Monday, October 19, 2009
အနိုင်ကျင့်ခံရသူ ကလေးများ
“နင်.. ငါ့နားကို သိပ်မကပ်နဲ့။ သွား.. နင့်ဆီက အမြဲနံစော်နေတာပဲ.”
ဆရာမ ဒေါ်ကေသီ အသံကုန်အော်လိုက်ပြီးတော့ လာပြတဲ့ သူမရဲ့ လေ့ကျင့်ခန်းစာအုပ်ကို သေချာမစစ်တော့ပဲ မြန်မြန်ခြစ်ပြီး ပစ်ပေးလိုက်တယ်။ သူပစ်ပေးလိုက်တဲ့ စာအုပ်ကို မျက်ရည်ဝဲစွာ ကောက်ယူပြန်သွားတဲ့ ပုတုဆိုတဲ့ ကလေးကို ကြည့်ရင်း သက်ပြင်းချလိုက်တယ်။
တကယ်တော့ ပုတုဟာ မိဘတွေ့မရှိတော့ပဲ အဖွားအိုတစ်ဦးနဲ့ နေထိုင်ရသူဖြစ်ပြီး အဖွားအိုက အသက်၇၀ကျော်ပြီ ဆိုတော့ ကလေးရဲ့အင်္ကျီ စတာတွေ ဂရုတစိုက်မလျှော်ပေးနိုင်တဲ့ အတွက် အမြဲနံစော်နေတတ်သူ ၃-တန်းကျောင်းသူလေးပါ။ ဒါပေမဲ့ ပုတုရဲ့ အားသာချက်က ဘာစာကိုပဲ ဖြစ်ဖြစ် တစ်ခေါက်ထဲနဲ့ ရသွားအောင် မှတ်ဥာဏ်ကောင်းသူလေးဖြစ်ပြီး ဘာသာရပ်တိုင်းမှာ အတန်းထဲမှာ စာအတော်ဆုံးလည်း ဖြစ်ပါတယ်။
ပုတုရဲ့ အတန်းပိုင်ဆရာမဒေါ်ကေသီဟာ ကလေးချစ်တတ်တဲ့ဆရာမတစ်ယောက်ပါ။ အသင်အပြလည်း ကောင်းတယ်။ ဒီ ပုတု ဆိုတဲ့ ကလေးမလေးကိုလည်း သူမက ရောက်စက ဂရုစိုက်ပြီးချစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရက်တွေလတွေ ပြောင်းလာတော့ သူမစာတော်တာထက် သူမရဲ့ နံစော်မှုက ဖုံးလွှမ်းသွားပြီး အခုလိုပဲ မကြာခဏအော်ပစ်တတ်လာခဲ့ပါတယ်။။
ဒီလိုနဲ့ ၅လလောက်ကြာပြီး တနေ့မှာ သူမကျောင်းကို တာဝန်တစ်ခုနဲ့ စောစောရောက်ဖြစ်ခဲ့ပါတယ်။ သူမက ၃ တန်းဖက်က ဖြတ်အသွား ဆူညံတဲ့ စကားသံတချို့ကို ကြားလိုက်ရတယ်။
“ သွား.. ငါတို့နားကို မလာနဲ့။ နင့်ဆီက နံတယ်”
“ဟုတ်တယ်။ သွား.. အမှိုက်ပုံနားမှာနေ.. သွားဆိုသွား”
“အီး..ဟီးဟီး မသွားဘူး မသွားဘူး၊ ဒါငါ့နေရာ..”
“၀ိုင်းတွန်းကြကွ၊ အပုပ်မ”
“အီး..ဟီးဟီး အဖွားရေ..”
ဒေါ်ကေသီမှင်သက်နေရာက ကျောင်းခန်းထဲကို အမြန်ဝင်လိုက်ပါတယ်။
“တော်ကြစမ်း။ ဘာလို့ အဲလိုလုပ်တာလဲ”
ကလေးတွေအားလုံးက
“သူ့ဆီက နံလို့ပါဆရာမ”
“အိုး နံတိုင်းအဲလိုလုပ်ရသလား..”
