Thursday, July 16, 2009

ရွာလည်ခြင်း

ရွာလည်သွားတယ်။ ရွာတစ်ရွာကိုပေါ့။

စိတ်ဝင်စားနေတာကြာပြီ။ မသွားဖြစ်ခဲ့ဘူး။ သူငယ်ချင်းတစ်ယောက်ဆီက သတင်းအရ “အဲဒီရွာက လူတွေက မျက်နှာဖုံးတွေ စွပ်ထားကြတယ်။ အချစ်ဇာတ်လမ်း၊ အလွမ်းအဆွေး၊ အကြမ်းအရမ်း၊ မော်ဒန် အက်ရှင်ကားတွေလည်း အဲဒီမှာ အလကားကြည့်ရတယ်။နောက်ပြီး မင်းသိချင်တာအားလုံးကို အဲဒီမှာ မင်းသိနိုင်တယ်”တဲ့။ သူပြောတာကြားကတဲက စိတ်ဝင်စားနေခဲ့တာ တနေ့တော့ ရောက်အောင်သွားမယ်ပေါ့။

၂၀၀၉-ခုနှစ် ဇန္န၀ါရီလမှာကျောင်းကိစ္စတစ်ခုကို အကြောင်းပြုပြီး အဲဒီရွာကို စပြီးခြေချမိတယ်။ တကယ်ပဲ ကြားထားတဲ့သတင်းထက်တောင် အံ့သြဖွယ်ရာတွေ အများကြီးရှိတာတွေ့ရတယ်။ စိတ်ဝင်စားလွန်းလို့ လာရင်းကိစ္စကိုတောင် မေ့သွားပြီး တနေကုန် ရွာထဲမှာလည်နေမိတယ်။

ရွာသားတွေက တကယ်ပဲ မျက်နှာဖုံးတွေနဲ့ပဲ။ ဘာဖြစ်လို့ တကယ်မျက်နှာအတိုင်းမတွေ့ရတာလဲလို့ အနီးအနားကလူကို မေးကြည့်မိတယ်။ အိုး..သူလည်း မျက်နှာဖုံးနဲ့ပါလား။ သူက “သြော်.. ဒီရွာရဲ့အနေအထားအရ မျက်နှာဖုံးစွပ်မှ ရမှာမို့လို့ပါ၊ ခင်ဗျားလည်း ဒီရွာထဲဝင်ရင် မျက်နှာဖုံးစွပ်တာပိုကောင်းတယ်ဗျ။” ဒါပေမဲ့ အဲဒီတုန်းက သူပြောစကားကို သိပ်နားမလည်ခဲ့ဘူး။

နောက် သူနဲ့ခင်သွားတော့ သူက သူ့အိမ်ကို ဖိတ်ခဲ့တယ်။ သူအိမ်လေးက လှလိုက်တာ။ အထဲဝင်သွားလိုက်တော့ ဒီနေ့ သူအိမ်ကို ဧည့်သည် အယောက်၂၀ လာသွားကြောင်း သူကပြောပြတယ်။ သြော်.. သူက ရေတွက်ထားတယ်ထင်ပါ့။

“ဒီရွာက ဧည့်သည်ကို မျှော်တဲ့ ရွာဗျ။ အိမ်ရှင်တွေက ကိုယ့်အိမ်ကို ဧည်သည်တွေလာတာ များရင် ပျော်ကြတယ်။ လာအောင်လည်း ဖွယ်ဖွယ်ရာရာ ပြင်ဆင်ကြရတာပေါ့ဗျာ။ တခါတလေဆို လိုက်တောင်ဖိတ်ရတာ။ ခင်ဗျား ဒီရွာမှာ နေတာကြာရင် ပိုပျော်သွားမှာပါ။”

“ဒါနဲ့ တနေ့ကို ဧည်သည့် အယောက် ၂၀ဆိုတာ မနည်းဘူးနော်။ ဒီအိမ်လေးမှာ စိတ်ဝင်စားစရာ တစ်ခုခု ရှိပုံရတယ်။”

