Sunday, August 16, 2009

စမ်းသပ်ခံလူသား

ချာလီCharlie Gordonဟာအသက်၁၇ ခုနှစ်ရှိပြီး IQ(ဥာဏ်ရည်) ၆၈ပဲရှိတဲ့ ဥာဏ်ရည်နိမ့် ကျပ်မပြည့်သူ လူငယ်လေးတစ်ယောက်ပါ။ သူ့မိဘတွေက သူ့ကို ဥာဏ်ရည်နိမ့်လို့ ဆိုပြီး မွေးပြီးကတဲက ပြစ်ထားခဲ့တဲ့အတွက် သူဟာ သူ့ဦးလေးနဲ့အတူ ကြီးပြင်းခဲ့ရပါတယ်။ သူအရွယ်ရောက်တော့လည်း ကျေးဇူးဆပ်တဲ့ အနေနဲ့ သူ့ဦးလေးရဲ့ အလုပ်ရုံမှာ တောက်တိုမယ်ရလုပ်ရပါတယ်။ သူဟာ ကျောင်းတအားနေချင်ရှာပေမဲ့ ကျောင်းတက်ခွင့်မရခဲ့ပါဘူး။

ချာလီဟာ ကိုယ့်ဘာသာ တိုးတက်ချင်စိတ် အရမ်းရှိတယ်။ ဒါကြောင့်လည်း ဥာဏ်ရည်နိမ့်သူတွေနေတဲ့ ကျောင်းကိုတက်ပြီး အရေးအဖတ်တတ်အောင် ကြိုးစားသင်ယူခဲ့တယ်။ အဲဒီကျောင်းက သူ့ဆရာမနာမည်က အဲလစ် (Alice Kinnian)တဲ့။ အဲလစ်ဟာ ငယ်ရွယ်ချောမောလှပတဲ့သူ မိန်းမချောလေးဖြစ်ပါတယ်။

တနေ့ပေါ့..။ အဲဒီတနေ့ဟာ ချာလီရဲ့ဘ၀ကို အသွင်ပြောင်းခဲ့တဲ့နေ့လို့ ဆိုလို့ရပါတယ်။

သိပ္ပံပညာရှင် နှစ်ဦး ဖြစ်တဲ့ Professor Nemur နဲ့ Doctor Straussဟာ ကြွက်ကလေး Algernonရဲ့ မှတ်ဥာဏ်ကို ပုံမှန်ထက်တက်အောင် လုပ်တဲ့ စမ်းသက်ချက် အောင်မြင်ခဲ့ပါတယ်။ ဒီတော့ သူတို့နှစ်ဦးဟာ တဆင့်တက်စမ်းသက်ချက် အဖြစ် လူသားတွေရဲ့ IQကို မြင့်အောင် လုပ်နိုင်မနိုင် စမ်းသပ်ဖို့ စီစဉ်ကြတယ်။ ဒီမှာ စမ်းသပ်ခံလူသားအဖြစ် ချာလီကို ရွေးကြပါတယ်။

အစတော့ ချာလီကြောက်ရွံစွာ တွေဝေခဲ့တယ်။ ချာလီကို စမ်းသပ်ခံလူသား အဖြစ် လက်ခံဖို့ သူ့ဆရာမ အဲလစ်က တိုက်တွန်းအားပေးခဲ့တယ်။

“ချာလီ ဒီစမ်းသပ်ချက်အောင်မြင်ခဲ့ရင် မင်းဖတ်ချင်တဲ့ စာတွေ မင်းဖတ်လို့ရပြီလေ၊ တွေးကြည့်စမ်း၊ ပျော်စရာ မကောင်းဘူးလား”

တကယ်ဆို အဲလစ်ရဲ့ စကားထဲမှာ မအောင်မြင်ခဲ့ရင်..ဆိုတဲ့ စကားလုံး မပါခဲ့ဘူး။ နောက်ဆုံးတော့ ချာလီဟာ သူ့ဆရာမလေးရဲ့ စကားအတိုင်း သူနာခံခဲ့ပါတယ်။

သူကံကောင်းခဲ့တယ်ထင်တယ်။ စမ်းသပ်ချက်က အောင်မြင်သွားခဲ့ပါတယ်။ ၃ လ အတွင်း သူ့ရဲ့ IQ ဟာ ၁၈၅ အထိ ရောက်ခဲ့ပါတယ်။ (ကြော်ငြာ။ ။ IQ သတ်မှတ်ချက်အကြောင်းကို အောက်ဆုံးမှာ ရေးထားတယ်နော်။ :P)။

