”
တင်းနစ်ဘောလုံးလေးဟာ မထင်မှတ်တဲ့ အရှိန်နဲ့ လွင့်လာပါတယ်။ ရင်ခုန်နေတဲ့ ခမတ ဟာ ဘောလုံးလေးကို မမှီတမီလေး ကပ်လွဲသွားတယ်။
ခမတစံဟာ ရှုဇိုကို စိုးရိမ်စွာ မော့ကြည့်လိုက်ချိန်မှာပဲ..
“ ခမတ” ရူဇိုက ကျယ်လောင်စွာ အော်လိုက်ပါတယ်။
“ပြောစမ်း။ ဘာကြောင့် လက်တုန်နေသလဲ၊ ဘောလုံးလွဲတာ အပြစ် မရှိဘူး။ ဒါပေမဲ့ ..”
“ကျွန်တော်.ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး”
“မေးတာကို ဖြေပါ။ အပိုတွေ မကြားချင်ဘူး”
“ ကျွန်တော် နည်းနည်းကြောက်နေလို့ပါ ခင်ဗျာ” ပြောရင်း မျက်ရည်တွေ စီးကျလာခဲ့တယ်။

ရူဇိုဟာ ခမတစံရဲ့ မျက်ရည်ကို မြင်လိုက်ချိန်မှာပဲ မျက်နှာဟာ ပိုမိုတင်းမာသွားခဲ့တယ်။ တကွင်းလုံး ဟိန်းအောင် အော်ဟစ်လိုက်တယ်။
“ဟေ့ မင်း ငိုမယ်ဆိုရင် အခုပဲ ပွဲထဲက ထွက်သွားစမ်း”
ခမတ တုန်လှုပ်သွားပြီး မျက်ရည်ကို အလျင်အမြန် လက်နဲ့ သုတ်လိုက်ပြီး “ကျွန်တော် မငိုတော့ပါဘူး ခင်ဗျာ၊ ကျွန်တော်ကို တကြိမ်တော့ ပြိုင်ခွင့်ပေးပါဦး ခင်ဗျာ”

“ တိတ်စမ်း။ ငါပြောတယ် မို့လား။ အာရုံစိုက်လုပ်ပါလို့..။ ဘာကြောင့်နားမထောင်သလဲ။ ဒီမှာကြည့်စမ်း ပြိုင်ပွဲတစ်ခုမှာ ပတ်ဝန်းကျင်ကို အာရုံစိုက်လွန်းရင် မင်းဘာမှ လုပ်လို့ မရဘူး အဲဒါ မင်းမသေမချင်း မှတ်ထား။ ပြိုင်ပွဲမှာ ပရိတ်သတ် အများကြီးရှိနေမှာပဲ။ မင်းကို အားပေးတဲ့သူရှိသလို မင်းပြိုင်ဖက်ကို အားပေးတဲ့သူ ရှိနေမယ်။ ဒါသဘာဝပဲ။ ဂရုစိုက်နေသူ ရှုံးမှာပဲ။ အဲဒါတွေကို မင်းဘာမှ ဂရုမစိုက်ရဘူး။ မင်းကြည့်ရမှာက ဘောလုံးနဲ့ ပြိုင်ဖက် ဒါပဲ ကြားလား”
“ဟုတ်ကဲ့”
“လွယ်လွယ်မပြောနဲ့ ၅ မိနစ် အချိန်ပေးမယ်။ မင်းသေချာ အာရုံစူးစိုက်နိုင်ပြီ၊ မင်းအာရုံထဲမှာ ငါနဲ့ တင်းနစ်ဘောလုံးက လွဲရင် မရှိတော့ဘူးဆိုရင် ပြော၊ ဆက်ကစားမယ်”

၂မိနစ်လောက် ကြာတော့ ခမတစံ က လှမ်းပြောလိုက်တယ်။ ကျွန်တော် အသင့်ဖြစ်ပါပြီ ခင်ဗျာ”
သူတို့ ဆက်ကစားတော့ ပြိုင်ပွဲ ပြီးဆုံးချိန်အထိ တည်ငြိမ်စွာ ကစားသွားခဲ့ပါတယ်။ သူအောင်ပြီပေါ့..။

နောက်တယောက် ဆူဇူကီးစံ အလှည့်မှာ အရှိန်နဲ့ တရစပ်ပြေးဝင်လာတဲ့ တင်းနစ်ဘောလုံးတွေကို ပထမမှာ မှီအောင် တလုံးမကျန် ရိုက်နိုင်ခဲ့ပေမယ်။ ၅မိနစ်လောက်အကြာမှာ နည်းနည်းမောသလို ရှိတာမို့ တစ်လုံးကို အမှီမပြေးပဲ လက်လွတ်ခံလိုက်ပါတယ်။ အဲဒီအတွက် ရူဇိုရဲ့ ကျယ်လောင်စွာ အော်ငေါက်ခြင်းကို ခံလိုက်ရပါတယ်။

“မင်း ဘာကြောင့် တင်းနစ်ဘောလုံးကို လွတ်လိုက်ရသလဲကွ..ဟေ။ မင်း မှီနိုင်တဲ့ အရာတစ်ခုကို ဘာကြောင့် လက်လွတ်လိုက်ရတာလဲ ပြောစမ်း။ ဒီမှာ မှတ်စမ်း ။ ပြိုင်ပွဲတစ်ခုမှာ ဘယ်တော့မှာ လွယ်လွယ် လက်မလျော့လိုက်နဲ့။ လုပ်စမ်းပါ မင်းအားစိုက်လို့ သေမသွားပါဘူး။ အလွယ်တကူ အရှုံးပေးတဲ့သူ၊ ကိုယ့်ကိုယ်ကို သနားလွန်တဲ့သူဟာ ဘယ်တော့မှ မအောင်မြင်ဘူး။ အခုလို မင်းဇွဲလျော့တတ်သူဆိုရင် အခုချက်ချင်း ပြိုင်ပွဲက ထွက်သွားစမ်း

ဒါပေမဲ..ဆူဇူကီးစံလည်း ခမတစံ လိုပဲ။ အားလပ်ချိန် ၅မိနစ်အတွင်း စိတ်ကို ခိုင်မာစွာ ထားနိုင်ခဲ့တာမို့ နောက်ဆုံးမှာ စာမေးပွဲအောင်မြင်ခဲ့ပါတယ်။

နောက်တစ်ယောက်ကတော့ ရာမဒစံ ပါ။
သူမကတော့ တင်းနစ်ရိုက်တာ ဒီ၅ယောက်ထဲမှာ အတော်ဆုံးပါ။ လူကြီးတွေရဲ့ နှုန်းထားကို မှီတယ်ပြောရမယ့်သူပါ။ ဒါပေမဲ့ သူမရဲ့ အားနည်းချက်က နိုင်ချင်စိတ်များတာဖြစ်ပါတယ်။ သူက တင်းနစ်ဘောလုံးအားလုံးကို အမှီလိုက်နိုင်ချင်တယ်။ တလုံးလောက် လွဲသွားလို့ကတော့ ဒေါသဖြစ်ပြီး စိတ်ပူတတ်တာဖြစ်ပါတယ်။