သူက ကျေနပ်တဲ့ အပြုံးနဲ့ ပြုံးလိုက်ရင်း “ဒီရွာမှာ အိမ်ဆောက်နည်းကို လာတဲ့ဘယ်သူ့ကို မဆို သင်ပေးနေတာလေ။ စေတနာနဲ့ ပြပေးနေတာပါ။”

“သြော်.ဟုတ်လား။ စေတနာကို လေးစားလိုက်တာ။ ဒီရွာမှာ အိမ်ဆောက်ဖို့တောင် စိတ်ဝင်စားလာပြီ။ ဘယ်လိုဆောက်ရမယ်ဆိုတာ ကျွန်မကို သင်ပေးပါနော်။ ဒီအိမ်ကို မကြာခဏလာပါရစေနော်။”

“အိုကေလေ။ အခြေခံအားလုံး ဒီအိမ်ထဲမှာ လေ့လာသွားပါ။ နောင်လည်း လိုအပ်ရင် အမြဲလာလည်လို့ရပါတယ်။”

“ကျေးဇူးတင်လိုက်တာ။ ဟို.. ဒါကျွန်မလိပ်စာပါ။ ဒါနဲ့..ဒီက နာမည်လေး.?

သူက ပြုံးသွားတယ်။
“ ခင်ဗျားက ကျွန်တော်စောစောကပြောထားတာကို မေ့သွားပြီကိုး။ ဒီရွာမှာ ကိုယ်နာမည်အတိအကျ ကို ပြောပြဖို့ မလိုသလို၊ အိမ်ရှင်အကြောင်းလည်း တတ်နိုင်ရင် မစပ်စုပါနဲ့ လို့ စေတနာနဲ့ မှာပါရစေ။ ကျွန်တော်ကတော့ ကိစ္စမရှိပါဘူး။ မျက်နှာဖုံးနဲ့လာလာ၊ မျက်နှာဖုံးနဲ့ မလာလာ လာတဲ့သူအဆင်ပြေသွားရင် ပြီးတာပဲ။”

ဘာတွေမှန်းလည်း မသိဘူး။ ရှုပ်နေတာပဲလို့ တစ်ယောက်တည်း တိတ်တိတ်လေး ရေရွတ်မိတယ်။

သူက ဆက်ပြီး “အိမ်ရှင်နာမည်ထက် အိမ်ရဲ့နာမည်လေးကို မှတ်တာက ခင်ဗျားအတွက် ပိုအသုံးဝင်မှာပါ ။ ခင်ဗျားနောက်ကျ နားလည်သွားမှာပါ။ တခြားအိမ်လေးတွေလည်း ၀င်ရောက်လေ့လာသွားလို့ရပါတယ်။ အိမ်ရှင်ကိုတော့ နုတ်ဆက်ခဲ့ပေါ့။”

“ကျွန်မကို မသိပဲနဲ့ သူတို့လက်ခံပါမလား?

“ရော်.. ခင်ဗျားကတော့ လုပ်ပြီ။ ဒီရွာမှာ ဘယ်သူမဆို လွတ်လပ်စွာ အိမ်လည်လို့ရပါတယ်လို့ဆို။ တစ်ခုတော့ ရှိတယ်။ တချို့လာတဲ့သူတွေက အိမ်ရှင်ပိုင်ပစ္စည်းလေးတွေကို ယူသွားပြီး သူ့အိမ်မှာ သူ့ပစ္စည်းလိုလိုနဲ့ ပြတဲ့သူလည်း ရှိတတ်တယ်လေ။ လူအမျိုးမျိုး စိတ်ထွေထွေမို့လားဗျာ။ အများစုကတော့ အဲလိုစိတ်မရှိပါဘူး၊ ခင်ဗျားလာတာမြင်ရင် အိမ်ရှင်က ၀မ်းသာမှာပါ။”