ပျော်စရာကြီးပါ။ သူဖတ်ခဲ့ချင်တဲ့ စာတွေကို သူခဏလေးအတွင်း ဖတ်နိုင်ခဲ့တယ်။ သူလုပ်ချင်တဲ့ သူလေ့လာချင်တဲ့ဘာသာရပ်တွေကို သူက ခဏလေးအတွင်း တတ်မြောက်ခဲ့ပါတော့တယ်။ သူမှာ ပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါပြီ။ သူ့အနာဂတ်က တောက်ပနေပြီပေါ့။

ဒါပေမဲ့ ဘ၀ ကြီးက အဲလို လွယ်လွယ်ကူကူ ကြိုတင်ခန့်မန်းလို့မရပါခဲ့ဘူး။ သူရဲ့ ဥာဏ်ရည်ကောင်းလာခြင်း၊ ပညာပိုတတ်လာခြင်းဟာ ပတ်ဝန်းကျင်ကလူတွေနဲ့ သူ့ကို ခွဲထုတ်သလို ဖြစ်လာခဲ့ပါတယ်။


သူတစ်ယောက်ဥာဏ်ရည်နိမ့်ကျနေစဉ်က နှိမ်ချပြီး အစေအပါးလို ပြောင်လှောင်ခဲ့သူတွေဟာ အခုအချိန်မှာ သူ့ကို ပညာရှင်တစ်ယောက်အနေနဲ့ မဆက်ဆံလိုကြပါဘူး။
လူလူသူသူနေရာပေးရမှာကို သူတို့ကြောက်ကြတယ်။ သူ့ကို အရင်လိုပဲ လူနုံလူအ အသွင်ပဲ ဆက်ဆံလိုတယ်။ ဆက်ဆံခွင့် မရရင် သူ့ကို ရှောင်ခွာသွားကြပါတော့တယ်။

တချိန်က သူ့ကို သနားလို့ဆိုပြီး ပေးကမ်းခဲ့သူအချို့ က လည်း သူလူလူသူသူ ဖြစ်သွားချိန်မှာ တချိန်ကကျေးဇူးတွေကိုတင်ပြပြီး သူ့ဥာဏ်ရည်ကို အသုံးချသွားတာက လွဲရင်
သူ့ကို အရင်လို မနွေးထွေးကြတော့ဘူး။

သူသိသလို မသိတဲ့သူတွေကြားထဲမှာ သူဟာ ရပ်တည်ရခက်လာခဲ့ပါတယ်။
မွန်းကျပ်တဲ့ ခံစားချက်က နေ့တိုင်းရှိလာခဲ့တယ်။ သူရဲ့စွမ်းရည်အပေါ် တိုက်ခိုက်မှုများစွာက ဆက်တိုက်ဖြစ်လာခဲ့တယ်။ သူ့ဆရာမ အဲလစ်နဲ့တောင် သူအဆင်မပြေဖြစ်လာခဲ့ပါတယ်။ စိတ်ပြေလက်ပျောက်သဘောနဲ့ Lillmanဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်မိသေးတယ်။

တနေ့မှာတော့ သူ့ရဲ့ ကျေးဇူးရှင် သိပ္ပံပညာရှင် ပါမောက္ခ Nemurနဲ့ တွေ့တယ်။
ပါမောက္ခ Nemurဆီမှ သတင်းဆိုးတစ်ခုကို သူကြားခဲ့ရတယ်။ သူ့အရင် စမ်းသပ်ခံ Algernon ကြွက်ကလေးဟာ ပြုပြင်ထားတဲ့ IQကနေ ပြန်လျော့ကျသွားပြီး သေဆုံးသွားခဲ့တယ်ဆိုတဲ့ သတင်းပါ။

ချာလီဟာ တုန်လှုပ်လွန်းပြီး စကားတစ်ခွန်းမှ မပြောနိုင်ခဲ့ဘူး။

“ဒါဆိုရင် ငါရော.. ငါကရော..”