ဒီတော့ သူမလေးလည်း ရူဇိုရဲ့ အဆူကို ခံရတာပေါ့.။
“ ဒီမှာ ရာမဒစံ။ နင်က ဘယ်လောက်တော်နေသလဲ။ ဘာကြောင့် ဘောလုံး အားလုံးကို အမှီလိုက်နိုင်ရသူ ဖြစ်ရမှာလဲ..။ နင်နဲ့ ပြိုင်နေသူ ငါတောင် ဘောလုံး အားလုံး မလွဲအောင် မလုပ်နိုင်ဘူး။ လောကမှာ နိုင်မှ၊ အမြဲ နိုင်မှ ဖြစ်မယ်လို့ တွေးနေရင် ရှုံးဖို့ တ၀က်သေချာနေပြီ မှတ်။ ပြိုင်ပွဲပဲ၊ နိုင်တာရှိရင် ရှုံးတာရှိမှာပဲ။ ရှုံးတာကိုပဲ မခံချင်ဖြစ်ပြီး စိတ်ပူ ဒေါသထွက် စိတ်ဂယောင်ခြောက်ချားဖြစ်နေရင် တဖက်လူကို အကြောပေးသလို ဖြစ်လိမ့်မယ်။ အခုလို ကိုယ့်စိတ်ကို ကိုယ်မထိန်းနိုင်ရင် တကယ့်ပြိုင်ပွဲမှာ လက်ခုပ်သံနဲ့ ရှုပ်ချသံတွေကြားမှာ စိတ်မထိန်းနိုင်ပဲ မင်းပြိုလဲသွားလိမ့်မယ်။ ကိုယ့်စိတ်ကိုယ့် ထိန်းနိုင်ဖို့ အဓိက

သူမကတော့ စိတ်ကို ထိန်းဖို့ ကြိုးစားပေမဲ့ နောက်တကြိမ်မှာလည်း မအောင်ခဲ့ဘူး။ တင်းနစ်ဘောလုံး တခါလွဲတာနဲ့ စိတ်ပူပြီး နောက်ဘောလုံးပါ အလွဲလွဲအချော်ချော် ဖြစ်သွားပြန်တဲ့အတွက် စာမေးပွဲ ကျခဲ့ပါတယ်။
(မှတ်ချက်.. နောက်တော့ သူမရဲ့ နည်းပြဆရာက ၀င်ရောက်တောင်းပန်တဲ့အတွက် တတိယ အကြိမ်ကစားခွင့်ကို ရခဲ့ပြီး အောင်မြင်စွာ ကစားနိုင်ခဲ့ပါတယ်။ အခုဆို သူတို့ အားလုံး တင်းနစ်ကို အပြင်းအထန်ကျင့်လို့ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ အားခဲနေကြလေရဲ့။)

လက်တွေ့မှာ ဘောလုံးပွဲတွေ၊ ဘောလီဘောပွဲတွေကို ကြည့်လိုက်ရင် အမှတ်တွေ အပြိုင်အဆိုင် လိုက်နေချိန် မသိသာပေမဲ့ ရှုံးလာတဲ့အခါ အသင်းကအရမ်းတော်ပါရဲ့နဲ့ ရိုက်ချက်တွေ အလွဲလွဲအချော်ချော်ဖြစ်တတ်တာ၊ မျက်နှာမှာ စိတ်တိုဒေါသထွက်နေတာကို မြင်မြင်နေရပါတယ်။ ဒါပေမဲ့ လက်ရှိ ဂျပန်နိုင်ငံဘောလီဘောအသင်းက မိန်းကလေးတွေဟာ ကိုယ့်ကွင်းမှာပဲ ကစားကစား ၊သူများကွင်းပဲကစားကစား၊ ရှုံးရှုံးနိုင်နိုင် အပြုံးမပျက်ပဲ စိတ်ဓါတ်မကျပဲ ပြိုင်ပွဲကို ပြီးဆုံးတဲ့အထိ ကစားသွားတာကို အမြဲတွေ့ရပါတယ်။ သူတို့ အဖွဲ့ကို လူတိုင်းက ချီးကျူးကြတယ်။ စိတ်ထားတတ်လို့ တဲ့..၊

ဒါဟာ ဂျပန်နိုင်ငံက ရှုဇိုလို သင်တန်းဆရာတွေရဲ့ စိတ်ဓါတ်သင်တန်းက ရလာဒ်တွေဖြစ်ပါတယ်..။

ဒါကြောင့် သူငယ်ချင်းအားလုံးပဲနော်။ နားငြီးပေမဲ့လည်း ကိုယ့်အတွက် အကျိုးရှိမယ့်စကားဖြစ်ခဲ့ရင် bisingနားပိတ်မနေပဲ (ဖြစ်နိုင်ရင်ပေါ့) အောင့်အီးသည်းခံပြီး တခါတရံ နားထောင်ပေးကြရအောင်ပါလို့...။

လသာည..ပါ။

မှတ်ချက်။ ။ အင်တာနက်မရသော တိုကျိုက အခန်းမှာ ရှိနေစဉ်က ပျင်းပျင်းနဲ့ ကြည့်တဲ့တီဗွီအစီအစဉ်တွေ မှာ nhk အစီအစဉ်က ထုတ်လွင့်သွားတာလေးပါ။ စကားလုံးလေးတွေ ကြိုက်လွန်းလို့ အားလုံးကို မှတ်မိနေပေမဲ့ ပြိုင်ပွဲဝင်ကလေးတွေရဲ့ နာမညအတိအကျနဲ့ ဒီတီဗွီအစီအစဉ် ဘယ်ရက်က လွှင့်ခဲ့တာလဲဆိုတာကိုတော့ မေ့သွားလို့ မဖော်ပြနိုင်ဖြစ်သွားပါတယ်။ ခွင့်လွှတ်ပေးပါရန်)

Thursday, September 24, 2009

ချာတိတ်တွေ ပြောတဲ့ ကျွန်တော့်အကြောင်း

နည်းနည်းလည်း တွေးပါဦး ။ ပရိတ်သတ်လည်း မေးပါဦး။ ဦးနှောက်နဲ့ ရေးပါဦး။ ကောင်းတာတွေလည်းပေးပါဦး။ မျက်လုံးထောင့်ကပ်မကြည့်ပါနဲ့။ ခင်ဗျားအကြောင်း ခင်ဗျားသိတာပဲ....
တခါလာလည်း တောင်ရေး မြောက်ရေး လျှောက်ရေးပြီး ကံလေးကြုံလို့ နာမည်ကြီး....
ကိုင်း..ပြီးသွားပြီ လူတွေလည်း ငြီးသွားပြီ.....