ဒါနဲ့ တနေကုန်ရွာထဲကို လျှောက်လည်မိတယ်။ ပထမဆုံး စိတ်ဝင်စားတာက အိမ်လေးတွေပေါ့။ အိမ်မက်ကမ္ဘာထဲကို ရောက်နေရသလို အိမ်လေးတွေကလည်း အမျိုးမျိုး။ တချို့အိမ်လေးတွေက ကာတွန်းထဲက ဒီဇိုင်းမျိုးလေးတွေ၊ တချို့ က နန်းတော်ပုံစံမျိုး။ တချို့ က တောအုပ်လေးလို့ စိမ်းစိမ်းစိုစို။ တချို့ကတော့လည်း ပြတိုက်လေးတွေလိုပဲ။ တချို့ကျတော့ ရိုးရိုးရှင်းရှင်းလေးတွေ။ အိမ်လေးတွေကို လေ့လာရတာကိုက ပျော်စရာကြီး။

တချို့ အိမ်မှာ ဟင်းချက်နည်းတွေ သင်ပေးနေတာတွေ့ရတယ်။ ဓါတ်ပုံတွေ၊ ဗွီဒီယိုတွေနဲ့ ရှင်းပြထားလိုက်တာ ချက်ချင်း အိမ်ပြန်ပြီး ချက်စားချင်စိတ်ဖြစ်သွားတယ်။ အိမ်ရှင်က ရှိပုံမရပါဘူး။ လာလည်တဲ့ဧည့်သည်တွေ အပြန်မှာ ဧည့်သည်တော်မှတ်တမ်းလေးတွေ ရေးကြတာတွေ့ရတယ်။ ကိုယ်လည်း တစ်ခုခု ရေးရမလားစဉ်းစားမိတယ်။ ကိုယ်နဲ့သူနဲ့က သိပ်မရင်းနှီးသေးတော့ ရေးရမရေးရ ချည်တုံချတုံ ဖြစ်နေမိတယ်။ ဘာကို ဘယ်လိုရေးရမှန်းမသိတာနဲ့ နောက်တခါမှ ရေးမယ်ဆိုပြီး ထွက်ခဲ့လိုက်တယ်။

နောက်ထပ်တစ်အိမ်တက်ဆင်း လေ့လာမိသွားတယ်။ တချို့က အမောပြေ ဟာသလေးတွေ ပြောပြကြတယ်။ သဘောကျစွာ တစ်ယောက်တည်း ရယ်မိတယ်။ ရှိရှိသမျှ ရယ်စရာတွေကို အကုန်ဖတ်ရရင် ရက်၊လ ကြာမယ်ထင်တာမို့ နောက်နေ့စာချန်ထားခဲ့ရတယ်။

တချို့က ကျန်းမာရေး အသိတွေကို ပညာပေးဖြန့်ချီထားတာတွေ့ရတယ်။ တချို့ကျတော့ ဘ၀ရဲ့ဒဿနတွေကို ဥပမာလေးတွေနဲ့ ၀တ္ထုဇာတ်လမ်းလေးတွေကို ခင်းကျင်းပြသထားတယ်။ လူဘ၀ရဲ့ဇာတ်ခုံက အဖုံဖုံ ဆိုတော့ ကိုယ်အတွက် အားအင်တွေပေးနေသလို၊ ပြင်ဆင်သင့်တာ ပြင်ဆင်၊ သင်ခန်းစာယူစရာယူနဲ့ ၊ အဲဒီအိမ်လေးထဲကလည်း တော်တော်နဲ့ မထွက်နိုင်ပြန်ဘူး။

တချို့ ကျတော့ ကိုယ်ဘ၀အကြောင်းကို ကိုယ်ကဇာတ်လိုက် သူများကအရံအဖြစ်နဲ့ ဇာတ်လမ်းဖွဲ့ရင်း ကိုယ့်အတွေ့အကြုံကို ဗဟုသုတဖြန့်ဝေတာမျိုးလည်း တွေ့ရတယ်။ သူနဲ့မတည့်တဲ့သူကတော့ လူကြမ်းဖြစ်မှာသေချာပြီ (;p) ။ တချို့ကတော့ ကိုယ့်ချစ်သူအကြောင်းရေးဖွဲရင်း အချစ်အလွမ်းတွေပြည့်နေတဲ့ ခန့်ညားတဲ့ ကဗျာအိမ်ကြီးဖြစ်နေပြန်ရော။

