Tuesday, July 7, 2009

မျိုးရိုးကြောင့်လား။ ပတ်ဝန်းကျင်ကြောင့်လား

လူတစ်ယောက်ယောက်ကို ဝေဖန်တဲ့ အခါ ကျွန်မတို့ပြောလေ့ ရှိကြပါတယ်။ “သူတို့မျိုးရိုးက အနုပညာမျိုးရိုးတွေကွ”။ “သူက သူ့အဖေလိုပဲ မှတ်ဥာဏ်တအားကောင်းတာ။” “ ဘာမှ မသိဘူး။ တုန်းလိုက်တာလွန်ရော။ နင့်အမေလိုပဲ။” “သူကခိုးမှာပေါ့။ သူ့အဖေက ဒမြဗိုလ်လေ” စသည်ဖြင့် မျိုးရိုးကို ကြည့်လို့ ဆုံးဖြတ်ကြတယ်။

ဒါပေမဲ့ လည်း တခါတလေ “တစ်မိပေါက်တစ်ယောက်ထွန်း”ဆိုသလို ကုန်သည်မျိုးရိုးထဲကနေ အနုပညာရှင် ထွက်လာတာမျိုး ရှိတတ်တယ်မဟုတ်လား။

တချို့ကြတော့လည်း တစ်စုံတစ်ယောက်ကို ကြည့်တဲ့အခါ သူ့ပတ်ဝန်းကျင်မှတဆင့် အကဲဖြတ်ကြတယ်။ “သူကတော်မှာပေါ့ဟာ။ သူ့အဖေက ချမ်းသာတော့ ကျောင်းကောင်းကောင်းနေရတာကိုး။”
“သူက မြန်မာလူမျိုးပေမဲ့ အင်္ဂလိပ်စာကျွမ်းမှာပေါ့။ အမေရိကားမှာ ကြီးပြင်းတာကိုး။”
“ပတ်ဝန်းကျင်ကောင်းမှ အကျင့်ကောင်းတာဟ”
စသည်ဖြင့်လည်း ပြောလေ့ရှိကြတယ်။

ဒါပေမဲ့ မိဘက ချမ်းသာလို့ ကျူရှင်တွေ ဘယ်လောက်ထားထား။ မှတ်ဥာဏ်မကောင်းလေတော့ စာမေးပွဲတဖုန်းဖုန်းကျနေတဲ့ သူတွေလည်း ရှိတာပဲလေ။ ဂျပန်မှာ အကြာကြီးနေပြီး ဂျပန်စကားမတတ်တဲ့ သူတွေလည်း ရှိနေသေးပြန်ရော။ ဒါက အခြေအနေ၊ နေ့စဉ်လိုအပ်ချက်အတိုင်းအတာ၊ အသက်အရွယ်၊ ဗီဇ၀ါသနာ စတာတွေလည်း ပါနိုင်တာမိုလို့ ပတ်ဝန်းကျင်တစ်ခုတည်းပေါ် မူတည်သတ်မှတ်လို့ မရနိုင်ဘူးထင်တယ်လို့ ဆိုလိုတာပါ.

ဒါဆို လူတစ်ယောက်ရဲ့ အသိဥာဏ်စွမ်းရည်ဟာ အဓိကအားဖြင့် မျိုးရိုးပေါ်မူတည်တာလား၊ ပတ်ဝန်းကျင်ပေါ်မူတည်တာလားလို့ မေးလာရင် ဘယ်လိုဖြေကြမလဲ။
ဒီအချက်နဲ့ ပတ်သက်လို့ စိတ်ပညာရှင်တွေဟာ ရာစုနှစ်ပေါင်းများစွာ ငြင်းခုံလာခဲ့ကြပါတယ်။ အခုထိလည်း ငြင်းကြတုန်းပဲ ရှိပါသေးတယ်။ စိတ်ဝင်စားစရာကောင်းတာမို့ ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

ပထမဆုံး တင်ပြချင်တာက လူတစ်ယောက်ဟာ မျိုးရိုးကိုလိုက်ပြီး ပြောင်းလဲတယ်ဆိုတဲ့ အမြင်သမားတွေရဲ့ အတွေးအခေါ်လေးပါ။

Evolution theoryကို တင်ပြခဲ့တဲ့ Darwin၏ နောက်လိုက်တပည့် Galtonက လူသားတွေရဲ့ စွမ်းရည်ဆိုတာ မျိုးရိုးကို လိုက်တယ်လို့ သုတေသနတစ်ခုမှတဆင့် ငြင်းဆိုသွားပါတယ်။

