Saturday, August 1, 2009

အလွဲများ

မွေးနေ့တုန်းက မေမေက လှမ်းမှာတယ်။ သမီး ရာဟုဂြိုလ်ထဲရောက်နေတယ်၊ အစစဂရုစိုက်နော်တဲ့။ ပြန်ဖြေဖြစ်တာက “ဟာ မေမေကလည်း စိတ်မပူပါနဲ့။ အဲဒီဟာတွေ သိပ်ပြီးအတွေးမနက်ပါနဲ့၊ သမီးပါ။ အားလုံးနဲ့ အဆင်ပြေအောင်နေတတ်ပါတယ်။ မေမေ စိတ်မပူပါနဲ့ ”လို့ ..။

ဟုတ်တယ်။ မေမေပြောသလိုပဲ ဒီလက ဘာတွေဖြစ်နေလဲ မသိဘူးရယ်။ ကြံဖန်ဖြစ်နေတာလေးတွေက တိုက်ဆိုင်စွာ ဒီလထဲမှာ အများကြီး။

ပထမက ကိုယ့်ပရော်ဖက်ဆာနဲ့ပါ။ ပြီးခဲ့တဲ့နှစ်ပတ်လောက်က ကိုယ် စက်ဘီး အက်စီးဒင့်ဖြစ်တယ်။နည်းနည်း ခါးကိုထိသွားတယ်။ ခါးနာလို့ ကျောင်းမသွားပဲ အိမ်မှာ စာကြည့်နေတုန်း ဆရာ့ဆီက မေးလ်ရောက်လာတယ်။ “မင်း အခုလို စာမကြည့်ပဲနေချင်တယ်ဆိုရင် ဘာလို့ အပင်ပန်းခံ မာစတာလာတက်နေတာလဲ”တဲ့။ တစ်ခါပဲ မတက်တာကို ဆူလိုက်တာ ဆိုပြီးငိုလိုက်ရတာ။ ငိုလို့မောသွားမှ ဆရာ့ဆီ အကျိုးအကြောင်း မေးလ်ပြန်မလို့လုပ်တော့ ဆရာဆီက မေးလ်တစောင် ထပ်ရောက်နေတယ်။ “..စံ၊ ဆောရီး မေးလ်မှားပို့တာပါ။ xxxစံကို ပို့တာတဲ့။ သေရော၊ ဆရာကလည်း မှားစရာလား။ ဒီမှာ မျက်ရည်တွေ တော်တော်ကုန်သွားပြီ။

နောက်ထပ်လွဲတာက မေးလ်ပဲ။ ဒီတခါ ကိုယ်ကမှားတာ။ တူမလေးဆီ စာပို့တာ စိတ်မြန်သူဆိုတော့ သူ့နာမည်ကXX aungဆိုတော့ address မှာ အေ“a”လို့ နှိပ်လိုက်ရင် “a”နဲ့စတဲ့နာမည်တွေက တန်းစီပေါ်လာနေကျ ဆိုတော့ သူ့နာမည်ကို နှိပ်ပြီး စာပို့လိုက်တာ အနှိပ်မှားပြီး တခြားတစ်ယောက်“a”နဲ့စတဲ့သူဆီရောက်သွားတယ်။ ဖော်ဝပ်ဒီမေးလ်ထဲက လိပ်စာတစ်ခုဖြစ်နေတော့ ကိုယ်က သူ့ကိုမသိဘူး။ သူ့ဆီက ကျေးဇူးတင်ကြောင်း၊ ဒါပေမဲ့ နားမလည်ကြောင်းစာလာမှ မှားမှန်းသိသွားတယ်။ အဲဒီတော့မှ ပျာပျာသလဲ သူ့ကို တောင်းပန်လိုက်ရတယ်။ သူက သဘောကောင်းသူမိုလို့ပေါ့။ မဟုတ်ရင် “အူကြောင်ကြောင် တစ်ယောက်ယောက် ဇာတ်လမ်းရှာတယ်”ဖြစ်ဦးမှာ။