ဒီနောက်ဆုံးစကားကိုပြောရင်းက သူမ မလုံမလဲ ဖြစ်သွားခဲ့ပါတယ်။ ပုတုလေးကို ကြည့်လိုက်တော့ သူမနဲ့ ဝေးရာမှာ ရပ်ရင်းသူမကို ကြည့်နေခဲ့တယ်။ ၀မ်းနည်းတဲ့ အားငယ်တဲ့ ကူကယ်ရာမဲ့မျက်ရည်တွေနဲ့ ပုတုဆိုတဲ့ မိဘမဲ့ ကလေးငယ်လေးရဲ့ အကြည့်ဟာ ဒေါ်ကေသီကို အဆုံးစွန်ကြေကွဲ သွားစေခဲ့ပါတယ်။ ဒါကြောင့်လည်း ပွေ့ဖက်တောင်းပန်မလို့ ပုတုနားကို ချည်းကပ်လိုက်ချိန်မှာပဲ ပုတုလေးဟာ သူမရဲ့ လွယ်အိတ်နွမ်းနွမ်းလေးကို ပိုက်ပြီး အတန်းထဲက ထွက်ပြေးသွားပါတော့တယ်။
အဲဒီနေ့ဟာ သူမရဲ့ နောက်ဆုံးကျောင်းတက်ရက်သာဖြစ်သွားပါတယ်။ သူမကျောင်းကို ဘယ်တော့မှ မလာတော့ပါ။ မလာတာထက် မလာနိုင်တော့တာပါ။ ဟုတ်ပါတယ်။ သူမက လွယ်အိတ်လေးပိုက်ပြီး ကျောင်းထဲက ထွက်အပြေးမှာ ဖြတ်မောင်းလာတဲ့ ကားတစ်စီးနဲ့ တိုက်မိသွားပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။
ဆရာမဒေါ်ကေသီလည်း သူမကြောင့်ဖြစ်ရတာဆိုပြီး တော်တော်လေးခံစားသွားရပြီး နောက်ပိုင်းတော့ အလုပ်ကထွက်သွားပြီး ရိပ်သာတစ်ခုကို ၀င်သွားပါတယ်။ နောက်တော့ သီလရှင်အဖြစ် အပြီးဝတ်လိုက်တယ်တဲ့..။
ဒါကတော့ ဆရာမတစ်ယောက်အနေနဲ့ နုနယ်တဲ့ ကလေးတစ်ယောက်ရဲ့ အားနည်းချက်ကို စာနာစွာဖြေရှင်းနိင်ဖို့ မကြိုးစားမိပဲ အားသာချက်ထက်အားနည်းချက်ကိုပဲ ပြစ်တင်ဖော်ပြမိတဲ့အတွက် တခြားကလေးတွေကပါ ဆရာမလိုမျိုး အတုယုပြီး အားနည်းချက်ရှိတဲ့ ကလေးကို ပြစ်တင်ဝိုင်းပယ်တဲ့ အခြေအနေထိရောက်သွားရတဲ့ သာဓကပါ။
ဂျပန်နိုင်ငံက အဖြစ်အပျက်တစ်ခုကတော့ လူငယ်ပြုပြင်ရေးကျောင်းက ကျောင်းဆရာတစ်ဦးကတော့ တပည့်ဖြစ်သူကို...