တချို့ကလည်း မိတ်ဆွေတွေနဲ့ အဖွဲလေးတွေ ဖွဲ့ရင်း အုပ်စုကိုယ်စားပြုအိမ်လေးတွေဖြစ်တယ်။ ဘာသာတရားနှင့်ဆိုင်သောအိမ်၊ နိုင်ငံရေးနှင့်ဆိုင်သောအိမ်၊ ဓါတ်ပုံအနုပညာအိမ်၊ အတတ်ပညာ အကုန်အစုံရတဲ့ ရောသပြွန်းအိမ်၊..စုံနေတာပါပဲ။

အိမ်တစ်အိမ်မှာတော့ မျက်နှာဖုံး နှင့် အိမ်၏ စည်းကမ်းတွေရေးထားတာကို တွေ့ရတယ်။ စိတ်ဝင်တစား ဖတ်မိသွားတယ်။

သတင်းနဲ့ လုံခြုံရေးအတွက် ဒီရွာရှိ အိမ်များတွင် အိမ်ရှင်၏ နာမည်အစစ်အမှန်၊ အသက်၊ အလုပ်အကိုင်၊ လိပ်စာ၊ ဘဏ်ကဒ်စသည်ကို မဖော်ပြသင့်၊ ဧည့်သည်နှင့် ကိုယ်မိတ်ဆွေများ၏ နာမည်အစစ်အမှန်နှင့် ကိုယ်ရေးအချက်အလက်ကိုလည်း သိလျှင်တောင် အိမ်တွင်းတွင် သူများရှေ့တွင် မဖော်ပြရ။ လျှိဝှက်ရမည်။

အားလုံးမျက်နှာဖုံးစွပ်ထားတဲ့အတွက် လူဆိုးလူကောင်း ဘယ်သူမှ မသိနိုင်တဲ့အတွက် တချိန်ချိန်မှာ ကိုယ်မှာအန္တရယ်ရှိလာနိုင်လို့ လို့ ဆိုပါတယ်။ ဒါပေမဲ့ တချို့လည်း ရင်းနှီးသွားတဲ့အခါ အမှန်အတိုင်း ဆက်သွယ်ကြတာ၊ မျက်နှာဖုံးမဟုတ်ပဲ ပကတိ မျက်နှာ (ဓါတ်ပုံတွေကို)ဖော်ပြလို့ ဖြူစင်ကြောင်းပြကြတာကို တွေ့ရတယ်လို့ ပြောပြပါသေးတယ်။

နောက်အိမ်ရှင်ကတော့ ဒီလိုထပ်ရှင်းပြတယ်။“ ဒီရွာရဲ့မျက်နှာဖုံးအရ တဖက်လူရဲ့ ပကတိ မျက်နှာ၊အသက်၊ အကျင့်စာရိတ္တ၊ နေရပ်လိပ်စာဘာမှ မသိရဘူးလေ။ မျက်နှာဖုံးလေးနဲ့ အိမ်လေးထဲမှာ သူဟာ ဆယ်ကျော်သက်၊ အပြင်မှာ အသက် ၅၀ကျော်ချင်ကျော်နေမှာ၊ ပြီးတော့ မျက်နှာဖုံးလေးထဲမှာ သူဟာ အပြစ်ကင်းသလောက် အပြင်မှာ ဂျစ်တူးဖြစ်ချင်ဖြစ်မှာ။ လူမှုရေးတွေ လည်း ရှုပ်နေတာပဲ” ဆိုပဲ။ အိုး..ကြောက်စရာကြီးပါလား။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းပြောသလိုပဲ ရွာလည်ရင်း အချစ်ဇာတ်လမ်း၊ အလွမ်းအဆွေး၊ အကြမ်းအရမ်း၊ မော်ဒန် အက်ရှင်ကားတွေကို အလကားကြည့်နေသလို၊ ရွာလည်မိတိုင်း အတတ်ပညာ၊ အသိပညာတစ်ခုမဟုတ်တစ်ခုလည်း ရနေခဲ့တယ်။ ဒီရွာကြီးက ပျော်စရာ ကောင်းမှန်းမသိ ကောင်းလာခဲ့တာမို့ ဒီရွာမှာ နေခွင့်ရတုန်း ကျွန်မလည်း အိမ်လေးတစ်လုံး ဆောက်ချင်လာတာမို့ လေ့လာခဲ့တဲ့ အိမ်ဆောက်နည်းအတိုင်း ဆောက်ကြည့်လိုက်ပါတယ်။