အပျင်းပြေသက်သက်ပါ..။ အရိုးရဲ့သီချင်းကို ကြိုက်လို့တင်လိုက်တာ။ လသာညတစ်ယောက် တောင်ရေးမြောက်ရေး လျှောက်ရေးလည်း ချာတိတ်တွေက ဘာမှမပြောကြပါဘူး။ ( ဘာဖြစ်လို့လဲ ဆိုတော့ ချာတိတ်တွေနဲ့ လသာညကဘော်ဘော်တွေ ဖြစ်နေလို့ :P)
ပြန်ရောက်ပြီ။ ခရီးထွက်လိုက်တာ လူ တော်တော်လည်း မောသွားတယ်။ ကြုံရာမှာ ပေါက်ကရစားပြီး ဖက်တီးဖြစ်ခါနီးပြီ။
အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ..

Saturday, September 19, 2009

ခရီးတစ်ခု

ကမ်းမမြင် လမ်းမမြင်
ပန်းတိုင်လည်းမမြင်
ဒါပေမဲ့ သွားရဦးမယ်....

Friday, September 18, 2009

သန်းကြွယ်သူဌေး

ကမ္ဘာ့သန်းကြွယ်သူဌေးတွေအကြောင်းကို စစ်တမ်းကောက်တဲ့ အခါ
အောင်မြင်တဲ့ သန်းကြွယ်သူဌေးအများစုဟာ အောက်က အကျင့်တွေ ရှိကြတာ တွေ့ရပါတယ်။
* တပတ်ကို ပျမ်းမျှ နာရီ ၆၀ အလုပ်လုပ်တယ်။
* သန်းကြွယ်သူဌေး တ၀က်ကျော်ကျော်ဟာ ဆင်းရဲသား ဒါမှမဟုတ် သာမာန်ဘ၀က ကြိုးစားလာရသူတွေ ဖြစ်ပါတယ်။
* သူများတွေ ကိုယ့်ကို ဘယ်လိုထင်မယ် ဘယ်လိုတွေးမလဲဆိုတာကို သိပ်ဂရုမစိုက်တတ်ဘူး၊
* အများစုက ပြောတယ်။ စာကြည့်ရမှာ ပျင်းလို့ ကျောင်းမှာဆို ပညာအရည်အချင်းကအလယ်အလတ်ပဲ အမြဲရှိခဲ့တယ်တဲ့၊
* မာစီဒီးကား(Mercedes)တွေကို စီးရတာ နှစ်သက်ကြတယ်။
* သူတို့ကို အများဆုံး ဝေဖန်ခံရတဲ့အားနည်းချက်က ရန်လိုတတ်ခြင်း ဖြစ်တယ်လို့ ၀န်ခံကြပါတယ်။
* အကြိုက်ဆုံးက အမဲသားကင် အမဲခြေထောက်ဟင်း။
* အလုပ်လုပ်ရမှာကို ဘယ်တော့မှ မပျင်းတတ်ဘူး။ တစ်ခုခု အကျိုးရမယ်ဆိုရင် ညသန်းခေါင်လည်း ထလုပ်တတ်တယ်။
* အားလုံးနီးပါးက ပြောတာက သူတို့ဟာ အလုပ်အမြဲလုပ်နေရတဲ့ သူတို့ဘ၀ကို အမြဲပျော်တယ်တဲ့။
* တ၀က်သော သန်းကြွယ်သူဌေးက ပြောတယ်။ ညစာကို အကောင်းဆုံး ရက်စ်တော့ရင့်မှာ ပေါင် ၄၀( £40)တန်ထက်တန်ဖိုးနည်းတဲ့ အစားအစာကို စားတယ်တဲ့။
* လမ်းဘေးဈေးသည်တွေဆီက အရည်အသွေးကောင်းပြီး ဈေးချိုတဲ့ အ၀တ်တွေကို ၀ယ်ရတာကို သဘောကျတယ်။
* တစ်နှစ်လုံးမှာ ငွေကို အများဆုံးသုံးတဲ့ အချိန်ကတော့ တစ်နှစ်တကြိမ် မိသားစုနဲ့ အားလပ်ရက်ခရီးထွက်တဲ့ အချိန်မျိုးဖြစ်ပါတယ်။ အဲဒီအချိန်မျိုးတော့ ပေါင် ၂၅၀၀ £2500 လောက် သုံးတတ်တယ်။
(Revealing statistics from the Tulip Survey of self-made millionaires commissioned by Optomen Television:)

သန်းကြွယ်သူဌေးတွေရဲ့ အဓိက လက္ခဏာက အများသိတဲ့ အတိုင်း အလုပ်ကြိုးစားတယ်။ အလုပ်ကိုချစ်တယ် ဆိုတာပါပဲ..။ လူတွေ သိပ်မသိတဲ့ နောက်တစ်ချက်ကတော့ အလုပ်နဲ့ ဘ၀ကို ညီမျှအောင် နေတတ်ခြင်း၊ အများကြီးကို တခါတည်း မျှော်လင့်မထားပဲ အသင့်အတင့် အောင်မြင်မှုကို အရင်ရရင်ဖြစ်ပြီဆိုတဲ့ အချက်ကို အမြဲဆင်ခြင်တတ်ကြခြင်းပါပဲ။

တကယ်လို့ မင်းဟာ အစဉ်ကြိုးစားသူတစ်ယောက်ပြီး အချိန်တိုင်းအလုပ်ထဲမှာချည်း နစ်မြုပ်မနေတတ်သူဖြစ်ရင် ပျော်စရာ ဘ၀တစ်ခုနဲ့ သန်းကြွယ်သူဌေး တကယ်ဖြစ်နိုင်ပါတယ်။

Reference http://www.bbc.co.uk/science/humanbody/mind/surveys/

လသာည..ပါ

Wednesday, September 16, 2009

တိုင်းတာလို့ မရ

စာသင်ကောင်းတဲ့ ပရော်ဖက်ဆာကြီးက တနေ့မှာ ပုံပြင်လေးတစ်ခုကို ပြောပြပါတယ်။ ပုံပြင်လေးက သူဆင်းရဲမလေးတစ်ယောက်အကြောင်းပါ..။ တအားကို ကြေကွဲဖွယ်ရာ ကောင်းပါတယ်။ နားထောင်ရင်း ရင်ထဲမှာ ဆို့နစ်လာအောင် သနားစရာကောင်းတဲ့ ဇာတ်လမ်းလေးဆိုပါတော့..။ ပုံပြောအပြီးမှာ သူက ကျောင်းသားအားလုံးဘက်ကို လှည့်ပြီး မေးခွန်းတစ်ခု မေးလိုက်ပါတယ်။ မေးခွန်းက “မင်း..ဘယ်လိုခံစားရသလဲ”တဲ့..။