“ငတုံးငအ.. အခုဒါကို သောက်သေစမ်း”
..ဆိုပြီး မသန်ရှင်းတဲ့ရေ (လက်ဆေးရေ။ ဆပ်ပြာရည်..စသည်)ကို ပါးစပ်ထဲ လောင်းချတာမျိုး၊ ရေမရှိတဲ့ ရေဇလားထဲကို တွန်းချပြီး ခေါင်းကနေရေကိုလောင်းပြီး ပစ်ဒဏ်ပေးတာမျိုးကို လုပ်ခဲ့ပါတယ်။
ဒီအတွက် ၎င်းကျောင်းဆရာဟာ ကလေးမိဘများမှ တရားဆွဲခံရပြီး ထောင် ကိုးလ ပြစ်ဒဏ်ချခံလိုက်ရကြောင်း ယနေ့ပဲ သတင်းပါလာပါတယ်။ တပည့်တွေဟာ ပြောစကားကို နားမထောင်ပဲ မိမိကို မျက်နှာပျက်အောင်လုပ်သူတွေလို့ သတ်မှတ်ပြီး မိမိမာနကို အထိမခံလိုသော အငြိုးတစ်ခုကြောင့် လုပ်သော ရာဇ၀တ်မှုဖြစ်တယ်လို့ တရားသူကြီးကဆိုပါတယ်။ ဒီနေရာလေးမှာ သတင်းဗွီဒီယိုရှိပါတယ်။
ကျောင်းတွေမှာ အနိုင်ကျင့်မှုတွေဟာ တကမ္ဘာလုံးအဆင့် တနှစ်ထက်တနှစ်တိုးတက်လာပါတယ်။ လက်ရှိမှာ ဆိုရင် အချိန် ၇မိနစ်တိုင်းမှာ အနိုင်ကျင့်မှုတစ်ခုဖြစ်ပွားနေပါတယ်။ ဖြစ်ပွားခဲ့တဲ့အနိုင်ကျင့်မှုရဲ့ ၁၁%ဟာ ဆရာတွေ (လူကြီးတွေ)ရဲ့ ဝေဖန်ချက်ပြုမူချက်တွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်။ ကလေးဆိုတာက လူကြီးခိုင်းတာထက် လူကြီးလုပ်တာကို အတုယူချင်သူမို့လား။
ထိုကဲ့သို ပြုမှုသည့်အတွက် သက်ဆိုင်ရာ ကလေးများမှာ ကိုယ်၊ စိတ် ထိခိုက်စေရတဲ့ အတွက် လက်ရှိလူမှုပတ်ဝန်းကျင်ဖြစ်တဲ့ ကျောင်းကို ရှောင်ခွာလို့ အိမ်တွင်းပုန်းလေးတွေ ဖြစ်ကုန်ရပါတယ်။ NHK သတင်းအရ ဂျပန်နိုင်ငံမှာဆိုရင် ၂၀၀၅ခုနှစ်တုန်းက အိမ်တွင်းပုန်းကလေးပေါင်း တစ်ဆယ့်ခြောက်သိန်းကျော်ကျော် ရှိခဲ့ပြီး ဒီနှစ်မှာတော့ အိမ်တွင်းပုန်းကလေးပေါင်း သိန်းနှစ်ဆယ် ကျော်သွားပြီ လို့ဆိုပါတယ်။ (မြန်မာနိုင်ငံမှာတော့ အဲဒီလောက် မရှိလို့ တော်ပါသေးတယ်)
အခုလက်ရှိဂျပန်နိုင်ငံမှာ ကလေးများ၏ အနိုင့်ကျင့်တတ်ခြင်း၊ ကလေးများ (လူကြီးမှ၊ ရွယ်တူမှ) အနိုင်ကျင့်ခံရခြင်း နဲ့ အိမ်တွင်းပုန်းပြဿနာဟာ နှစ်စဉ်တိုးတက်နေလျက် စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်ဆိုတာကို ဗဟုသုတအဖြစ် ရှယ်လိုက်ပါတယ်။
လသာည.. ဖြစ်ပါတယ်။
စာကြွင်း။ ။ဂျပန်နိုင်ငံမှာ အိမ်တွင်းပုန်းကလေးများအတွက် သီးသန်ပညာရေး အစီအစဉ်တွေ ထားရှိပေးထားပါတယ်..။ ဒေါ်ကေသီအကြောင်းကတော့ ကျွန်မရဲ့ ပါမောက္ခဆရာမကြီး ပြောလေ့ရှိတဲ့ ဥပမာပါ။ တကယ်အဖြစ်အပျက်ဟုတ်မဟုတ်တော့ မသိပါ။
10 comments:
မိုးသီတာ said...