အစဆိုတော့ ဘယ်အဆင်ပြေမှာလဲ။ မှားလိုက်၊ ဖျက်လိုက်၊ ပြန်ဆောက်လိုက် ရွာလည်နေတာပဲ။ မသိတော့ အကြိမ်များစွာ သူများအိမ်တွေကို သွားလေ့လာခဲ့ရတယ်။(လေ့လာရင်း အိမ်ရှင်ကို နှုတ်ဆက်ခဲ့တာရှိသလို၊ သိပ်မရဲလို့ နှုတ်မဆက်ပဲ ပြန်ခဲ့တာလည်း ရှိတယ်။) ဒီလိုနဲ့ပဲ အိမ်လေးတစ်လုံးကို ဆောက်ဖြစ်သွားတယ်ဆိုပါတော့။

အိမ်ရှိလာတော့ လာတဲ့ ဧည့်သည်ကို ဘာဧည့်ခံရမလဲ ဆိုတာကို စဉ်းစားတဲ့အခါ တော်တော်ခေါင်းစားသွားတယ်။ ဒုက္ခပဲ။ ဟင်းလည်း မချက်တတ်ဘူး။ တရားအကြောင်းလည်း မဆွေးနွေးနိုင်ဘူး။ အနုပညာဆို ဝေလာဝေး။ ကိုယ့်အကြောင်းကို ရေးရအောင်လည်း အဲဒီလောက် ဘာမှဖြစ်ဖြစ်မြောက်မြောက် ပြောစရာမရှိ။ ဒီအတိုင်းဆို ကိုယ့်အိမ်လေးကို ဘယ်သူမှ လာမှ မဟုတ်တော့ဘူး။
ဘာပဲဖြစ်ဖြစ် မဖြစ်မနေရေးရမယ်ဆိုရင်တော့ ကိုယ်သိတာလေးပဲ ကိုယ်ပြောကြည့်မှပါလေ။

ကဲ

စိတ်၏သီအိုရီ (Theory of Mind)

........

ကိုယ်ရေးမိတဲ့အခါကျတော့ ဧည်သည့်မျှော်ရပြီပေါ့။ လူရင်း မိတ်ဆွေလေးတွေက အမြဲလာအားပေးခဲ့ကြပါတယ်။ နေ့တိုင်းကို အကြိမ်ပေါင်းများစွာ။ :D။ တကယ်ပါ သူတို့ရဲ့အားပေးမှုဟာ ကိုယ့်အတွက် အားဆေးတွေပေါ့။ နောက်ပိုင်း အိမ်ရဲ့ ဧည့်သည်စာရင်းလေးက များများလာခဲ့တယ်။ တချို့ဧည်သည်လေးတွေက ကိုယ့်တုန်းကလိုပဲ အားနာလို့ မရဲလို့ ဆိုပြီး မှတ်တမ်းမှာ နှုတ်ဆက်တဲ့လူ နည်းနေတာတွေ့ပေမဲ့ အရေအတွက်မြင်ရတာနဲ့တင် တော်တော်ပျော်စရာကောင်းတယ်။