ကျောင်းသားအားလုံးက တစ်ယောက်တစ်မျိုး ကိုယ်ခံစားရပုံကို ပြောပြကြတယ်။ လသာညတော့ ပုံပြင်လေးကို နားထောင်ပြီးကတဲက ၀မ်းနည်းလာသလိုလို၊ အသက်ရှုကျပ်လာသလိုလို ဖြစ်နေခဲ့တယ်။ တခြားသူတွေ ဘယ်လို့ဖြေသွားသလဲဆိုတာတောင် သတိမထားမိလိုက်ခင် လသာညဖြေရမယ့် အလှည့်ရောက်လာခဲ့ပါတယ်။

လသာညရဲ့ အဖြေက ...
“ကျွန်မ..ကျွန်မ.. ပြောမပြတတ်အောင် ခံစားရပါတယ်”
“ဟား..ဟား..ဟား”

ကိုယ့်အဖြေကို ရယ်နေသူအားလုံးကို ကြည့်ပြီး “ဘာလဲ..ဘာလို့ရယ်တာလဲ ငါအမှန်အတိုင်း ပြောတာကို”လို့ တော့ ပြောဖြစ်အောင် ပြောလိုက်သေးတယ်။ ပြီးတော့ ကိုယ်ပါ ရောရယ်ချလိုက်တယ်။

ဆရာက အပြုံးမျက်နှာနှင့် ကိုယ့်ကို သေချာကြည့်ပြီး..
“မင်းအဖြေကို ငါလက်ခံတယ်။ မင်းအဖြေဟာ မင်းအတွက် ဖြစ်နိုင်ပါတယ်.။ ဒါနဲ့ မင်းက ဘာမေဂျာလဲ။”

“ကျွန်မမေဂျာက (Educational) psychological testingပါ..။”
“ဒါဆိုရင် မင်းအဖြေကို ငါဘာကြောင့်လက်ခံရသလဲဆိုတာ မင်းသိမှာပါ..။ အဲဒါကို မနက်ဖြန် reportတင်ပါ။ ကဲ.. အားလုံး ဒီနေ့တော့ ဒီလောက်ပါပဲ..။”

ဟင်.. အဲဒါ အိမ်စာပေါ့.ခက်ပြီ..။ တကယ်တော့ ဆရာကြီးက ဘာကြောင့်အဲလိုပြောတာလဲဆိုတာ အဲလောက်လွယ်လွယ်ကူကူ မသိခဲ့ပါဘူး..။

စာအုပ်တွေ စားပွဲပေါ်ပြန်ဖြန့်ပြီး တညလုံး “စာနဲ့ငါ ငါနဲ့စာ”ဖြစ်နေခဲ့ပါတယ်..။

လူတွေက အရာ0တ္ထုတွေကို တိုင်းတာကြတဲ့အခါ ကိုယ်မှာရှိတဲ့ ကိုယ်သိတဲ့ ပေတံနဲ့ တိုင်းတာကြတယ်။ ဒါပေမဲ့ တခါတလေမှာ ရှိပြီးသားပေတံနှင့် အမှန်အတိုင်း တိုင်းလို့မရတာတွေရှိပါတယ်။ ဥပမာ..သစ်ပင်တွေရဲ့ အမြင့်ကို တိုင်းတာဖို့ အတွက် အမြင့်ဆုံးပေတံက မီတာ ၂၀ ရှိတယ်ဆိုပါတော။့ ပေတံအရှည်က မီတာ ၂၀။ ဒါပေမဲ့ သစ်တောအုပ်ထဲမှာ မီတာ ၂၀ ထက်မြင့်တဲ့ သစ်ပင်တွေလည်း ရှိတယ်။ တောအုပ်ထဲမှာ အများနဲ့ရောနေပေမဲ့ အများထက်ပိုမြင့်တဲ့သစ်ပင်တွေရှိနေနိုင်တယ်။ တိုင်းဖို့ ပေတံမရှိတော့လို့ မတိုင်းနိုင်ဘူး။ (ခုတ်လှဲတဲ့အချိန် တိုင်းတာကတော့ တမျိုးပေါ့နော်၊)

သစ်ပင် ဥပမာက ရှုပ်တော့ နောက်တမျိုးပြောကြည့်ဦးမယ်။ အရည်အချင်းစစ်တဲ့ စာမေးပွဲတစ်ခုဆိုပါတော့ အမှတ် ၁၀၀ဖိုးပဲ ပေးထားတယ်။ မေးခွန်းအားလုံးကို ဖြေနိုင်ရင် သူဟာ အမှတ် ၁၀၀ ရနိုင်တယ်။ သူ့ရမှတ်ကို ၁၀၀နှင့်တိုင်းတာလိုက်တယ်။ ဒါဟာ သူ့အရည်အချင်းအမှန် မဖြစ်နိုင်ဘူး။ သူ့မှာ ဒီထက်ပိုတဲ့ အရည်အချင်းတွေ ရှိနေနိုင်တယ်။ ဒီထက်တဆင့်ပြီးတဆင့်ပိုခက်တဲ့ မေးခွန်းတွေ မေးပြီးစစ်ရင် နောက်ထပ် မေးခွန်း ၅၀ (ခက်ခဲခြင်းအဆင့် ၁၅၀)လောက်တောင် ထပ်ဖြေချင်ဖြေနိုင်မှာပါ။ ဒါပေမဲ့ တိုင်းတာနိုင်တဲ့ အမှတ်၁၀၀က ကန့်သတ်ထားတယ်။ အဲဒီလို ကန့်သတ်ချက်ကို ceiling effect လို့ ခေါ်ပါတယ်။ လူတစ်ဦးရဲ့ စွမ်းရည်ဖြစ်တဲ့ IQ စတာတွေကို စစ်တဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။

ပေတံဆိုတာမျိုးဟာ အများစုအတွက်သုံးလို့ ရအောင် စီစဉ်ထားတဲ့ အတိုင်းအတာတွေပါ။ အရာအားလုံးကို တပြေးညီ ဘယ်လိုမှတိုင်းလို့ မရပါဘူး။ တပြေးညီ တိုင်းတာတဲ့အခါမှာ errorတက်တတ်ပါတယ်။