နောက်တစ်ခုက ပိုဆိုးတယ်။ ဒီအလွဲက တော်တော် ခံစားလိုက်ရတယ်။ အခုsemesterစတက်ကတဲက အတန်းထဲမှာ ကိုယ့်ကိုလိုက်ကြည့်နေတဲ့ သူတစ်ယောက်ကရှိနေခဲ့တယ်။ နေဦး အထင်မလွဲနဲ့ဦး။ ကောင်မလေးပါ။ သူနဲ့ မေဂျာဘာသာ၃ခုက တူနေတော့ တပတ်ကို အနည်းဆုံး ၃ကြိမ် တွေ့ရတယ်။

သူက အမြဲတန်း ကိုယ်နဲ့ မျက်နှာချင်းဆိုင်လောက်မှာ ရွေးထိုင်တယ်။ ပြီးရင် စာသင်ချိန်မပြီးမချင်း ကိုယ်ကိုယ်ပဲ ချောင်းကြည့်နေတော့တာပဲ။ သူ့ကြည့်နေမှန်းသိလို့ ပြန်ကြည့်ရင် ဂျပန်တွေ ထုံးစံအတိုင်း ခေါင်းငုံပြီး မျက်လုံးချင်းမဆိုင်ဘူး၊ ကိုယ်မျက်လုံးလွဲတာနဲ့ ပြန်ကြည့်တော့ပဲ။ သူကြည့်တာကို အတန်းထဲက လူတိုင်းက သိတယ်။

လူတစ်ယောက်က ကိုယ်ကို အဲလို ဇိမ်ပြေနပြေ ထိုင်ကြည့်နေတာကို ခံရတာ တော်တော် အခံရခက်တာပဲ။ ကောင်လေးတွေ ကောင်မလေးတွေကို ကြည့်တဲ့အခါ ကြည့်တဲ့သူရင်ထဲ ဘယ်လိုနေမလဲတော့ မသိဘူး၊ မလွတ်တမ်းအကြည့်ခံရတဲ့သူတော့ တော်တော်စိတ်ညစ်စရာကောင်းမယ်။ အခုလည်း ကိုယ့်မှာ ငိုက်ချင်လည်းငိုက်လို့မရ၊ ကိုယ်လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေတာ ရေရေလည်လည် စိတ်ညစ်ဖို့ကောင်းတယ်။ တနေ့နေ့တော့ ပြောဦးမယ်လို့ စဉ်းစားနေတာ မပြောဖြစ်ခဲ့ဖူး။

ပြီးခဲ့တဲ့ တစ်ပတ်ကတော့ အတန်းအပြီးမှာ သူ့အပြန်ကို နောက်ကလိုက်သွားပြီး ကိုယ်မင်းနဲ့ ပြောစရာရှိလို့ အချိန်ရရင် နည်းနည်းလောက် တွေ့လို့ရမလားလို့ သွားပြောဖြစ်တယ်။ ပြောသာပြောရတာ ကိုယ်ကဘာဘယ်လို စပြောရမှန်း မသိတော့ မျက်နှာပူသား။ ကိုယ်ပြောစကားနားထောင်ပြီး သူက မျက်ရည်အ၀ိုင်းသားနဲ့ “ရပါတယ်၊ ငါလည်း ပြောစရာ ရှိပါတယ်”တဲ့။။ ကိုယ့်မျက်နှာလည်း အဲဒီတုန်းက နည်းနည်းလည်း တင်းနေခဲ့မယ်ထင်တာပဲ။

“အိုကေ”ဆိုပြီး ကျောင်းကင်တန်းကို သွားဖြစ်တယ်။ လမ်းတစ်လျှောက်ဘယ်လိုပြောရင်ကောင်းမလဲ စဉ်းစားသွားတာ မရဘူး။ ဖြစ်ချင်ရာဖြစ် တည့်တိုးမေးမယ်ပေါ့။ ကျောင်းကင်တင်းက ကော်ဖီဆိုင်ကို ထိုင်ဖြစ်တယ်။ သူကစပြီး

“xx စံ၊ ဆောရီးပါ။ ငါ့ကို စိတ်မဆိုးပါနဲ့။ ငါနင့်ကို ကြည့်နေရရင် စိတ်ချမ်းသာလို့ပါ။”
အင်း..သူစိတ်ချမ်းသာအောင်ကိုယ်ကစိတ်ညစ်ခံနေရတာကို...