သူ့၏ သုတေသနကတော့ ထူးချွန်ထက်မြက်သူမိသားစု ၃၀၀၏ သားသမီးတွေဟာ ဘယ်လိုလူ၊ ဘယ်လိုအလုပ်အကိုင် တွေမှာ ထူးချွန်သလဲဆိုတာကို လေ့လာခြင်း ဖြစ်ပါတယ်။ မိသားစု ၃၀၀မှ သားသမီး/မြေးမြစ် ၉၇၇ ယောက်ဟာ ထူးချွန်သူတွေပဲ ဖြစ်လာကြောင်းလေ့လာတွေရှိရပါတယ်တဲ့။ ဒါကြောင့် ဥာဏ်ရည်နှင့် ပတ်သက်ရင် ပိုပြီး မျိုးရိုးလိုက်တယ်လို့ ဆိုပါတယ်။ ဥာဏ်ရည်ဆိုတာ မိဘ၊ ဘိုးဘွား အစဉ်အဆက် မျိုးရိုးတူတယ်တဲ့။ နောက် မျိုးရိုးလိုက်တာက အနုပညာလို့ ဆိုပါတယ်။

အဲဒီအချိန်ကတဲက မှတ်ဥာဏ်ရဲ့ အခန်းကဏ္ဍဟာ အရေးပါနေခဲ့ကြပြီဖြစ်ပါတယ်။ လူသားအသက်ရှင်ရပ်တည်ဖို့အတွက် မှတ်ဥာဏ်က အလွန်အမင်းအရေးပါတယ်လို့ သတ်မှတ်ပြီး လူတစ်ယောက်စွမ်းရည်ကို ဝေဖန်ရင် မှတ်ဥာဏ်ကောင်းလား၊မကောင်းဘူးလား။ လုပ်တာကိုင်တာ အောင်မြင်ရင် မှတ်ဥာဏ်ကောင်းလို့ စသည်ဖြင့် ပြောဆိုနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ (အဲဒီတုန်းက အိုင်ကျူ testတွေ မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ Binet နှင့် Terman တို့မှ IQ ဥာဏ်ရည်စစ်ဆေးလွှာတွေကို တည်ဆောက်ခဲ့ ကြပါတယ်။)

နောက်ထပ် မျိုးရိုးဗီဇဖက်က ငြင်းဆိုသွားသူတစ်ယောက်ကတော့ အမေရိကန်စိတ်ပညာရှင် Goddardပါ။ သူရဲ့ သုတေသနကတော့ ပညာရှင်ကြီးတစ်ယောက်ကို အခြေခံထားပါတယ်။ စစ်အတွင်းတုန်းက ပညာရှင်ကြီဟာ တပြည်တကျေးမှာ ဥာဏ်ရည်သိပ်မရှိတဲ့ (ပြောရရင် သိပ်ကျပ်မပြည့်ချင်ဘူးဆိုပါတော့) ကျေးတောသူနဲ့ အိမ်ထောင်ကျပါတယ်တဲ့။ ကလေးတွေ ရခဲ့တယ်။

စစ်ကြီးပြီးတော့ သူနယ်မြေကို ပြန်လာပြီး ဥာဏ်ရည်မြင့်တဲ့ ပညာတတ်အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ထပ်ကျတယ်။ ကလေးတွေထပ်ရတယ်။ Goddardက ထိုပညာရှင်ကြီးနှင့် ရတဲ့ နှစ်ယောက်သောမိန်းမက မွေးလာတဲ့ ကလေးတွေကို နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။

Goddardထင်တဲ့ အတိုင်းပါပဲ ဥာဏ်ရည်နိမ့်အမျိုးသမီးနှင့် မွေးသောကလေး၊မြေးများ၏ ၉၀ရာခိုင်နှုန်းကျော်ဟာ ဥာဏ်ရည်နိမ့်ပြီး။ ဥာဏ်ရည်မြင့်အမျိုးသမီးနှင့် မွေးသောကလေး၊မြေးများ၏ ရာခိုင်နှုန်းအများစုဟာ ဥာဏ်ရည်မြင့်ကြပါတယ်။

နောက်တစ်ယောက်ကတော့ အင်္ဂလန်က စိတ်ပညာရှင် Burtဖြစ်ပါတယ်။ သူကလည်း မှတ်ဥာဏ်ဆိုတာ မိဘမျိုးရိုးလိုက်တယ်လို့ ဆိုပါတယ်။( ရှည်မှာစိုးလို့ သုတေသနကိုတော့ ချန်ထားခဲ့ပါမယ်)။

