Sunday, August 23, 2009

တောတွင်းသူလေး

1920လောက်တုန်းက ပုံပြင်ဆန်ဆန်တစ်ခု ဖြစ်ပွားခဲ့တယ်။ အိန္ဒိယနိုင်ငံ Mindapore က Godamuri ရွာလေးနားက ရွာသားတစ်ဦးဟာ တောအုပ်နားမှာ ၀ံပုလွေ အမကြီးတစ်ကောင်နဲ့ မိသားစု (၀ံပုလွေအုပ်)ကို တွေ့ရှိခဲ့တယ်။ ထူးခြားချက်က ၀ံပုလွေလေးနှစ်ယောက်ဟာ လူနဲ့တူနေသလိုဖြစ်နေခဲ့တယ်။ နောက်ဆုံးတော့ အဲဒီကလေးနှစ်ကောင်ကို ဖမ်းမိသွားခဲ့တယ်။

ဟုတ်ပါတယ်၊လူသား (၀ံပုလွေရုပ်နဲ့) the Wolf Girls လေးတွေပါ။ အကြီးလေး (kamala)က ရှစ်နှစ်၊ အငယ်လေး(Amala)က တစ်နှစ်ခွဲပဲ ရှိသေးတဲ့ လူသား စစ်စစ်တွေ ဖြစ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ညီမအရင်းတွေ မဟုတ်ပဲ၊ မိဘက စွန့်ပစ်ခြင်း ခံရလေသလား၊ ၀ံပုလွေတွေကပဲ သားကောင်အသွင် ချီလာခဲ့သလား အငြင်းပွားစရာတော့ ဖြစ်ခဲ့တယ်။ ထိုရွာသားကနေ မိဘမဲ့ ကလေးကျောင်းက ကျောင်းအုပ် Reverend J. A. L. Singhဆိုသူကို ပေးအပ်ခဲ့ပါတယ်။

သူတို့က လေးဘက်သွားတယ်။ အသားစိမ်းစားတယ်။ အရည်ဆိုရင် လျှာနဲ့ ရက်သောက်တယ်။ နေ့ကို ကောင်းကောင်းမမြင်သလိုပဲ။ ညကိုပဲ ပိုကျွမ်းတယ်။ ညဆိုရင် ၀ံပုလွေလို အူတယ်။ လူစကားကတော့ သိတဲ့အတိုင်း ဘယ်ပြောတတ်မလဲ။ ရောက်ခါစက လူတွေကို စိမ်းနေတဲ့အတွက် သူတို့နားကပ်သွားရင် ၀ံပုလွေတွေလိုပဲ သွားတွေစေ့ပြီး မာန်ဖီတတ်တယ်။

နောက်အဖျားဝင်ပြီး အငယ်လေးက ဆုံးသွားခဲ့ပါတယ်။ Singhရဲ့ ကြိုးပမ်းမှုကြောင့် အကြီးမလေးဟာ လူတွေနဲ့ နည်းနည်းယဉ်ပါးလာတယ်။ နောက်မှာ kamalaလေးကို တဖြည်းဖြည်း လူတော့ထဲမှာ နေထိုင်နေဖို့ သင်ကြားခဲ့ပါတယ်။

သူ့အသက်၉ နှစ်လောက်မှ (စတွေ့ကတဲကဆိုရင် အသက်ရှစ်နှစ်ပေါ့) ဘာသာစကားကို (လူစကားပြောခြင်းကို) စသင်ခဲ့ပါတယ်။ ကလေးနာမည်အခေါ်အဝေါ်တွေ၊ အရောင်တွေ စသည်..ဖြင့် ..သူပြောတတ်အောင် စကားလုံးလေးတွေကို နည်းနည်းချင်းသင်ကြားပေးခဲ့ပါတယ်။ အသက်၉နှစ်မှာ စသင်ရတဲ့ စကားပြောခြင်းပညာဟာ သူမလေး အတွက် တော်တော်ပဲ ခက်ခဲလွန်းနေခဲ့တယ်။ ပြောတတ်ဖို့ အချိန်တော်တော်ပေးခဲ့ရပါတယ်။ လမ်းလျှောက်တာကိုလည်း မတ်မတ်လျှောက်တတ်အောင် ဖြေးဖြေးချင်း လေ့ကျင့်ပေးခဲ့ရပါတယ်။

သနားစရာ kamalaလေးဟာ အသက် ၁၆နှစ်အရွယ်မှာမှ ပုံမှန်နို့စို့ကလေးငယ်(၂နှစ်သားခန့်) လောက် သိနိုင်လာခဲ့တယ်လို့ ဆိုပါတယ်။ သူကို ပိုထောက်ပံနိုင်ဖို့ အမေရိကားကို ခေါ်ဖို့ စီစဉ်နေစဉ်မှာပဲ ၁၉၂၉မှာ ကျောက်ကပ်ရောဂါကြောင့် ကျန်းမာရေး ချို့ယွင်းလာပြီး နိုဝင်ဘာလမှာ ဆုံးပါးသွားခဲ့ပါတယ်။..။