ဒါဆို စိတ်ဆိုတဲ့ အရာကို ဘာနဲ့ ဖော်ပြတိုင်းတာကြမလဲ။ အရမ်းကို ခက်ပါတယ်။ ခံစားချက် ဖီလင်ဆိုတာကို ဘယ်လိုပုံဖော်မလဲ။ စိတ်ပညာရှင်တွေက လူတစ်ယောက်ရဲ့ စိတ်ကို လေ့လာချင်ရင် သူရဲ့ အပြုအမှု၊ အမှုအရာ စသည်တို့ကတဆင့် လေ့လာကြပါတယ်။ ၀မ်းနည်းနေသူတစ်ယောက်ရဲ့ ယေဘုယျ အသွင်အပြင်ဟာ မျက်နှာအမူအရာ ညိုးငယ်နေမယ်၊ ငိုချင်နေတဲ့ အမူအရာက မြင်သာနေတယ်၊ သူနဲ့ စကားပြောကြည့်ရင် သူပြောတဲ့စကားတွေထဲမှာ ၀မ်းနည်းတဲ့ အရိပ်အမြွတ်ပါနေမယ်ဆိုရင် သူဝမ်းနည်းနေတယ်လို့ ကောက်ချက်ဆွဲလို့ ရပြီပေါ့..။ ဒါက စိတ်ပညာနယ်ပယ်က တိုင်းတာနည်းတမျိုးဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ခံစားချက်ကို ထိုသူရဲ့ အပြုအမူစသည်ကတဆင့် တိုင်းတာတဲ့အခါမှာလည်း ceiling errorဆိုတာ ရှိပါတယ်။ ပရိတ်သတ်အလယ်မှာ ပျော်ရွှင်စွာ သီချင်းဆိုနေသူတစ်ယောက်ဟာ (အများသတ်မှတ်ထားတဲ့ ပေတံထဲက အတိုင်း) ပျော်ရွှင်နေသူ ဖြစ်ချင်မှ ဖြစ်မှာပါ။ အားငယ်စွာ ငိုနေတဲ့ မိန်းကလေးတစ်ယောက်ဟာ တကယ်အားငယ်တာထက် အကြင်နာတစ်ခုရချင်လို့ ငိုပြနေတာလည်း ဖြစ်ချင်ဖြစ်နေမှာ..။ ဒါကြောင့် ခံစားချက်တွေကို ဖော်ပြရာမှာ နှုတ်က (တခါတရံ အပြုအမူနဲ့) ဖော်ပြဖို့ လွယ်သလောက် ထိုခံစားချက် အစစ်အမှန်ကို ပုံဖော်ပြဖို့ရာ တကယ်မလွယ်လှပါဘူး..။

သူငယ်ချင်း.. နည်းနည်းလောက်တော့ မေးချင်တယ်။ မင်းခံစားချက်ကို ပြောပြပါလို့ အမေးခံရတဲ့အခါ တခါတလေမှာ မင်းရဲ့ခံစားချက်အမှန်အတိုင်းကို ပြောပြဖို့ ခဲယဉ်းတာမျိုး ကြုံဖူးလားဟင်..။ အမှန်အတိုင်း ပြောချင်တာကိုတောင် တစ်ခါတလေ ကိုယ်တကယ်ခံစားရတဲ့ အတိုင်း ပြည့်ပြည့်၀၀ ပြောမပြတတ်တာမျိုးကော ကြုံဖူးလား..။ ဒါဆို ဒီအောက်ကသတင်းလေးကို ဖတ်ပြီး မင်းဘယ်လိုခံစားရလဲဆိုတာ လသာညကို ခင်မင်တဲ့အနေနဲ့ ပြောပြသွားပါလား..

NHK NEWS (11.9.2009)
“ဖခင် အရင်းက ၁နှစ်ခွဲအရွယ်ကလေးငယ် (သားအရင်း) ကို ရေခဲသေတ္တာ အခဲခန်းထဲကို ၃ရက်တိတိ ပစ်ထည့်သတ်လိုက်ခြင်း၊ အကြောင်းရင်းက မိမိစိတ်ညစ်နေချိန် အနားမှာ ငိုတာကို သည်းညည်းမခံနိုင်တော့၍ ဖြစ်သည်ဟုဆို..။”

မင်းဘယ်လို ခံစားရသလဲ...

လသာညတော့ ပြောမပြတတ်အောင် ခံစားသွားရတယ်..။
လသာည

Monday, September 14, 2009

လှချင်သူများ

ဂျပန်မှာ “ရယ်တဲ့သူဆီ နတ်ဘုရားကြွတယ်”ဆိုတဲ့ အဆိုလေးရှိပါတယ်။ အဲဒီအဆိုဟာ တကယ်သိပ္ပံနည်းကျတဲ့ အခြေအမြစ်ရှိတဲ့ စကားလည်း ဖြစ်ပါတယ်။

ပါးစပ်ကို အကျယ်ကြီးဖွင့်ပြီး အားရပါးရ ရယ်မောပစ်လိုက်တဲ့ အချိန် အောက်စီဂျင်အများကြီးကို လက်ခံယူလိုက်သလိုဖြစ်တယ်။ အသက်ကို အားရးပါးရ ရှုလိုက်သလိုမျိုး သွေးထဲကို အောက်စီဂျင်ရောက်သွားတယ်။ ဒီတော့ ဦးနှောက်ကို ပိုလန်းစေတယ်။ ခန္တာကိုယ်ကို အမောပြေစေတယ်။ နောက်ပြီး ရောဂါကိုခုခံကာကွယ်နိုင်စွမ်းကို အားပေးတယ်။ သွေးလမ်းကြောင်း နဲ့ အသက်ရှုလမ်းကြောင်းကို မှန်စေတဲ့အတွက် နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်။

နောက်ပြီး များများရယ်မောတတ်သူဟာ စိတ်ဖိစီးမှုကို မြန်မြန်မေ့လျော့စေပြီး ကာယကံရှင်တင်မက ပတ်ဝန်းကျင်ကိုပါ စိတ်ချမ်းမြေ့စေပါတယ်။ စိတ်ရောကိုယ်ရော ကျန်းမာစေတဲ့အတွက်လည်း စိတ်ချမ်းသာခြင်းသုခကို ရစေတယ်။ လူတစ်ယောက် ပျော်ရွှင်ရယ်မောစေခြင်းဟာ သူ့မိသားစုကိုပါ ပျော်ရွှင်စေနိုင်ပါတယ်။ ဒါဟာ မိသားစုအားလုံးအတွက် ချမ်းသာသုခ ပဲ မဟုတ်ပါလား။

ဒါကြောင့် တနေကုန်ပင်ပန်းလာခဲ့တဲ့ အမောလေးတွေ ပြေသွားအောင် အိမ်ရောက်တာနဲ့ တီဗွီကဟာသအစီအစဉ်တွေ နားထောင်လိုက်၊ဒါမှမဟုတ် အင်တာနက်မှာ ရယ်ရတဲ့ ဟာသလေးတွေ လျှောက်ဖတ် အားရပါးရသာ ရယ်ပစ်လိုက်ပါ။ (ကြော်ငြာ။ ။ လသာညတော့ ရယ်ချင်လာရင် Youtube က just for laugh အစီအစဉ်တွေ ရှာပြီး ကြည့်ရယ်ပစ်လိုက်တာ. gelakgulingဒီလိုမျိုး။ ရယ်တဲ့သူ လှ၏ လို့ဆိုလို့ ...ပိုလှအောင်လို... sengihnampakgigi

သူငယ်ချင်းလေးများ အားလုံးလည်း တနေ့တကြိမ် အနည်းဆုံးတော့ အားရပါးရ ရယ်ဖြစ်အောင်ရယ်လိုက်နော်။ လှချင်သူများ များများရယ်ပေးကြပါလို့...