သူ့ကို
ဥာဏ်ရည်နိမ့်လို့ ဆိုပြီး မွေးပြီးကတဲက ပြစ်ထားခဲ့တဲ့ မိဘတွေကိုလည်း ချက်ချင်း ပြန်ရှာခဲ့တယ်။

“မေမေ သားပါမေမေ။ ချာလီပါ။ သားကို မှတ်မိလားဟင်”


မင်းဟာ ငါ့သားမဟုတ်ဘူး မင်းထွက်သွား”


သူ့ဖေဖေသည်လည်းကောင်း၊ သူရဲ့ တစ်ဦးတည်းသော နှမလေးသည် လည်းကောင်း သူ့ကို အသိအမှတ်မပြုခဲ့ပါဘူး။


နောက်ဆုံးတော့ သူဟာ ပါမောက္ခ Nemurဆီကို သွားပြီး သူ့ကို မူရင်း ဘ၀လေးကို အမြန်ဆုံးပြန်ရောက်အောင် လုပ်ပေးဖို့ ပြောခဲ့ပါတယ်။

“ကျွန်တော့ကို IQ ၆၈ ဆိုတဲ့ အဆင့်ကိုပဲ ပြန်ပို့ပေးပါခင်ဗျာ။ အဲဒီတုန်းက ဘ၀လေးကို ပြန်ပေးပါခင်ဗျာ”
ဒါပေမဲ့ ပြန်ဆုတောင်းစရာ မလိုအောင်ပဲ အဲဒီအချိန်ဟာ တဖြေးဖြေး ရောက်လာခဲ့ပါတယ်။ ပါမောက္ခ Nemur က ဘာမှ ပြန်လုပ်ပေးစရာမလိုခဲ့ဘူး။ ဥာဏ်ရည်တွေ လျော့ကျလာတာကြောင့် လူနုံလူအ အသွင် ပြောင်းလာတဲ့ သူ့ရဲ့ အပြုအမူ အကျင့်တွေဟာ သူ့ရဲ့လက်ရှိချစ်သူ Lillmanကို ကြောက်ရွံစွာ သူ့နားက စွန်ခွာသွားစေခဲ့ပါတယ်။

ချာလီကတော့ ၀မ်းမနည်းတော့ပါဘူး။ သူ့ဥာဏ်ရည်ဟာ နိမ့်ကျသွားပေမဲ့ သူ့စိတ်ဓါတ်ကတော့ ရင်ကျက်သွားခဲ့ပြီလို့ ပြောလို့ရပါတယ်။

သူ့ဟာ တချိန်တခါတုန်းက စမ်းသပ်ခံဥာဏ်ရည်ကို ရခဲ့တဲ့ အကြောင်းကို မမေ့ခဲ့ပါဘူး။ သူ့အပေါ်သဘောထားပြောင်းလဲခဲ့တဲ့ လူတစ်ချို့အကြောင်းကိုလည်း မမေ့ခဲ့ပါဘူး။

သူ့ရဲ့ဆင်ခြင်ဥာဏ်ထဲကရလာတဲ့ အသိတွေနဲ့အတူ သူအမြဲ ရေရွတ်နေတာကတော့

“...ဘယ်အရာမှ မမြဲဘူး။ လောကကြီးမှာ ဘယ်အရာမှ မမြဲဘူး။ ဒါကြောင့် လူတွေရဲ့ သဘောထားမမြဲတာဟာ သဘာဝပဲ၊ ဒါဟာခွင့်လွှတ်သင့်တယ်။ ဒီအသိကို ငါသိခွင့်ရအောင် ဘ၀နဲ့ရင်းပြီး ရှေ့ကနေ လမ်းပြသွားတဲ့ ကြွက်ကလေးကို ငါကျေးဇူးတင်ပါတယ်။ ကြွက်ကလေး ရဲ့ အုတ်ဂူကို တွေ့ရင် ငါ့ကို လာပြောကြပါ။ ငါပန်းစည်းတစ်စည်းလောက် ချပေးချင်လို့ပါ................”

လသာည.. ပါ။

မှတ်ချက်။ ။ မှတ်ဥာဏ်အကြောင်းနဲ့ ပတ်သက်ရင် နာမည်ကြီးတဲ့ ၀တ္တူ flowers for Algernonကို ဘာသာပြန်ထားပါတယ်။ စာရေးဆရာ Daniel Keyesပါ။ (IQ ရဲ့သတ်မှတ်ချက်ကို သိပ်နားမလည်တဲ့သူငယ်ချင်းလေးများအတွက် ကြော်ငြာဝင်ပါတယ်။ စိတ်မရှိနဲ့နော်။ :P။ သာမာန်လူတစ်ဦးအတွက် ပျမ်းမျှအဖြစ်သတ်မှတ်ထားတဲ့ IQဟာ ၉0မှ ၁၀၉ကြားပါ။ ၈၀-၈၉ ဆိုရင် ဥာဏ်ထိုင်းသူ၊ ၇၀-၇၉ ဆိုရင် ဥာဏ်ရည် ချို့ ယွင်းသူ၊ ၇၀ အောက်နိမ့်ရင် ကျပ်မပြည့်သူ။ အပေါ်ကို ပြန်တက်ကြည့်ရင် ၁၁၀-၁၁၉ ဆိုရင် ဥာဏ်ကောင်းသူ၊ ၁၂၀-၁၄၀ ဥာဏ်ရည်တော်တော် ထက်မြက်သူ၊ ၁၄၀ ကျော်ရင်တော့ Genius or almost geniusပါ။)

4 comments:

rose of sharon said...