ကိုယ့်မှာ အိမ်ရှိလာတော့ ကိုယ်အရင် သွားလေ့လာတုန်းက နှုတ်မဆက်ဖြစ်တဲ့ အိမ်ရှင်တွေရဲ့ ခံစားချက်ကို ပိုပြီးကိုယ်ချင်းစာမိလာတယ်။ မဖြစ်သေးပါဘူးလေ။ ကိုယ်ကိုသိသိမသိသိ သူအိမ်ရောက်မှတော့ နှုတ်ဆက်လိုက်ဦးမှပါလို့ တွေးဖြစ်ပြီး အိမ်ရှင်တိုင်းကို ပြုံးပြနုတ်ဆက်မိတယ်။ တချို့က ခပ်တည်တည်ပဲ မသိသလိုပဲ။ တချို့ကတော့ လှိုက်လှဲစွာ လက်ကမ်းလို့ နှုတ်ဆက်တယ်။ တချို့ကတော့ ကိုယ်အိမ်အထိတောင် လာပြီး အားပေးတယ်။

ဒီလိုနဲ့ပဲ မိတ်ဆွေတွေများလာခဲ့တယ်ပေါ့။ မိတ်ဆွေတစ်ယောက်က ပြောပြတယ်။ ဒီရွာကအိမ်တွေမှာ လာတဲ့ ဧည့်သည်ကို ရေတွက်တာအပြင် အ၀င်ဝမှာ ဗွီဒီယိုမှတ်တမ်းလေး ရိုက်ထားရင် ကိုယ်ဆီလာတဲ့သူတွေက ဘယ်သူဘယ်ဝါမသိရပေမဲ့ လာတဲ့လူက ဘယ်ကလာတာလဲဆိုတာ မြင်ရတယ်။ လာတဲ့ နေရာစုံကို ကြည့်ရတာ ပျော်စရာကောင်းတယ်တဲ့။

နောက်ပြီး “လာတဲ့သူက မျက်နှာဖုံးလေးနဲ့ဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ မသိရပေမဲ့ သူလာရပ်ကို သိရတယ်။ သူတို့ privacyလည်း မထိဘူး” ဆိုတာနဲ့ အဲဒီ ဗွီဒီယိုလေးကို ကိုယ်အိမ်အ၀င်မှာ တပ်ထားလိုက်တယ်။ ကိုယ်အားတဲ့ အခါ အဲဒါလေးကြည့်ပြီး အလှုဓါတ်ပုံ ပြန်ကြည့်သလိုမျိုးလေး ပြန်ကြည့်လိုက် ပျော်လိုက်နဲ့ပေါ့။

တနေ့မှာတော့ မိတ်ဆွေတစ်ယောက် အလည်လာသွားပြီး အပြန်မှာ သူ့အိမ်ကို လာလည်ဖို့ပါ ဖိတ်သွားတယ်။ ၀မ်းသာအားရ လိုက်သွားတာပေါ့။ သူ့အိမ်လေးက ချစ်စရာလေးပါ။ သီချင်းလေးတွေနဲ့ ချက်ချင်းသဘောတွေကျသွားတယ်။ အိမ်နဲ့ သီချင်းလေးက လိုက်ဖက်လွန်းလို့ ဘယ်လိုငြိမ်းချမ်းမှန်း မသိဘူး။ ဒါနဲ့ပဲ ခဏခဏ ရောက်ဖြစ်သွားတယ်။ ကိုယ့်အိမ်မှာလည်း သီချင်းထည့်ဖြစ်သွားတယ်။ နောက်ပိုင်း သူ့အိမ့်ကို အလည်သွားရင်း သူ့အိမ်မှာတွေတဲ့ မိတ်ဆွေတွေအိမ်ကို အလည်ရောက်လို့ မိတ်ဆွေတွေ ပိုများလာခဲ့တယ်။