လသာည..ပါ။

Reference- 笑いは天然の睡眠薬 ကို ဘာသာပြန်တာပါ။

Sunday, September 13, 2009

ကြံကြံဖန်ဖန် ပြောမယ်။

မပြောရရင် မနေနိုင်တဲ့ မင်းအတွက်
callme“မနေ့ကလေ...xxxxxxxxxx ”
adacall “အင်း ဟုတ်တယ်..xxxxxxxxxxxx.. ဟဲလို ဟဲလို---..”
“ဟင် စကားပြောလို့တောင် မကုန်သေးဘူး၊ ဖုန်းဘတ်ထရီက ကုန်သွားပြီ.တောက်”tension

သူနဲ့သာဖုန်းပြောရမယ်ဆိုရင် ဖုန်းပူရင်ပူပါစေ၊ ဘတ်ထရီဒေါင်းတဲ့အထိ ပြောမှာပဲဆိုတဲ့ သူငယ်ချင်းလေးများ၊ တကယ် ဘတ်ထရီကုန်သွားတော့လည်း ပြောစရာမကုန်လို့ စိတ်ညစ်နေသူ သူငယ်ချင်းလေးများ၊ ဖုန်းသာပြောတာ ဖုန်းchargerကို ရိုရိုသေသေ မကိုင်တော့ ၀ါးစားသလို တစ်ခုပြီးတစ်ခုဝယ်လို့မဆုံးတဲ့ သူငယ်ချင်းလေးများအတွက် သတင်းကောင်းပါ။

ဖုန်းပြောရင်း ဘတ်ထရီကုန်လည်း စိတ်မပူနဲ့။ လသာညက တီထွင်ထား..အဲလေ ကျိုတိုတက္ကသိုလ်က ကျောင်းသားတွေကို တီထွင်ခိုင်းထားတယ်။ မင်းအိမ်အပြင်ဘက် ကောင်းကင်မှာ မင်းအတွက် အဆင်သင့်လွှင့်ထားတဲ့ မိုးပျံပူဖောင်းတွေရှိနေပေးမယ်။ ဖုန်းဘတ်ထရီကုန်ရင် အပြင်ထွက် ဖုန်းလေးကိုင်ပြီး လမ်းလျှောက်လိုက်ရုံနဲ့ အော်တိုဘတ်ထရီပြည့်အောင် စီစဉ်ထားတယ်။ အဲဒီ အစီအစဉ် အောင်မြင်ရင် လသာညကုမ္ပဏီကနေ့ ဘတ်ထရီအားဖြည့်မိုးပျံပူဖောင်းကို ဈေးချိုချိုနဲ့ ပင်ရင်းဖြန့်ချီပါမယ်။ လိုချင်သူများ စာရင်းပေးပါ။sengihnampakgigi jelir

ဘာနံ့လဲ
လူတိုင်းမှာ ကိုယ်နံ့ဆိုတာရှိတယ်။ တစ်ရက်ကနေ ၂ရက်ကူးတဲ့အချိန် ရေများမချိုးရင် နွေရာသီများဆို ချွေးနံလေးက တသင်းသင်း နံစော်ပုံချင်းတော့ တူမယ်ထင်တယ် ။

ဒါပေမဲ့ ဂျပန်နိုင်ငံက ပေါက်ပေါက်ရှာရှာ သုတေသနလုပ်တဲ့သူတွေကြောင့် ထူးဆန်းတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့ရတယ်။ သုတေသနက အသက်အပိုင်းအခြားမတူတဲ့ အမျိုးသား ၅၀၀ယောက်ကိုပါ။ သူတို့တနေကုန်ဝတ်ထားတဲ့ အင်္ကျီကို ချက်ချင်းမလျှော်ပဲ နောက်တနေ့မှာ ယူလာခိုင်းပါတယ်။ အသက်အရွယ်အလိုက် အင်္ကျီတွေကို အုပ်စုခွဲပါတယ်။ ပြီးရင် ရနံပိုင်းဆိုင်ရာ ကျွမ်းကျင်သူပုဂ္ဂိုလ်များက ၎င်းအနံတွေကို ရှုပြီး အနံကို ဆုံးဖြတ်စေပါတယ်။

အဲဒီမှာ သူများနဲ့မတူ ထူးခြားတဲ့ အနံပိုင်ရှင်အရွယ်အပိုင်းအခြားကို သွားတွေ့ပါတယ်တဲ့..။ အဲဒါကတော့ အသက် ၃၀ပတ်ဝန်းကျင် (၂၅-၃၅)အရွယ်က လွဲပြီး ကျန်အသက်အပိုင်းအခြားကအမျိုးသားတွေဟာ တူညီတဲ့ ချွေးနံထွက်ပါတယ်တဲ့။ (၂၅-၃၅)အရွယ်ကတော့ တမူထူးတဲ့ အနံ့ကို ပိုင်ဆိုင်သတဲ့..။ ဘာနံထွက်မယ်ထင်လဲ.. sengihnampakgigi

အော်..အဖြေ ဟုတ်လား ပြောပြရမှာပေါ့လေmenari။ ဒါနဲ့ အားလုံး အင်းလျားကန်က အကြော်စားဖူးလား။ မစားဖူးတောင် မနက်ကို ပဲပြုတ်သည်နဲ့ အပြိုင် လာလာရောင်းတဲ့ ဘူးသီးကြော်၊ ဘယာကြော်ရော စားဖူးလား။ အကြော်သည်ကြီးအိမ်က အကြော်ကြော်ထားတဲ့ ဆီနံကို မွှေးကြည့်ဖူးလား..။ မမွှေးဘူးရင် ကိုယ့်ဘာသာကြော်ပြီး အကြော်ဆီကိုမွှေးကြည့်..အဲဒီအနံ့။ အဲဒါပဲ...gelakguling

တနေ့တာ အမောများပြေပျောက်ကြပါစေ။
လသာည.. ပါ။
Reference : : ၉လပိုင်း ၇-ရက်နေ့ ညပိုင်း ၇-နာရီNHK news ။ တကယ်က သတင်းက အများကြီးပဲ။ အဲဒီနှစ်ခုပဲ မှတ်မိလို့..။

Saturday, September 12, 2009

အထီးကျန်ဆန်ခြင်း

တချို့လူတွေက ရှိရင်းစွဲအသက်ထက် ငယ်တယ်လို့ထင်ရတယ်။ တချို့လူတွေက ရှိရင်းစွဲအသက်ထက် အိုမင်းသရောင်မြင်ရတယ်။ ဘာကြောင့်လဲ???