အင်း... အရှိကိုအရှိအတိုင်း လက်ခံနိုင်ရင် အကောင်းဆုံးပေါ့...

မိုးစံ said...

အေးဗျ... IQ ဆိုလို့ WAIS-R တို့ WAIS-III တို့ကို ဒီရောက်မှ တွေ့ဖူး-မြင်ဖူးပါတယ်။ ဟိုမှာတော့ IQ test တခုအနေနဲ့ စာတွေ့ သင်ယူခဲ့ရဖူးပါတယ်။
Individual test ဖြစ်တာကြောင့် စီနီယာတယောက် အကူအညီနဲ့ ဂျပန် WAIS-R ကို ဖြေကြည့်ခဲ့ဖူးပါတယ်။ အသက်အရွယ်အလိုက် Norm score တွေ ရှိပြီးသားဖြစ်တာကြောင့် ကိုယ်ရဲ့ IQ level ကို အလွယ်တကူ သိနိုင်ပါတယ်။ အဆင်ပြေရင် ဖြေကြည့်ပေါ့...။ ကျနော်ကတော့ သာမန်အဆင့်ဘဲ ရှိပါတယ်။ ဒီ test ကို ဂျပန်ဆေးရုံတွေမှာ လက်ရှိ အသုံးပြု အကဲဖြတ် နေဆဲပါ။ သဘောကျလို့ အင်္ဂလိပ် original test ကို ဝယ်မယ်ဆိုပြီး စုံစမ်းလိုက်တော့ ယမ်း ၁၀ သောင်း ကျော်နေတာကြောင့် အသာလေး ငြိမ်နေရပါတယ်။ လသာည တို့ဆီမှာ ရှိရင် အသာလေး ကော်ပီကူးယူထားဖို့ တိုက်တွန်းလိုက်ပါရစေ...။းP

လသာည said...

ချစ်သောရိုစ် ရေ ဟုတ်တယ် ထောက်ခံတယ်။ \()/ ဒါနဲ့ စိတ်မညစ်တော့ဘူးမိုလား။ ကောင်းတယ် ပျော်ပျော်နေနော်။

အစ်ကိုမိုးစံ ကွန်မန့်လေး ကျေးဇူးတင်ပါတယ်။ ဗဟုသုတ အမြဲရပါတယ်။

ညီမရဲ့ မေဂျာက Educational Psychology ရဲ့ testing ဖြစ်တာမို့ ဂျပန်ကို ရောက်တဲ့နှစ်က WISC (Wechsler Intelligence Scale for Children)ကို လက်တွေ့သင်ယူပြီး မူလတန်းကလေးတွေကို စစ်ခဲ့ဖူးတယ်။

အမှတ်ပေးစည်းမျဉ်းစတာတွေက အစ အသေးစိတ်သင်ယူခဲ့ရပါတယ်။

test form တချို့ကို ကော်ပီကူးပြီး ပြန်သွားတဲ့စီနီယာနှင့်အတူ မြန်မာပြည်ကို ပေးလိုက်သေးတယ်။ (သူကအဲဒါမတက်ခဲ့လို့ပါ)။ ခက်တာက ကလေးတွေစစ်တဲ့ testက ရုပ်ပုံကဒ်တွေက (သစ်သားချပ်လေးတွေ)ကော်ပီမကူးရတာကြောင့် ဓါတ်ပုံအဖြစ်ပဲ သယ်သွားရတာ။ ဟို ..အစ်ကိုမိုးစံလိုချင်ရင် ကြုံတဲံအခါ ပို့ပေးပါ့မယ် အစ်ကိုမိုးစံ မေးလ်လိပ်စာလေးသာ ပို့ပေးပါ။

နေ့အိပ်မက် said...

ဒါမျိုးက ကြားရတာ တစ်မျိုးကြီးရယ်.. လူတွေက ဘာလို့အဲလိုဆက်ဆံကြတာလဲ.. နေ့အိပ်မက်မှာသာ ဥာဏ်ရည်နိမ့်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပြီး သူကဥာဏ်ကောင်းလာတယ်ဆို တခြားသူ့ကိုနှိမ်ခဲ့တဲ့သူတွေကို လိုက်ကြွားပစ်လိုက်မှာ...