“ ဆောရီး၊ ဒါပေမဲ့ ငါမကြိုက်ဘူး။ ပြီးတော့ မိန်းခလေးချင်း လာငေးနေတာ သိပ်တော့မဟုတ်သေးဘူး၊ ပြီး အပြတ်ပြောမယ်နော်၊ ငါအဲဒါတွေ ၀ါသနာမပါဘူး”
ဟုတ်တယ်လေ..ဘာတွေမှန်းမသိဘူး..

“အို..မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲလို မဟုတ်ပါဘူး အီး ဟီးဟီး”
သူငိုနေတာ အကြာကြီးပဲ မျက်နှာတွေ နီရဲလာတဲ့အထိပဲ၊ သနားဖို့တောင် ကောင်းလာပြီ။ ဘာလုပ်ရမှန်းမသိလို့ အနားမှာ ရှိတဲ့ တစ်သျှုးကို ယူပေးလိုက်တယ်။

“ရော့၊ သုတ်လိုက်ပါဦး။ အပြောအဆို မှားသွားရင် ဆောရီးပါ၊”
“ နင် မမှားပါဘူး၊ ငါမှားတာပါ။ ငါ့မှာ အရင်က သိပ်ချစ်ရတဲ့ ရည်းစားတစ်ယောက်ရှိတယ်။ ငါတို့နှစ်ယောက်က သိပ်ချစ်တာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၆လက သူ အက်ဆီးဒင့်နဲ့ ဆုံးသွားတယ်။ ငါလေ အရမ်းကို ကြေကွဲရတယ်။ င့ါကိုငါတောင် သတ်သေချင်တာ။ အဲဒီနေ့က ငါ နင့်ကို လမ်းမှာ စက်ဘီးနင်းသွားတာကို မြင်သွားတယ်။ နင် က သူနဲ့ အရမ်းတူတာပဲ၊ ပြုံးတာ ရယ်တာ အားလုံး သူနဲ့တူတယ်။ ထောင့်ထောင့်တောင့်တောင့် လမ်းလျှောက်တာလည်း တူတယ်။ နင်ကို မြင်လိုက်တဲ့အတွက် ငါ မသေဖြစ်တော့ဘူး။ နင်ကိုမြင်ရတိုင်း သူ့ကို မြင်နေရသလို ခံစားရလို့ပါ။ သူပြန်ရှင်လာသလိုပဲ ငါအရမ်းပျော်လို့ပါ။”

သြော် ဂလိုကိုး။ ကိုယ့်ရုပ်ကို သံသယတောင်ဖြစ်လာပြီ။ ကိုယ့်ရုပ်က မိန်းခလေးနဲ့ မတူလို့လား၊ သွားတဲ့လာတဲ့စတိုင်ကတော့ ဒေါင့်မကျိုးတာ ကိုယ့်ဘာကိုယ်သိတယ်။ ပြောတဲ့ဆိုတဲ့ ပုံစံကလည်း ဒီလိုပဲ ပြောတတ်တယ်။
“ သြော်.. အဲလိုလား။ ဒါပေမဲ့ အခု မင်းဟာက ဟုတ်တော့မဟုတ်သေးဘူး၊ ငါက ..” (ငါက မိန်းခလေးလေလို့ ဆက်ပြောမလို့ဟာ

“အိုး.. အဲလို ခေါင်းရမ်းပြီး ပြောပုံက သူနဲ့ အရမ်းတူတာပဲ”

“ဟားဟား၊ ရော ခက်ပြီ။ မဟုတ်သေးဘူးလေ ”

“သူက အဲလိုမျိုး ရယ်တတ်တာ၊ ငါအရမ်းချစ်တာပဲ”

ဒုက္ခပါပဲ၊ ကဲ ..လသာည ဘာဆက်လုပ်ရမလဲ..ဒါနဲ့ ရှင်းလိုက်တယ်၊ (ကော်ဖီဖိုး)။ သူက သူရှင်းပါမယ်လုပ်သေးတာ။ နေပါစေတော့ ကိုယ့်ကိုချစ်တယ်ပြောတာ မုန်းတယ်ပြောတာထက် စာရင် တော်ပါသေးတယ်လေ။