စိတ်ညစ်လေပြီး အွန်လိုင်းနေ့ည တက်နေခဲ့တုန်းက ကျောင်းက ဆရာတွေက ၀ိုင်း စိတ်ပူပေးခဲ့ကြတယ်။ အဲဒီစိတ်ဝေဒနာရနေပြီလားလို့။ ဆရာက တပည့် ဖြစ်သူ အရိပ်အခြေကို ကြည့်တတ်သွားတာပေါ့။ (ဆိုးသွမ်းတပည့် ဖြစ်ပါ၏။) စိတ်ရောဂါဟာ ဂျပန်မှာ ပြသာနာကြီး တစ်ခုပဲနော်။ ခင်ခဲ့ဘူးတဲ့ ဆေးကျောင်းတက်နေတဲ့ ဂငယ်မ အရမ်း ချောချောလေး တစ်ယောက်လဲ ပေါက်သွားခဲ့တယ်။ မိသားစု အချစ်ကို လဲ လို၏ လို့ထင်ပါ၏။.. ဟူး... ကမ္ဘာပေါ်မှာထမင်းငတ်သူနဲ့ မေတ္တာငတ်သူ ဘယ်သူက ပိုများသလဲ လို့ တခါက အမေးခံခဲ့ရဘူးသည်။... လသာညရေ။.. ကြိုးစားပါနော်.. အဲလို စာတွေ ရေးနိုင်အောင်။
မိုးသီတာ said...
ဝေး။ ကိုယ်တို့ကျောင်းက ဆရာတစ်ယောက်လဲ လေ့ကျင့်ခန်းမတင်လို့တဲ့ တတိယနှစ်ကျောင်းသားကို အတန်းအပြင်ကို ထွက်ရပ်ခိုင်းထားတယ်။ အံ့ရော။.. ဖက်ဆစ် လို့ကိုယ်ခေါ်တာလဲ မလွန်ဟု ထင်သည်။
Anonymous said...
ဟူးး
အဲလိုဆရာမျိုးတွေ... တကယ်ပဲ ရှိတယ်နော်။ ကြောက်စရာကောင်းလိုက်တာ..
ကိုယ်ကတော့ ငယ်ငယ်တည်းက သိပ်မရီုက်ခံခဲ့ရဘူး။ ရိုက်တဲ့ ဆရာမတွေကိုလဲ မမေ့ဘူး။ မမေ့တာက ကိုယ်မှားလို့ဆိုတဲ့ အသိကြောင့်ပါ။ သူတို့ကလဲ အတော်တွေ အခန်းကဆိုတော့ နာအောင်မရိုက်ပါဘူး။ ဒါပေမဲ့ ၉တန်းတုန်းကဆရာတယောက်ကိုတော့ ဒီနေ့အထိ အခဲမကျေဘူး။ ဆေးသောက်တာ မုန့်စားတယ်ဆိုပီး ခေါင်းကိုခေါက်လို့။။ အဲဒီကတည်းက အဲ့ဆရာအချိန်ဆို အနောက်တန်းသွားပီး ကာတွန်းစာအုပ်ဖတ်တယ်။ အိမ်စာထဲမှာ အချိန်ကုန်အထိ သွားထိုင်လိုက်တယ်။ မှန်ရဲ့သားနဲ့..လုပ်လို့ဆိုပီး။
နောက်တခုကျတော့..ကိုယ့်မှာ ၇ နှစ်သမီးထဲက မေမေဆုံးသွားခဲ့တယ်။ အဲဒါ ကိုယ် ၉ နှစ်အရွယ်မှာ ကိုယ့် အတန်းထဲက တယောက်က ကိုယ့်မှာ အမေ မရှိလို့တဲ့ အပေါင်းအသင်းမလုပ်နဲ့တဲ့...။ အဲလို အပြောခံရဘူးသလို .. ၅တန်းအထိ လူကြီးတွေ မပါရင် အချင်းချင်း နှိပ်စက်တာခံခဲ့ရတယ်။ နောက်ကျတော့ မဟာသတ္တိတွေ နဲ့ ခုရွယ်အထိ လူမကြောက်တော့ဘူး..ဟီးး
Anonymous said...
များများ မျှဝေပေးပါ။ မီးမီးကြိုက်ကြိုက်
Apprenticeship said...
မြန်မာပြည်က ကလေးငယ်တွေရဲ့ ကျောင်းသားဘ၀တွေကို မြင်ယောင်မိတယ် :(
ူမန်းလေရူး said...
ပေါ်လီမှာတော့ အဲသလို မကြုံဖူးပါဘူး ။ အတန်းကြီ:လားလို့လားမသိဘူး ။ :p ဒါပေမယ့် အချင်းချင်းသိပြီးသားသူတွေအကြား လူသစ်တစ်ယောက်ယောက်တိုးလာတယ်ဆိုရင် အဲသည်လူက ထိုအုပ်စုက တမင်မကျဉ်သော်ငြား အနည်းနဲ့အများတော့ အလိုလို ကျဉ်ပြီးသားဖြစ်သွားပါတယ် ။ လူသစ်ကို ဖေးဖေးမမရှိတယ်ဆိုတာ တော်တော့်ကိုရှားပါတယ် ။
အချိန်တွေသာပြောင်းလာသော်လည်း ထိုထုံးစံက မပြောင်းသေးပါဘူး ။ ။
သိင်္ဂါကျော် said...