စိတ်သိပွံပညာရှင်John T. Cacioppo နဲ့ William Patrickက ပြောတယ် အထီးကျန်ခံစားခြင်းက လူကို အိုမင်း ရင့်ရော်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်တဲ့။

အထီးကျန်ခံစားမှုဆိုတာ လူတိုင်းလူတိုင်းကြုံဖူးပါတယ်။ ဥပမာ.. အသက်၅ နှစ်ပြည့်လို့ ကျောင်းကို စသွားရတုန်းက မျက်နှာစိမ်းတွေကြားထဲမှာ ကျန်ခဲ့ရမှာ အားငယ်လွန်းလို့ မိဘလက်ကို တင်းတင်းဆုပ်လို့ ငိုဖူးမယ်။ နောက် အခင်ဆုံးသူငယ်ချင်းနှင့် ခွဲခွာတုန်းက၊ ကိုယ့်ချစ်ခင်သူတစ်ဦးဦး ဆုံးပါးသွားစဉ်က မျက်ရည်တွေနဲ့ အားငယ်မှု၊ အထီးကျန်ခံစားမှုကို အလိုလိုခံစားမိမယ်။

လူသားအားလုံးမှာ အထီးကျန်ချိန်ဆိုတာ ရပါတယ်။ ဘယ်လောက်နာမည်ကြီးသူ၊ ခွန်အားကြီးသူဖြစ်ဖြစ် တချိန်တော့ အထီးကျန်စိတ် ခံစားဖူးတဲ့သူချည်းပါပဲ..။ ဒါပေမဲ့.. တစ်ခုတော့ရှိတယ်။ အဲဒီ အထီးကျန်ခံစားမှုကို ခဏတဖြုတ်ပဲခံစားပြီး တွန်းလှန်နိုင်အောင် ကြိုးစားမှ ဖြစ်ပါမယ်။ မကြိုးစားနိုင်ခဲ့ရင် အထီးကျန်ခံစားမှုဟာ ရောဂါတစ်ခုလို ကာယကံရှင်ကို အမြစ်တွယ်စေပါတယ်တဲ့။

Cacioppo နဲ့ Patrick ကပြောတယ်။

“Loneliness: Human Nature and the Need for Social Connection”ပါတဲ့.။

အထီးကျန်ဆန်ခံစားမှုဟာ လူတစ်ယောက်ရဲ့ သွင်ပြင်အမူအယာကို လေးလံထိုင်းမှိုင်းစေတယ်။ ဒါတင်မက stress hormonesကို ဖြစ်စေတယ်။ ခန္တာ ကိုယ်တွင်း လုပ်ငန်းစဉ်တွေကို ကြန့်ကြာစေပါတယ်။ ဒီပြောင်းလဲမှုတွေဟာ လူများစွာကို စောစီးစွာ ရင့်ရော်စေပါတယ်တဲ့။

ဒါအပြင် အထီးကျန်ဆန်ခြင်းကြောင့် အယ်ဇိုင်းမား ရောဂါကို ဖြစ်စေတတ်တယ်။ အထီးကျန်ဆန်နေတဲ့လူတွေဟာ အစားအသောက်ပျက်ခြင်း၊ အိပ်မပျော်ခြင်း ကို အမြဲခံစားရတယ်။ ကိုယ့်ကိုယ့်ကို ယုံကြည်မှုလျော့စေတယ်။ လူတွေကြားထဲမှာနေရင်း အလိုလို သိမ်ငယ်လာစေတယ်။ အထီးကျန်ခြင်းဟာ လူကို တခါတရံ ရူးသွပ်သလို ခံစားရစေတယ်။

ဒါကြောင့်လည်း တရားရုံးက ပြစ်ဒဏ်တွေထဲမှာ နယ်နှင်ဒဏ်ဆိုတာပါဝင်နေတာပေါ့။ နယ်နှင်ဒဏ်ဆိုတာ တရားခံရဲ့စိတ်ကို အကြီးမားဆုံးပြစ်ဒဏ်ခတ်ခြင်းလို့ သတ်မှတ်လို့ရပါတယ်။ သူသေသည်အထိ အထီးကျန်ခံစားစေဖို့ ထိုသူ့စိတ်ကို သေဒဏ်ပေးခြင်းပါပဲ။

အထီးကျန်ခံစားမှုဆိုတာ စိတ်ကျရောဂါ(depression)နဲ့တူသလားလို့ မေးရင် အဖြေက “မတူပါဘူး”ဖြစ်ပါတယ်။ အထီးကျန်ခံစားမှုဆိုတာ ဆေးသောက်၊ တရားထိုင်လို့ မပျောက်ဘူး။ သူက ရောဂါမှ မဟုတ်တာ။

ဒါဆို ဘယ်နည်းနဲ့ ကုစားကြမလဲ..။ အထီးကျန်ခြင်းကို ဆေးသောက်ပြီး မပျောက်စေနိုင်ပေမဲ့ ကုသနည်းတော့ ရှိပါတယ်။ Cacioppo နဲ့ Patrick ရဲ့ cognitive behavioral therapy ပါ။သူတို့က ဒီလိုပြောတယ်။ “EASE ”တဲ့...


Eက “Extend yourself.” တခြားသူတွေနဲ့ ဖြေးဖြေးချင်း ဆက်သွယ်ပေါင်းသင်းကြည့်ပါ။ တစ်ယောက်တည်း မနေပါနဲ့။

A က having an “Action plan.” အဖွဲအစည်းတစ်ခုခုထဲမှာပါဝင်ကြည့်ပါ။ ဥပမာ ဘောလုံးအသင်း၊ အဆိုအကသင်တန်းစသည်.. (ကြော်ငြာဝင်တာ။ ။ သူငယ်ချင်း.. ဘလော့ရေးပြီး အင်တာနက်ထဲမှာ သူငယ်ချင်းလေးတွေ ဖွဲ့ကြည့်ရင်ကော.. :D )

S က“Selection.” သူငယ်ချင်းမိတ်ဆွေကို ရွေးပေါင်းပါ။ ပိုက်ဆံ၊ရာထူးကြည့်ပေါင်းဖို့ ပြောတာမဟုတ်ပါဘူး။ စိတ်နေစိတ်ထား၊ ၀ါသနာတူသူကို ရွေးပေါင်းမှ ရေရှည်မှာလက်တွဲညီမှာလေ..