မင်သက်မိသွားတဲ့ နေ့တနေ့ကြုံခဲ့ရတယ်။ အဲဒါက တနေ့မှာ မိတ်ဆွေတစ်ယောက်ကအလည်လာရင်း သူ့အိမ်ကို အလည်ဖိတ်ခဲ့တယ်။ ၀မ်းသာအားရပါပဲ လိုက်သွားဖြစ်တယ်။ အိမ်လေးရဲ့ အဆင်အပြင်လေးက တော်တော်လေး ကောင်းတယ်။ အိမ်ထဲမှာလည်း လေ့လာစရာတွေအများကြီးပဲ။ ဒါကြောင့်ထင်ရဲ့ လုံခြုံရေးအထူးချထားပုံရတယ်။ ဗွီဒီယိုကင်မရာအပြင် အ၀င်မှာ ကိုယ့်မှတ်ပုံတင်နံပါတ်ကို ပြခဲ့ရတယ်။ လူဆိုးလူကောင်းခွဲခြားလို့ မရတဲ့ နေရာဆိုတော့ အစစကာကွယ်တာဖြစ်မှာပေါ့လေ။

ကိုယ်လိုပဲ လာလည်တဲ့ မိတ်ဆွေတစ်ယောက်က ပြောပြတယ်။ “ဒီအိမ်က မှတ်ပုံတင်နံပါတ်အထိ စစ်တာဆိုတော့ ကိုယ်က အပြစ်မလုပ်ပဲနဲ့ အစစ်ခံရသလိုချည်းပဲ။ စိတ်ကျဉ်းကျပ်တယ်။ အခုတကြိမ်ကတော့ သူဖိတ်လို့ သွားတာဖြစ်ပေမဲ့ နောက်တခါ အိမ်လည်မသွားတော့ဘူး..”လို့ စိတ်မကောင်းစွာ ပြောနေတယ်။ ကိုယ်လည်း အစပိုင်း ဘာပြောပြရမှန်း မသိပါဘူး။ အင်း..နောက်တော့ “ကိုယ်က အဲဒီအိမ်က သတင်းအချက်အလက်ကို လိုချင်နေတာအမှန်ဆိုရင် မှတ်ပုံတင်အစစ်ခံရရင်လည်း သွားရမှာပဲပေါ့”လို့ တော့ ပြောပြဖြစ်ခဲ့တယ်။

အဲဒီနေ့က သူ့အိမ်က အပြန်မှာ ကိုယ်အိမ်က ဗွီဒီယိုကင်မရာလေးကို ကြည့်ပြီး ဖြုတ်ရင်ကောင်းမလားလို့ စဉ်းစားဖြစ်သွားတယ်။ ကိုယ့်အိမ်ကိုလာပြီး ဗွီဒီယိုကင်မရာလေးကြောင့် နောက်မလာတော့ဘူးလို့ ဆုံးဖြတ်သွားတဲ့ ဧည့်သည့်များရှိနေခဲ့ရင် စိတ်မကောင်းစရာပဲ။ အကြာကြီး တွေးဖြစ်တယ်။ အကြိမ်ကြိမ်စဉ်းစားရင်း ရွာလည်သွားတယ်။ နောက်ဆုံးမှာတော့ ဗွီဒီယိုကင်မရာလေးရဲ့ ရှေ့ မှာ ဒီလိုရေးဖြစ်သွားတယ်။

“ဒါလေးတွေ့လို့ စိတ်အနှောက်အယှက်မဖြစ်နဲ့နော်။ မှတ်ပုံတင်တွေဘာတွေ စိတ်မ၀င်စားပါဘူး။လာလည်တာမြင်ရင်ပျော်လို့ပါ။

ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ဒီရွာလေးမှာ ပျော်နေပြီ။ နေခွင့်ရသ၍ နေပြီး လည်ခွင့်ရသ၍ လည်သွားမယ်။ ရသ၍ အတတ်ပညာလေးတွေကို သင်သွားမယ်။ လက်လှမ်းမှီသမျှ အပေါင်းအသင်း ဖွဲ့မယ်။ နောက်ထပ်နောက်ထပ် မိတ်ဆွေတွေကို ကိုယ်သိသမျှ မျှဝေမယ်။ ဖြူစင်စွာ (ဖြူစင်စွာ) စစ်မှန်တဲ့ဆက်ဆံရေးတွေထားလို့ သူတို့သိသမျှ မျှဝေတာကိုလည်း တလေးတစားထားဖတ်ရှုမယ်။