“ကဲ.. မင်းပြောစရာရှိတာ ကုန်ပြီမဟုတ်လား”
“ ငါ နင့်ကို ပြောစရာရှိပါသေးတယ်၊ ငါ နောက် semesterမှာ ဟီရိုရှီးမားကျောင်းကို ပြောင်းတက်မယ်။ ငါနင့်ကို အခုလို မတွေ့နိုင်တော့ဘူးလေ။ (ကောင်းတယ် ငါတော့ မင်းအကြည့်က လွတ်တော့မယ်)
နောက်ဆုံးအနေနဲ့ အကူအညီတစ်ခုတောင်းချင်လို့ နင်ပေးမှာလား”

“ပြောကြည့်လေ၊ ပေးနိုင်ရင်ပေးမယ်၊ မပေးနိုင်ရင်တော့ ငါက အားမနာတတ်ဘူး၊ မပေးနိုင်ဘူးလို့ပဲ ပြောရလိမ့်မယ်”

“ ရပါတယ်။ နင် လက်မခံနိုင်ရင် ငြင်းလို့ရပါတယ်။ ဟို..ငါ... နင့်ဓါတ်ပုံလေး လိုချင်တာ၊ ယူခွင့်ရမလားဟင်”

သြော်..လူအစား ဓါတ်ပုံက ၀ဋ်ခံရမယ်ထင်ပါတယ်။

ဒါနဲ့ ဒါလေးတော့ ခွင့်ပေးလိုက်ပါမယ်လေ သူစိတ်ချမ်းသာပါစေတော့လို့ ပေးမလို့ လုပ်ပြီးမှ အတွေးတမျိုးပြောင်းသွားတယ်။

“xxx စံရယ်၊ ငါ မင်းခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ ငါက မင်းရည်းစားအစစ်အမှန် မဟုတ်ဘူးလေ၊ ပြီးတော့ အချိန်တန်ရင် ငါလည်း ငါ့တိုင်းပြည်ပြန်ရမှာ။ မင်း ငါ့ကို ကြည့်ချင်တယ်၊ မြင်ချင်တယ်ဆိုတာက မင်းရည်းစားရဲ့ကိုယ်စားလေ၊ တကယ်ဆို အခု မင်းက အိမ်မက်ထဲမှာ လမ်းလျှောက်နေသလိုပဲ၊ အိမ်မက်ဆိုတာ နိုးသွားတဲ့အချိန် ပျက်ပြယ်သွားတာပဲ၊ ဒါကြောင့် မင်းအနေနဲ့ အစစ်အမှန်ဘ၀ထဲကို မင်းရောက်အောင်သွားဖို့လိုတယ်။

မင်းမှာ သူ့ရဲ့ဓါတ်ပုံတွေရှိဦးမှာပါ။ အဲဒီ ဓါတ်ပုံမှတဆင့် သူ့အတွက် မင်းတစ်ခုခု တောင်းဆုချွေပေးလိုက်ပါ။ ပြီးရင် နောင်..မင်းအရွယ်နဲ့ နောက်ထပ်ချစ်သူရှိလာနိုင်ဖို့ အခွင့်အရေးပေးလိုက်ပါ။ သေသွားရှာပြီ ဖြစ်တဲ့ ချစ်သူအတွက် ငါ့လိုဆင်တူသူတစ်ယောက်ကို ထပ်ရှာတာမျိုးနဲ့ ကိုယ်ကိုယ့်ကို မလှည့်စားစေချင်တော့ဘူး။ ငါပြောတာ မင်းနားလည်လားမသိဘူး”

သူ မျက်ရည်တွေနဲ့ ခေါင်းညိတ်ရှာပါတယ်။ ကိုယ်လည်းစိတ်မကောင်းဘူး။ ရင်ထဲမှာလည်း သူ့နောက်ဆုံး တောင်းဆိုချက်ကို မလိုက်လျှောမိလို့ မစာနာဖူးလို့များထင်သွားမလားလို့ လည်း စိုးရိမ်သွားခဲ့တယ်။ ဒါနဲ့ ...