E က “Expect the best.”အကောင်းမြင်စိတ်လေးပါ ထားပေါ့နော်။

တကယ်တော့ လူဆိုတာ လူတွေထဲမှာသာ ပျော်ဝင်ကျက်စားလိုတဲ့သတ္တ၀ါပါ။ ဒီလိုတွေးလိုက်ရင် အဖြေက အလိုလို ထွက်လာတယ်။ လူသားအချင်းချင်း ဂရုစိုက်ခြင်းဆိုတာပါပဲ.။ လူသားတွေရဲ့ အဓိက လိုအင်တွေထဲမှာ လူသားအချင်းချင်း နားလည်မှု၊ အပြန်အလှန် ဂရုစိုက်မှု၊ အကောင်းမြင်မူတွေလည်း ပါဝင်ပါတယ်။ အလုပ်ကို ပင်ပန်းစွာလုပ်နေပေမဲ့ အများနှင့် ရောနှောပျော်ရွှင်နေသူဟာ အလုပ်မလုပ်ပဲသက်တောင့်သက်သာနေရပြီး တစ်ဦးတည်း အထီးကျန်ခံစားနေသူထက်စာရင် မျက်နှာကအပြုံးဟာ ပျိုမြစ်နေမှာ ဖြစ်ပါတယ်။

အားလုံးပဲ ပျိုမြစ်နုနယ် နိုင်ကြပါစေ..။senyum

လသာည..ပါ..။

Friday, September 11, 2009

မီးနီကို ဖြတ်သူ

ညနေက ကျောင်းလမ်းမှတ်တိုင်နားက မီးပွိုင့်မှာ မီးနီစောင့်နေရင်း ဘေးပတ်ဝန်းကျင်ကို ငေးကြည့်မိတယ်။ မီးပွိုင့်နားမှာ ကျောင်းသား သုံးလေးယောက်နဲ့ ဆရာနဲ့တူသူ ၂ယောက်ရှိနေခဲ့တယ်။ မီးနီလို့ စောင့်နေရပေမဲ့ ကားအသွားအလာက ရှင်းနေခဲ့တယ်။

အဲဒီအချိန်မှာ အလျင်စလိုဖြစ်နေဟန်တူတဲ့ ကျောင်းသန့်ရှင်းရေးအလုပ်သမားတစ်ဦးဟာ မီးစိမ်းတဲ့အထိ မစောင့်ပဲ ဖြတ်သွားတာတွေ့ရပါတယ်။ စောင့်နေသူ ကျောင်းသားအားလုံးက ထိုလူကြီးကို အထင်သေးသလို လှမ်းကြည့်လိုက်ချိန်မှာ စောင့်နေသူဆရာနှစ်ယောက်ထဲက ဆရာတစ်ဦးဟာ စောင့်ရတာကို စိတ်မရှည်ဟန်နဲ့ မီးနီထဲကို ဖြတ်သွားပါတော့တယ်။ အလုပ်သမားကြီး ဖြတ်တုန်းက အထင်သေးဟန်ရှိနေတဲ့ ကျောင်းသားအားလုံးလိုလို လမ်းကို ကူးဖြတ်သွားတာကို တွေ့ရတယ်။ သြော်....tepuktangan

အဲလဘတ် ဘန်ဒူလာရဲ့ Social cognitive theory က ဒီလိုပြောတယ်။ လူ၊ ပတ်ဝန်းကျင်၊ အပြုအမူ ဒီသုံးခုဟာ အပြန်အလှန်ဆက်သွယ်နေပါတယ်တဲ့။

၁) လူဟာ ပတ်ဝန်းကျင်မတူရင် ပြုမူပုံ အပြုအမူမတူတတ်ဘူးတဲ့။ အခုနက ကျောင်းသားတွေဟာ ကားတွေအများကြီး ဖြတ်သန်းနေတဲ့ နေ့လည်ချိန်ဖြစ်ခဲ့ရင် စည်းကမ်းဖောက်တဲ့ အပြုအမူကို ပြုမူမှာ မဟုတ်ပါဘူး။ လမ်းကို ဖြတ်ကူးသွားသူ ဆရာသည်လည်း သူ့ထက် အကြီးအကဲ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့သာ သွားလာနေချိန်ဆို ဒီလိုလုပ်မယ်မထင်ပါဘူး။

၂) လူနဲ့ ပတ်ဝန်းကျင်ကလည်း ဆက်စပ်နေတယ်။ ကားတွေအများကြီး ဖြတ်သန်းနေတဲ့ နေ့လည်ချိန်မှာ မော်တော်ပီကယ်တွေ အများကြီး စောင့်ကြည့်နေခဲ့ရင် စည်းကမ်းဖောက်တဲ့ အပြုအမူကို ပြုမူချင်မှပြုမူမှာပါ ။ အရင်စလို မဖြတ်ပဲ အေးအေးဆေးဆေး အညောင်းပြေလမ်းလျှောက်ချိန်ဆိုလည်း ဒီလိုဖြစ်ချင်မှဖြစ်မှာ..။

၃) ဒီလိုအခြေအနေကြုံတိုင်း လူတိုင်း ဒီလိုပြုမူလိမ့်မယ်လို့ ပြောလို့မရပါဘူး။ လူတစ်ဦးချင်းစီရဲ့ အကျင့်စရိုက်က သူအပြုအမူကို ထိန်းသိမ်းသွားတာမို့ အပြုအမူမတူနိုင်ပါဘူး။

ဒါကြောင့် အဓိကကတော့ သူများပြုမူလို့၊ ဆရာကပြုမူလို့၊ သူငယ်ချင်းက ဒါမျိုးလုပ်လို့ ဆိုတာထက် ကိုယ့်ရဲ့ self-regulation က ပိုအရေးကြီးတယ်။ လူကွယ်ရာလည်း စည်းကမ်းမဖောက်နဲ့နော် လသာညtakbole..၊ ဟုတ်ကဲ့...sengihnampakgigi

(သြော်.. ပြောဖို့ မေ့သွားတယ်။ အခုနက ဖြတ်သွားတဲ့ ကျောင်းသားထဲမှာ လသာညလည်းကျောင်းသားဆိုတော့ ဖြတ်မိသွားjelir မိလို့ ကိုယ့်ဘာသာဆုံးမနေတာပါ။ ဘယ်သူကိုမှ မပြောဘူး လသာညကို ပြောတာနော် :D )

လသာည..ပါ

Reference: Schunk, D. H., & Pajares, F. (2002). The development of academic self-regulation. In A. Wigfield & J. Eccles (Eds.), Development of achievement motivation (pp. 16-31). San Diego: Academic Press.