၁၉၅၀ မတိုင်မီကာလအထိ ဘာပဲဖြစ်ဖြစ် မျိုးရိုးကြောင့်လို့ လူသားအသိုင်းအ၀ိုင်းက လက်ခံလာခဲ့ကြပါတယ်။ ၁၉၅၀ နောက်ပိုင်းမှာတော့ လူစွမ်းရည်ဟာ မျိုးရိုးမဟုတ်ဘူး။ ပတ်ဝန်းကျင်ကြောင့်ပါလို့ အဆိုတင်သွင်းလာသူနှစ်ဦး ရှိလာခဲ့ပါတယ်။ Skeel နှင့် Dyeတို့ ဖြစ်ပါတယ်။ သူတို့ နှစ်ယောက်လေ့လာခဲ့တဲ့ သုတေသနတစ်ခုက စိတ်ပညာလောကတစ်ခုလုံးကို ဂယက်ရိုက်သွားခဲ့ပါတယ်။

၁၉၃၉ ခုနှစ်လောက်က ဖြစ်ပါတယ်။ IQ ၄၆ ရှိတဲ့ ၁၃လသား ကလေးငယ်တစ်ဦးနှင့် IQ ၃၅ ရှိတဲ့ ၁၆လသား ကလေး တစ်ဦးကို မိဘမဲ့ကလေးဂေဟာကနေပြီး ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာနကို ပို့ပေးခဲ့ပါတယ်။ (မှတ်ချက်။ IQ ပျမ်းမျှ ကတော့ ၁၀၀ပါ။ ၁၃၀ထက်ကျော်သူဟာ IQ မြင့်သူဖြစ်ပြီး ၇၀ ထက်နည်းသူကိုတော့ IQနိမ့်တယ်လို့ ယေဘူယျ သတ်မှတ်ကြပါတယ်)

ထိုဌာနမှ ၀န်ထမ်းအမျိုးသမီးတွေဟာ ဒီကလေးငယ်နှစ်ဦးအပေါ် အရမ်းသံဃောဇဉ်တွယ်သွားခဲ့တာမို့ ကလေးငယ်တွေကို တချိန်လုံးဂရုစိုက်ကြတယ်။ ကစားစရာတွေ၊ ပုံပြင်စာအုပ်တွေ ၀ယ်ပေးတယ်။ အတူတူ ကစားကြခဲ့တယ်။

ဒီလိုနဲ့ ထိုဌာနကို ရောက်ပြီး ၆လအကြာမှာ ကလေးတွေရဲ့IQ ကို ထပ်မံစစ်ဆေးကြည့်တော့ IQ ၄၆ရှိတဲ့ ကလေးက ၇၇။ IQ ၃၅ရှိတဲ့ ကလေးက ၈၇ အထိ တက်လာတာကို အံသြဖွယ်ရာတွေ့ရှိရပါတယ်။

ထိုရလာဒ်မှတဆင့် နောက်ထပ် သုတေသနတစ်ခုကို ထပ်လုပ်ခဲ့ပါတယ်။ ပထမဆုံး IQ နိမ့်တဲ့ကလေးတွေနဲ့ IQမြင့်တဲ့ ကလေးတွေကို အုပ်စုနှစ်ခုခွဲပါတယ်။ IQမြင့်တဲ့ ကလေးတွေကို လက်ရှိဌာနမှာပဲ ထားရစ်ခဲ့ပြီး IQ နိမ့်တဲ့ ကလေး၁၃ယောက်ကို မိဘမဲ့ကလေးဂေဟာကနေပြီးခေါ်ယူခဲ့ပြီး နောက်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဌာနကိုပို့ခဲ့ပါတယ်။