“ ဒီလိုလုပ်ရအောင်၊ မင်းအချိန်ရရင် နောက်တနာရီလောက် မင်းနားမှာ ငါအတူနေပေးမယ်။ ဒီနားက လမ်းကလေးမှာ လမ်းလျှောက်ရင်း မင်းချစ်သူအကြောင်းပြောပြလေ၊ မင်းရင်ဖွင့်လိုက်လို့ ပေါ့သွားအောင်ပေါ့။ ငိုစရာရှိလည်း ပေါ့သွားအောင် ငိုလိုက်ပါ။ ရပါတယ်”

အဲဒီနေ့က သူနဲ့အတူ ၁နာရီခွဲလောက် လမ်းလျှောက်ဖြစ်တယ်။ (တခါတလေလည်း လမ်းဘေးက ခုံမှာနားတယ်။) သူက သူ့ချစ်သူအကြောင်း ပြောရင်း တခါတလေ ငိုလိုက်၊ တခါတလေ ရယ်လိုက်နဲ့ ရှိနေခဲ့တယ်။ သနားစရာတော်တော်ကောင်းပါတယ်။ ပြန်ခါနီးမှာတော့ သူမျက်နှာဟာ တော်တော်လေးကြည်လင်နေတာတွေ့ရတယ်။ ကိုယ်ထင်တာမမှားဘူးဆိုရင် သူရင်တွေ့ ပေါ့ပါးသွားတယ်ထင်ပါရဲ့။

ခွဲခွာခါနီး သူက...
“ကျေးဇူးတင်ပါတယ် xxစံ၇ယ်။ နင်ကလေ တအားသဘောကောင်းတာပဲ၊ နင့်ကို လူတိုင်းကချစ်မှာသိလား၊ (အပြင်မှာတော့ ဆန့်ကျင်ဖက်ပါ ;) ။ ငါလေ နင့်ကို ငါ့ချစ်သူအဖြစ်နဲ့တော့ မေ့နိုင်အောင်ကြိုးစားလိုက်ဦးမယ်၊ သူငယ်ချင်းအဖြစ်တော့ ငါ့ရင်ထဲမှာ ရှိနေမှာပါ၊ ငါသွားတော့မယ်၊ နင်..ကျန်းမာရေးဂရုစိုက်ပါ။ ဆာယိုနာရ”

“ဆာယိုနာရ.. xxစံ၊ မင်း အဆင်ပြေပါစေ”

အဲဒီနောက် သူ့ကိုမတွေ့ရတော့သလို အဆက်အသွယ်လည်း သူမလုပ်ခဲ့ပါဘူး။ အင်း..အလွဲတစ်ခုလည်း အခုတော့ ရှင်းသွားခဲ့ပြီထင်ပါတယ်။ တကယ်ဆို အပြင်က အဖြစ်အပျက်တွေက ရုပ်ရှင်ဇာတ်လမ်းထက်တောင် ဆန်းကြယ်နေပါလားလို့ တွေးရင်းးး။

မေမေပြောသလို ရာဟုဂြိုလ်ကြောင့်ဟုတ်မဟုတ်မသိပေမဲ့ အလွဲတွေကတော့ ရှိနေတာပါပဲ

11 comments:

rose of sharon said...

သြော်...ဖြစ်မှဖြစ်ရလေ... ဒါဆိုလသာညကခန့်ချောကြီးပေါ့... မြင်ဘူးချင်တယ်... ဟားဟား... နောက်တာနော်....

လသာည said...

ဟားဟား.. ချစ်သော (အစ်မ)ရိုစ်က နောက်တော့မယ်။ မခန့်ချောဘူး။ သူကကို ဖြစ်နေတာ။ လသာညရဲ့ အရင်က ဓါတ်ပုံတွေ တင်ထားတာရှိတယ်လေ။ “လသာညအကြောင်း”ဆိုတဲ့ ခေါင်းစဉ်အောက်က ပိုစ်တွေထဲမှာ။ အခုက ဆံပင်နည်းနည်းပိုတိုသွားတယ်။ ဒါပဲကွာတာ။ သေချာတာက အစ်မရိုစ်လောက် မချောဘူးဆိုတာပဲ။ :D။ စကားကတော့ အဲလိုပဲပြောတတ်တာ။ နည်းနည်းမရင်ကျက်သေးဘူး။ ပြင်မရသေးဘူးလေ။ ဟားဟား။ :))

မင်းအိမ်ဖြူ said...

