Thursday, October 15, 2009

လူနဲ့ မျောက်

ဒီနေ့ သတင်းတစ်ခုမှာ စိတ်ပညာရှင်အများစုက အသေစွဲလက်ခံထားတဲ့ အယူအဆတစ်ခုကို ပြန်ပြောင်းသတ်မှတ်စရာ သတင်းတစ်ခုထွက်လာပါတယ်။ စိတ်ဝင်စားစရာမိုလို့ မျှဝေလိုက်ပါတယ်။

အများက လက်ခံထားကြတဲ့အတိုင်း လူဆိုတာ မျောက်က ဖြစ်တာတဲ့။ ဒါပေမဲ့ မျောက်ဘ၀ကနေ လူဘ၀အထိ မျိုးရိုးဗီဇ အဆင့်ဆင့် ပြောင်းလဲဖို့က ရာစုနှစ်များစွာ ကြာပါတယ်။ အဲဒီကြားကာလရဲ့ အတိုင်းအတာအရ အသိဥာဏ်၊ ခံစားချက်အဆင့်၊ ဆင်ခြင်တွေးခေါ်နိုင်မှုဆိုတာလည်း အများကြီးကွာတာပေါ့။

မျောက်ဟာ မျောက်သဘာဝရှင်သန်တယ်။ ပတ်ဝန်းကျင်သဘာဝကို လိုက်ပြီး အလိုက်သင့်နေထိုင်တတ်တယ်။ အပေါင်းအသင်းနဲ့ အုပ်စုလိုက်နေတတ်တယ်။ အများလုပ်တာကို အတုယူတတ်တယ်။ တီထွင်ဥာဏ် အဆင့်နိမ့်သေးပေမဲ့ စူးစမ်းချင်စိတ်ရှိတယ်။ မိခင်စိတ်လည်း ရှိတယ်။ ဒါပေမဲ့ အချင်းချင်း ခံစားနားလည်ပေးနိုင်မှုဆိုတဲ့ အဆင့်မှာ အများကြီး နှောင့်နှေးပါတယ်။ တချို့က “မျောက်မျိုးစိတ်ဘ၀မှာ ခံစားနားလည်ပေးတတ်မှု မရှိသေးဘူး”လို့တောင် ဆိုပါတယ်။ အဆင်မြင့်မျိုးစိတ်ရှိတယ်လို့ဆိုတဲ့ ချန်ပန်ဇီ မျောက်ဝံတွေလည်းပဲ “လူတွေလို အပြန်အလှန်ခံစားပေးလောက်အောင် မမြင့်သေးဘူး”လို့ အခုထိ သတ်မှတ်ထားခဲ့ပါတယ်။

ဥပမာဆိုပါတော့ လူက တခါတခါ ကိုယ့်အတွက် အကျိုးအမြတ်မရမှန်း သိပေမဲ့ သူများကို ပျော်ရွှင်စေလိုတဲ့စိတ်တစ်ခုတည်းနဲ့ ကူညီပေးတတ်တယ်။ မျောက်ကတော့ အဲလိုနားလည်မပေးတတ်ဘူး။ ဌက်ပျောသီးကျွေးပြီး ခိုင်းရင်တော့ တစ်မျိုးပေါ့။ ဒါတောင် သူ့သခင်ခိုင်းတာမှ လုပ်ပေးတာပါ။ သူမသိတဲ့ တခြားမျောက်တစ်ကောင်ဆိုရင် ရှောင်ပြေးမှာ သေချာတာပေါ့။ လူက လမ်းမှာ အခြားလူတစ်ယောက်က ဒုက္ခရောက်နေရင် ကိုယ်နဲ့မသိပေမဲ့ အကူအညီပေးတတ်တယ်။ မျောက်ကတော့ အဲလိုမလုပ်တတ်ဘူး။ အဲဒီလို လူနဲ့မျောက် လုံးဝကွာခြားတဲ့အချက်က “တခြားသူရဲ့စိတ်ကို နားလည်ပေးတတ်ခြင်း။ တဖက်လူက ဖွင့်မပြောပေမဲ့ တဖက်လူနေရာကနေ ပြန်စဉ်းစားပေးတတ်ခြင်း”ပဲ ဖြစ်ပါတယ်။

အဲဒါက အခုအထိ လက်ခံထားတဲ့ အယူအဆဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ကြေငြာတဲ့သတင်းကတော့ ချန်ပန်ဇီမျောက်ဝံတွေဟာ ကိုယ့်အတွက် မရမှန်းသိပေမဲ့ သူတပါးကို ကူညီပေးတတ်ပါတယ်ဆိုတာပါပဲ။ တိုကျိုတက္ကသိုလ်နဲ့ ကျိုတိုတက္ကသိုလ်နှစ်ခုက ပူးပေါင်းလုပ်တဲ့ သုတေသနတစ်ခုက ကြေငြာတဲ့ သတင်းဖြစ်ပါတယ်။

သုတေသနမှာ ချန်ပန်ဇီ နှစ်ကောင်ကို ကပ်လျက်မှာတခန်းစီထားပြီး တခန်းနဲ့တခန်းကို သံဇကာခြားထားပါတယ်။ သူတိုနှစ်ကောင်ရဲ့ အခန်းရှေ့မှာ ကော်ရစ်ဒါရှိပါတယ်။ တစ်ကောင်ရဲ့ရှေ့က ကော်ရစ်ဒါမှာ ဖျော်ရည်ပုလင်းလေးကို မမှီတမှီချပေးပြီး အခြားတစ်ကောင်ရဲ့ရှေ့က ကော်ရစ်ဒါမှာ တံချူတုတ်ကောက်လေးကို သူ့လက်တကမ်းမှာ ချပေးလိုက်ပါတယ်။

ဖျော်ရည်ပုလင်းရှေ့က ချန်ပန်ဇီဟာ သူလက်နဲ့ ဖျော်ရည်ကို လှမ်းယူဖို့ မမှီပါဘူး။ တံချူကလည်း မရှိဘူးဖြစ်နေချိန် တဖက်က မျောက်က သူ့ရှေ့က တံချူကို ယူပြီး လှမ်းပေးလိုက်ပါတယ်။ အဲဒါကို ယူပြီး ဖျော်ရည်ကို သောက်လို့ရသွားပါတယ်။ တဖက်က ချန်ပန်ဇီဟာ ဖျော်ရည်ပုလင်းကို သူပါသောက်ရမယ်ထင်လို့ ယူပေးတာလားလို့ သံသယ၀င်တာမို့ နောက်ထပ်စမ်းသပ်ကြည့်ခဲ့ပါတယ်။ နောက်ထပ်လည်း သူက ကူညီတာကို တွေ့ရပါတယ်။ ဒီအချက်က ချန်ပန်ဇီမျောက်တွေဟာလည်း “ အခြားသူရဲ့စိတ်ကို နားလည်ဖတ်ရှုနိုင်စွမ်း ရှိတယ်။ ကိုယ့်အတွက် ဘာမှမရနိုင်ဘူးဆိုတာ သိပေမဲ့ အခြားသူအဆင်ပြေဖို့ ကူညီပေးလိုစိတ်ရှိခြင်းဆိုတဲ့ အဆင့်မြင့်ဆင်ခြင်ဥာဏ်ရှိတယ်ဆိုတာကို လက်ခံသိရှိသွားပါတယ်။

စိတ်ဝင်စားသူများ ဒီနေရာလေးမှာ ဗွီဒီယိုလေးရှိပါတယ်။ သွားရောက်ကြည့်ရှုနိုင်ပါတယ်..။ ကူညီနေတဲ့ မျောက်ဝံကလေးတွေရဲ့ ပုံစံလေးက အရမ်းကို ချစ်စရာကောင်းပါတယ်။ နောက်ထပ်လည်း တခြား ချန်ပန်ဇီများနဲ့ စမ်းသပ်ရာမှာလည်း ၇၅% ကူညီချင်စိတ်ရှိတယ်လို့ ဆိုသွားပါတယ်။ မိဘချန်ပန်ဇီနဲ့ ကလေးချန်ပန်ဇီ အတွဲတွေကို စမ်းသပ်ရာမှာ ၉၀% ကူညီပေးလိုစိတ်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီခံစားချက်ဟာ “လူသားတွေမှာမြင်ရတဲ့ အပြန်အလှန်ကူညီတတ်တဲ့societyကို (ချန်ပန်ဇီနွယ်တွေမှာ)ဖန်တီးဖို့ အစပဲ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်”လို့ သုတေသနအဖွဲ့က ကြေငြာလိုက်ပါတယ်။

Reference။ ။ ANNသတင်းဌာန(၁၄.၁၀.၂၀၀၉)

သူငယ်ချင်းတို့ရော မှတ်ထားဦးနော်။ မျောက်ဝံတွေတောင် သူများစိတ်ကို နားလည်ခံစားပေးတတ်တယ်တဲ့။ နေ့စဉ်ဘ၀တွေထဲမှာ ပုံမှန်အားဖြင့် အများနားလည်ပေးနိုင်တဲ့ကိစ္စတစ်ခုကို နားလည်မပေးနိုင်တတ်တာတွေကို တွေ့တဲ့အခါ ထိုသူတွေဟာ မျောက်ဝံဘ၀ထက် စောတဲ့ မျိုးစိတ်ကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်နေလို့နေလိမ့်မယ်လို့ သဘောထားကြီးစွာ ခွင့်လွှတ်ပေးလိုက်ပါ။ ( ရယ်စရာ နောက်တာနော်။ Human Evolution ကို သိပ်မသိပါ။ ဟုတ်မဟုတ် လသာညလည်း သိဘူး ဟားဟား)

လသာည ... ဖြစ်ပါတယ်။

အခုတလော အခြေအနေတစ်ခုကြောင့် ဘလော့ရေးတာလေး နားဦးမယ်လို့ ဆုံးဖြတ်ထားတယ်။ (ဒါပေမဲ့ အခုရေးလိုက်ပြန်ပြီ။ အသစ်မတင်နိုင်ပေမဲ့ လာလည်အားပေးတဲ့ သူငယ်ချင်းလေးတွေကို မြင်တဲ့အခါ အလိုလို အားနာသလိုဖြစ်ပြီး စာကရေးမိနေတယ် အဟီး) ဒီတခါတကယ် နည်းနည်း နားဦးမယ်နော်..။ အားလုံးကို ကျေးဇူးတင်ချစ်ခင် နောက်ပြီး အားနာစွာဖြင့်...

လသာည..ပါ။

11 comments:

လသာည said...

အင်း ဘုရားအလောင်းမျောက်မင်းဇာတ်တော်ကိုတောင် သတိရသွားတယ်။ အဲဒီကမ္ဘာတွေတုန်းကကော သုတေသနလုပ်ခဲ့ကြသေးလားမသိဘူးနော်..

နောက်ပြီး လူသားဆန်သော မျောက်တွေရှိရင် မျောက်ဆန်သောလူသားလည်း ရှိနိုင်မှာပဲနော်.. :P ဘာမှဟုတ်ဘူး။ ဒီလိုပဲ လျှောက်တွေးကြည့်တာပါ။

မယ့်ကိုး said...

ဗီဒီယိုလည်း သွားကြည့်ဖြစ်ပါတယ် မ။ ဟုတ်တယ်နော် မနေ့ကပဲ ဆောင်းပါးတစ်ပုဒ်ဖတ်ဖြစ်တယ်။ လူတွေရဲ့ အနေသာကြီးဆိုတဲ့ စိတ်ဓာတ်အကြောင်း ။
တချို့လူတွေက မပြောသလွို မျောက်ဘ၀ထက် စောတဲ့ မျိုးစိတ်ကို ဆက်လက်ပိုင်ဆိုင်ထားဆဲနေမှာ :P

ချစ်မလေးရေ.... ချစ်မလေးရေးတဲ့ စိတ်ပညာဆောင်းပါးတွေက မှတ်သားစရာတွေချည်းမို့ အမြဲလာလည်ဖြစ်တာ အမှန်ပါ။ ဒါပေမယ့် မ မအားဘူးဆိုရင် နားပါနော်။ ဘလော့က ဘယ်အချိန်ချိန်ရေးရေးရပါတယ်။ =)
ချစ်တဲ့

rose of sharon said...

လာဖတ်သွားတယ်နော်.........

မန်းလေရူး said...

Eek ! My Com cannot type myanmar font right now ... ;(
Sounds Very Interesting ...
Take ur time , sis . U can write the tag post anytime you want .. (^__^ )

Anonymous said...

လူတွေကတော့ တဖြည်းဖြည်း လူစိတ်ပျောက်ချင်ချင်..။တစ်ခါတစ်ရံ ကိုယ်က လူစိတ်ရှိအောင်ထားချင်ပေမယ့် ...။အင်း ချိဂတ်တဲ့ရုနော်ဝ ၀ါတာရှိသဘဲ့..(ယာမဂတဗင်)

Anonymous said...

မှတ်သားလောက်ပါတယ်...

ငယ်ငယ်ကတော့ ကိုယ့်ကို မျောက်ကလေးတဲ့..။
ငယ်ငယ်က အိမ်ကို ပုပ္ပါးကလာတဲ့ ဘုန်းဘုန်းကြီးဆို ခုချိန်ထိမေးတုန်း
ဟိုမျောက်ကလေး ဘယ်အရွယ်ရောက်ပတုန်းတဲ့..။ ဟီးဟီးး

ဒါဆို ကိုယ်လဲ မျောက်ဖြစ်နေပီလားမသိ...။

ဒါပေမဲ့ ကိုယ်ကူညီတတ်သူလေးပါ.. ကြော်ငြာဝင်ရိုက်သွားတာ..

မိုးမင်းကြီး

မိုးသီတာ said...

အယ်။ လသာညရေ။ ချင်ပန်ဇီက Apes ပါ။ အစောပိုင်းမှာ လသာည ပြောချင်တာက Apes တွေ အကြောင်းလား။ သို့မဟုတ် မျောက်အကြောင်းပဲလား။-- Human Evolution မှာ မျောက်တွေက တော်တော်နိမ့်ပါတယ်။ Apes တွေကတော့ မြင့်နေပါပြီ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက Apes တွေအကြောင်း တော်တော် အသေးစိတ် သုတေသနလုပ်ထားတဲ့ရုရှမှ အင်္ဂလိပ်ဘာသာပြန်စာအုပ်ထဲမှာတော့ Apes တွေရဲ့ ကူညီလိုစိတ် အကြောင်းမပါပါဘူး။ ဂငယ်တွေ လုပ်ပြီဆိုတော့ မှတ်သားစရာ တိုးပြီ ဆိုပါတော့။ ဒါထက် သူတို့လုပ်တာက စိတ်ပညာပိုင်းဆိုင်ရာ သုတေသနလား၊ Human Evolution နဲ့ ဆိုင်တာလုပ်တာလားဟင်။ ဗမာပြည်မှာတုန်းက Human Evolution ကို တစ်နှစ်သင်ဖူးသေးတော့ စိတ်က မကုန်သေးဘူးရယ်။

လသာည said...

ကွန်မန့်လေးများအားလုံးကို ကျေးဇူးတင်ပါတယ်။

မယ်ကိုး>> ကျေးဇူးနော် ညီမလေး
ချစ်သောရို့စ်>> လာဖတ်တာကိုပဲ ကျေနပ်နေပါပြီလို့..ကျေးဇူးနော်.
မန်းလေရူး>> နားလည်ပေးတာကျေးဇူးနော်..။ အစ်မ အဖျားရောက်နေတယ်။ ပြန်ဆင်းလို့မရသေးလို့..။ :P
ယာမဂတဗင်>> ဘလော့လာချိန်မှာ လူ?မျောက်? dochi?။ ချစ်လို့ နောက်တာပါ:P။
မိုးမင်းကြီး>> မျောက်ကလေးရေ အဲလေ မိုးမင်းကြီးရေ ကြော်ငြာဝင်ခပေးပါ.. နောက်တာနော်.. :P

မိုးသီတာ>> မိုးရေ..ဟုတ်တယ်။ ပို့စ်ကို “လူဆိုတာ မျောက်ကစတယ်”ဆိုပြီး စလိုက်မိတော့ ချန်ပန်ဇီကိုပါ မျောက်အဖြစ်နဲ့ သုံးလိုက်မိတယ်။ ပြင်ရေးလိုက်ပြီနော်။ တင်ချင်စောနဲ့ သေသေချာချာ မစစ်ပဲနဲ့ တင်လိုက်မိတယ်။

သူတို့က စိတ်ပညာပိုင်းဆိုင်ရာ သုတေသနလား၊ Human Evolution နဲ့ ဆိုင်တာလုပ်တာလားဆိုတာ သေသေချာချာ မဖော်ပြသွားဘူးကွ။ အခုပို့စ်မှာ Link လုပ်ထားတဲ့သတင်းမှာလည်း မင်းသိတဲ့အတိုင်း အသေးစိတ်ဖော်ပြမသွားဘူးလေ။ နောက်မှ သေသေချာချာ ဂျာနယ်မှာပါမလားပဲ။ ငါလည်း အဲဒါကို စိတ်ဝင်စားနေတယ်။