အမျိုးမျိုးတွေးရင်း ရင်ထဲကလည်း ပြောဖြစ်ပါတယ်။ ”မျက်နှာဖုံးပါလည်း လာသာလာခဲ့ပါ။ ကိုယ်တို့က တစ်ရွာတည်းသားတွေပဲဟာ၊ အချိန်ပေးပြီးလာတဲ့မင်းကို ကိုယ်တန်ဖိုးထားပါတယ်။ ကိုယ် မင်းကိုယုံပါတယ်”လို့......

လသာည ဖြစ်ပါသည်။

မှတ်ချက်။ ။ ဒီရွာအကြောင်းပထမဆုံး လမ်းညွှန်တဲ့ ppsကိုလည်းကောင်း၊ အထူးသဖြင့် ဒီရွာကို လည်ခွင့်၊ အိမ်ဆောက်ခွင့်ကို သဘောထားကြီးစွာ ခွင့်လွှတ်ပေးသော ကျွန်မ၏ “လူကြီး”ကို လည်းကောင်း၊ အစောပိုင်းကာလထဲက အခုထိ ရက်မပြတ် အမြဲအားပေးနေတဲ့ အိစံ၊ PPS၊ မိုးသီတာ၊ မိဆိုးလေး၊ မျက်နှာဖုံးနဲ့ ညိုချို၊ ထား၊ KKL၊ မျိုးစံ(သူတို့ကတော့ အိမ်မရှိပေမဲ့ ကိုယ့်ကို ခင်လို့ကို ကောင်းကောင်းမကောင်းကောင်း အားပေးနေခဲ့တဲ့ သူငယ်ချင်းများပါ) ၊

နောက် အိမ်ဆောက်နည်းသင်ပေးသွားသော အိမ်ရှင်များ၊ သွားလည်တိုင်း ကိုယ့်ကို အသိပညာတစ်ခုခုကို အမြဲပေးတဲ့ အိမ်ရှင်များ၊ ကိုယ့်နဲ့ထပ်တူ အပြန်အလှန် အားပေးရင်း လာလည်နေသော ကိုယ်လို အိမ်ရှင်ပေါက်စ သူငယ်ချင်းများ၊ အချိန်မရလို့ နှုတ်မဆက်ပေမဲ့ အမြဲလာအားပေးနေတဲ့ သူငယ်ချင်းများ အားလုံးကို ကျေးဇူးတင်ပါတယ်လို့။

4 comments:

Lucifer said...

စာဖတ်သူ မမီးပါလည်တော့မယ်..

Unknown said...

Lucifer...(မမီးပြောသလိုပဲ)
ဖတ်ရင်းနဲ့ဟဲဟဲ.. မလည်တလည်ပါ....

ကောင်း၏ တကယ်ပါ... လသာညမှာ ရွာလည်သွားတာတော့သေချာတယ်...

ပျော်ရွှင်ပါစေ
ရွှေလလေးရေ....

ခင်တဲ့
ပြည့်စုံ

နေ့အိပ်မက် said...

ဘလော့အကြောင်းတင်စားပြီးရေးတာကို ဖတ်ဖူးသမျှထဲမှာ ဒီတစ်ပုဒ်ကို အကြိုက်ဆုံးပဲ အရေးအသားက ချစ်စရာကောင်းလွန်းလို့

နေ့အိပ်မက် said...

ဘလော့အကြောင်းတင်စားပြီးရေးတာကို ဖတ်ဖူးသမျှထဲမှာ ဒီတစ်ပုဒ်ကို အကြိုက်ဆုံးပဲ အရေးအသားက ချစ်စရာကောင်းလွန်းလို့