ပို့ပြီး ၆လအကြာ၊၃၀လ အကြာမှာ ယခင်အတိုင်း IQကို နောက်တကြိမ်စစ်ဆေးခဲ့ပါတယ်။ ကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာနရောက်သွားတဲ့ ကလေးတွေဟာ ပထမကလေးငယ်နှစ်ဦးအတိုင်း IQ မြင့်သွားကြတာကို တွေ့ရပြီး IQမြင့်လို့ မိဘမဲ့ဂေဟာမှာ ထားရစ်ခဲ့တဲ့ကလေးတွေ (အားလုံး)ဟာ ပုံမှန်ထက်နိမ့်ကျသွားတာကို တွေ့ရပါတယ်တဲ့။ ထိုမိဘမဲ့ဂေဟာအနေနဲ့ ကလေးတွေကို အဖော်လုပ်ပေးနိုင်လောက်အောင် ၀န်ထမ်းတွေမများသလို အားလည်း မအားကြပါဘူး။ ကလေးများကတော့ မှောင်နေတဲ့၊ ပြီးတော့ ဘာမှလည်း မရှိတဲ့ အခန်းလေးထဲမှာ အချိန်ကုန်ရင်း ကြီးပြင်းရတာပါ။ ဒါဟာ ကလေးတွေရဲ့ ဥာဏ်ရည်ကို နိမ့်ကျသွားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ပါတော့တယ်။

ထိုသုတေသနရလာဒ်မှတဆင့် ကောက်ချက်ဆွဲခဲ့တာကတော့ ငယ်ရွယ်နုနယ်စဉ်အချိန်မှာ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းခွင့်ရရှိခဲ့ရင် သူတို့ရဲ့ အသိဥာဏ်စွမ်းရည်ကို ပြုပြင်လို့ ရပါတယ်လို့ ဆိုပါတယ်။ ၁၉၆၀နောက်ပိုင်း ဥာဏ်စွမ်းရည်အတွက် ပတ်ဝန်းကျင်ဟာ အရေးပါတယ်ဆိုတဲ့ အယူအဆဟာ တဖြေးဖြေး ကြီးထွားလာခဲ့ပြီး။ ထိုခေတ်က ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ထိုအကြောင်း စိတ်ကူးဇာတ်လမ်းတွေ အမျိုးမျိုး ထွက်လာတဲ့အထိဂယက်ရိုက်ခတ်ခဲ့ပါတယ်။

၎င်းနောက်ပိုင်း ပတ်ဝန်းကျင်ရော မျိုးရိုးဗီဇကော အရေးကြီးကြောင်း၊ ထိုနောက်မှာတော့ ပတ်ဝန်းကျင်ရဲ့ အရေးပါမှုဟာ လူကြီးဘ၀ထက် ကလေးအရွယ်မှာ ပိုသက်ရောက်ကြောင်း စွမ်းရည်ကိုလိုက်လို့ လိုအပ်တဲ့ အသက်အပိုင်းအခြား ကွာခြားကြောင်းစသည်တို့ကို သုတေသနများစွာမှတဆင့် လေ့လာသိရှိနိုင်လာပြီ ဖြစ်ပါတယ်။


Reference
Burt, C.1966 The genetic determination of differences in intelligence: A study of monozygotic twins reared together and apart. Brith Journal of Psychology, 57,137-153
市川伸一 1995 学習と教育の心理学株式会社
Skeels, H.M. 1966 Adult status of children with contrasting early life exeriences: A follow-up study. Monographs of the society for Research in child Devellopment,31 (serial No.105)


မှတ်ချက်။ ။ ထုံးစံအတိုင်း ဒီပို့စ်လေး ရေးအပြီးမှာ ဒီလိုခေါင်းစဉ်နဲ့ ဘယ်သူများ ရေးထားတာရှိသလဲလို့ google မှာ မြန်မာလို ရိုက်ရှာခဲ့ပါတယ်။ (တူနေရင် copyပုံစံမျိုးအထင်လွဲခံရမှာ စိုးတာရယ်၊ အကြောင်းအရာတူပြီး ကိုယ့်ထက်ပိုကောင်းနေရင် ကိုယ်ကအပင်ပန်းခံရေးထားပေမဲ့ ပို့စ်မတင်ပဲ ထားလိုက်တာမျိုး လုပ်ချင်လို့ပါ။ တခြားအကြောင်းမရှိပါဘူး။ အခုထိတခါမှတော့ တူတာမတွေ့ဖူးပါဘူး)

ဒီနေရာလေးမှာ တွေ့တာက IQ နှင့် EQ အကြောင်း အသေးစိတ်ရေးသားထားတာတွေ့ရပါတယ်။ ရေးပုံခြင်း အကြောင်းအရာချင်း မတူပေမဲ့ သူရေးထားတာလည်း တော်တော်ကောင်းတာမို့လို့ တကယ်လို့ IQ အကြောင်း စိတ်ဝင်စားသူရှိရင် သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်လို့ ညွှန်ပြပါရစေ။

တနေ့တာ အမောများပြေပျောက်နိုင်ပါစေ။
လသာည ဖြစ်ပါသည်။

No comments: