Monday, October 12, 2009
အကြင်နာကို ၀ယ်ဖူးခဲ့ပြီ
“သမီးတို့ လာလာ။ အမေ့ဆိုင်ကလေ အင်တာနက်မှာတောင် အကြိမ် ၂သောင်းကျော် ဖော်ပြခံရတာ။ NHKကတောင် လာလာပြီး အင်တာဗျူးတယ်။ အမေက သေချာချက်ထားတာမို့လို စားသွားစမ်းပါ။ အရမ်းကောင်းတာ။ ဒီနားက ဘယ်သူ့ကိုမေးမေး၊ အမေ့နာမည် ပြောလိုက်၊ လူတိုင်းသိတယ်။”
ဂျပန်တုတ်ထိုးဆိုင်တန်းရှေ့က ဖြတ်အလျှောက် ဆိုင်တစ်ဆိုင်ထဲက အဖွားတစ်ယောက်ထွက်လာပြီး ပြောတာဖြစ်ပါတယ်။ ဒီတုတ်ထိုးဆိုင်တန်းက မြန်မာပြည်မှာ ပွဲဈေးဆိုင်တွေလို ခပ်နိမ့်နိမ့်တဖက်ရပ် တဲသာသာလေးပါ။ ဆိုင်လေးတွေက မျက်နှာချင်းဆိုင် တဖက် ၅ဆိုင်ရှိပြီး တုတ်ထိုးဆိုင်ချည်းပဲ။
သူငယ်ချင်းက “ဘယ်လိုလဲ နင်စားမှာလား”လို့ လှမ်းမေးတယ်။
ဗိုက်ကသိပ်မဆာသေးတာမို့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ကော်ဖီဆိုင်ပဲ ထိုင်ဖို့ စိတ်ကူးရှိတာမို့ ပြန်လှည့်ဖို့ လုပ်ပေမဲ့..
“ လာပါ၊ စားကြည့်ပါဦး။ အမေကလေ ဆိုင်ဖြစ်လုပ်ထားတာ မဟုတ်ဘူး။ ကိုယ့်သားသမီးတွေကို ချက်ကျွေးသလို စေတနာတွေထည့်ချက်ထားတာ။”
အမေကလို့ (အိုခါးစံကလို့) အကြိမ်များစွာ ထည့်ပြောနေတဲ့ ကြင်နာတဲ့ အပြုံးပိုင်ရှင်ရဲ့ စကားအဆုံးမှာ ကိုယ်ဘယ်လိုမှ မငြင်းနိုင်တော့ပဲ ထိုဆိုင်ထဲကို လှမ်းဝင်လိုက်ပါတယ်။ သူငယ်ချင်းကလည်း ပြုံးစိပြုံးစိနဲ့ ၀င်လိုက်လာတယ်။
ကိုယ်က ရယ်ရင်း “ဘာလဲ ဘာလို့ ပြုံးနေတာလဲ။ အမေ့အိမ်က တုတ်ထိုးကို စားမလို့လေ..”လို့ ပြောတော့..
သူငယ်ချင်းက သဘောတကျ ထပ်ပြုံးရင်း
“ပြောတတ်တယ်နော် သူက... စေတနာတွေ ထည့်ချက်ထားတာတဲ့..။ ဒါနဲ့ နင်က အစကတော့ တုတ်ထိုး မကြိုက်ဘူးဆို..”
သူကို့ ရှင်းမပြခင် ခပ်တည်တည် ခုံပေါ်ကို အရင် အကျအနတက်ထိုင်လိုက်ချိန် ဆိုင်ရှင်အိုးခါးစံက ၀င်ပြောပါတယ်။
“အို.. အမေ့တုတ်ထိုး မစားဖူးလို့ပါ။ စားမိရင် နေ့တိုင်းလာစားချင်သွားမှာ။ ကဲ.. ရော့..စား”
ပြောပြောဆိုဆို တုတ်ထိုး တပန်းကန်စီက နှစ်ယောက်သားရှေ့ ရောက်လာပါတယ်။ ဂျပန်က တုတ်ထိုးက အသားတစ်မျိုးတည်း မဟုတ်ပါဘူး။ ဂျပန်တုတ်ထိုးကို (おでん)လို့ ခေါ်ပါတယ်။ အစားအစာနဲ့ ပတ်သက်ရင် လသာညက ဗဟုသုတ နည်းပါတယ်။ တုတ်ထိုးက အခုဓါတ်ပုံထဲက အရာတွေပဲလို့ပဲ မှတ်ထားပေးပါ။ အဲဒီမှာ အ၀ါရောင်လေးက ခါရရှိလို့ ခေါ်တဲ့ နည်းနည်းပူရှိန်းတဲ့အရသာမျိုးရှိ အရာပါ။
“စား သမီး။ သမီးတို့နာမည် ဘယ်လိုခေါ်လဲ။ စားကောင်းတယ်မို့လား။ ဒါကြောင့် အမေ့ဆိုင်က နာမည်ကြီးတာလေ”
သူငယ်ချင်းက “ အခုက နေ့လည်မို့လို ထင်တယ်။ လူရှင်းနေတယ်နော်”
“ဟုတ်တယ်။ ညနေစောင်းလာရင် အခုလို အမေနဲ့ အေးအေးဆေးဆေး စကားပြောလို့ မရဘူးပေါ့။ သမီးတို့က ကံကောင်းတာ။ မနေ့ကဆို NHKက လာတာ.သူတို့က ပြောတယ် အမေက အရမ်းကြင်နာတတ်တာပဲတဲ့။ ဟုတ်တယ်လေ သမီးရယ် ဖောက်သည်တစ်ယောက်ချင်းစီကို ကိုယ့်သားသမီးတွေလို့ တွေးလိုက်ရင် တုတ်ထိုးကို သားသမီးအတွက်ချက်တာဖြစ်သွားတာပေါ့။ အမေ့တုတ်ထိုးမှာ အကြင်နာပါတယ်လေ...”
ဒီလိုနဲ့ သူငယ်ချင်းနဲ့ ဆိုင်ရှင် အိုခါးစံတို့ စကားပြောတာကို တိတ်ဆိတ်စွာ နားထောင်ရင်း မြန်မာပြည်က အမေ့အိမ်ကို လွမ်းမိနေတယ်..။ အမေလည်း ဒီလိုပဲ ထမင်းဝိုင်းမှာ စကားတပြောပြောနဲ့ ယပ်တခပ်ခပ်နဲ့ ဂရုစိုက်တတ်တာ...
ဒီလိုနဲ့ ကိုယ်လွမ်းကောင်းနေချိန်မှာ အိုခါးစံက နောက်တစ်ပန်းကန် လာချပေးတယ်။ ကိုယ်ကတော့ အိမ်လွမ်းကောင်းနေတော့ တုတ်ထိုးထဲက အသားတုတ်ထိုးကို ပဲ နည်းနည်းစားဖြစ်တယ်။ ကျန်နေတာကို ဘယ်လိုလုပ်ရမှန်း မသိခင် သူငယ်ချင်းက ကျန်တာကို ကူစားပေးသွားလို့ တော်သေးတယ်။ ကျန်နေရင် အိုးခါးစံကို အားနာစရာလေ..၊
ဒီလိုနဲ့ တစ်နာရီလောက်ကြာသွားတော့ သူငယ်ချင်းက ပြန်ဖို့ အချက်ပြတယ်။ ထပြီး နှုတ်ဆက်ကြတယ်။ ကျသင့်ငွေကို ရှင်းဖို့ အိုခါးစံဆီ ဘယ်လောက်ကျလဲလို့ မေးလိုက်တယ်။
“ယမ်း၃၅၀၀ကျပါတယ်”
သူငယ်ချင်းက တိုးတိုးကပ်ပြီး “ဟယ်.. ဈေးကြီးတယ်နော်..။ ဒါပေမဲ့ စားကောင်းတာပဲဟာ။ နင်စိုက်ပေးနှင့်နော်”တဲ့ ။
ဒါနဲ့ ကောင်တာနဲ့ နီးတဲ့ ကိုယ်က ယမ်း၃၅၀၀လုံးကို ရှင်းပါတယ်။ ဒီအချိန် အိုးခါးစံက ..