လသာညစံက စာရေးကောင်းတယ်ဗျ ၊၊ အလွဲလေးတွေက ကာယကံရှင် အတွက် စိတ်ညစ်စရာပေမယ့် အခုပြန်ဖတ်ရတဲ့သူကတော့ ဟာသလေး တွေလို ရယ်စရာကောင်းနေတယ်...
အဲဒီလို နည်းလမ်းမှန်နဲ့ စဉ်းစားပြီး ကူညီပေးလိုက်တာ ကောင်းပါတယ် ၊၊ ဘာပဲဖြစ်ဖြစ် သူလည်း လမ်းမှန်ကို ချက်ချင်းမရောက်ရင်တော့ တွေးလို့တော့ ရသွားတာပေါ့ဗျာ ၊၊

ပျော်ရွှင်ပါစေဗျာ ၊၊
မင်းအိမ်ဖြူ

လသာည said...

မင်းအိမ်ဖြူလည်း စာရေးကောင်းတာပါပဲ။ ကွန့်မန့်ပေးတာ ကျေးဇူးအရမ်းတင်ပါတယ်။

Lucifer said...

ဟဟာ့..လသာညရေ... တော်တော်လေးတော်ပါပေတယ်ရှင်.... ရယ်ရမလိုငိုရမလိုကိုဖြစ်နေပြီ...

လသာည said...

မငိုနဲ့နော်။ ရယ်ပဲရယ်ပါ/:p
ကြယ်လေးရာ ကိုယ်ဘာတွေတော်နေပြန်ရတာလဲ။ မတော်လို့ အလွဲတွေများနေပါတယ်ဆို။ :D ။

လသာည said...

2 Aug 09, 12:58
မိဆိုးလေး: ဟိဟိ မိဆိုးလေးက ရာဟုဂြိုလ် ၂လုံးပြူးဝင်တာဗျ။ သောကြာနေ့ က စာကြည့်ရတာ စိတ်မပါလို့ ဆိုပြီး(ဘယ်တော့မှပါမှာမဟုတ်) သုငယ်ချင်းနဲ့ ဈေးသွားတာ။

အဲဒီဆိင်က ၃၀ မိနစ်လောက် စက်ဘီးနင်းရတဲ့နေရာပေါ့။ လမ်းတစ်ဝက်လောက်မှာစက်ဘီးကသံစူးပြီးပေါက်ပါလေရော။ ဘော့လ်ကြွတ်လဲမကောင်းလို့ ယမ်း၁၀၀ဆိုင် ကဘော့ လ်ကြွတ်ဝယ်ပြီးလုပ်ကြည့်သေးတယ်. မရပါဘူး။ အဲဒီနားက ဆိုင်တွေက ပိတ်ထားလို့  အိမ်နားထိတွန်းပြန်ခဲ့ရတယ်။ စက်ဘီးပြင်ဆိုင်က ဖာရင် ၁၀၀၀တဲ့။လဲရင် ၄၀၀၀တဲ့ဒါနဲ့ ပြင်ပဲပြင်မယ်လို့ ပြောလိုက်တယ်။ ပြင်ပြီးတော့ ၁၀၀၀ ပေးတော့သနားသွားလို့ ထင်တယ် ၈၀၀ပဲယူလိုက်တယ်.။

မနေကတော့ အဲဒီဈေးဆိုင်ကိုပဲ သွားတော့ ပြန်လာတဲ့အချိန်လမ်းမှာ ကြွတ်က ဒိုင်းဆို တစ်ထွာလောက် ကွဲထွက်ပြီး.တာရာပါ ကွဲသွားရော..။ အော်...ဒုက္ခ..။

Shinlay said...

လွဲတာလေးတွေက အခုတော့ရီစရာကောင်းသားနော်။
လွဲတာတွေပြီးရင် အဆင်ပြေတာတွေ လာတော့မှာပါ။
အားတင်းထား။

လသာည said...

shinlay က အားပေးတယ်ပေါ့။ ဒါဆို အားတင်းထားလိုက်ပြီနော်။ :D / လာလည်ပြီးမန့်ပေးတာ ကျေးဇူးပဲနော်။

Anonymous said...

Nice one!! you have good heart n right decision on her. Good job!

နေ့အိပ်မက် said...

အယ်. ဖြစ်ရမယ်.... မမက ကူညီတတ်လို့ တော်သေးတာပေါ့