ဒီကလေးနှစ်ယောက်နဲ့ ပတ်သက်ပြီး ကမ္ဘာမှာ တော်တော်လေး ဂရက်ရိုက်ခက်ခဲ့ပါတယ်။ ၀ံပုလွေလူသား ရုပ်ရှင်ဇာတ်ကားတွေ၊ ၀တ္တုတွေလည်း တော်တော်ထွက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပုံပြင်ဇာတ်လမ်းလေးက ဒီမှာတင်ပြီးးးးးစ်

အခုကစ၍ ကြော်ငြာဝင်ပါတယ်.. အဟိ.. ပုံမှန်ကလေးတွေရဲ့ ဘာသာစကား ဖွံဖြိုးတိုးတက်နှုန်းပါ။

ဓါတ်ပုံကို ဒီနေရာမှ ယူပါတယ်။ပုံမှန်ကလေးတွေရဲ့ ဘာသာစကား ဖွံဖြိုးတိုးတက်နှုန်းဂရပ်ပါ။ မြှားက ထောင်တက်သွားတဲ့ကာလလေးက တစ်နှစ်ခွဲကနေ သုံးနှစ်အတွင်း ကလေးတွေရဲ့ ဘာသာစကား ဖွံဖြိုးတိုးတက်နှုန်းပါ။ အဲဒီကာလဟာ ကလေးတွေ ဘာသာစကားတိုးတက်ဖို့အတွက် အရေးကြီးဆုံး critical periodပဲ ဖြစ်ပါတယ်။ အဲဒီကာလလေးမှာ ကလေးဟာ စကားပြောတဲ့ပတ်ဝန်းကျင်မှာ နေခွင့်ရချင်ရ၊ မရခဲ့ရင် အဲဒီကာလရဲ့နောက်ပိုင်းကို ရောက်လေလေ ထိုကလေးဟာ စကား ပြောဖို့ အတတ်နှေးလေဖြစ်ပါတယ်။

ပုံမှန်ကလေးဟာ အသက် ၁နှစ်ခွဲမှ ၃နှစ်အတွင်း (၁နှစ်ခွဲကြာကာလလေး)မှာ စကားလုံးပေါင်း ၁၀၀၀ခန့်ကို သိရှိနိုင်စွမ်းရှိတယ်တဲ့။ (ပိုတတ်သူရှိနိုင်သလို၊ နည်းသူလည်း ရှိတယ်၊ individual difference ရှိပါတယ်။)အခု ဥပမာလေးထဲက ကလေးလေးကတော့ ၉နှစ်မှာမှ ဘာသာစကား (လူစကား)ကို သင်ပေးခဲ့ရတယ်။ ကလေးတစ်ယောက် စကားပြောတတ်ရမဲ့ critical periodကာလကို ကျော်မှ သင်ပေးခွင့်ရခဲ့တဲ့အတွက် လူအသိုင်းအ၀ိုင်းမှာ ရှင်သန်ခွင့် ရခဲ့တဲ့ ၈-နှစ်တာ ကာလအတွင်း စကားလုံးပေါင်း (100) ပတ်ဝန်းကျင်ကိုပဲ တတ်မြောက်နိုင်ခဲ့ပါတယ်။

အောက်က ဗွီဒီယိုလေးထဲမှာ အလားတူ အဖြစ်အပျက်ကြောင့် စကားပြောတတ်ဖို့ ခက်ခဲသူကလေးများအကြောင်းကို တင်ပြထားတာကို တွေ့ရပါတယ်။ အချိန်ရရင် အပျင်းပြေ ကြည့်ကြည့်လိုက်နော်.။ (Singhရဲ့ ဒိုင်ယာယီမှတ်တမ်းကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။ )

လသာည

3 comments:

မယ့်ကိုး said...

စိတ်အရမ်းဝင်စားပါတယ် ကလေးစိတ်ပညာကို။ မျှဝေပေးတာ ကျေးဇူးပါ။ ဗီဒီယိုကို အခုမှ ကြည့်ဖူးတာ။

Yu Ya said...

ဗဟုသုတတွေ အများကြီး ရသွားပါတယ် အစ်မရေ..
ရွှင်လန်းချမ်းမြေ့ပါစေနော်။

yu ya

နေ့အိပ်မက် said...

နေ့အိပ်မက်က သုံးနှစ်ကတည်းက ပေါက်ပေါက်ဖောက်သလို စကားများတယ်ဆိုပဲ... :P

တိရစ္ဆာန်တစ်ကောင်ကောင်က မွေးစားခံရတာ ဘယ်လိုကုသိုလ်လဲမသိ.... ဘယ်လိုပြောရမလဲ.... အထူးအဆန်းဆိုပြီး ဂုဏ်ယူချင်စရာလား. တိရစ္ဆာန်တစ်ပိုင်းဆိုပြီး သိမ်ငယ်ချင်စရာလား