အဲဒီသတင်းမှာ နောက်ဆုံးဖော်ပြသွားတာက တိုကျိုတက္ကသိုလ်နဲ့ ကျိုတိုတက္ကသိုလ်နှစ်ခုက ပူးပေါင်းလုပ်တဲ့ သုတေသနမှာ ဦးစီးသူ မစ္စတာရာမမိုတိုက “人で見られる助け合い社会の出発点なのではないか”လို့ ဖော်ပြထားတယ်လေ။ တိုက်ရိုက်ကိုယ်နားလည်သလို ဘာသာပြန်ရရင် “လူသားတွေမှာမြင်ရတဲ့ အပြန်အလှန်ကူညီတတ်တဲ့societyကို (ချန်ပန်ဇီနွယ်တွေမှာ)ဖန်တီးဖို့ အစပဲ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်” လို့ အစိပါယ်ပြန်ဖြစ်တယ်။ မင်းသိတဲ့အတိုင်း ငါလည်း သိပ်မကျွမ်းတော့ အဓိပါယ်မှားချင်လည်းမှားမယ် :P

ငါကတော့ သတင်းကို ဖတ်မိမိချင်း အခုနကပုဂ္ဂိုလ်ဟာ စိတ်ပညာရှင်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချလိုက်ပြီးတော့ ဒီပို့စ်ကို တင်လိုက်တာ။ (မသေချာခင် အတည်ပေါက်ရေးလိုက်မိတာကိုလည်း ခွေးလွှတ်ပါ :P)

ငါ့အထင်မမှားဘူးဆိုရင် သူစမ်းသပ်ချက်အရ ချန်ပန်ဇီတွေမှာ theory of mind ရှိတယ်လို့ ကြေငြာလိုက်တာဖြစ်တယ်။ ဒါဟာ ပထမဆုံး တွေ့ရှိချက်လည်း ဖြစ်တယ်။ သူက နိုဗယ်ဆုများရနေမလား မသိပါဘူး :P

စိတ်ပညာရှင်တွေက အစဉ်အဆက်အငြင်းပွားလာတာက ချန်ပန်ဇီတွေဟာ အပြန်အလှန်နားလည်ပေးနိုင်မှုမရှိဘူး။ (theory of mindမရှိဘူး)ဆိုတါပဲ။ “ကိုယ့်အကျိုးမရပဲနဲ့ ကူညီဖိုဆိုတာ အဲဒါမရှိရင် မဖြစ်နိုင်ဘူးလေ။

ချင်ပန်ဇီနဲ့မျောက်အကြောင်းနဲ့ ပတ်သက်ပြီး မင်းပို့ပေးလိုက်တဲ့ လင့်ကိုပါ ကြည့်ဖြစ်တယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ သုတေသနတွေအများကြီးပဲနော်။ အားမှဖတ်ရဦးမယ်။ အခုလို အလေးအနက်ဝင်ဆွေးနွေးပေးတာ တကယ့်ကိုကျေးဇူးတင်တယ် ။ ငါတော့ ဗဟုသုတတွေ ပိုရသွားပြီ..။
いつもありがとう!!

ကွန်မန့်လေးများ အားလုံးကိုရော လာလည်သူလေးများအားလုံးကိုရော အများကြီးကျေးဇူးနော်။

မိုးသီတာ said...

ဝေး။ ပထမဆုံးတွေ့ရှိသူသာ နိုဗယ်ဆုရကြေးဆို သိပ္ပံဘက်က သုတေသီတွေ (ကိုယ်ရော.. ကိုယ့်သူငယ်ချင်းတွေပါ) နိုဗယ်ဆု ရဘို့ရှိတာရော။ တစ်ယောက်သော မြန်မာသူငယ်ချင်းသူမက ကင်ဆာဆေးနဲ့ ပါတ်သတ်ပြီး အတော်အောင်မြင်ခဲ့ပါတယ်။) သူမကတော့ ခုလို ကိုယ်ဘလော့ဂ်လည်တာမြင်ရင် ဆူမလားမသိပါဘူး။ ... သို့သော်လဲ..နော့... အပန်းဖြေချိန်တော့ ရှိမှာပေါနော့။ (ဆင်၏ ခြေ..ဖြစ်ပါ၏။)

Unknown said...

မျောက်.....


အသေးစိတ်ဖေါ်ပြပေးတာ ကျေးဇူး အမလသာည...

မိုးထက်အိမ် said...

နှိုင်းယှဉ် ဖတ်ရှုသွားပါသည်