အပေါ်က အဖြစ်ကလေးက တကယ့်ကို ရင်နင့်စရာ...
အိမ်တွင်းပုန်းကလေး.. ဆိုတာလည်း စိတ်ဝင်စားစရာပဲ
ဘာအကြောင်းကြောင့်များ ဖြစ်ရပါလိမ့်နော်။
လသာည said...
ကွန်မန့်လေးများအားလုံးကို ကျေးဇူးတင်ပါတယ်။
မိုးသီတာ>>ကမ္ဘာပေါ်မှာထမင်းငတ်သူနဲ့ မေတ္တာငတ်သူ ဘယ်သူက ပိုများသလဲဟင်? မိုး..အဲဒီမေးခွန်း မင်းဘယ်လိုဖြေခဲ့သလဲ..
မိုမိဂျိ>>မေမေမရှိတော့ဘူးလား။ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ကွာ အဲဒီအတွက် အားမငယ်တတ်အောင်၊ အနိုင်ကျင့်မခံရအောင်ကြိုးစားရင်း အခုလို သတ္တိအပြည့်နဲ့လူဖြစ်ရတာ မင်းကိုချီးကျူးစရာပါ။ တကယ်ချီးကျူးပါတယ်။
Apprenticeship>> ပျောက်နေတာကြာပြီ။ နေကောင်းလား။ လာလည်သွားတာ ကျေးဇူးတင်ပါတယ်။
မန်းလေရူး>>ပေါ်လီမှာ မရှိလို့တော်သေးတာပေါ့ကွာ။
သိင်္ဂါကျော်>> ပတ်ဝန်းကျင်က သူတို့ကိုမခင်တွယ်ဖူး၊ နှိမ်ချမယ့်သူ ရက်စက်မယ့်သူပဲ များတာလို့ သူတို့ရဲ့စိတ်ထဲမှာကြောက်ရွံအားငယ်သွားလို့ ကျောင်းကိုလာရမှာကြောက်သွားတာ။၊ နောက်တဆင့် အိမ်ပြင်ပက တစိမ်းတွေနဲ့ မတွေချင်တော့တာ။ နောက်ဆုံးအဆင့်ကျတော့ အိမ်သားတွေနဲ့တောင် မတွေ့တော့ပဲ သူပိုင်အိပ်ခန်း (အိပ်ရာ)ကနေက မခွာတော့ပဲ ပြတင်းပေါက်အားလုံး လိုက်ကာချနေကြတယ်။ ဂျပန်ကအိမ်တွင်းပုန်း ကလေးတွေက ကံကောင်းတာက သူတို့က အိမ်ပြင်တာမထွက်တာ တီဗွီကြည့်လိုက် အင်တာနက်ကြည့်လိုက်နဲ့ အဆင်ပြေနေရလို့လေ..။
မိုးသီတာ said...
သိရက်သားနဲ့။ ကမ္ဘာပေါ်မှာ မေတ္တာငတ်သူက ပိုများမှာပေါ့ လသာညရဲ့။ အဲဒီ အကြောင်းအရာဟာ လသာညဘလော့ဂ်ဆီ မှန်မှန်လဲ လာလည်ဖြစ်တဲ့ အကြောင်းရင်း တစ်ခုပေါ့။ မကြာခဏ ဆိုသလို အိမ်နဲ့ နားလည်မှုလွဲသူတွေ မပျော်ရွှင်တဲ့ သူတွေ ကိုယ်တွေ့ခဲ့ရဘူးပါတယ်။
လသာည said...
ဟုတ်တယ် လသာညလည်း မေတ္တာငတ်နေလို့ :D /ဒါကြောင့် အိမ်လာလည်ကြပါဆို ဘူသူမှ လာလည်ကြဘူး :(
နောက်တာပါ။ ဘလော့ကို လာရင်ပဲ အားရှိနေပါပြီ..။ <3