“ဟုတ်ဖူးလေ။ တစ်ယောက်ကို ယမ်း ၃၅၀၀လေ သမီးရဲ့”
“ဟိုက်............................? ”
“ယမ်း ၇၀၀၀ ကျတယ်”
“အော်... ဟုတ်”
ပြီးတော့ သူငယ်ချင်းကို လှမ်းကြည့်လိုက်ချိန် သူကလည်း ကိုယ့်ကို ကြည့်ရင်း ပြုံးစိပြုံးစိဖြစ်နေတာမို့ သဘောပေါက်စွာ ကိုယ်ပါရောပြီး ရယ်ချလိုက်တယ်။
“ဟားဟားဟားဟား”
ဟဲဟဲ..ရယ်သံက အဆုံးမှာ တုန်နေသလိုပဲ။
ငွေရှင်းပြီး ဆိုင်ထဲက အထွက်မှာ ဆိုင်ထဲမှ အမေက လှမ်းပြောလိုက်ပါသေးတယ်။
“နောက်လည်း လာစားနော်။ အမေက ဆိုင်ချက်မဟုတ်ဘူး။ သားသမီးတွေအတွက် ချက်သလို ချက်ထားတာ၊ နေ့တိုင်းလာစားလည်း ရတယ်သိလား”
ဒါနဲ့ နှစ်ယောက်သား နောက်ကို တပြိုင်တည်း လှည့်ပြီး ပြိုင်တူပြောလိုက်တယ်။
“ ဟိုက်.. အာရိကတိုး ဂိုးဇိုင်းမတ်ရှိတ..............................................................
:'(
မှတ်ချက်။ ။ အပြင်မှာ အသားတုတ်ထိုး တစ်ခု ယမ်း၁၅၀နဲ့ မုန်လာဥဖြူပါ ပေါင်းစုံတုတ်ထိုးကတော့ တစ်ချောင်းကို ယမ်း၈၀လောက်ရှိပါတယ်။ အဲဒီဆိုင်မှာ မှတ်မှတ်ရရ အသားတုတ်ထိုး ၂ချောင်းနဲ့ မုန်လာဥပါ ပေါင်းစုံတုတ်ထိုးက ၈ချောင်းကိုပဲ စားခဲ့ရတာ ဖြစ်ပါတယ်။ တကယ်ဆို ဈေးကြီးလွန်းတောင် ယမ်း၂၀၀၀ထက် ပိုမကျတတ်ပါဘူး။ ဒီဆိုင်ကတော့ ၃၅၀၀တောင် ကျတာမို့ တုတ်ထိုးခ အပြင် သူမရဲ့ အပြောချိုချို အကြင်နာအတွက် ပေးဝယ်ခဲ့ရသလိုမျိုးပါ။ ယမ်း ၃၅၀၀ဆိုတော့ ကိုယ့်အတွက် ထမင်း၅နပ်စာမကတဲ့ မုန်ဖိုး။
အို.. ဘယ်လိုပဲ ဖြစ်ဖြစ် အမေ့မေတ္တာကို တနေ့ခင်းလောက် ရလိုက်တာပေါ့။
အဲဒီလိုမျိုး.. လသာညတော့ အကြင်နာကိုလည်း ၀ယ်ဖူးသွားခဲ့တယ်။ သူငယ်ချင်းများလည်း အမေ့လွမ်းချိန် (ကံကောင်းစွာ?) အခုလို အကြင်နာရောင်းသူနဲ့ တွေ့ရင် လသာညကို သတိရလိုက်ကြပါဦးနော်။ :P
လသာည.. ဖြစ်ပါတယ်။
15 comments:
အိစံ said...
ဘယ်လိုက င်နာ တာ ပါလိမ့် လို့ ဖတ်ကောင်းနေတုန်း ၃၅၀၀ ယန်း ဆိုတော့ .
အင်း ဒါလည်း
..Marketing ပဲလေ
လသာည said...
ဟုတ်ပ..။ အင်း ကံကောင်းစွာ အကြင်နာကို ၀ယ်ယူရရှိခဲ့လေရဲ့။ တော်ပြီ ကော်ဖီလေးပဲ ကောင်းတယ်။ “မင်းပဲ ကောင်းတယ်။ မင်းပဲ ကောင်းခဲ့တယ်။ မင်းသာ အကောင်းဆုံးပဲ.” :P
Anonymous said...
၂ယောက် ၃၅၀၀ ထင်ထားတာ။ ၁ယောက် ၃၅၀၀ လား။ ကြုံဘူးသေးဘူး။ အရသာတော့ တော်တော်ကောင်းမှာပဲနော်။အပြောချိုတဲ့ အိုခါးစံ စကားလေးက အမြတ်ပေါ့နော်။
ချစ်တဲ့
ထား
လသာည said...
အေးကွာ ဒီလ ပိုက်ဆံက မလောက်ပါဘူးဆို..။ အကြင်နာတွေ ပြန်ရောင်းမယ် ၀ယ်ဦးမလား :P။ အော် ပြောဖို့မေ့သွားတယ်။ သူငယ်ချင်းက ဂျပန်ကျူတာလေ..။ သူလည်း ထိသွားလေရဲ့။ labရောက်ရင်တော့ ပြောလို့ဆုံးမှာ ဟုတ်တော့ဘူး ဟားဟား
မိုးအိမ့်ဖြူ said...
ကွန်ဘမ်းဝ နန်းဂျီနိတာ ဘဲမတ်စက :P
လျှောက်ရေးသွားတယ်ဗျာ ကောင်းပါတယ်ဗျာ အကြင်နာဆိုတာက ကိုယ်ကပေးမှပြန်ရတာလေ အခုဟာက ပေးဝယ်ရတာဆိုတော့ တန်ပါတယ် ဗျာ
Anonymous said...
ဟီးးး ...
တို့က ကြိုက်ဖူး ။ ဒါပေမဲ့ အိုဒန်းက နောက်နေ့ မှ စားရင် အရမ်းကောင်းတယ်။
မုန်လာဥဆို ချိုနေတာပဲ အိုကားစံအိမ်က အစာတွေကိုလွမ်းလိုက်တာ..။
အကြင်နာကို ငွေပေးဝယ်ရင် တခါတည်းရမှာပေါ့..။
ဟီးး
မယ့်ကိုး said...
ဟဲ...မန့်လို့ရတုန်းလေး မန့်ထားမှ... အကြင်နာတွေ လှောင်ထားတယ်ဆိုလို့ လာယူတာ။ =)
pps said...
်အကြင်နာကိုဝယ်ဖူးခဲ့ပြီ......
်အင်း..အကြင်နာရခဲ့သေးတာပဲ..yokkata....
မိုးသီတာ said...
အိုဒန်းရယ်ဒီမိတ်ထုပ်ကြီး၂ယောက်စား တစ်ထုပ် ၁၉၈ယမ်း၊ တစ်ခါစား ဘဲဥတစ်၊ ကုန်းဘု၊ ၀ဥ၊မုန်လာဥတစ်၊ငါးပြား ပါသောတစ်ထုပ်.. ၁၂၈ ယမ်း ဖြင့် Topvalu, Maxvalu ဆိုင်များတွင် အကြင်နာမပါပဲ ရောင်းချပေးနေပါကြောင်း။--- ဖစ်ရလေ လတာညရယ်----
rose of sharon said...
ဟီးဟီးရီရတယ်.... ဈေးမေးပြီးမှစားတာမဟုတ်ဘူး......
Lucifer said...
မမီးကတော့ မုန့်လည်းစားချင်တယ်... အကြင်နာလည်းစားချင်တယ်.. ဝယ်လို့ရရင်ဝယ်စားမယ်.. မရရင်တောင်းစားမယ်..ဟီးးးးးးးးးးးးးးးးး
kiki said...
အိုးးးး ၂၀၀၀ တန် တုတ်ထိုး + ၅၀၀၀ တန် . အကြင်နာတွေပေါ့ ။
ဘာပဲဖြစ်ဖြစ် တန်ပါတယ် .....
နောက်ထပ်သွားစားဖြစ်သေးလား ဟင် ...???
Anonymous said...
you made me laugh.
you have unique writing and positive thinking. Plz carry on.
I am first time reader in your blog and living in Japan.
plz becareful outside, sis. Some ppl, who unnaturally kind and showing how good there are, are very dangeous.
Have a nice day!!
လသာည said...
Dear ANO-sis,thank you for your kind words.
'you have unique writing and positive thinking. Plz carry on."
Thanks again. :P
"I am first time reader in your blog and living in Japan."
Warmly welcome,sis.<3
ZarChyLwin said...
မရေ
ဘုရားတသွားပါတယ်
:(
မှတ်သားသွားပါတယ်